ကွာဟချက်
Vol. 90 Ch. 892
လတ်ဆတ်သောသွေးများက ကောင်းကင်ကိုပင် ရဲရဲနီသွားစေ၏။ ထိုသွေးတို့ကား လူပျံတော်များ၏ သွေးများပေတည်း။
သို့သော် မိုးပြာရောင်မီးလျံအတွက်တော့ ထိုသွေးပမာဏက အတော်လေး နည်းနေသေးသည်ဟု ခံစားနေရ၏။ သားဖွားနှုန်းအလွန်နည်းသည့် လူပျံတော်များအတွက်မူ လူပျံတော်တဦးချင်းစီ၏ သေဆုံးမှုတိုင်းမှာ နာကျင်စရာကောင်းလှပေသည်။ ထို့ပြင် ဤစစ်ပွဲအတွက် ကုန်ကျခဲ့သည့်အရင်းအမြစ်များကိုပါ ပေါင်းစပ်လိုက်သောအခါ အဆိုပါ နာကျည်းဖွယ်ရာ ခံစားမှုချက်မှာ ပို၍သာ ဆိုးလာတော့၏။
ရက်ကြာလာသော တိုက်ပွဲကြောင့် နှစ်ဖက်လုံးမှာ စိတ်မရှည်ကြတော့ချေ။ အချိန်ကြာလာတာသည်နှင့်အမျှ အရာရာတိုင်းမှာ ညှဉ်းပန်းနှိပ်စက်နေသည်နှင့်သာ တူနေတော့သည်။ တတိယမြောက်နေ့ရောက်လာချိန်တွင်တော့ အဆိပ်တထောင်ဖားကြီးသည် သိသိသာသာပင် အားနည်းလာ၏။ ပို၍လည်း စိတ်မရှည်တော့ဟန်ပေါ်နေ၏။
မည်သို့ပင်ဖြစ်စေ ဖားကြီးသည် သူ၏ ဧရာမကိုယ်ခန္ဓာကြီးနှင့် ကောင်းကင်မြို့တော်၏ ခိုင်မာသောနံရံများကို ဆက်လက်တိုက်ခိုက်နေပြီး အဆိပ်ငွေ့များကိုလည်း အကြိမ်ကြိမ် ထုတ်လွှတ်နေဆဲပင်။
ကံမကောင်းသည်မှာ လူပျံတော်များအဖို့ ထိုနည်းဗျူဟာနှင့် ရင်ဆိုင်နေရခြင်းကို အသားကျနေကြလေပြီ။ သူတို့၏ ရွေ့လျားနိုင်စွမ်းမှာလည်း များစွာ တိုးတက်ကုန်ကြလေပြီ။ ထို့ကြောင့် အဆိပ်တထောင်ဖားကြီး မည်သို့ပင် ကြိုးစားစေကာမူ လူပျံတော်များဘက်မှ ကြိုတင်ပြင်ဆင်ပြီးသားဟူသော အခြေအနေမျိုးနှင့်သာ ကြုံနေရတော့သည်။
ထို့ကြောင့် ဤတိုက်ပွဲသည် အသိဉာဏ်မြင့်မျိုးစိတ်များနှင့် ကမ္ဘာဦးမတိုင်မီသားရဲတို့ တိုက်ခိုက်ခဲ့သမျှတိုက်ပွဲများအကြား အသေအပျောက်အနည်းဆုံးတိုက်ပွဲအဖြစ် မှတ်တမ်းအတင်ခံရတော့မည့်ပုံပေါ်နေ၏။
ငါတို့သာမရှိရင်ပေါ့လေ...
ပါလ်မာ အထက်ပါအတိုင်း တွေးလိုက်၏။ ထို့နောက် သူ အဖွဲ့နှင့်အတူ ရှေ့သို့ဆက်လက်လျှောက်လာခဲ့လေသည်။
ထိုစဥ် ထိပ်ဆုံးမှ လူပျံတော်ခေါင်းဆောင်က နှိုးဆော်လိုက်၏။
“မြန်မြန်လုပ်ဟေ့ ကျုပ်တို့မှာ အချိန်တွေ အများကြီးမရှိဘူးဒီပစ္စည်းတွေကို အမြန်ဆုံး ရှေ့တန်းပို့ရမယ်”
ထိုအခါ သံချပ်ကာကြံ့ကြီးများကိုစီးနင်းလာသည့် လူပျံတော်အဖွဲ့၏ ရွေ့လျားမှုမှာ ပိုမိုမြန်ဆန်လာလေသည်။ သူတို့သယ်ယူပို့ဆောင်ရေးအဖွဲ့ ကောင်းကင်မြို့တော်၏ နံရံအောက်ခြေသို့ရောက်လာချိန်မှာပင် လူပျံတော်အရာရှိတစ်ယောက်က သူတို့ကို ဟန့်တားလိုက်၏။
“မင်းတို့ရဲ့အထောက်အထားတွေကိုပြစမ်း”
သယ်ယူပို့ဆောင်ရေးခေါင်းဆောင်က သူ့အထောက်အထားများကို ပေးလိုက်၏။ အထောက်အထားများကိုကြည့်ရင်း လူပျံတော်အရာရှိက မေးလိုက်သည်။
“ပုံရိပ်မြူမှုန်အလုပ်ရုံက လျပ်စစ်မြား တည်ဆောက်တဲ့သူတွေပေါ့ ဟုတ်လား ဒါတွေအားလုံးက လျပ်စစ်မြားအိုးတွေပဲလား”
“အကုန်လုံးတော့မဟုတ်ဘူး”
သယ်ယူပို့ဆောင်ရေးခေါင်းဆောင်က ပြန်ဖြေလိုက်၏။
“ဒီထဲက တချို့ကတော့ မကြာသေးခင်ကမှ မှာယူထားတဲ့ နေမင်းထိုးခွဲအမြောက်တွေအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေပေါ့ မနေ့ကအနီရောင်မိုးအလုပ်ရုံကို ဓားပြ ဖျက်ဆီးခဲ့တာကို ခင်ဗျား သိမှာပေါ့ ဒါကြောင့် သူတို့ရဲ့တာဝန်တွေကို ကျုပ်တို့ဝင်ပြီးတာဝန်ယူခဲ့ရတယ် မနေ့ညကဆိုရင် တညလုံး မအိပ်ခဲ့ရဘူး ဒါနဲ့ စစ်ဆေးဖို့လိုလို့လား”
“လိုတယ်”
ထိုအရာရှိက ခေါင်းတချက်ညိတ်ကာ ဖြေလိုက်ပြီး သံချပ်ကာသားရဲများ သယ်လာသည့်ပုံးများကို ဖွင့်ကြည့်ရန်ဟန်ပြင်လိုက်လေသည်။
“သတိထားပါ ဒီသေတ္တာတွေထဲက နေမင်းထိုးခွဲအမြောက်အတွက် လိုအပ်တဲ့ပစ္စည်းတွေက အင်မတန်ပေါက်ကွဲလွယ်တယ် ဒီလိုလျှောက်ဖွင့်လို့မရပါဘူးဗျ”
သယ်ယူပို့ဆောင်ရေးခေါင်းဆောင်က ကမန်းကတန်း သတိပေးလိုက်၏။
“ပေါက်ကွဲတတ်တယ် ဟုတ်လား”
“ဟုတ်တယ်ဗျ ပေါက်ကွဲတတ်တယ်"
လူပျံတော်အရာရှိ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ အထောက်အထားများကို နောက်တကြိမ် ပြန်စစ်ပြီး သယ်ပို့ဆောင်ရေးခေါင်းဆောင်ထံ ပြန်ပေးလိုက်လေသည်။
သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်မှတဆင့် နံရံဆီသို့ တယောက်ပြီးတယောက်ဖြတ်လျှောက်သွားကြ၏။ ထိုအချိန်တွင် ထိုစစ်ဆေးရေးအရာရှိသည် အဖွဲ့ဝင်တယောက်ချင်းစီတိုင်းကို အနည်းငယ်မျှပင် ပေါ့ဆမှုမရှိပဲ ဂရုတစိုက်ပင် စောင့်ကြည့်နေ၏။
ထိုအခါ အနီးနားရှိ စစ်သည်တယောက်က ရယ်ရင်းမောရင်းနှင့် ပြောလိုက်လေသည်။
“ခေါင်းဆောင်...ခေါင်းဆောင်ကို ကြည့်ရတာ နည်းနည်းစိတ်ပူလွန်နေသလားလို့”
ထိုအရာရှိ မျက်မှောင်ကုတ်သွား၏။
"မနေ့ညက ပြဿနာရှာတဲ့ လူယုတ်မာတကောင်ရှိတယ်ဆိုတာ မင်းတို့မမေ့နဲ့လေ”
စစ်သည်က ပြုံးလိုက်လေသည်။
“သူက တယောက်တည်းလို့ ခေါင်းဆောင်ပဲ ပြောတယ်မလား ကျုပ်တို့မှာက အများကြီးလေ"
“ဘယ်သူသိနိုင်မလဲကွ အခုအချိန်မှာ ကျုပ်တို့က ရန်သူပတ်လည်ဝိုင်းနေတာ ရန်သူတွေသာ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
စစ်ဆေးရေးအရာရှိက စိုးရိမ်တကြီးဟန်ပန်ဖြင့် ပြောလိုက်သည်။
တကယ်တော့ သူသည် ဤအရာမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည့် တစ်ဦးတည်းသူ ဖြစ်နေနိုင်၏။ ကံမကောင်းသည်မှာ ဤအတွေးမျိုးကို ထာဝရညထံ သတင်းပို့ရန်မှာ မည်သို့မှ မဖြစ်နိုင်ခြင်းပင်။ အကယ်၍ သတင်းပို့နိုင်ခဲ့လျင်ပင် ဘာမှအထူးတလည် ဖြစ်လာနိုင်ဖွယ်ရာ မရှိချေ။ အကြောင်းမှာ ရန်သူ တိုက်ခိုက်လာနိုင်သော ဖြစ်နိုင်ချေနေရာမှာ အများကြီးဖြစ်နေ၍ ထာဝရညအနေနှင့် လုံခြုံရေးကျိုးပေါက်မှုကို ပိတ်ဆို့ရန် မည်သို့မှ တတ်နိုင်လိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ သူ့တွင် လူအင်အားမလုံလောက်သောကြောင့်ပင်တည်း။
တကယ်တော့ သူ တကယ့်အမှန်တရားကို တွေ့ရှိခဲ့မှန်း စစ်ဆေးရေးအရာရှိ မသိခဲ့ချေ။
ထိုအချိန်တွင် အဝေးတနေရာမှ မိုးပြာရောင်မီးလျံသည် ရောက်ရှိလာမည့်သတင်းကောင်းကို စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေလေသည်။
ရွှေရောင်ငှက်ကား ယခုအချိန်တွင် အလွန်ကြည့်ကောင်းသော လူပျံတော်လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ သူ့ကျောပေါ်မှ အတောင်ပံများမှာ ရွှေရောင်ဖြစ်လေရာ ပို၍ ကြော့ရှင်းသော အသွင်အပြင်မျိုးကို ပေးနေ၏။ သို့သော် သူထိုင်နေသည့်ပုံစံမှာ လူပျံတော်ပုံလားလားမျှမပေါက်ပဲ အလွန်ပင် ကြည့်ရဆိုးလှသည်။ သူ ပျင်းရိငြီးငွေ့ဟန်ဖြင့် ပြောလိုက်၏။
“ဒီလူသားက ယုံကောယုံရရဲ့လား အဖြေကတော့ မယုံရဘူးလို့ ကျုပ် ခံစားနေရတယ်... ညဏ်ရည်မြင့်မျိုးစိတ်တွေဟာ ဘယ်တော့မှ ယုံလို့မရဘူး”
“ရွှေရောင်အလင်းတန်း မင်းကလဲ တယ်ပြီးသံသယများတာပဲကိုး ကြိုးစားပြီးမှသာ အောင်မြင်မလား မအောင်မြင်မလားဆိုတာ သိနိုင်မှာပေါ့ကွ”
မိုးပြာရောင်မီးလျံက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။
“ဒီအစီအစဥ်သာ ရှုံးနိမ့်သွားရင် ကျုပ်တို့အနေနဲ့ ပါလ်မာနဲ့ကျန်တဲ့သူတွေကို ဆုံးရှုံးရလိမ့်မယ်”
ထိုအချိန်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့သည် မြို့တံခါးပေါက်အသီးသီးကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ကောင်းကင်မြို့တော်၏ တောင်ဘက်ဆုံးတံခါးဝသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုနေရာတွင် ကုန်ပစ္စည်းများ လက်ခံရန် လူပျံတော်တချို့ ရှိနေ၏။
တောင်ဘက်တံခါးပေါက်မှကြည့်လျင် အဝေးဆီမှ အဆိပ်တထောင်ဖားကြီး၏ ကြီးမားသောပုံရိပ်ကို အတိုင်းသား မြင်တွေ့နိုင်နေရပြီ ဖြစ်သည်။ သို့တိုင်အောင် ဖားကြီးသည် သူ့ရှေ့မှ ပိုးကောင်များ၏ အသည်းအသန်ခုခံမှုကြောင့် မြို့နံရံကို ချည်းကပ်ရန် ခက်ခဲနေဆဲပင်။ သို့သော် သူသည် အဆိပ်ငွေ့များကို အဆက်မပြတ်ပင် ထုတ်လွှတ်နေ၏။
အဆိပ်ငွေ့မြူခိုးများ မြို့အကာအကွယ်နှင့် ထိတွေ့မိချိန်တိုင်း ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ့ရှိသည်။ မကုန်ခန်းနိုင်သော မူလစွမ်းအင်ရင်းမြစ်နှင့်သာ ချိတ်ဆက်နထားလျင် အဆိပ်ငွေ့မြူခိုးများကြောင့် ထောင်ပေါင်းများစွာသောလူပျံတော်များ အသက်ပျောက်ပြီး ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေ အဆိပ်တထောင်ဖားကြီးအနေနှင့် ကောင်းကင်မြို့တော်၏ တောင့်တင်းလှသော ကာကွယ်ရေးစနစ်ကို ထိုးမဖောက်နိုင်မှန်း မြင်သာနေခဲ့လေပြီ။ မူလစွမ်းအင်အကာအကွယ်ကြီးသည် ဖားကြီး၏ အစွမ်းကို အပြည့်အဝကို မဖော်ထုတ်နိုင်ရန် တားဆီးထား၏။ ထိုအခါ ဖားကြီးသည် အကြီးအကျယ် ဒေါသထွက်လာဟန်ဖြင့် အော်ဟစ်လိုက်လေသည်။
“ဒေါသထွက်နေပြီလား စိတ်မပူပါနဲ့ မင်းစောင့်နေတဲ့အချိန် ရောက်လာတော့မှာပါ”
ပါလ်မာ အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်သည်။
“ဟေး မင်း အဲ့ဒီမှာရပ်မနေနဲ့ သွား သွား ဒီနေရာကထွက်သွား”
လူပျံတော်တယောက် အထက်ပါအတိုင်း အော်ဟစ်ရင်း ပါလ်မာကိုတွန်းထုတ်လိုက်သည်။ သို့သော် အဆိုပါ တွန်းထုတ်မှုက မည်သည့် အကျိုးသက်ရောက်မှုမရှိလေရာ စစ်သားအတော်လေး အံ့အားသင့်သွား၏။ ထိုအချိန်မှာပင် ပါလ်မာက စစ်သားကို ဖမ်းဆွဲပြီး နှစ်ခြမ်းဆွဲဖြဲလိုက်တော့သည်။
မြင်ကွင်းသည် လူပျံတော်စစ်သားတိုင်းကို အကြီးအကျဟ် အံ့သြသင့်သွားစေ၏။
သို့သော် ကြည့်နေရင်းနှင့်ပင် ပါလ်မာ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ရုတ်ချည်းပင် တောင့်တင်းကြံ့ခိုင်လာ၏။ ထို့နောက် ဧရာမဝံပုလွေခေါင်းကြီးတခေါင်း လူပျံတော်ခေါင်းနေရာကို အစားထိုးဝင်ရောက်လာတော့သည်။
သူ ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“နိုးထကြ နိုးထကြတော့ လေဝံပုလွေသူရဲကောင်းတို့”
အော်သံနှင့်အတူ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် သံချပ်ကာကြံ့ကြီးများသည်လည်း ကမူးရှုးထိုး အော်ဟစ်လိုက်ကြ၏။ တချိန်တည်းမှာပင် သူတို့၏ ကိုယ်ခန္ဓာတွေများဆီမှ အနီရောင်အလင်းများ တောက်ပလာတော့သည်။ ထိူ့နောက် သူတို့အားလုံးသည် အချုပ်အနှောင်မှ လွတ်မြောက်ကုန်ပြီး စစ်သားများဆီသို့ ဝါးလုံးထိုး ပြေးဝင်လာကြကုန်၏။
“မကောင်းတော့ဘူး သားရဲတွေ သားရဲတွေ ဝင်တိုက်ကုန်ပြီ"
လူပျံတော်အရာရှိတယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော သားရဲအော်သံများကလည်း လေထုထဲသို့ ပျံ့နှံ့သွားပြီး လူပျံတော်များကို မှင်သက်သွားစေတော့သည်။
ထိုအချိန်တွင် မူလပုံစံ ပြန်ပြောင်းသွားပြီဖြစ်သည့် ပါလ်မာသည် ပေ ၃၀ နီးပါးမြင့်သည့် ဧရာမဝံပုလွေကြီးတကောင် ဖြစ်နေခဲ့လေပြီ။ သူ အနီးသို့ရောက်လာသော လူပျံတော်များကို စူးစိုက်ကြည့်နေ၏။ သူ့မျက်နှာပေါ်တွင်ကား ရက်စက်ကြမ်းကြုတ်သော အပြုံးတခုပေါ်ပေါက်နေလေသည်။ ထို့နောက် သူ နောက်တကြိမ် အော်ဟစ်လိုက်ပြန်၏။
“ငါ့တို့မျိုးနွယ်ရဲ့ဂုဏ်သိက္ခာအတွက်”
အော်သံနှင့်အတူ ကျယ်လောင်လှသော
ပေါက်ကွဲသံကြီးတသံ ထွက်ပေါ်လာ၏။ အဆိုပါ ပေါက်ကွဲမှုမှာ သံချပ်ကာကြံ့တစ်ကောင်၏ ကျောပေါ်မှ လာခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းကြီးသည် ဒသမမြောက်လက်စွပ်အဆင့် အာခါနားနည်းစနစ်တခုမှ ထွက်ပေါ်လာသည့်အားလှိုင်းနှင့်ပင် နှိုင်းယှဉ်နိုင်ပုံရသည်။
သို့သော် ပေါက်ကွဲမှုမှာ အစမျှသာ ရှိသေးလေသည်။
ပထမဆုံးပေါက်ကွဲမှုစတင်သည်နှင့် ကျန်သော သံချပ်ကာကြံ့အသီးသီးမှာလည်း စတင်ပေါက်ကွဲကုန်ကြတော့၏။
ပေါက်ကွဲမှုကြောင့် မြို့တော်တခုလုံးသည်ပင် တုန်ခါသွား၏။
သံချပ်ကာကြံ့ စုစုပေါင်း ၂၄ ကောင်ကား ဒသမမြောက်လက်စွပ်အဆင့်အာကင်နာနည်းစနစ်၏ စွမ်းအားမျိုးနှင့် ပြိုင်တူပေါက်ကွဲကုန်ကြလေပြီ။ ကောင်းကင်မြို့တော်၏ သံချပ်ကာနံရံများသည်ပင် ဤပေါက်ကွဲမှုမျိုးကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ ပိုဆိုးသည်မှာ ပေါက်ကွဲမှုက အတွင်းပိုင်းမှ လာခြင်းပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးသည် ကောင်းကင်မြို့တော်ကိုပင် ယိမ်းယိုင်သွားစေ၏။ မြို့၏တောင်ဘက်ဒေသဆီမှ မည်းနက်သော မီးခိုးလုံးကြီးတခု ကောင်းကင်ပေါ် ထိုးတက်လာသည်ကို အဝေးမှပင် လှမ်းမြင်နေရသည်။
ထိုအချိန်မှာပင် အဆိပ်တထောင်ဖားကြီးကလည်း ဘာဖြစ်နေမှန်း သိရှိသွား၏။ ထို့နောက် သူ ကျယ်လောင်စွာအော်ဟစ်ရင်း မြို့တော်၏ တောင်ဘက်နံရံဆီသို့ ခုန်ကူးလိုက်တော့သည်။
ကောင်းကင်မြို့တော်၏ တောင်ဘက်နံရံတွင် ဧရာမအပေါက်ကြီးတပေါက် အဖောက်ခံထားသည်မှာ မြင်သာနေခဲ့ပေပြီ။ တနည်းအားဖြင့် မြို့တောင်ဘက်ခြမ်းမှာ အကာအကွယ် မဲ့သွားခဲ့ပြီဟု ဆိုနိုင်၏။
ထိုအခါ အဆိပ်တထောင်ဖားကြီးသည် တချက်အော်ဟစ်လိုက်ပြီး ထိုအပေါက်ထဲသို့ အဆိပ်ရည်များ ဆက်တိုက်ထုတ်လွှတ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် အပေါက်ကြီးကို ချဲ့နိုင်ရန် လျှာကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချနေ၏။
“အောင်ပြီကွ အောင်ပြီ”
ရွှေရောင်အလင်းတန်းက အတောင်ပံများကို တဖြတ်ဖြတ်ခတ်ရင်း စိတ်လှုပ်ရှားစွာ ထအော်လိုက်၏။
"ပါလ်မာက မြို့ရိုးနံရံတွေကို ဖောက်ခွဲပစ်လိုက်ပြီ ဒီလူသားက မညာဘူးပဲ သူ သံချပ်ကာကြံ့တွေကို အချုပ်အနှောင်ကနေ လွတ်မြောက်စေခဲ့ပြီ သူ သူ့ကတိကိုတည်ခဲ့တယ်”
“ကျုပ်တို့ကသာ ကျုပ်တို့ရဲ့ကတိကို တည်ခဲ့တာပါ”
မိုးပြာရောင်မီးလျံက ပြန်ဖြေလိုက်သည်။
"သူလုပ်ခဲ့တာဆိုလို့ ကျုပ်တို့ကိုနည်းနည်းပါးပါး ကူညီပေးရုံလောက်ပါပဲ”
“ဘယ်လိုပဲကြည့်ကြည့် ကျုပ်တို့မဟာမိတ်ဖွဲ့တာ အလုပ်တော့ဖြစ်သားပဲ”
ရွှေရောင်အလင်းတန်း ကျယ်လောင်စွာရယ်မောလိုက်၏။
“ကျုပ်တို့သားရဲတွေလည်း လှုပ်ရှားဖို့အချိန်ရောက်ပြီထင်တယ်”
“ဟုတ်တယ် အဆိပ်တထောင်ဖားကြီး တကောင်တည်း တိုက်ခိုက်နေတာ အတော်လေးကြာသွားပြီ ကျုပ်တို့ သူနဲ့ ပူးပေါင်းဖို့အချိန်ရောက်ပြီ”
ထို့နောက် သူ နောက်သို့လှည့်ပြီး အောက်ပါအတိုင်း ကျယ်လောင်စွာ ရင့်ကျူးလိုက်လေသည်။
“ကဲ ရဲဘော်တို့ ဝင်တိုက်ကြစို့ ဒီနယ်မြေကို သားရဲတွေအတွက် ပြန်လည်သိမ်းပိုက်ဖို့ အချိန်ရောက်ပြီ”
အော်သံနှင့်အတူ ဧရာမသားရဲလှိုင်းကြီ ရှေ့တိုးလာခဲ့လေရာ တလောကလုံး အော်ဟစ်သံများနှင့် ဖုံးလွှမ်းကုန်သည်ဟုပင် ထင်ရသည်။
အနီရောင်လင်းတများ၊ သွေးနက်လင်းယုန်များ၊ ရွှေမျက်လုံးသိမ်းငှက်များနှင့် မီးတောက်ကြိုးကြာများကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားကြ၏။
အထင်ရှားဆုံးသားရဲများမှာ ရှေ့ဆုံးမှ ဦးဆောင်နေသော ဝံပုလွေအုပ်ကြီးပင် ဖြစ်သည်။ ထူးခြားသော လေစွမ်းအင်တမျိုးက ၎င်းတို့ပတ်ပတ်လည်ကို လှည့်ပတ်နေလေရာ အတောင်ပံမရှိသည့်တိုင် ဝံပုလွေများမှာ တိမ်ပေါ်လမ်းလျှောက်နေသည်နှင့် တူလှ၏။ သူတို့ရဲ့အသွင်အပြင်မှာလည်း ရန်လိုပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
လေဝံပုလွေအုပ်ကြီးပေတည်း။
တနည်းအားဖြင့် မိုးပြာရောင်မီးလျံ၏ မိသားစုဝင်များ။
“ဒီနေ့ဟာ ကောင်းကင်မြို့တော် ဖျက်ဆီးခံရမယ့်နေ့ပဲဟေ့”
မိုးပြာရောင်မီးလျံ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဒုန်း”
သူ့အော်သံကို ထောက်ခံသည့်ဟန်ဖြင့် ကောင်းကင်မြို့တော်၏ အကာအကွယ်ကို ထောက်ပံ့ပေးနေသော နေမင်းပုလဲကိုးဆယ့်ကိုးလုံးအနက်မှ တလုံးသည် ရုတ်တရက် အားကောင်းစွာ တောက်ပလာပြီး အမှောင်တိကျသွားလေသတည်း။