← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 90 Ch. 893

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 90 Ch. 893

ဝုန်း!! ဝုန်း!! ဝုန်!!

ပထမမျှော်စင် ပြိုလဲသွားသည်နှင့် ဆက်တို​က်ဆိုသလိုပင် နောက်ထပ်မျှော်စင်၁၀ခုသည်လည်း အလင်းရောင်များ ရုတ်တရက် မှေးမှိန်ကုန်၏။ ထိုအခါ အကာအကွယ်များ၏ စွမ်းအား သိသိသာသာ လျော့ကျသွားသည်မှာလည်း သိသာလှသည်။

အကာအကွယ်များ အားနည်းလာသည်နှင့်အမျှ မြို့ရိုးတွင် အပေါက်ကြီးများ ဖြစ်ပေါ်လာလေရာ တဟုန်ထိုး ဝင်ရောက်လာကြသည့် သားရဲများမှာ လူပျံတော်များအတွက် အိပ်မက်ဆိုးသဖွယ် ဖြစ်လာတော့၏။

“မိခင်နတ်ဘုရားမကြီး ကယ်တော်မူပါ"

များပြားလှသော သားရဲများ ထိုးဖောက်ဝင်ရောက်လာသည်ကို မြင်လိုက်ရသော လူပျံတော်တယောက်က ထိတ်လန့်တကြားနှင့် ရည်ရွတ်မြည်တမ်းလို​က်ရှာ၏။

အကယ်၍ ၎င်းတို့၏ တပ်မှူးအသီးသီးသာ ကျောက်ရုပ်များကဲ့သို့ မားမားရပ်နေခြင်းမရှိခဲ့လျင် လူပျံတော်အများစု ထွက်ပြေးကုန်မည်မှာ သေချာသလောက် ဖြစ်သည်။

“ပစ်ကြစမ်း”

အထီးကျန်ကောင်းကင်၏အသံမှာကား တည်ငြိမ်နေဆဲပင်။ သို့သော် တိုက်ပွဲမှာ သုံးရက်ခန့်ကြာမြင့်သွားပြီဖြစ်၍ သူ့အသံမှာ မသိမသာ အက်ကွဲစပြုလာခဲ့လေပြီ။

“ဝူး"

မုန်တိုင်းကဲ့သို့ ပြင်းစွာသော အရှိန်အဟုန်နှင့် မြို့ထဲ ထိုးဖောက်ဝင်ရောက်လာသည့် သားရဲများ၏ အော်သံများကြောင့် ဝန်းကျင်တခိုလုံး ဆူညံနေလေသည်။

သားရဲများ၏ ရှုပ်ထွေးစွာသောတိုက်ခိုက်မှုသည် လူပျံတော်များ၏ အစီအစဥ်ကို လုံးဝ ပျက်စီးသွားစေ၏။

လျပ်စီးမြားများနှင့် နေမင်းထ်ိုးခွဲအမြောက်များသာမပါခဲ့လျင်​ လေးကိုင်လူပျံတော်စစ်သည်တော်ချည်းသက်သက်နှင့် ဤတိုက်ပွဲမျိုးကို တိုက်ခိုက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ တဟုန်ထိုးတိုးဝင်လာကြသည့် နတ်ဆိုးသားရဲအများစုသည် များစွာ အစွမ်းထက်ကြလှပြီး ရှေ့တိုးလာရင်း မီးတောက်မီးလျံများ​ကို တလစပ် ထုတ်လွှတ်နေကြ၏။ အဆိပ်တထောင်ဖားကြီး၏ ထိုးဖောက်မှုကြောင့် မြို့ရိုးရှိ အပေါက်မှာလည်း ပို၍ကျယ်လာလေသည်။

သားရဲများ၏ ဟိန်းဟောက်သံများ၊ အဆိပ်တထောင်ဖားကြီး၏ အဆိပ်ငွေ့ တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်တခုလုံး ရှုပ်ရှက်ခတ်နေပြီး မြေကြီးသည်ပင် တုန်ခါနေ၏။

ဘယ်တော့မှမရှုံးနိမ့်နိုင်ဟုယူဆရသော ကောင်းကင်မြို့တော်မှ အကာအကွယ်များမှာ ဆက်လက်ပျောက်ကွယ်နေပြီးမြို့ရိုးများသည်လည်း အပိုင်းအစများအ​​ဖြစ် တဝုန်းဝုန်းနှင့် ပြိုကျနေ၏။ သားရဲများ၏ ဒေါသတကြီး တိုက်ခိုက်မှုအောက်တွင် ကောင်းကင်မြို့တော်သည် ပြိုကွဲတော့မည့် အရိပ်လက္ခဏာများ စတင်ထင်ဟပ်လာလေပြီ။ လူပျံတော်စစ်သားများကား အများအပြား သေဆုံးကုန်ကြပြီ ဖြစ်သည်။

ဝုန်း!!!

တချီတွင်တော့ ဖားကြီးသည် မြို့ရိုးရှိ အပေါက်ကို ခေါင်းနှင့် တိုက်လိုက်ပြန်လေရာ တမြို့လုံး တုန်ခါသွားပြီး နံရံမှာ ဝုန်းခနဲ ပြိုကျသွား၏။ နောက်ဆုံးတော့ မြို့ထဲသို့ ဖားကြီးဝင်နိုင်ရန် အပေါက်ကို လုံလောက်စွာ ချဲ့နိုင်ခဲ့လေပြီ။

“အဆိပ်တထောင်ဖားကြီး မြို့ထဲကို ဝင်လာပြီဟေ့”

လူပျံတော်များအားလုံး ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။

“ဝူး”

သူ့ကြိုးပမ်းအားထုတ်မှု အောင်မြင်သွားပြီဖြစ်၍ အဆိပ်တထောင်ဖားကြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။

ဤရက်များအတွက် သူခံစားခဲ့ရသည့် နာကျင်မှုများအတွက် လက်စားချေခွင့်ကို နောက်ဆုံးတော့ သူ လက်ဝယ်ပိုင်ပိုင်ရခဲ့လေပြီ။

မြို့ထဲသို့ရောက်သည်နှင့် သူပါးစပ်ကိုဖွင့်ပြီး အဆိပ်ငွေ့ အများအပြားကို အားရပါးရပင် မှုတ်ထုတ်လိုက်၏။

ဤတကြိမ်တွင်တော့ အဆိပ်များကို ကာကွယ်ပေးမည့် မည်သည့်အတားအဆီးမှ ရှိမနေတော့ချေ။

အဆိပ်ငွေ့လှိုင်းလုံးကြီးသည် မြို့ထဲတွင် နေရာယူထားသည့် လူပျံတော်များထံ ဖြည်းဖြည်းချင်း ပျံ့နှံ့သွား၏။

သူတို့အများစုသည် ဖြေ​ဆေးကြောင့် အဆိပ်ကို ခုခံနိုင်ကြသည်ဆိုသော်ငြား အဆိပ်ငွေ့များမှာ ထူထပ်သိပ်သည်းလှ​ပေရာ ထောင်ပေါင်းများစွာသောလူပျံတော်များကို ချက်ချင်းပင် ဖုံးအုပ်သွားတော့၏။ ထိုလူပျံတော်များ၏ ဆယ်ပုံတစ်ပုံခန့် အဆိပ်သင့်သွားသည်ဆိုလျင်ပင် ထောင်နှင့်ချီသော လူပျံတော်များ အသက်ပျောက်သွားနိုင်၏။

မည်သို့ဆိုစေ အဆိပ်တချက်ထွေးစာနှင့် လူပျံတော်သုံးထောင်ခန့် သေရွာသို့ရောက်သွားလေရာ အထီးကျန်ကောင်းကင် အတော်လေး ထိတ်လန့်သွား၏။ သူ့အော်သံများမှာလည်း ပိုမိုအက်ကွဲလာလေသည်။

“နောက်ဆုတ် အားလုံး နောက်ဆုတ်ကြ”

အခြေအနေကို သုံးသပ်မိသော အထီးကျန်ကောင်းကင် မြန်မြန်ဆန်ဆန်ပင် အမိန့်ပေးလိုက်၏။

အဆိပ်တထောင်ဖားကြီးသည် သူ့ပါးစပ်ကိုဖွင့်ပြီး အဆိပ်ငွေ့များကို ထပ်မံ ထွေးထုတ်လိုက်ပြန်၏။ အပြေးအလွှားပျံသန်းနေသောလူပျံတော်များကား မြေပြင်ပေါ်ကို အထွေးလိုက်ပင် ပြုတ်ကျလာကြလေသည်။

အဆိပ်တထောင်ဖားကြီးသည် အထက်ပါအတိုင်း လူပျံတော်များကို တိုက်ခိုက်နေရင်း မြို့ရိုးကို ဖြိုချရန်လည်း ကြိုးစားနေ၏။ ကျန်သားရဲများသည် ထိုအခွင့်အရေးကို အသုံးချပြီး အပေါက်ထဲသို့ စုပြုံတိုးဝင်လာကြတော့သည်။

အဆိုပါ သားရဲများသည် ဖားကြီးထက် များစွာ ပိုအားနည်းသော်ငြား များပြားလှသော အရေအတွက်ကြောင့် မြို့ကို ဖျက်ဆီးသည့်နေရာတွင် ဖားကြီးနှင့် တန်းတူသွား၍ ကျနေ၏။ ထိုအချိန်တွင် ဧရာမ ရွှေရောင်ငှက်ကြီးတကောင်သည် လေဟုန်ခွင်း၍ ပျံသန်းလာပြီး လူပျံတော်စစ်သားတဦးကို ခြေသည်းများဖြင့် ဆွဲဖြဲလိုက်၏။ ကံဆိုးရှာသော လူပျံတော်စစ်သားကား နှစ်ခြမ်းပြတ်သွားလေသည်။ နီရဲသောသွေးများ ကောင်းကင်ယံကို ပြန့်ကျဲကုန်၏။

သားရဲများတွင် ဧရာမ ဝံပုလွေကြီးတကောင်နှင့် ရွှေရောင်ငှက်တို့မှာ အထူးခြားဆုံး သားရဲများ ဖြစ်ကြသည်။

ဧရာမဝံပုလွေကြီးမှာ မိုးပြာရောင်မီးလျံဖြစ်ပြီး ရွှေရောင်ငှက်မှာကား ရွှေရောင်အလင်းတန်းပင် ဖြစ်သည်။ ထိုအခါ သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ကွက် မည်မျှပြင်းထန်မည်မှာ မေးခွန်းထုတ်နေစရာမလိုတော့ချေ။

ပို၍ အရေးအကြီးသည်မှာ အဆိုပါသတ္တဝါနှစ်ကောင်သည် အဆိပ်တထောင်ဖားကြီးထက် အဆပေါင်းများစွာပို၍ မြန်ဆန်ပြီး ညဏ်ရည်မြင့်မားနေခြင်းပင်။ အဆိပ်တထောင်ဖားကြီးသည် အင်အားသုံး၍ တုံးတိုက်တိုက်ကျားကိုက်ကိုက်ပုံစံမျိုးဖြင့်သာ တိုက်ခိုက်တတ်ပြီး ဗျူဟာမသုံးတတ်ချေ။ သို့သော် အဆိုပါ သားရဲနှစ်ကောင်ကတော့ အခွင့်အလမ်းများကို မည်သို့အသုံးချရမှန်း ကောင်းကောင်းသိပြီး လူပျံတော်များ စုပြုံနေသည့် နေရာများကိုသာ ရွေးချယ်တိုက်ခိုက်ကြလေရာ အသေအပျောက်မှာ များပြားလှတော့သည်။ တဖန် ကျန်သားရဲများ၏ တိုက်ခိုက်မှုကိုပါ ထည့်သွင်းပေါင်းစပ်လိုက်လျင် သူတို့ကြောင့် သေဆုံးသူအရေအတွက်မှာ အဆိပ်တထောင်ဖားကြီး သတ်ပစ်ခဲ့သူများထက် မနည်းလှချေ။

သို့နှင့် ကောင်းကင်မြို့တော်၏ သံမဏိကဲ့သို့ ခိုင်မာသည့် ကာကွယ်ရေးစနစ်များမှာ ဆီးနှင်းများသဖွယ် အရည်ပျော်ကုန်ကြတော့သည်။ နတ်ဆိုးသုတ်သင်ရေးအ​မြောက်သည်လည်း ပြောင်းပူမတတ် ပစ်ခတ်နေသော်လည်း အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာသည့် သားရဲများအားလုံးကို ရှင်းပစ်ရန်မှာတော့ မည်သို့မှ မစွမ်းသာတော့ချေ။ ကြာသော် လူပျံတော်များမှာ ပို၍သာ စိတ်ပျက်လာကြကုန်၏။

၎င်းကိုမြင်သည်နှင့် ရွှေရောင်ငှက်က အောက်ပါအတိုင်း အော်ဟစ်ကြွေးကြော်လိုက်တော့သည်။

“ဒီနေ့ကစပြီး ကောင်းကင်မြို့တော်ဆိုတာ မရှိစေရတော့ဘူးဟေ့”

သို့သော် မထင်မှတ်ပဲ ထာဝရည၏ အသံ ထွက်ပေါ်လာလေသည်။

"ဟုတ်ပါ့မလား ဘာကြောင့်မှန်းတော့မသိဘူး ငါ့စိတ်ထဲမှာတော့ မင်းတို့သာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ထင်နေမိတယ်"

ထိုအချိန်မှာပင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့၏။

သားရဲများ၏ အပေါ် ကောင်းကင်ယံဆီမှ ဖိအားကြီးတခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာဟန်ရှိသည်။ ၎င်းမှာ တခြားမဟုတ်။ လေထဲတွင် ဝုန်းခနဲ ဒိုင်းခနဲ ထွက်ပေါ်လာသည့် နောက်ထပ် လေပေါ်ရဲတိုက်တစင်းပေတည်း။

အဆိုပါလေပေါ်ရဲတ်ိုက်သည် ရုတ်တရက်ကြည့်လျင် ထင်းရှူးစေ့နှင့် ဆင်တူနေ၏။ သို့သော် ဂရုတစိုက်သာကြည့်မိလျင် ၎င်းမှာ အရိုးများဖြင့် တည်ဆောက်ထားမှန်း ထင်ရှားနေသည်။ အဆိုပါ အရိုးများသည် အရောင်အသွေးစုံလင်စွာ တောက်ပလင်းလက်နေပြီး ပျားအုံကဲ့သို့ အလွှာလိုက်အထပ်လိုက် မြင့်မြင့်မားမား တည်ရှိနေ၏။

အဆိုပါလေပေါ်ရဲတိုက်သည် ကောင်းကင်မြို့တော်လောက် ခမ်းနားကြီးကျယ်ခြင်းမရှိ။ အရွယ်အစားမှာလည်း အဆိပ်တထောင်ဖားကြီး၏ အရွယ်အစားမျှသာ ရှိလေသည်။ အံ့သြစရာကောင်းသည်မှာ အဆိုပါလေပေါ်ရဲတိုက်မှ ထွက်ပေါ်နေသည့် ဖိအားသည် အဆိပ်တထောင်ဖားကြီး၏ အရှိန်အဝါထက် မနိမ့်လှချေ။ တကယ်တော့ ပို၍ပင် အားကောင်းနေသေး၏။

လေပေါ်ရဲတိုက်ကိုကြည့်ရင်း အဆိပ်တထောင်ဖားကြီးပင် အံ့အားသင့်သွားဟန်ပေါ်သည်။

မုလစွမ်းအင်နတ်ဆိုးမြို့တော်ပေတည်း။ တနည်းအားဖြင့် မူလသားရဲကြီး၏ အရိုးများဖြင့် တည်ဆောက်ထားသည့် လေပေါ်ရဲတိုက်ပင် ဖြစ်သည်။

တချိန်တည်းမှာပင် မြေထုကြီးကိုပင် တုန်ဟည်းသွားစေသည့် ဧရာမ​ခြေသံကြီးများကို လူတိုင်းကြားလိုက်ရပြန်သည်။ ထို့နောက်တွင်တော့ ကြီးမားသည့် မျှော်စင်ကြီးတ​ခုသည် အဝေးဆီမှ ယိမ်းထိုးလျက် သူတို့ရှိရာသို့ ချဉ်းကပ်လာနေ၏။ ကစဥ့်ကလျားမျှော်စင်ပင် ဖြစ်လေသည်။

ကစဥ့်ကလျားမျှော်စင်နှင့် မူလစွမ်းအင်နတ်ဆိုးမြို့တော်တို့ ထွက်ပေါ်လာခြင်းသည် မိုးပြာရောင်မီးလျံကို တုန်လှုပ်သွားစေ၏။

ထိုခနမှာပင် အကြီးအကျယ် ဒုက္ခရောက်ပြီမှန်း သူ သဘောပေါက်လိုက်၏။ ထာဝရညသည် ကလိန်ကကျစ်နိုင်သလောက် ရက်စက်လှချေသည်တကား။ သင်းသည် လေပေါ်မြို့တော်နှစ်ခုကို အချိန်အတော်ကြာကတည်းက အနီးအနားတွင် ရှိနေစေပြီး အရေးကြီးသည့်အချိန်မတိုင်မီအထိ ပုန်းအောင်းနေစေခဲ့သည်မှာ ထင်ရှားနေခဲ့လေပြီ။

“မကောင်းဘူးဟေ့ ဆုတ် အမြန် နောက်ဆုတ်”

မိုးပြာရောင်မီးလျံ အော်ဟစ်အမိန့်ပေးလိုက်၏။ သို့သော် နောက်ကျသွားခဲ့လေပြီ။

လေပေါ်မြို့တော်များ စတင်ထွက်ပေါ်လာသည်နှင့် အမှောင်ကျသွားသည့် နေမင်းပုလဲများမှာလည်း ပြန်လည်လင်းလက်လာ၏။

မှန်ပါသည်။ အစောပိုင်းက နေမင်းပုလင်းများ အမှောင်တိကျသွားခြင်းမှာ ထာဝရည၏ ပရိယာယ်မျှသာ ဖြစ်သည်။

မူလစွမ်းအင်မျှော်စင်များ ပြန်လည်တောက်ပလာသည်နှင့် ပျက်စီးသွားခဲ့သည့် အကာအကွယ်များမှာလည်း ပြန်လည်ပေါ်ပေါက်လာလေသည်။ ထိုမျှသာမကပဲ မြေပြင်သည်လည်း တောက်ပလာပြီး ထူးဆန်းသော ကမ္ပည်းစာများ စတင်ပေါ်ပေါက်လာ၏။ ထို့နောက် မြို့ရိုးနံရံရှိ အပေါက်ကြီး၏ အလယ်ဗဟိုမှ ဧရာမ လေဆင်နှာမောင်းတခု ဖြစ်ပေါ်လာပြီး သားရဲများကို ဦးတည်တိုက်ခတ်တော့သည်။

ထို့အပြင် ရုတ်ချည်းပေါ်ပေါက်လာကြသော ဒဏ္ဍာရီလာအာကင်နာပညာရှင်အများအပြားသည်လည်း ကာအကွယ်သစ်တခု ဖန်တီးကာ သားရဲများအားလုံး နောက်ဆုတ်၍မရအောင် တားဆီးထားလိုက်ကြတော့၏။

လူပျံတော်များ၏ အတားအဆီးအကာအကွယ်များသည် အဆိပ်တထောင်ဖားကြီးကိုတော့ တားဆီးနိုင်စွမ်းမရှိ။ သို့သော် မိုးပြာရောင်မီးလျံနှင့် ကျန်သားရဲအုပ်စုကိုတော့ နေရာတွင် ရပ်တန့်သွားစေရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

လက်စသတ်တော့ လူပျံတော်များ၏ တကယ့်ပစ်မှတ်က သူသာလျင် ဖြစ်နေချေသည်တကား။

မိုးပြာရောင်မီးလျံ ပထမတော့ ထိတ်လန့်သွား၏။ ထို့နောက် သူ အကြီးအကျယ် ဒေါသထွက်သွားတော့သည်။ သူ ဤသို့ သားကောင်ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

ထို့နောက်တွင်တော့ လေဆင်နှာမောင်းများ၊ အမြောက်ဆံများနှင့် အမျိုးမျိုးသောအာကင်နာစွမ်းရည်များသည် သားရဲများအပေါ် မိုးသီးမိုးပေါက်ကဲ့သို့ စတင် ရွာချတော့၏။ သားရဲအသေကောင်များမှာ မြင်မကောင်းလောက်အောင် မြေပြင်တွင် ပြန့်ကျဲကုန်၏။

ထိုအချိန်မှာပင် မ်ိုးပြာရောင်မီးလျံ၏ နားထဲသို့ အသံတသံ တိုးဝင်လာ၏။

“နောက်ဆုံးတော့ ခင်ဗျားလည်း သူ့ထောင်ချောက်ထဲ ကျသွားတာပါပဲလား"

“အော် မင်းပဲကိုး"

တဖက်လူ မည်သူမည်ဝါမှန်း မိုးပြာရောင်မီးလျံ ချက်ချင်း မှတ်မိသွား၏။

သူ့ကို ဆက်သွယ်လာခဲ့သော လူသားပေပဲ။

မိုးပြာရောင်မီးလျံ ထောင်းခနဲ ဒေါသထွက်သွား၏။

“အရှက်မရှိတဲ့လူသား လူပျံတော်တွေနဲ့ မဟာမိတ်ဖွဲ့လိုက်တယ်ပေါ့ ဟုတ်လား"

“ခင်ဗျား မှားနေပြီ မိုးပြာရောင်မီးလျံ...အဲဒီမြေခွေးအိုကြီးထာဝရညနဲ့ ကျုပ် ဘယ်တုန်းကမှ မပူးပေါင်းခဲ့ဖူးဘူး ပြီးတော့ ခင်ဗျားထက်စာရင် ကျုပ်ကို အရင်သတ်ရတာ သူက ပိုတောင်ကြိုက်နေအုံးမှာ”

ပြောရင်းနှင့် စုချန်း ရယ်မောလိုက်၏။

“ဘာကွ”

မိုးပြာရောင်မီးလျံ အံ့အားသင့်သွားပြန်၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ခင်ဗျားကိုလဲ ကျုပ် ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး လူသားတွေနဲ့ သားရဲတွေဟာ အမြဲတမ်း ဆန့်ကျင်ဘက်ဆိုတာ ခင်ဗျားလဲ သိနေသားပဲ ခင်ဗျားတို့အုပ်စုတွေ မြို့ထဲဝင်နိုင်အောင် ကျုပ် ကူညီပေးခဲ့တာတော့ တကယ်ပါ ဒါပေမယ့် သူ ဒီလောက်ထိ ပြတ်သားလိမ့်မယ်လို့တော့ ကျုပ် မမျှော်လင့်ထားဘူး”

စကားဆုံးသည်နှင့် စုချန်း သက်ပြင်းချလိုက်၏။

ထာဝရည၏ တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်ကတော့ အမှန်ပင်။ အာကင်နာ​မျှော်စင်တချို့ကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သူမှာလည်း ထာဝရညပင် ဖြစ်သည်။

ထာဝရည၏ ဤတကွက်ကြောင့် မိုးပြာရောင်မီးလျံတို့အုပ်စုသည် ထောင်ချောက်ထဲ စင်းစင်းကြီးကျရောက်သွားရတော့၏။ ထာဝရညသည် သူ့လူပျံတော်ရဲဘော်ရဲဘက်များ၏ အသက်အတွက် သားရဲများအားလုံးကို လက်စတုံးပစ်ရန် စဥ်းစားလိုက်ပုံရသည်။ ဤသို့ စဉ်းစားတွေးခေါ်ပုံမျိုးသည် ဉာဏ်ကြီးသလောက် ရက်စက်လွန်းနေ၏။

မည်သို့ဆိုစေ လူပျံတော်နယ်မြေရှိ သားရဲများအဖို့ ဤတကြိမ်တွင်တော့ အလုံးစုံ ပျက်စီးရပေတော့မည်။ ထိုအခါ လူပျံတော်များသည်လည်း အနည်းဆုံး နှစ်ပေါင်းတရာခန့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်ပေလိမ့်မည်။

အခြေအနေကို နားလည်သွားသည့်နောက် မိုးပြာရောင်မီးလျံ အကြီးအကျယ် နောင်တရသွားတော့သည်။

ထိုအချိန်မှာပင် သူက တစုံတခုကို တွေးမိဟန်ဖြင့် စုချန်းကို မေးလိုက်၏။

"လူသား မင်း ကျုပ်ကို ဒီကနေ ထွက်နိုင်အောင် ကူညီပေးမဲ့နည်းလမ်း ရှိတယ်မလား”

“အာ...မလွယ်ဘူး……”

စုချန်းက ပြန်ဖြေလိုက်လေသည်။

“မဟုတ်ဘူး ကျုပ်မှာ အသက်ရှင်လျက် ထွက်သွားနိုင်မယ့် အခွင့်အရေး မရှိဘူးဆိုတာ ကျုပ် သိတယ် ဒါပေမယ့် ကျုပ်ကယ်တင်ပေးစေချင်တဲ့ တယောက်ရှိနေတယ်"

“အိုး ခင်ဗျားက ရွှေရောင်ငှက်ကို ပြောနေတာလား”

“ဟုတ်တယ်”

အတန်ကြာ စဉ်းစားပြီးနောက် စုချန်းက ပြန်ပြောလိုက်လေသည်။

“ဒီအခြေအနေမှာ ထွက်သွားဖို့ဆိုတာဘယ်လိုမှ ဖြစ်နိုင်တော့ဘူး ဒီတော့ ခင်ဗျားအတွက် တခုတည်းသော အခွင့်အရေးက မြို့တော်ရဲ့ နက်ရှိုင်းတဲ့အပိုင်းတွေထိ ထိုးဖောက်ဝင်ရောက်သွားဖို့ပဲ"

“နက်ရှိုင်းတဲ့ အတွင်းပိုင်းကို သွားရမယ် ဟုတ်လား"

မိုးပြာရောင်မီးလျံ ထိတ်လန့်သွား၏။

“ဟုတ်တယ် ပိုပြီး နက်ရှိုင်းတဲ့ အတွင်းပိုင်းကို သွားရမယ် အာကင်နာမျှော်စင်တွေ ပြန်ကောင်းလာပေမယ့် မြို့တော်ရဲ့ ကာကွယ်ရေးစနစ်တွေက မြို့ရိုးကို တည်ဆောက်ထားတဲ့ ကျောက်တုံးတွေနဲ့ အာကင်နာမျှော်စင်နှစ်မျိုးလုံးကို အခြေခံပြီး အလုပ်လုပ်တာ အာကင်နာမျှော်စင်တွေက မူလစွမ်းအင်ကို ပံ့ပိုးပေးသလို မြို့ရိုးတွေကတော့ အာကင်နာပုံစံကွက်ကြီးရဲ့ ကမ္ပည်းစာတွေအတွက် ကြားခံအနေနဲ့ ဆောင်ရွက်ပေးတယ် ဒီတော့ မြို့ရိုးတွေ ပျက်စီးသွားတာကြောင့် မူလပုံစံကွက်ဟာလဲ အတော်ကြီးကို မတည်ငြိမ်တဲ့ အခြေအနေမှာ ရှိတယ် ဒါကြောင့် ခင်ဗျားမှာ လွတ်မြောက်ဖို့ အခွင့်အရေး ရှိနေသေးတယ်……ဒီတော့ ခင်ဗျားအဖွဲ့သားတွေကို အပါခေါ်ပြီး မြို့အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ဖို့သာ ကြိုးစားပေတော့ ခင်ဗျားတို့အများစုက သေမယ်ဆိုတာ သေချာနေပြီ ဒါကြောင့် ဒီအခြေအနေမှာ ခင်ဗျား လုပ်နိုင်တဲ့ အကောင်းဆုံးအရာဟာ တိုက်ရင်းနဲ့ အသေခံသွားဖို့ပဲ ရွှေရောင်ငှက်အတွက်ကတော့ ကျုပ် အကောင်းဆုံး ကြိုးစားပေးမယ်လို့ ကတိပေးတယ်"

ထိုစကားများကို လေယူလေသိမ်းကောင်းကောင်းနှင့် တဖက်သား နားဝင်အောင် ပြောနေသည့်အချိန်တွင် စုချန်း၏ ပုံစံမှာ နတ်ဆိုးတကောင်နှင့် တူလှချေသည်တကား။

All Chapters