သစ္စာဖောက်ခြင်းနှင့် အသုံးချခံရခြင်း
Vol. 90 Ch. 894
အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး အသေခံတိုက်ကြ။
ထိုစကားများသည် မိုးပြာရောင်မီးလျံ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ သူ့မျက်လုံးထဲတွင်လည်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာလေသည်။
စက္ကန့်ပိုင်းအကြာတွင်တော့ မိုးပြာရောင်မီးလျံသည် အပြာရောင်မီးလျှံစီးကြောင်းတခုကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်ရာ ထိုမီးလျှံများသည် နဂါးတကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့ရှိနံရံကြီးကို ပြင်းပြင်းထန်ထန် ဝင်တိုက်ကာ မီးလျံအခေါင်းပေါက်ကြီးတပေါက် ပေါ်ပေါက်သွားစေ၏။
“နောက်လိုက်ခဲ့ကြ"
မိုးပြာရောင်မီးလျံ၏ အထက်ပါအမိန့်သံထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော သားရဲများသည် သူ့နောက်မှလိုက်ကာ အပေါက်ကြီးအတွင်းသို့ တိုးဝင်ကုန်ကြတော့သည်။
၎င်းကိုမြင်သည်နှင့် ထာဝရညက ခီလစ်ဒါကို ကြည့်ကာ ပြောလိုက်၏။
“နေဝင်မီးလျံဥမင်ပဲ ကဲ ခီလစ်ဒါ မင်းလုပ်လိုက်ခဲ့တဲ့ အကျိုးဆက်ကို ကြည့်စမ်း”
ခီလစ်ဒါ ကြောက်လန့်တကြားနှင့်ခေါင်းငုံ့တောင်းပန်လိုက်လေသည်။
“အရင်ကအမှားတွေအတွက် အရှင်မင်းကြီးခွင့်လွှတ်တော်မူပါ”
ခီလစ်ဒါနှင့် မိုးပြာရောင်မီးလျံတို့သည် ကောင်းကင်နိုင်ငံ၏ အလိုရှိဆုံး ရာဇဝတ်သားများပီပီ သူတို့အချင်းချင်းသည် ရံဖန်ရံခါတွင် အပေးအယူတချို့ ပြုလုပ်လေ့ရှိကြ၏။
ခီလစ်ဒါသည် မိုးကြိုးနည်းစနစ်များကို ကျွမ်းကျင်ပြီး မိုးပြာရောင်မီးလျံကတော့ မီးလျံနှင့်ပတ်သက်သည့် နည်းစနစ်များကို ကျွမ်းကျင်လေသည်။ အတိတ်ဆီက သူတို့နှစ်ယောက်သည် အဆိုပါနည်းစနစ်များကို အချင်းချင်း အပြန်အလှန် ဖလှယ်ခဲ့ဖူးကြ၏။
ခီလစ်ဒါထံမှ မိုးပြာရောင်မီးလျံထံသင်ယူနိုင်ခဲ့သည့် နည်းစနစ်များထဲတွင် နေဝင်မီးလျံဥမင်သည်လည်း တနည်းအပါအဝင် ဖြစ်သည်။ ဤနည်းစနစ်မှာ အကာအကွယ်များ၊ နံရံများကို အသံအားဖြင့် ဖောက်ထွင်းစေပြီး မီးလျံဥမင်လိုဏ်ခေါင်းတခုကို ဖန်တီးနိုင်ခြင်းပင်။ တချိန်က ခီလစ်ဒါသည်လည်း ဤနည်းစနစ်ကို အသုံးပြုပြီး ကမ္ဘာတလွှား ထင်တိုင်းကြဲခဲ့ဖူး၏။
ထို့ကြောင့် ဤနည်းစနစ်ကို မြင်သည့်အချိန်တွင် ထာဝရည ဒေါသထွက်သွားခြင်း ဖြစ်လေသည်။
သို့သော် ထာဝရညသည် ဒေါသကို ထိန်းချုပ်လိုက်ပြီး ခီလစ်ဒါကို အပြစ်တင်မနေတော့ပဲ စစ်သည်အုပ်စု နှစ်စုအား မိုးပြာရောင်မီးလျံနောက်သို့လိုက်ရန် စေလွှတ်လိုက်လေသည်။
အကြောင်းမှာ မိုးပြာရောင်မီးလျံ မြို့အတွင်းပိုင်းသို့ ဝင်ရောက်ရန် ကြိုးစားခြင်းမှာ ထွက်ပြေးရန်မဟုတ်ပဲ ဖျက်ဆီးရန်သာဖြစ်ကြောင်း သူ သိလိုက်သောကြောင့်ပင်။
အနှီ ရည်မှန်းချက်ကြီးပြီး ရက်စက်ကာ မာယာများသောလူပျံတော်ဘုရင်ကြီးသည် သူ့စိတ်ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိ၏။ သူ့အနေနှင့် မြို့သူမြို့သားတွေအတွက် သူ့စစ်သည်များကို စတေးလိုက်မည်ဟူသည့် စိတ်ကူးစိတ်သန်းမျိုးကတော့ အနည်းငယ်မျှ ရှိပုံမပေါ်ချေ။ အကြောင်းမှာ သူက လူပျံတော်စစ်သည်အုပ်စုနှစ်စုအား မိုးပြာရောင်မီးလျံနောက်သို့ လိုက်ရုံမျှသာ လိုက်စေပြီး မတိုက်ခိုက်ရန် အမိန့်ပေးလိုက်သောကြောင့်ပင်။ မည်သို့ဆိုစေ ထာဝရညသည် သူ့တိုက်ခိုက်ရေးအင်အားကို ခြုံခြံချွေတာရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲဖြစ်ကြောင်း ဤတချက်ကို ကြည့်လျင် မြင်သာနေ၏။ မြောက်များစွာသောစစ်သည်များ သေဆုံးသွားခဲ့ပြီး ဖြစ်လေရာ အရပ်သားအနည်းအကျဥ်း ထပ်၍သေဆုံးခြင်းမှာ ဘာမှအရေးမကြီးတော့ချေ။
“တယ်လဲ ပြတ်သားတဲ့ ခေါင်းဆောင်ပဲ”
ထာဝရည၏ ဆုံးဖြတ်ချက်ကို သဘောပေါက်လိုက်၍ စုချန်း ပြုံးလိုက်မိလေသည်။
ထို့နောက် စုချန်းက မိုးပြာရောင်မီးလျံကို ပြောလိုက်၏။
“ကျောက်တုံးဝက်သစ်ချလမ်းဘက်ကို သွား ကျုပ် ခင်ဗျားကို အဲဒီမှာ စောင့်နေမယ်”
မိုးပြာရောင်မီးလျံ ဒေါသတကြီးနှင့် ပြန်ပြောလိုက်သည်။
“ကျောက်တုံးဝက်သစ်ချလမ်း ဘယ်မှာလဲ ကျုပ်မှမသိတာ"
“စိတ်မပူနဲ့ ကျုပ်ရဲ့ကိုယ်ပွားက ခင်ဗျားကို ခေါ်သွားပေလိမ့်မယ်"
စုချန်း ထိုသို့ပြောနေသည့်အချိန်မှာပင် မျက်နှာဖုံးတပ်ဆင်ထားပြီး လေနှင့်မိုးကြိုးတောင်ပံများ ပိုင်ဆိုင်ထားသည့် လူပျံတော်တယောက် မိုးပြာရောင်မီးလျံရှေ့သို့ ရောက်လာပြီး သူ့ကို လက်ယပ်ခေါ်လိုက်လေသည်။
မိုးပြာရောင်မီးလျံနှင့် ရွှေရောင်ငှက်တို့လည်း စုချန်းနောက်ကို ထပ်ချပ်မကွာ လိုက်ပါရပြန်၏။
အတန်ကြာသော် မိုးပြာရောင်မီးလျံက ပြောလိုက်သည်။
“လူသား မင်း ဒါကို ကြိုတင်ပြင်ဆင်ထားတာ အတော်ကြာပြီပဲ”
“ခင်ဗျားပြောတဲ့ပုံစံက ကျုပ်ကပဲ ခင်ဗျားကို ထောင်ချောက်ထဲ ဆွဲခေါ်ခဲ့တာနဲ့ တူနေပြီ”
“ဘာများကွာလို့လဲ မင်းလုပ်ရပ်က သူတို့ကို တဖက်လှည့်နဲ့ ကူညီလိုက်သလိုပဲလေ"
“ဒါဆို ခင်ဗျားကိုကူညီမိတာ ကျုပ်အမှားပေါ့ ဟုတ်လား"
“ဒီလိုတော့လဲမဟုတ်ဘူး ဒါပေမဲ့ မင်းမှာ တခြားရည်ရွယ်ချက်တစ်ခုရှိနေသေးတယ်လို့ ကျုပ် ခံစားနေရတယ်"
“တော်စမ်းပါဗျာ ခင်ဗျားကို ကူညီနေတဲ့ ကျုပ်ကို နည်းနည်းလေး ပိုလေးစားလို့်ရဘူးလား"
စုချန်း ထိိုသို့ ဟောက်လိုက်မှ မိုးပြာရောင်မီးလျံ ငြိမ်သက်သွား၏။
ကျောက်တုံးဝက်သစ်ချလမ်းမှာ သူတို့ရှိနေသည့်နေရာနှင့် သိပ်မနီးလှချေ။ ထိုအချိန်တွင် လူပျံတော်စစ်သည်များသည်လည်း သူ့တို့နောက်သို့ စုပြုံလိုက်ပါလာကြပြီ ဖြစ်သည်။ သားရဲများကား ရှေ့သို့ချီတက်ရင်း မြင်တွေ့သမျှ လူပျံတော်တိုင်းကို သတ်ဖြတ်ပစ်နေကြ၏။ ဤသို့နှင့် ကောင်းကင်မြို့တော်တခွင်မှာ အကြီးအကျယ် ရှုပ်ထွေးနေတော့သည်။
သို့သော် ထာဝရည၏ အမြင်အရ အခြေအနေမှာ ကွဲပြားနေ၏။
ထို့နောက် သူ မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်လေသည်။
"နည်းနည်းတော့ ထူးဆန်းနေတယ်”
“ဘာဖြစ်လို့လဲ အရှင်မင်းကြီး”
ခီလစ်ဒါက မေးလိုက်၏။
“သူတို့ ရည်ရွယ်ချက်မဲ့ လျှောက်သွားနေတာမဟုတ်ဘူး တနေရာရာကို ဦးတည်နေတာပဲ"
“ဒါက သိပ်မထူးဆန်းပါဘူး အရှင်မင်းကြီး ဟိုလူသားက သူတို့ကို အကူအညီပေးနေမှတော့”
ခီလစ်ဒါ၏ နှလုံးသား ဒိန်းခနဲ တုန်လှုပ်သွား၏။
“မကောင်းတော့ဘူး အဲဒီခွေးမသားလေးဟာ တနေရာက တနေရာကို ရွှေ့ပြောင်းခုန်ကူးနိုင်တယ် သူ တခုခုသာ ကြိုတင်ပြင်ဆင်ထားခဲ့ရင်...ဒါမှမဟုတ် ဒီကောင် မိုးပြာရောင်မီးလျံ ထွက်ပြေးဖို့များ ကူညီပေးနေတာလားမသိဘူး"
ထိုစကားကို ကြားသည်နှင့် ထာဝရည၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွားတော့သည်။
သူ့အနေနှင့် မိုးပြာရောင်မီးလျံကို ရှင်းပစ်နိုင်ရန်၊ ပြဿနာများကို အမြစ်မှပင် ဖယ်ရှားပစ်နိုင်ရန်၊ လူပျံတော်များအတွက် ငြိမ်းချမ်းရေးရရှိစေရန် ဤမျှကြီးမားသောအစီအစဉ်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မိုးပြာရောင်မီးလျံသာ ထွက်ပြေးသွားခဲ့လျင် ဤအစီအစဥ်အတွက် သူတို့ပေးဆပ်ခဲ့သမျှအားလုံးမှာ အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။
ထိုအတွေးဝင်လာသည်နှင့် ထာဝရညချက်ချင်းပင် ထရပ်လိုက်ပြီး မိုးပြာရောင်မီးလျံ ဘယ်နေရာသို့ဦးတည်နေသည်ကို ကြည့်လိုက်၏။ ထို့နောက် သူက ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။
“သူတို့ ကျောက်တုံးဝက်သစ်ချလမ်းဘက်ကို ဦးတည်နေတယ် အစောင့်ရုပ်သေးရုပ်တွေ...ထွက်ပြီး ဒီကောင်တွေကို တားထားစမ်း"
ထာဝရည၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ကျောက်တုံးဝက်သစ်ချလမ်းအနီးတွင် အစောင့်ချထားသည့် ရုပ်သေးရုပ်များမှာ ချက်ချင်းလိုလိုပင် လှုပ်ရှားလာကြတော့သည်။
ကျောက်တုံးဝက်သစ်ချလမ်းအနီးတွင် ရုပ်တုများနှင့်ပြည့်နေသည့် ကျောက်တုံးတောအုပ်တအုပ် ရှိနေ၏။ ယခုတော့ ထာဝရည၏ အမိန့်နှင့်အတူ အဆိုပါ ရုပ်တုများအားလုံး အသက်ဝင်လာပြီး ပေတစ်ရာနီးပါးရှိသည့် ဧရာမရုပ်သေးရုပ်ကြီးများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့အားလုံး ကျောက်တုံးတောအုပ်ထဲမှ ထွက်လာပြီး လမ်းမအလယ်သို့ ရောက်လာကြလေသည်။ သူတို့၏လက်ထဲတွင် ကြီးမားသောဓားကြီးများကို အသီးသီး ကိုင်ထားကြ၏။ တချို့မှာကား မူလစွမ်းအင်အမြောက်များကို သယ်ဆောင်ထားကြသည်။ အနှီဧရာမရုပ်သေးရုပ်ကြီးများအပြင် သားရဲပုံစံ ရုပ်သေးရုပ်များလည်း ခုန်ထွက်လာပြီး လမ်းကိုပိတ်ထားလိုက်ကြတော့သည်။
အဆိုပါ ရုပ်သေးရုပ်များ၏ အခွံမှာ လွန်စွာထူထဲမာကျောလှပြီး မိုးပြာရောင်မီးလျံ၏ မီးတောက်မီးလျံများကိုပင် ခုခံနိုင်သောစွမ်းရည်ရှိကြသည်။ အတိုချုပ်ပြောရလျင် ရုပ်သေးရုပ်တရုပ်စီတိုင်းသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ကဲ့သို့ပင် အစွမ်းထက်ကြကုန်၏။
သိပ်မကြာမီ လမ်းပိတ်ထားသော ရုပ်သေးရုပ်တပ်ဖွဲ့နှင့် မိုးပြာရောင်မီးလျံတို့သားရဲအုပ်စု ထိပ်တိုက်တိုးမိကြပြီး တိုက်ပွဲကြီး ဖြစ်ပွားတော့သည်။
မိုးပြာရောင်မီးလျံသည် ရုပ်သေးရုပ်တချို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရ၏။ ဒဏ္ဍာရီလာအဆင့် အာကင်နာပညာရှင်တဦး၏ တိုက်ခိုက်ရေးစွမ်းအားမျိုးကို ပိုင်ဆိုင်ထားသော ရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုမှာ ပြင်းထန်လှပေရာ နတ်ဆိုးဧကရာဇ်အဆင့်သားရဲသည်ပင် အသည်းအသန် ခုခံနေရတော့သည်။
ထိုအခါ သူက စုချန်းကို အော်ဟစ်အကူအညီတောင်းလိုက်၏။
“ဟေ့ ဒီအတိုင်းကြည့်မနေနဲ့ ကျုပ်ကို ကူအုံးလေ”
သို့သော် စုချန်း၏ ကိုယ်ပွားကတော့ ပုခုံးတွန့်ရုံမျှသာ တွန့်ပြလိုက်သည်။
"ကျုပ်က ကိုယ်ပွားပဲလေ ခင်ဗျားကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ ဒီအချိန်က ခင်ဗျား ကိုယ့်ကိုယ်ကို အားကိုးရမဲ့အချိန်ပဲ”
“မင်း ကျောက်တုံးဝက်သစ်ချလမ်းကိုလာဖို့ ကျုပ်ကို ခေါ်တယ်ဆိုတော့ ဒီမှာဘာတွေများ ပြင်ဆင်ထားလို့လဲ”
မိုးပြာရောင်မီးလျံ မနေနိုင်တော့ပဲ အထက်ပါအတိုင်း မေးခွန်းထုတ်လိုက်၏။
စုချန်း ရယ်မောလိုက်လေသည်။
“အဲဒါ ခင်ဗျားသိဖို့မလိုဘူး”
စုချန်း၏ အပြုံးကိုမြင်သည်နှင့် မိုးပြာရောင်မီးလျံ၏ နှလုံးသားထဲတွင် ကျင်ခနဲ ခံစားလိုက်ရသည်။
တခုခု မှားနေမှန်း သူ သဘောပေါက်လိုက်ပေပြီ။
“မင်း ကျုပ်တို့ကို ကူညီဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိဘူး ဟုတ်တယ်မလား လက်စသတ်တော့ မင်းက ကျုပ်တို့ကို အသုံးချနေတာပဲ”
မိုးပြာရောင်မီးလျံ၏ မျက်လုံးများမှာ နက်ရှိုင်းလှသော အမုန်းတရားကြောင့် မီးဝင်းဝင်းတောက်နေလေသည်။
သို့သော် စုချန်းကတော့ ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူ အောက်ပါအတိုင်း ပြောလိုက်တော့သည်။
“ဟုတ်တယ် ကျုပ် ခင်ဗျားကို အသုံးချနေတာ ကျုပ်အနေနဲ့ ခင်ဗျားကို ကူညီဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဟာ သားရဲတကောင် ကျုပ်ဟာ သားရဲတကောင်နဲ့ ဘယ်တော့မှ မဟာမိတ်ဖွဲ့မှာမဟုတ်ဘူး ဒါ ကျုပ်ရဲ့ ထမင်းရည်ပူစည်းပဲ ဒီတော့ ကျုပ်အကျိုးအတွက် ခင်ဗျားကိုအသုံးချတာဟာ ဘာများဆန်းသလဲ"
အံ့သြစရာကောင်းသည်မှာ စုချန်း၏ စကားကြောင့် မိုးပြာရောင်မီးလျံ မည်သို့မှ ဒေါသထွက်ဟန်မပေါ်ခြင်းပင်။ ထိုအစား သူက ပြောလိုက်၏။
"မင်းမှန်တယ် မင်းက လူသား ကျုပ်က သားရဲ ဒီတော့ ကျုပ်တို့ မဟာမိတ်ဖွဲ့ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ကျုပ်တို့ တယောက်ကိုတယောက် လှည့်စားပြီး အသုံးချကြတာဟာ သဘာဝပဲ ဒါပေမဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ လူသား”
“ခင်ဗျား အတော်လေးတော့ ဉာဏ်ကောင်းသားပဲ ဒီတော့ ကျုပ်ရည်ရွယ်ချက် ဘာများဖြစ်မလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ တွေးကြည့်လေ”
စုချန်းက ပြန်ဖြေလိုက်၏။
“တကယ်တော့ ခင်ဗျား အခု ရင်ဆိုင်နေရတဲ့ပြသနာဟာ ကျုပ်လိုအပ်နေတဲ့ အရာ ကျုပ်ရဲ့ ရည်ရွယ်ချက်ပဲ”
မိုးပြာရောင်မီးလျံ တအံ့တဩဖြစ်သွား၏။ သို့သော် သူ ချက်ချင်း နားလည်သွားလေသည်။
“နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံ လက်စသတ်တော့ မင်းရဲ့ပန်းတိုင်က နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံပဲကိုး”
နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံသည် လူပျံတော်စက်မှုရပ်ကွက်၏ ဗဟိုချက်တွင် တည်ရှိ၏။ သူတို့၏ နတ်ဘုရားထိုးခွဲအမြောက်များ၊ နတ်ဆိုးရထားများနှင့် တိုက်ခိုက်ရေးရုပ်သေးရုပ်များအားလုံးကို အဆိုပါ နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံမှ ထုတ်လုပ်၏။
ထို့ကြောင့် ဤအလုပ်ရုံသည် လူပျံတော်များအတွက် မယုံနိုင်လောက်အောင် အရေးကြီးသောနေရာဟု ဆိုနိုင်သည်။ ထို့ကြောင့် ထာဝရညသည် ဤအလုပ်ရုံကို အစောင့်အများအပြားနှင့် ကာကွယ်ထား၏။ ကောင်းကင်မြို့တော်၏ အန္တရာယ်အရှိဆုံး အချိန်များမှာပင် ထာဝရညအနေနှင့် ထိုအလုပ်ရုံရှိ စစ်သည်များကို တကြိမ်လေးသော်မျှ တပ်ရွှေ့ပြောင်းရန် မစဥ်းစားဖူးချေ။
သို့သော် မိုးပြာရောင်မီးလျံဦးဆောင်သည့် သားရဲများ ကျောက်တုံဝက်သစ်ချလမ်းသို့ ဦးတည်နေသည့်အချိန်တွင် နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံဘေးမှ ဖြတ်သွား၍ ထာဝရညက အလုပ်ရုံပတ်ပတ်လည်ရှိ အစောင့်ရုပ်သေးရုပ်များအား သူတို့ကို တားဆီးရန် အမိန့်ပေးလိုက်ခြင်းပင်။
အရာအားလုံးကား စုချန်း၏ အစီအစဉ်အတိုင်း အတိအကျပင် ဖြစ်ပေါ်လာခဲ့၏။
တကယ်တော့ ကျောက်တုံးဝက်သစ်ချလမ်းတွင် ဘာမှရှိမနေသလို စုချန်း၏ စိတ်ထဲတွင်လည်း မိုးပြာရောင်မီးလျံ ထွက်ပြေးနိုင်ရန် ကူညီပေးမည့် စိတ်ကူးမျိုး လားလားမျှ ရှိမနေချေ။ အကယ်၍ စုချန်းသာ ဆန္ဒရှိခဲ့လျင် တစုံတရာကို ကြိုတင်ပြင်ဆင်ထားကောင်းထားနိုင်သော်လည်း ခီလစ်ဒါနှင့် ထာဝရညတို့နှစ်ယောက်လုံးမှာ စုချန်း၏ ထမင်းရည်ပူစည်းကို သိမထားကြလေရာ ဤသို့ ကျကျနနကြီး အလိမ်ခံလိုက်ကြရခြင်း ဖြစ်လေသည်။
သားရဲများနှင့် မဟာမိတ်ဖွဲ့ခြင်းဟူသောလုပ်ရပ်မှာ စုချန်း၏ အနိမ့်ဆုံးသတ်မှတ်ချက်ကို ကျော်လွန်နေ၏။
သူ့အနေနှင့် လိုအပ်လျင် သားရဲများကိုလှည့်စားပြီး အသုံးချကောင်းချပေလိမ့်မည်။ သို့သော် ဘယ်သောအခါမှ မဟာမိတ်ဖွဲ့လိမ့်မည်မဟုတ်။
ထို့ကြောင့် သူသည် နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံရှိ အစောင့်များကို သွေးဆောင်မျှားခေါ်ရန် မိုးပြာရောင်မီးလျံကို တည်ကြက်အဖြစ် အသုံးချခဲ့ခြင်းပင် ဖြစ်သည်။
မိုးပြာရောင်မီးလျံဦးဆောင်သည့် သားရဲများနှင့် အစောင့်ရုပ်သေးရုပ်များ အပြင်းအထန် တိုက်ခိုက်နေကြသည့်အချိန်တွင် လူပုံစံအရိပ်တရိပ်သည် နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံထဲသို့ လျပ်စီးမျှသော အမြန်နှုန်းဖြင့် ပြေးဝင်သွား၏။
ကြီးကြီးကျယ်ကျယ် တစုံတရာမှာကား ဖြစ်ပွားပေတော့မည်တည်း။
ထိုအချိန်မှာပင် ထာဝရညထံသို့ သတင်းတခု ရောက်ရှိလာ၏။
“သူခိုးဓားပြကောင် နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံကို ဝင်တိုက်သွားပါတယ် အရှင်မင်းကြီး"
“ဒုန်း”
ထိုသတင်းကိုကြားသည်နှင့် ထာဝရည စိတ်ကို မထိန်းနိုင်တော့ပဲ လက်ရန်းကို လက်ဝါးနှင့် ရိုက်ချိုးလိုက်တော့၏။
“ဟဲယွန်လေစီးကြောင်း… မင်း တော်တော်ရက်စက်တဲ့ကောင်ပဲ”
ထာဝရည အံကြိတ်ကာ ရေရွတ်မိတော့သည်။
ဤသူခိုးဓားပြကောင်သည် ကောင်းကင်မြို့တော်၏ အရေးကြီးနေရာမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးလုယက်ပြီးလျင်ပင် ကျေနပ်နိုင်အုံးမည့်ပုံမပေါ်ချေ။
ဒီကောင် တကယ်ပဲ သူခိုးဓားပြတကောင်ပဲလား...