← Chapters

တည်ဆောက်​ရေးပုံစံပြာ

Vol. 90 Ch. 895

တည်ဆောက်​ရေးပုံစံပြာ

Vol. 90 Ch. 895

စုချန်း၏ ရည်ရွယ်ချက်အမှန်ကို သိသွားသည့်တိုင် မိုးပြာရောင်မီးလျံ ​ဒေါသထွက်သွားခြင်းမရှိ။ သူ စက္ကန့်ပိုင်းမျှ တွေဝေသွားပြီးနောက် ရုတ်တရက်ဆိုသလို အော်ဟစ်ရယ်မောလိုက်တော့သည်။

“ကောင်းတယ် ဒါမှ ကျုပ်တို့အချင်းချင်း ရန်သူဆိုတာ ပိုပြီးပေါ်လွင်သွားတာပေါ့ ဒီမယ် လူသား မင်း ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး ဒါပေမဲ့ မင်းရဲ့ရဲစွမ်းသတ္တိကိုတော့ လေးစားတယ် မင်းဟာ ကျုပ်ကိုရော ထာဝရညကိုပါ လှည့်စားနိုင်ခဲ့တယ် ကောင်းတယ်ဟေ့ ကောင်းတယ်”

ပြောရင်းနှင့် မိုးပြာရောင်မီးလျံ နောက်တကြိမ် အော်ဟစ်ရယ်မောလိုက်ပြန်သည်။

မိုးပြာရောင်မီးလျံသည် သေရေးရှင်ရေးအခြေအနေသို့ ရောက်နေသည့်တိုင် ပျော်ရွှင်နေသေးပုံရ၏။ စုချန်း သူ့ကို လှည့်စားသွားခြင်းကိုပင် အနည်းငယ်မျှ ဂရုစိုက်ဟန်မရှိတော့ချေ။ ဤသည်မှာလည်း သူကိုယ်နှိုက်က စုချန်းကို ဘယ်တုန်းကမှ ယုံကြည်မှုမရှိခဲ့၍လည်း ဖြစ်နိုင်သည်။

သို့သော် မိုးပြာရောင်မီးလျံသည် ဖြစ်လာသမျှ​ကို လည်စင်းခံပေးမည့်သူမျိုးတော့ မဟုတ်ချေ။

နတ်ဆိုးဧကရာဇ်သားရဲတပါးအနေနှင့် မိုးပြာရောင်မီးလျံသည် အသိဉာဏ်ရှိ၏။ တွေးတတ်ခေါ်တတ်၏။

ခေတ္တစဥ်းစားပြီး နောက်ဆုံးတော့ သူ အစီအစဉ်တစ်ခုကို ချမှတ်နိုင်ခဲ့တော့သည်။ ထိုအခါ သူက စုချန်း၏ ကိုယ်ပွားကို ပြောလိုက်၏(ထိုအချိန်တွင် စုချန်းအစစ်သည် လက်နက်တပ်ဆင်ရေးအလုပ်ရုံကို လုယက်ဖျက်ဆီးပြီး၍ ခြေရာဖျောက်သွားပြီ ဖြစ်သည်)။

“လူသား မင်းဟာ လောဘတော့ အတော့ကိုကြီးပုံပဲ မင်းသာ ရွေရောင်အလင်းတန်းကို ဒီကနေ ကယ်ထုတ်နိုင်ခဲ့ရင် သူက မင်းကို ရတနာတွေဆီကို ခေါ်သွားလိမ့်မယ်”

“ဆက်ပြောစမ်းပါအုံး”

စုချန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။

“အဲဒါထက် ပိုကောင်းပြီး ပိုခိုင်မာတဲ့ အကြောင်းပြချက်မျိုး ကျုပ် လိုချင်တယ် အခုချိန်မှာ ဝေးဝေးလံလံ ရတနာသိုက်မျိုးကို သွားရှာနေရလောက်အောင် ကျုပ်မှာ အချိန်မရှိဘူး ပြီးတော့ ခင်ဗျားပြောတဲ့ရတနာတွေ တကယ်ရှိမရှိ၊ ဘယ်လောက် ပမာဏလဲဆိုတာ ဘယ်သူက သိမှာလဲ ဒီငှက်ဆီကနေ တခုခုတောင်းလိုက်တာကမှ ဒီထက်ပိုပြီး လက်တွေ့ကျအုံးမယ်"

ဒီငှက်ဆီကနေတဲ့လား...

“သူဟာ နတ်ဆိုးဧကရာဇ်သားရဲကြီးတပါးရဲ့ သားပဲ မင်း သူ့ကို ကယ်လိုက်ရင် အများကြီးအကျိုးရှိနိုင်တယ်"

“သူဟာ မဟာမီးလျံသခင်ကြီးရဲ့သားလို့ တိုက်ရိုက်ပြောလိုက်တာက ပိုကောင်းလိမ့်မယ်ဗျ ဒါပေမယ့် သူ့ကိုကယ်လိုက်တာနဲ့ပဲ မီးလျံသခင်ကြီးက ကျုပ်ကိုဆုချမယ်လို့ ဘယ်သူက အာမခံမှာတဲ့လဲ"

မိုးပြာရောင်မီးလျံ အတော်လေး တုန်လှုပ်သွားပုံရ၏။

“ဟေ မင်းက ဒါကိုလဲ သိနေတာပဲလား”

“အဟက်"

စုချန်း ရိသဲ့သဲ့နိုင်သောအသံနှင့်ရယ်မောလိုက်၏။

“ရွှေရောင်ငှက်မှာ ခြေထောက်သုံးချောင်းပါနေတာကြီးကို မြင်တာတောင် မသိရလောက်အောင် ကျုပ်က ငတုံးမှမဟုတ်တာပဲ"

မဟာမီးလျံသခင်ကြီးဟူသည် အလွန်အစွမ်းထက်သော နတ်ဆိုးဧကရာဇ်သားရဲတစ်ပါးဖြစ်ပြီး ကျန်နတ်ဆိုးဧကရာဇ်များထက် တန်းတစ်တန်းစာခန့်မြင့်နေလောက်အောင်ပင် အင်အားကြီးမား၏။ တကယ်တော့ နတ်ဆိုးဧကရာဇ်သားရဲများကြားတွင် ခွဲခြားသတ်မှတ်ချက်ဟူ၍ တိတိကျကျ ရှိသည်မဟုတ်ချေ။ နတ်ဆိုးဧကရာဇ်သားရဲဟုဆိုလျင် လက်ရှိမူလကမ္ဘာကြီး၏ သားရဲများထဲတွင် အစွမ်းအထက်ဆုံးဟု သတ်မှတ်နိုင်၏။ နတ်ဆိုးဧကရာဇ်ထက်မြင့်သော သားရဲဆိုလျင် ကမ္ဘာဦးမတိုင်မီသားရဲကြီးများတန်း ဝင်သွားပေလိမ့်မည်။ သို့သော် လက်ရှိ မူလကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်မျိုးတွင် မည်သည့်ကမ္ဘာဦးမတိုင်မီသားရဲမျိုးမှ ရေရှည်အသက်မရှင်နိုင်တော့ပေ။

သားရဲများကို အစွမ်းသတ္တိသက်သက်နှင့် ပိုင်းခြားထားခြင်းမှာ သားရဲများ၏ သဘာဝ အဆင့်သတ်မှတ်ချက်ကို ချိုးဖောက်ရာရောက်သည်ဖြစ်၍ မဟာမီးလျံသခင်ကြီးဟူသည်မှာ နာမဝသေသနသက်သက်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် သူတို့မှာ သဘာဝအားဖြင့် နတ်ဆိုးဧကရာဇ်သားရဲများသာဖြစ်​ကြသည်။ သို့သော် သူတို့သည် သာမာန်နတ်ဆိုးဧကရာဇ်သားရဲများထက်တော့ များစွာပို၍ အစွမ်းထက်ကြ၏။

အချုပ်ဆိုရလျင် မဟာမီးလျံသခင်ကြီးသည် မဟာသားရဲသခင်ကြီးဆယ်ပါးအနက် တပါးအပါဝင်ပင် ဖြစ်သည်။

မိုးပြာရောင်မီးလျံသည် ရှေးအတိတ်ကာလတုန်းက မီးလျံသခင်ကြီး၏ လက်အောက်ငယ်သား တဦး ဖြစ်ခဲ့ဖူး၏။ ထို့နောက် သူ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်လာပြီးနောက်တွင်တော့ ကိုယ်ပိုင်နယ်မြေကို တည်ထောင်ခဲ့လေသည်။ သူ့တာဝန်မှာကား မီးလျံသခင်ကြီး၏ တာဝန်ပေးချက်အရ လူပျံတော်များ၏ ခံစစ်လိုင်းကို ခြိမ်းခြောက်ထားရန်ပင် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင် နတ်ဆိုးဧကရာဇ်တပါးဖြစ်လာသည့်တိုင် မိုးပြာရောင်မီးလျံ၏ စိတ်ထဲတွင် မီးလျံသခင်ကြီးအား လေးစားမှုအပြည့် ရှိနေဆဲပင်။

ယခုတော့ မီးလျံသခင်ကြီး၏သားသည် သူ့နှင့်အတူ ဤထိုးစစ်တွင် လိုက်ပါလာခဲ့ပြီး အန္တရာယ်များလှသောအခြေအနေထဲတွင် ပိတ်မိနေခဲ့လေပြီ။ ဤအနေအထားတွင် မိုးပြာရောင်မီးလျံ၏ ခေါင်းထဲသို့ဝင်လာသည့် ပထမဆုံး အတွေးမှာ မီးလျံသခင်ကြီး၏ သားကို ကယ်ထုတ်ရန်ပင်တည်း။

စုချန်း၏ စကားကို ကြားသောအခါ မိုးပြာရောင်မီးလျံ မချိပြုံး ပြုံးလိုက်၏။

“ဒီလိုအချိန်မှာ ကျုပ်ကို ကျုပ်က လွဲလို့ မင်းကို တခြားဘာများ ပေးနိုင်အုံးမှာတဲ့လဲ အင်း ကြည့်ရသလောက် ကျုပ် လုပ်နိုင်တာ တခြားဘာမှ မရှိတော့ဘူးထင်တယ် ရွှေရောင်အလင်းတန်း ဒီကို လာစမ်း”

အမိန့်သံထွက်ပေါ်လာသည်နှင့် ရွှေရောင်ငှက်သည် မိုးပြာရောင်မီးလျံဆီသို့ ပျံသန်းလာ၏။ ထိုအချိန်မှာပင်

မိုးပြာရောင်မီးလျံသည် ပြင်းထန်အားပါသော လေလှိုင်းတခုကို ထုတ်လွှတ်ပြီး ရုပ်သေးရုပ်ကြီးနှစ်ကောင်ကို နောက်ဆုတ်သွားစေ၏။ ထို့နောက် သူက ရွှေရောင်အလင်းတန်းကို အောက်ပါအတိုင်း ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်ကွာ ကျုပ်အနေနဲ့ ဒီအထိပဲ မင်းကို လိုက်ပို့ပေးနိုင်တော့မယ် ကျန်တဲ့လမ်းကိုတော့ မင်းတစ်ယောက်တည်း ဆက်လျှောက်ရ​တော့မယ်”

စကားဆုံးသည်နှင့် သူသည် ရုတ်တရက်ဆိုသလိုပင် ဝမ်းဗိုက်ထဲသို့လက်ထိုးသွင်းလိုက်ပြီး တစုံတရာကို ဆွဲထုတ်လိုက်၏။

နတ်ဆိုးဧကရာဇ်မူလသလင်း ဖြစ်သည်။

ထို့နောက် သူက အနှီမူလသလင်းကို ရွှေရောင်အလင်းတန်း၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး စုချန်းကို ပြောလိုက်၏။

"သူ့ကို ကယ်ရင်ကယ် မကယ်ရင် မင်း ဘာမှမရတော့ဘူး"

“အထိအခိုက်အနာအဆာမရှိတဲ့ နတ်ဆိုးဧကရာဇ်မူလသလင်းပဲ”

စုချန်း တီးတိုးရေရွတ်လိုက်၏။

အဆိုပါ နတ်ဆိုးဧကရာဇ်မူလသလင်းတွင် မိုးပြာရောင်မီးလျံ၏ ရှိရှိသမျှစွမ်းအင်များ ပါဝင်ရုံသာမက ဗဟုသုတ၊ အတွေ့အကြုံများပါ ပေါင်းစပ်ပါဝင်နေသည်။ ထို့ကြောင့် စုချန်းသာ သဘာဝစွမ်းအင်ကို နားလည်ထားခဲ့လျင် ထူးခြားသောအသိအမြင်တချို့ ရလာနိုင်ဖွယ်ရာ ရှိနေ၏။

ထို့ကြောင့် မိုးပြာရောင်မီးလျံ၏ နတ်ဆိုးဧကရာဇ်မူလသလင်းသည် ​တန်ဖိုးဖြတ်ဖို့ရန်ပင် ခက်ပေသည်။

နတ်ဆိုးဧကရာဇ်သလင်းကို သူ့ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီးသည့်နောက်တွင်တော့ မိုးပြာရောင်မီးလျံတယောက် ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ပဲ မြေကြီးပေါ် လဲကျသေဆုံးသွားတော့သည်။

“ဦးလေး”

ရွေရောင်အလင်းတန်း ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်၏။

ဆူချန်က သက်ပြင်းချလိုက်၏။ ထို့နောက် သူ မိုးပြာရောင်မီးလျံ၏ အလောင်းကို ပုခုံးပေါ်ထမ်းတင်ပြီး ပြောလိုက်လေသည်။

“ကျုပ်နောက်က လိုက်ခဲ့”

သို့သော် ရွှေရောင်အလင်းတန်းကား စိတ်နှင့်ကိုယ် ကင်းကွာသွားပုံရ၏။ သူ ထိုနေရာမှာပင် တွေတွေကြီး ရပ်နေရှာသည်။

ထိုအချိန်တွင် နောက်ဆုတ်သွားသည့် ရုပ်သေးရုပ်ကြီးနှစ်ရုပ်မှာ သံသေးသံကြောင်ဖြင့် အော်ဟစ်ရင်း ရှေ့ကို တိုးဝင်လာပြီဖြစ်သည်။ သို့သော် စုချန်း​က လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ဒါဇင်နှင့်ချီသော နတ်ဆိုးသားရဲများစွာက ရုပ်သေးရုပ်ကြီး နှစ်ရုပ်ကို တားဆီးရန် ကြိုးစားကြတော့၏။

စုချန်း၏ အော်သံ နောက်တကြိမ် ထွက်ပေါ်လာပြန်သည်။

“ဟေ့ ထတော့ ငအလေး”

အဆိုပါအော်သံသည် ရွှေရောင်အလင်းတန်း၏ နားထဲတွင် ဗုံးတလုံးကဲ့သို့​ပေါက်ကွဲသွားပြီး သူ့ကို လက်တွေ့လောကသို့ ပြန်ရောက်လာစေ၏။ ထို့နောက် သူ အံတချက်ကြိတ်ရင်း စုချန်းနောက်သို့ ထပ်ချပ်မကွာ ပြေးလိုက်သွားတော့သည်။

တချိန်တည်းမှာပင် အနီးအနားရှိ အားလုံးသောနတ်ဆိုးသားရဲများမှာလည်း စုချန်းနှင့် ရွှေရောင်အလင်းတန်းတို့ ထွက်ပြေးနိုင်စေရန် ရုပ်သေးရုပ်များကို တားဆီးကြတော့၏။

“ခင်ဗျား ဘယ်လိုလုပ်တာလဲ”

ရွှေရောင်အလင်းတန်း တအံ့တသြနှင့် မေးလိုက်၏။

“ကျုပ်က စိတ်ဝိညာဥ်နည်းစနစ်တွေကို ကျွမ်းကျင်တဲ့ နဝမလက်စွပ်အဆင့်အာကင်နာပညာရှင်လေကွာ ဒီတော့ ဒီလိုလုပ်နိုင်တာ ဘာမှမဆန်းဘူး ကဲ စကားရှည်နေမဲ့အစား မင်း ဒီထက်မြန်အောင် အားစိုက်မှရမယ် ကျုပ်က ကိုယ်ပွားပဲဆိုတော့ မင်းကို ထင်သလောက်ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး ဒီတော့ မင်းနှေးနေရင် ကျုပ်တို့ ဒီမှာတင်ပိတ်မိသွားလိမ့်မယ် အဲ ကျုပ် သေသွားတာက သိပ်ပြဿနာ မရှိဘူး ဒါပေမဲ့ မင်းသေသွားရင်တော့ ဘယ်ကောင်းတော့မလဲ"

ထိုအခါကျမှ ရွှေရောင်အလင်းတန်း ပါးစပ်ပိတ်သွားတော့သည်။

အတန်ကြာသော် သူတို့နှစ်ယောက် လူပျံတော်မိသားစုနေထိုင်ရာ အိမ်တလုံးသို့ ရောက်ရှိလာ၏။ အိမ်ရှင်လူပျံတော်က အလန့်တကြား အော်ဟစ်ရန် ဟန်ပြင်လိုက်လေရာ စုချန်းက လမ်းတဖက်ခြမ်းသို့ လက်ညိုးထိုးပြီး ပြောလိုက်သည်။

“ကျုပ်တို့ အဲဒီဘက်ကို သွားတာ မင်းတွေ့လိုက်တယ်”

လူပျံတော် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူ စုချန်းစကားအတိုင်း လိုက်ပြောလိုက်တော့သည်။

“မင်းတို့ အဲဒီဘက်ကို သွားတာ ကျုပ် မြင်လိုက်တယ်”

“ကောင်းတယ်”

ထို့နောက် စုချန်း အားရပါးရ ရယ်မောရင်း ရွှေရောင်အလင်းတန်းကို လက်တို့ကာ သူညွှန်ပြရာအရပ်နှင့် ဆန့်ကျင်ဘက်ဆီသို့ ထွက်လာခဲ့၏။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည် အထက်ပါအတိုင်း အရပ်သားလူပျံတော်အိမ်များကို တအိမ်ဝင်တအိမ်ထွက်နှင့် ဖြတ်သန်းပြီး နောက်မှလိုက်လာသူများအား မျက်ချေဖြတ်ပစ်ခဲ့ကြ၏။ အိမ်ပေါင်းများစွာကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင်တော့ စုချန်းနှင့် ရွှေရောင်အလင်းတန်းတို့နှစ်ယောက် လမ်းကြားလေးတခုသို့ ရောက်ရှိလာတော့သည်။

“မင်း ပုံစံပြောင်းတတ်သလား”

စုချန်းက ရွှေရောင်အလင်းတန်းကို ရုတ်တရက် မေးလိုက်၏။

“ပြောင်းတတ်တယ်”

ရွှေရောင်အလင်းတန်းက ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါဆို လုပ်လေကွာ ”

ထိုအခါကျမှ ရွှေရောင်အလင်းတန်းလည်း သဘောပေါက်သွားပြီး ကိုယ့်ကိုယ်ကို ရုပ်ရည်ချောမောသော လူငယ် လူပျံတော်တဦးအဖြစ် ပြောင်းလဲလိုက်လေသည်။

ထိုအခါ စုချန်းက ပြောလိုက်ပြန်သည်။

"ကောင်းပြီ မင်းက ကျုပ်ကို ဒီမှာ စောင့်နေ”

“ဘာ...ဘာဖြစ်လို့လဲ”

ရွှေရောင်အလင်းတန်း မျက်လုံးပြူးသွား၏။ သို့သော် ထိုအချိန်မှာပင် စုချန်း၏ ကိုယ်ပွား တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“ဟေ့ ဟေ့ ဘာလို့ ပျောက်သွားတာလဲ ကျုပ်က အခု ဘာလုပ်ရမလဲ”

ရွှေရောင်အလင်းတန်း သွေးရူးသွေးတန်းနှင့် ထအော်လိုက်၏။

သို့သော် စုချန်းကား ပျောက်ကွယ်သွားလေပြီ။ ထိုအခါ လမ်းမကြီးအလယ်တွင် သူ တယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။

အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းမှာ ပို၍ စိုးရိမ်လာပြီး ဘာလုပ်၍ ဘာကိုင်ရမှန်းမသိပဲ ဖြစ်နေရှာ၏။ နောက်ဆုံး သူ တွေးမိသည်မှာထောင့်တစ်နေရာတွင် ကြောက်လန့်တကြားနှင့် ပုန်းအောင်းနေရန်ပင်။ သို့သော် သူသည် တကယ့်အကြောက်တရားဟူသည် ဘာမှန်းပင်မသိခဲ့ပဲ ကြီးပြင်းလာသူဖြစ်လေရာ ရန်သူများဝိုင်းရံနေသည့် ဤအချိန်မျိုးမှာပင် သူ့အတွက် အတော်လေး စိမ်းနေ၏။ ထိုအခါ သူ့စိတ်ထဲတွင် အိမ်ပြန်လိုစိတ်သာ ကြီးစိုးလာတော့၏။

အိမ်အကြောင်း တွေးမိသည်နှင့် သူ့မျက်လုံးထဲမှ မျက်ရည်များ အလိုလို စီးကျလာတော့သည်။

“အော် မင်း ငိုနေတာလား နတ်ဆိုးသားရဲတကောင် ငိုတာကို ဒါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ”

အရယ်တဝက်နှင့် ပြောလိုက်သောအသံတသံ သူ့နောက်ကျောမှ ပေါ်ထွက်လာရာ ရွှေရောင်အလင်းတန်း ကမန်းကတန်းနှင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ မျက်နှာဖုံးစွပ်လူသားတဦး ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

သို့သော် ရွှေရောင်အလင်းတန်းကား အားစေးထည့်ခံထားရသကဲ့သို့ စကားတခွန်းမှမပြောပဲ တွေတွေကြီး ရပ်နေရှာသည်။

စုချန်း ရယ်မောလိုက်ပြန်၏။

“မင်းကိုကြည့်ရတာ အမိန့်နာခံမှုကောင်းတဲ့ပုံပဲ ဒါဆိုရင် ကျုပ်နောက်ကို ခုထိ ဘာလို့ လိုက်မလာသေးတာလဲ"

အထက်ပါအတိုင်းပြောရင်း စုချန်း နောက်သို့လှည့်ထွက်သွားလေသည်။ သူ့မျက်နှာမှာတွင်ကား ဝမ်းသာပီတိဖြစ်ဟန် အပြုံးတရပ် ပေါ်ပေါက်နေ၏။

အဘယ်မှာ သူ မပျော်နိုင်ပဲ ရှိပါမည်နည်း။

နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံကို ဝင်ရောက်စီးနင်းနေရာတွင်တည်ဆောက်ရေးပုံစံပြာတချို့ကို သူ ရရှိလိုက်သည် မဟုတ်ပါလား။

ထိုပုံစံပြာများမှာ တခြားမဟုတ်။ အဆင့်နိမ့်ဆပ်ခ်စွမ်းအင်နူကလိယများအား မည်သို့တည်ဆောက်ရမည်ကို အသေးစိတ်ရေးဆွဲထားသည့် ပုံစံပြာများပင် ဖြစ်သည်။

တကယ်တော့ အဆင့်နိမ့်ဆပ်ခ်နယူးကလိယများသည် အခြေခံအားဖြင့် တကယ့်အစစ်အမှန်၏ အတုအယောင်ပုံတူများဟု ဆိုနိုင်သည်။

အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲသွားချိန်တွင် လူပျံတော်များ ရရှိခဲ့သည့် တခုတည်းသော မြို့တော်အဆင့် ဆပ်ခ်နူကလိယကို ကောင်းကင်မြို့တော်တွင် သူတို့ တပ်ဆင်ထားကြ၏။ လူပျံတော်များ ပို၍ ကံကောင်းသည်မှာ အာကင်နာနိုင်ငံတော်ကြီးပြိုကွဲပြီးစအချိန်တွင် အာကင်းနစ်တဦး ထပ်မံတီထွင်ဖန်တီးခဲ့သည့် ဒုတိယ ဆပ်ခ်နူကလိယတလုံးကိုလည်း သူတို့ လုယူနိုင်ခဲ့ခြင်းပင်။

အဆိုပါ ဒုတိယ ဆပ်ခ်နူကလိယကိုမူ လူပျံတော်များက မူလအလင်းရဲတိုက်တွင် တပ်ဆင်ထားကြ၏။ ထိုအချိန်မှစ၍ လူပျံတော်များသည် နောက်ထပ်ဆပ်ခ်နူကလိယများ ဖန်တီးနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသော်လည်း အာကင်းနစ်များသာ စွမ်းဆောင်နိုင်သည့် ဤအရာကို သူတို့ ဘယ်တော့မှ ဖန်တီးနိုင်ခြင်း မရှိကြတော့ချေ။

သို့သော် လူပျံတော်များသည် တိုက်ခိုက်ရေးရုပ်သေးရုပ်များကို စွမ်းအင်ပေးနိုင်လောက်သည့် အဆင့်နိမ့်ဆပ်ခ်နူကလိယပုံတူတခုကိုတော့ ဖန်တီးနိုင်ခဲ့ကြ၏။။

မှန်ပါသည်။ လူပျံတော်များ ဖန်တီးထားသည့် အဆင့်နိမ့်ဆပ်ခ်နူကလိယများသည် ရုပ်သေးရုပ်များတည်ဆောက်ရာတွင် အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးအရာဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ဆပ်ခ်နူကလိတည်ဆောက်ရေးပုံစံပြာများသည် စုချန်းအတွက် အဖိုးမဖြတ်နိုင်သော ရတနာတပါးဟု ဆိုနိုင်သည်။ ဤပုံစံပြာ၏ အကူအညီနှင့် အချုပ်အနှောင်မဲ့အဖွဲ့သည် အနာဂတ်တွင် စွမ်းအားကြီးမားသော ရုပ်သေးရုပ်ကြီးများကို ပိုင်ဆိုင်နိုင်ပေတော့မည်။

ရုပ်သေးရုပ်ကြီးများ တည်ဆောက်ရန် ငွေကြေးအရင်းအမြစ် အများကြီး လိုအပ်သော်လည်း ၎င်းမှာ စုချန်းအတွက် ပြောပလောက်စရာမဟုတ်တော့။ လူပျံတော်နယ်မြေအတွင်း နှစ်နှစ်တာမျှ လှုပ်ရှားခဲ့ပြီးနောက် စုချန်း၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ အခြေခံအားဖြင့် တွက်ချက်၍ မရနိုင်လောက်အောင် များပြားနေခဲ့လေပြီ။ စုချန်းကိုယ်တိုင်လည်း ခန့်မှန်းတန်ဖိုးသတ်မှတ်ပေးရမည်ကိုပင် ပျင်းရိနေခဲ့လေပြီ။

သူ မည်မျှချမ်းသာနေပြီကို ကြည့်ခြင်းအားဖြင့် စုချန်း တကယ်တမ်းဂရုစိုက်သည်မှာ ငွေကြေးဟု တချို့က ထင်ကောင်းထင်ပေလိမ့်မည်။

သို့သော် စုချန်းအဖို့ ငွေကြေးဟူသည် ဘယ်သောအခါမှ ထည့်သွင်းစဥ်းစားစရာကိစ္စ မဟုတ်ခဲ့ချေ။

သို့ဆိုလျင် ငွေကြေးကို ဂရုမစိုက်ပဲ အဘယ်ကြောင့် ဆက်လက်လုယက်နေရသနည်းဟု တချို့က မေးခွန်းထုတ်ရန်ရှိသည်။

တကယ်တော့ စုချန်း၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှသည်။ သူသည် ရန်သူများကို တတ်နိုင်သမျှ အားနည်းအောင် လုပ်မည်။ သူ့ကိုယ်သူနှင့်မဟာမိတ်များကို ပို၍ပို၍ အားကောင်းသန်မာလာအောင် ကူညီပေးမည်။

ထို့ကြောင့် မျက်စိရှေ့ မြင်မြင်သမျှ အရာတိုင်းကို လုယက်သည်ဆိုရုံနှင့် ငွေမက်သည်၊ ငွေကြေးကိုသာ ဂရုစိုက်သည်ဟုဆိုလျင် မှားသွားပေလိမ့်မည်။

အချိန်အတော်ကြာအောင် လျှောက်ခဲ့ပြီးနောက် စုချန်းက ရွှေရောင်အလင်းတန်းကို မေးလိုက်၏။

"ဒါနဲ့ မိုးပြာရောင်မီးလျံမှာ ရတနာတွေ ရှိတယ်ဆိုတာ တကယ်ပဲလားကွ"

All Chapters