ဧည့်သည်တစ်ဦး ရောက်လာခြင်း
Vol. 91 Ch. 896
စုချန်း၏ မေးခွန်းကြောင့် ရွှေရောင်အလင်းတန်း ပြန်ဖြေရန်ဟန်ပြင်လိုက်၏။ သို့သော် သူ တစုံတရာကို စိုးရွံ့ဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလေသည်။ ထိုအခါ စုချန်းက အောက်ပါအတိုင်း နှစ်သိမ့်လိုက်လေသည်။
“ကိစ္စမရှိဘူး ကျုပ်ကလဲ မိုးပြာရောင်မီးလျံဆီမှာ ရတနာများများစားစား ရှိလိမ့်မယ်လို့ ထင်မထားဘူး သူ့မှာ ဘာတွေရှိသလဲဆိုတာ ပြောပြလိုက်ရင် ရပြီ"
“ကောင်းပါပြီ"
ရွှေရောင်အလင်းတန်း တရိုတသေပင် ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီးမိုးပြာရောင်မီးလျံမှာ ကိုယ်ပိုင်ရတနာတချို့ရှိပေမဲ့ အဲ့ဒါတွေက ခင်ဗျားကို ဘယ်လိုမှ ကျေနပ်စေမှာမဟုတ်ဘူးဆိုတာ သေချာတယ်"
“ဟေ ဒီတော့ မင်းပြောချင်တာက မိုးပြာရောင်မီးလျံဟာ အတော်ကြီးကို ဆင်းရဲတယ်ပေါ့ ဟုတ်လား"
“ဟုတ်… ဟုတ်ပါတယ်”
ရွှေရောင်အလင်းတန်း ပြန်ဖြေလိုက်ပြန်သည်။
ထိုအဖြေကို ကြားလိုက်ရသည်နှင့် မိုးပြာရောင်မီးလျံတယောက် လူပျံတော်နယ်မြေတွင် အခက်အခဲများစွာ နှင့်ရင်ဆိုင်နေရမှန်း စုချန်း နားလည်လိုက်၏။
ကောင်းကင်မြို့တော်နှင့် အခြားသော လေပေါ်ခံတပ်မြို့များကြောင့် လူပျံတော်များ၏ ကာကွယ်ရေးစွမ်းရည်မှာ အံ့မခန်းဟု ဆိုနိုင်သည်။ တဖက်တွင်လည်း ကောင်းကင်မြို့တော်မှာ ရွေ့လျားနိုင်စွမ်းမရှိလေရာ လူပျံတော်များသည် ၎င်းတို့၏ သြဇာအာဏာကို ပိုင်နက်နယ်မြေအတွင်း ထိန်းချုပ်ထားနိုင်ရန်သာ အတတ်နိုင်ဆုံး ကြိုးစားထားကြ၏။ ထို့ကြောင့် မိုးပြာရောင်မီးလျံ၏ အခြေအနေမှာ အသက်ရှင်ရပ်တည်ရန်ပင် ခက်ခဲသောအခြေအနေဟု ဆိုနိုင်သည်။ သူတို့သည် အဆိပ်တထောင်တောင်၏ ကာကွယ်မှုအောက်တွင် သာသာယာယာနေထိုင်နိုင်ခဲ့သော ခီလစ်ဒါနှင့်မတူပဲ ယုန်များကဲ့သို့သာ အမြဲတစေ ပုန်းအောင်း ပြေးလွှားနေကြရ၏။
ဤသို့သော အခြေအနေမျိုးတွင် မိုးပြာရောင်မီးလျံ ဆင်းရဲခြင်းမှာ များစွာ သဘာဝကျပေသည်။ သို့သော် နတ်ဆိုးဧကရာဇ်သားရဲတကောင် ခြူးတပြားမှမရှိဟုဆိုလျင်တော့ များစွာ နှိမ့်ချရာကျသွားပေလိမ့်မည်။ ထို့ကြောင့် မိုးပြာရောင်မီးလျံသည် နတ်ဆိုးမူလသလင်းတချို့ကိုတော့ ပိုင်ဆိုင်ထားသေး၏။
မူလသလင်းများအကြောင်း ကြားလိုက်သည်နှင့် စုချန်း၏ မျက်လုံးအစုံမှာ အရောင်တဖြတ်ဖြတ် တောက်ပလာတော့သည်။
လက်ရှိအခြေအနေတွင် သူ့အနေနှင့် မူလကိရိယာလက်နက်များကို စိတ်မဝင်စားတော့။ သူ အဓိကလိုအပ်နေသည်မှာ မူလသလင်းများ ဖြစ်သည်။ မည်သို့ဆိုစေ မိုးပြာရောင်မီးလျံသည် နတ်ဆိုးဧကရာဇ်သားရဲတကောင်ဖြစ်လေရာ မူလသလင်းတချို့ ပိုင်ဆိုင်ထားခြင်းမှာ များစွာ သဘာဝကျ၏။
“ဒါဆို အဲဒီမူလသလင်းတွေ ဘယ်မှာလဲ”
စုချန်းက မေးလိုက်၏။
“အဝေး...အဝေးကြည့်သစ်တောတောင်မှာပါ"
ရွှေရောင်အလင်းတန်းက ပြန်ဖြေလိုက်၏။
“ပိုပြီးတိတိကျကျ ပြောစမ်းပါ”
“အဝေးကြည့်သစ်တောတောင်ရဲ့ အနောက်ဘက် စိမ်းပြာရေကန်အောက်မှာ အဲ့ဒီရတနာတွေကို သိမ်းထားပါတယ်”
စုချန်း ပြုံးလိုက်သည်။
“မင်း ဝတ်ထားတဲ့ လက်စွပ်ထဲမှာ ရှိနေလိမ့်မယ်လို့ ကျုပ်ကတော့ ထင်မိတာပဲ"
“ဗျာ”
ရွှေရောင်အလင်းတန်း တုန်လှုပ်သွားပြီး သူ့လက်ကို ကျောနောက်တွင် ဖွက်ထားလိုက်၏။
“ဖွက်မနေပါနဲ့ ကျုပ်ကို ပေးလိုက်စမ်းပါကွာ မင်း ဘာမှ စိတ်မပူနဲ့ မင်း ထွက်ပြေးနိုင်အောင် ကျုပ် ကူညီမှာပါ"
စုချန်းက အထက်ပါအတိုင်း ပြောလိုက်ရာ ရွှေရောင်အလင်းတန်းလည်း ဘာမှမတတ်နိုင်တော့ပဲ သူ့လက်မှ မူလလက်စွပ်ကို ချွတ်ပေးလိုက်ရတော့သည်။
“ကျုပ်ရဲ့လက်စွပ်ထဲ ရတနာတွေ ရှိနေတာကို ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”
"မင်းက လိမ်မှမလိမ်တတ်တာကိုးကွ ပြီးတော့ မင်း ရတနာတွေအကြောင်း ပြောတဲ့အခါတိုင်း မင်းလက်ကို လှမ်းလှမ်းကြည့်နေတာကိုး...မင်းတို့သားရဲအများစုဟာ မူလလက်စွပ်ကို ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေ သိမ်းတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ သိပ်ပြီးသုံးလေ့မရှိကြဘူးမလား"
ထို့နောက် စုချန်းက မူလလက်စွပ်ကို ဖွင့်ကြည့်လိုက်ရာ နတ်ဆိုးဘုရင်အဆင့် မူလသလင်းနှစ်တုံး၊ နတ်ဆိုးသခင်အဆင့် မူလသလင်းခုနစ်တုံးနှင့် ရှားပါးဆေးဘက်ဝင်အပင်တချို့ကို တွေ့လိုက်ရ၏။ အရေအတွက်မှာ သိပ်များများစားစား မဟုတ်သော်ငြား အားလုံးလိုလိုမှာ ရှားပါးပစ္စည်းများသာ ဖြစ်ကြကုန်၏။
စုချန်းလက်ထဲသို့ မူလသလင်းများအားလုံး ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ရွှေရောင်အလင်းတန်း မချိတင်ကဲနှင့် ရေရွတ်လိုက်မိ၏။
“တကယ်တော့ ဒီမူလသလင်းတွေက ကျုပ်အဖေကို ပေးဖို့ဗျ"
သို့သော် စုချန်းကား စိတ်ဝင်စားဟန်မတူ။ ထို့နောက် သူက ထပ်ပြောလိုက်ပြန်သည်။
“ကောင်းတယ် သိပ်ကောင်းတယ် ဒါနဲ့ မိုးပြာရောင်မီးလျံရဲ့မူလသလင်းကရော”
ရွှေရောင်အလင်းတန်း ဘာမှမတတ်နိုင်ပဲ သူ့ပါးစပ်ကို ဖွင့်ကာ မိုးပြာရောင်မီးလျံ၏ မူလသလင်းကို အန်ထုတ်ပေးလိုက်ရ၏။ အဆိုပါ မူလသလင်းသည် အပြာအနီ နှစ်ရောင်စပ်ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော ပုံစံများနှင့် တောက်ပနေသည်။
အပြစ်အနာအဆာမရှိသော နတ်ဆိုးဧကရာဇ်မူလသလင်းမှန်း မြင်ရုံနှင့် သိသာနေ၏။
“သိပ်ကောင်းတယ်”
စုချန်းက ကျေကျေနပ်နပ်ကြီးခေါင်းညိတ်လိုက်လေသည်။
“ရတနာတွေလဲ ပေးလိုက်ပြီ ကျုပ်တို့ဘယ်တော့ ထွက်ကြမလဲ”
ရွှေရောင်အလင်းတန်းက သူသိလိုသောအရာကို တည့်တည့်ပင် မေးလိုက်သည်။
“ဘယ်ကိုမှ မထွက်သေးဘူး”
“ဘာ… ဘာဗျ ခင်ဗျား ဘယ်လိုပြောလိုက်တယ်”
ရွှေရောင်အလင်းတန်း အကြီးအကျယ် စိတ်လှုပ်ရှားသွားဟန်ဖြင့် စုချန်း၏ လက်ကို ဖမ်းဆွဲရင်း ပြောလိုက်တော့သည်။
“ခင်များ မိုးပြာရောင်မီးလျံကို ကတိပေးထားတယ်လေ ပြီးတော့ ကျုပ်ဘက်ကလဲ တာဝန်ကျေခဲ့ပြီးပြီ ခင်များ ကတိဖျက်လို့မရ……”
ရွှေရောင်အလင်းတန်း စကားကိုပင် ဆုံးအောင် မပြောလိုက်ရရှာ။ အကြောင်းမှာ စုချန်းက ချက်ချင်းပင် နောက်သို့လှည့်လာပြီး သူ့လည်ပင်းကို ညှစ်ထားလိုက်သောကြောင့်ပင်။
“ဒီမယ် ကောင်လေး နည်းနည်းပါးပါး အပြောအဆို ဆင်ခြင်စမ်း ကျုပ် မိုးပြာရောင်မီးလျံကို ကတိပေးခဲ့တယ် မင်းကို ကယ်တင်ဖို့ ကတိပေးခဲ့တယ် တကယ်လဲ အဲဒီကတိကို တည်ဖို့ ကျုပ် ရည်ရွယ်ထားတယ် ဒါပေမဲ့ ဘယ်အချိန် ဒီကနေ ဘယ်လိုပုံစံနဲ့ ထွက်မလဲဆိုတာကတော့ ကျုပ်အပေါ်မှာပဲ မူတည်နေတယ် ပြီးတော့ မင်းကို သတိပေးချင်တာက လူသားနဲ့ သားရဲတွေဟာ အမြဲတမ်း ရန်သူတွေပဲဆိုတာ မှတ်ထားဖို့ပဲ ဒီနေ့ ကျုပ် စိတ်ကောင်းဝင်နေလို့ ပေးထားတဲ့ ကတိကို တည်ကောင်းတည်မယ် ဒါပေမဲ့ မနက်ဖြန် စိတ်တိုနေရင် ကျုပ် ကတိဖျက်ချင်ဖျက်မှာပဲ ဒါ ဘာမှမဆန်းဘူး ဒီတော့ ကျုပ် စိတ်ဆိုးအောင် မလုပ်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်"
ရွှေရောင်အလင်းတန်းခမျာ စုချန်းကို အံ့အားတကြီး ကြည့်နေ၏။
သူသည်နတ်ဆိုးဧကရာဇ်ကြီးတပါး၏ သားဖြစ်သည်။ ထို့ကြောင့် မည်သူက သူ့ကို အနိုင်ကျင့်ရဲမည်နည်း။ မည်သူက သူ့ကို လိမ်ညာလှည့်ဖြားရဲမည်နည်း။ ဤအတိုင်းသာ သူ အမြဲတမ်း ယုံကြည်ခဲ့သည်။
သို့သော် ယခုတော့ စုချန်းက သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးခဲ့လေပြီ။
သွေးဆာနေသော ဆုချန်၏ မျက်လုံးများကို မြင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်း အကြီးအကျယ် ကြောက်ရွံ့သွား၏။ ထို့နောက် သူ ရိုရိုကျိုးကျိုးပင် ခေါင်းညိတ်လိုက်တော့သည်။
“ဟုတ်… ဟုတ်ကဲ့…”
“ဒီလိုမှပေါ့ကွာ နည်းနည်းပါးပါး ခေါင်းသုံးရင် မင်းနဲ့ကျုပ် ဒီထက်ပိုပြီး အဆင်ပြေလိမ့်မယ်"
အထက်ပါအတိုင်းပြောရင်း သူနောက်သို့လှည့်ထွက်သွား၏။
ဤနေရာတွင် ရွှေရောင်အလင်းတန်းမဟုတ်ပဲ တခြားသူများသာဆိုလျင် ကြောက်လွန်း၍ စကားမပြောနိုင်တော့အောင်ပင် ဖြစ်သွားလောက်သည်။ သို့သော် စကားအလွန်များသော ရွှေရောင်အလင်းတန်းကတော့ မေးဖြစ်အောင် မေးလိုက်သေး၏။
“ဒါဆို ကျုပ်တို့ အခု ဘယ်ကိုသွားကြမလဲ”
“နေရာတခု ရှာပြီး စောင့်ရမယ် အခုကစပြီး ကျုပ်တို့ ပုန်းတမ်းလိုက်တမ်းကစားကြမယ်”
“ပုန်းတမ်းလိုက်တမ်း ဟုတ်လား"
“ဟုတ်တယ် ပုန်းတမ်းလိုက်တမ်း ကစားမယ် သိပ်မကြာတော့ဘူး သူတို့ ရောက်လာကြတော့မယ် ဒါကြောင့် ကျုပ်တို့ ပုန်းတမ်းလိုက်တမ်းကစားဖို့ အချိန်ရောက်ပြီ”
စုချန်းက ပြန်ဖြေလိုက်သည်။
သို့သော် စုချန်း ဘာပြောနေမှန်းကို ရွှေရောင်အလင်းတန်း လုံးဝနားမလည်ရှာ။
-------------------------
“အရှင်မင်းကြီး စိမ့်ဝင်လာတဲ့ သားရဲတွေအားလုံးကို သေကုန်ပါပြီ အဆိပ်တထောင်ဖားကြီးကိုလည်း ကျုပ်တို့ သတ်နိုင်လိုက်ပြီ ကျုပ်တို့ လူပျံတော်တွေဟာ နောက်ထပ် သားရဲကြီးတစ်ကောင်ကို အောင်အောင်မြင်မြင် အနိုင်ယူလိုက်နိုင်ပါပြီ"
အထက်ပါအတိုင်း အထီးကျန်ကောင်းကင်က ထာဝရညကို သတင်းပို့လိုက်၏။
“ကျုပ် မြင်ပြီးပါပြီ”
ထာဝရညက မည်သည့်ခံစားချက်မှ မရှိသည့်ဟန်ပန်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ဘက်ကရော အကျအဆုံး ဘယ်လောက်ရှိသလဲ ဒါကို ကျုပ်က ပိုပြီး စိတ်ဝင်စားတယ်"
အထီးကျန်ကောင်းကင် ဘာပြောရမှန်းမသ်ိပဲ ဖြစ်သွား၏။
"အရေအတွက်ကို အတိအကျ မသိရသေးပါဘူးအရှင်မင်းကြီး”
ထာဝရည၏ အမူအရာမှ ပို၍တည်ငြိမ်လာ၏။ အထီးကျန်ကောင်းကင်၏ ရင်ထဲတွင် ထိတ်ခနဲ တုန်လှုပ်သွားတော့၏။
“ဒါပေမဲ့ ခန့်မှန်းထားအရေအတွက်ကတော့ အနည်းဆုံး… တစ်သိန်းဝန်းကျင်လောက်ရှိပါမယ် ဒါမှမဟုတ် ဒီထက် ပိုများကောင်း များနိုင်ပါတယ်”
ကြီးမားသော ဖိအားတခု အုန်းခနဲ ပေါက်ကွဲထွက်လာ၏။ ၎င်းကိုကြည့်ရင်း ခီလစ်ဒါပင် မျက်မှောင်ကြုတ်သွား၏။
ဤအဖိုးကြီးကား အင်အားကြီးမားလှချေသည်တကား၏
ထာဝရည အကြီးအကျယ် စိတ်ဆိုးသွား၏။ သာမာန်အားဖြင့်ဆိုလျင် ဖားကြီးကို သုတ်သင်ရန် သူတို့ဘက်မှ စစ်သည်သုံးသောင်းခန့်သာ အသက်ပေးခဲ့နိုင်ဖွယ်ရာရှိ၏။ သို့သော် မြို့တောင်ဘက်နံရံမှ အပြောင်းအလဲကြောင့် သေဆုံးသူအရေအတွက်မှာ လေးဆနီးပါး မြင့်တက်သွားခဲ့၏။ ထိုအထဲတွင်သားရဲများ မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် သေဆုံးကုန်သည့် အရပ်သားများလူပျံတော်များကို ထည့်မတွက်ထားသေးချေ။ ထို့ကြောင့် လူပျံတော်များအနေနှင့် ဤအခြေအနေမှ ပြန်လည်နာလန်ထနိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေတော့မည်။ ထာဝရည အဘယ်မှာ ဒေါသမထွက်ပဲ နေနိုင်တော့မည်နည်း။
“ဟဲယွန်လေစီးကြောင်း”
ထာဝရည စိတ်ဆိုးမာန်ဆိုးနှင့် အော်ဟစ်လိုက်၏။
အထီးကျန်ကောင်းကင်နှင့် ခီလစ်ဒါတို့သည်လည်း ထိုနာမည်ကို ကြားသည်နှင့် ဒေါသထွက်လာကြ၏။
ထာဝရညက မေးလိုက်ပြန်သည်။
“ဒါဆို မိုးပြာရောင်မီးလျံရော”
အထီးကျန်ကောင်းကင်က ပြန်ဖြေလိုက်သည်။
“မိုးပြာရောင်မီးလျံ သေသွားပါပြီ ဟဲယွန်လေစီးကြောင်းက သူ့အလောင်းကို ယူသွားတယ် ခြေထောက်သုံးချောင်းပါတဲ့ ရွှေရောင်ငှက်တကောင်လည်း သူ့နဲ့အတူ ပါသွားပါတယ် ကြည့်ရသလောက် ရွှေရောင်ငှက်ဟာ မီးလျံသခင်ကြီးရဲ့သားဖြစ်နိုင်ပါတယ်”
အခန်းထဲရှိ ဖိအားသည် ရုတ်တရက်ဆိုသလို တိုးပွားလာပြီး အထီးကျန်ကောင်းကင်ကို ကြမ်းပြင်ပေါ် မှောက်ကျသွားစေ၏။
“မီးလျံသခင်ကြီးရဲ့သားက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ ဘာလို့ အခုမှ ငါက သိရတာလဲ”
“ကျုပ်တို့လည်း… အခုမှ သိရတာပါ အရှင်မင်းကြီး"
အထီးကျန်ကောင်းကင် ကြောက်ကြောက်လန့်လန့်နှင့် ပြန်ဖြေလိုက်သည်။
တကယ်လည်း သူ ပေါ့ဆခဲ့ခြင်းမဟုတ်။ ရှုပ်ထွေးလှသောအခြေအနေတွင် ရွှေရောင်ငှက်တကောင်ကို မည်သူက သတိထားနိုင်မည်နည်း။
ထာဝရညအတွက် အကြီးမားဆုံး ဆုံးရှုံးမှုမှာ ရွှေရောင်အလင်းတန်းကို ထွက်ပြေးခွင့် ပေးခဲ့ခြင်းပင်။ မီးလျံသခင်ကြီး၏ သားဖြစ်၍ ရွှေရောင်အလင်းတန်းသည် အတော်လေး အရေးပါနေ၏။ သူ့ကို မဖမ်းဆီးနိုင်လိုက်ခြင်းသည် ကြီးမားသော အခွင့်အရေးတခုကို လက်လွတ်ခံခဲ့ရခြင်းနှင့် အတူတူသာ။ ထို့ကြောင့် ထာဝရည အကြီးအကျယ် ဒေါသထွက်သွားရခြင်း ဖြစ်လေသည်။
“သူ ဟဲယွန်လေစီးကြောင်းရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာ သေချာလား”
“သေချာပါတယ် အရှင်မင်းကြီး”
အထီးကျန်ကောင်းကင် မျက်စေ့စုံမှိတ်ကာ အာမဘန္တေခံလိုက်ရ၏။
ထာဝရည ခေတ္တမျှ တွေဝေနေ၏။ ထို့နောက် သူက ပြောလိုက်ပြန်သည်။
"ရွှေရောင်ငှက်ကို ဟဲယွန်လေစီးကြောင်း ခေါ်သွားတာဟာ ကောင်းလဲကောင်းတယ် မကောင်းလဲမကောင်းဘူး ဘယ်လိုပဲပြောပြော ခုဆိုရင် သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းက အကန့်အသတ် ရှိသွားပြီ"
ထို့နောက် သူ ခီလစ်ဒါဘက်သို့ လှည့်၍မေးလိုက်ပြန်သည်။
“ဒီကောင် အခု ကောင်းကင်မြို့တော်မှာ ရှိနေတုန်းပဲလား”
“ရှိနေသေးတယ် အရှင်မင်းကြီး"
ခီလစ်ဒါ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။
“ရှိနေတုန်းပဲဆိုတော့...သူ ရှိနေတုန်းပဲဆိုတော့ ကောင်းတာပေါ့ ဒါ ကျုပ်တို့မှာ အခွင့်အရေး ရှိနေတုန်းပဲလို့ ဆိုလိုတာပဲ”
ထို့နောက် သူက အောက်ပါအတိုင်း အမိန့်ပေးလိုက်ပြန်သည်။
"မင်းတို့ထဲက တယောက်ယောက် သွားပြီး ကျုပ်တို့ စောင့်နေတဲ့ ဧည့်သည်တွေ မူလအလင်းရဲတိုက်ကို ရောက်ပြီလားဆိုတာ သွားမေးကြည့် ဒီအချိန်လောက်ဆိုရင် သူတို့ ရောက်လောက်ပြီ"
“ဟုတ်ကဲ့အရှင်မင်းကြီး"
သိပ်မကြာမီ သူတို့စောင့်နေသော ဧည့်သည်များ မူလအလင်းရဲတိုက်တွင် ရောက်နေပြီဖြစ်ကြောင်း ထာဝရညထံသို့ သတင်းရောက်ရှိလာလေသည်။
ထိုအခါ ထာဝရညက အောက်ပါအတိုင်း အမိန့်ပေးလိုက်၏။
“သူတို့ကို ကောင်းကင်မွှေးရနံ့နန်းဆောင်မှာ အကျယ်ချုပ်ချထားလိုက် အပြင်မထွက်စေနဲ့ ပြီးတော့ နန်းဆောင်ပိုင်ရှင်ကို ဟဲယွန်လေစီးကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ မသိမသာ မေးခိုင်းထားလိုက်"
“နားလည်ပါပြီအရှင်မင်းကြီး"
“ပြီးရင် စကားပြောကောင်းတဲ့ တယောက်ယောက်ကို ဟဲယွန်လေစီးကြောင်းနဲ့ သွားတွေ့ခိုင်းလိုက် ကျူးမျိုးနွယ်စုဝင်တွေ ကျုပ်တို့လက်ရောက်နေတဲ့အကြောင်း ဒီကောင့်ကို အသိပေးလိုက်ပါ သူတို့ မသေစေချင်ရင် ဒီကောင် ကျုပ်နဲ့ လာတွေ့ရမယ် ပြီးရင် သူ ခိုးယူသွားတဲ့ရတနာတွေကို ပြန်ပေးရမယ် ဒါဆိုရင် ကျုပ်က သူ့ကို အသက်ချမ်းသာပေးမယ်လို့ ပြီးတော့ မင်းတို့မှတ်ထားအုံး စကားပြောမဲ့နေရာကို သူပဲ နေရာရွေးတာမျိုး လုပ်လာနိုင်တယ် ဒီတော့ တတ်နိုင်သမျှ အချိန်ဆွဲပါ ပြီးတော့ ညှိနှိုင်းမှု လုပ်မယ့်နေရာမှာ ပိတ်ဆို့မူလပုံစံတခုလဲ ချထားမှရမယ် ကျုပ်တို့အနေနဲ့ ရွှေရောင်ငှက်ရဲ့ ကံကြမ္မာကိုလည်း အတည်ပြုနိုင်ဖို့ လိုအပ်နေတယ်”
ထာဝရညတယောက် အထက်ပါအတိုင်း တလစပ်ပင် အမိန့်ပေးလိုက်၏။ သူ့စိတ်ထဲတွင် စုချန်းကို ထောင်ချောက်ဆင်ရန် ကြီးကျယ်သော အစီအစဥ်တခုကို စတင်ချမှတ်နေပြီ ဖြစ်သည်။
သို့သော် ထိုအစီအစဥ် မစတင်မီမှာပင် သူတို့ ပြသနာတခုနှင့် စတင်ကြုံတွေ့ရတော့သည်။
အကြောင်းမှာ ဟဲယွန်လေစီးကြောင်းတယောက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားသောကြောင့်ပင်တည်း။