← Chapters

ပွဲတော်

Vol. 91 Ch. 898

ပွဲတော်

Vol. 91 Ch. 898

"သူ ဒုက္ခရောက်နေပြီနဲ့တူတယ်"

အနီးအနားတွင် အစောင့်များမရှိမှန်း သေချာသွားမှ ကျူးရှန်ယောင်က စူးချန်းမည်မပါပဲ အထက်ပါအတိုင်း ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

ထိုအခါ သူမအနီးတွင် ဟိုမှသည်မှ ရွေ့လျားနေသော မီးခိုးရောင်တိမ်တိုက်တခု ဘွားခနဲ ပေါ်ပေါက်လာ၏။ ၎င်းမှာ စုချန်း၏ အစေခံ စက္ကူကြိုးကြာ သို့မဟုတ် နတ်ဆိုးအရှင်သခင်သေခြင်း၏အရိပ်ပင် ဖြစ်လေသည်။ စုချန်းတယောက် လူပျံတော်နယ်မြေသို့ ရောက်ရှိနေချိန်တွင် ကျူးရှန်ယောင်အား ကာကွယ်ရန် ​၎င်းကို စုချန်းက တာဝန်ပေးထားခဲ့ခြင်းပင်။

"သခင့်ရဲ့ ဗီဇအတိုင်းဆိုရင် ဒီလိုဖြစ်တာဟာလဲ သိပ်မဆန်းဘူးလို့ ဆိုရမယ်"

သေခြင်း၏အရိပ်က မှတ်ချက်ချလိုက်သည်။

"ပြဿနာက သူဘာတွေလုပ်ခဲ့မှန်း ကျွန်မတို့ မသ်ိသေးတာပဲ ပြီးတော့ ကျွန်မတို့နှစ်ယော​က်ရဲ့ဆက်ဆံရေးကို လူပျံတော်တွေ ဘယ်လောက်အတိုင်းအတာထိ သိသွားပြီဆိုတာလဲ ကျွန်မတို့ မသိရဘူး"

ကျူးရှန်ယောင် အခန်းထဲ ရှေ့သွားနောက်ပြန် လျှောက်သွားရင်း ပြောလိုက်ပြန်သည်။ တချိန်တည်းမှာပင် ကျူးမျိုးနွယ်များ မူလအလင်းရဲတိုက်တွင် ရက်အနည်းငယ်ခန့် ပိုနေရန် တောင်းဆိုနေသည့် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင် ဧကရီ၏ မျက်နှာကို သူမ ပြန်လည်မြင်ယောင်နေ၏။

"ဒါပေမယ့် ကြည့်ရသလောက် သခင်မလေးနဲ့ သခင့်ရဲ့ ဆက်ဆံရေးကို လူပျံတော်တွေ နည်းနည်းပါးပါးတော့ ရိပ်မိသွားပုံပေါ်တယ် ဒါကြောင့်မို့လို့လဲ ကျုပ်တို့ကို ဒီမှာ ဖမ်းထားလိုက်တာ ဖြစ်ရမယ်"

သေခြင်း၏အရိပ်က မှတ်ချက်ချလိုက်လေသည်။

"ဒါပေမယ့် သူတို့ ကျွန်မတို့ကို အတင်းအကျပ်မလုပ်သေးဘူး အဲဒါ သူတို့ဘက်က မသေချာသေးလို့ပဲမလား"

ကျူးရှန်ယောင်က ပြန်မေးလိုက်၏။

"ဒါမှမဟုတ် သူတို့ဘက်က အခြေအနေကို အပြည့်အဝမထိန်းချုပ်နိုင်သေးလို့လဲ ဖြစ်နိုင်တယ်သခင်မလေး"

သေခြင်း၏အရိပ်က သူ့အမြင်ကို ပြန်ပြောလိုက်၏။

တဖန် သူက ခေါင်းခါရင်း ဆက်ပြောလိုက်ပြန်သည်။

"အခြေအနေကတော့ သုံးသပ်ဖို့အတော်ခက်နေတယ် ဘာလို့လဲဆိုတော့ ကောင်းကင်မြို့တော်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျုပ်တို့မှ မသိတာပဲကိုး"

၎င်းမှာ အချိန်ကာလ၏ ကန့်သတ်ချက်ဟုသာ ဆိုရပေတော့မည်။ ထိုခေတ်ကာလက သူတို့တွင် အလွန်ဝေးကွာသောနေရာများကို အဆက်အသွယ်လုပ်နိုင်သည့် စွမ်းရည်မရှိကြချေ။ ထို့ပြင် မျိုးစိတ်အသီးသီးသည်လည်း သူတို့နယ်မြေများမှ တခြားနယ်မြေများဆီသို့ သတင်းအချက်အလက်များ မပေါက်ကြားစေရန် အတားအဆီးများ ပြုလုပ်ထားကြ၏။ ထို့ကြောင့် သတင်းအချက်အလက်တခုက နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ရန် အတော်ပင် ခက်ခဲလှသည်။ အထက်ပါအချက်များကြောင့် အဆိပ်တထောင်ဖားကြီး ကောင်းကင်မြို့တော်ကို ဝင်ရောက်တိုက်ခိုက်ခြင်းကိုပင် အတော်များများ ယခုတိုင် မသိကြသေး​ချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီညနေ ကျွန်မတို့ကို ဖိတ်ထားတာဟာ သူ့နဲ့ တနည်းမဟုတ် တနည်း သက်ဆိုင်နေရမယ် သူ့ကိုကိုင်တွယ်တဲ့နေရာမှာ ကျွန်မတို့ကို အသုံးချဖို့ လူပျံတော်တွေ စီစဉ်နေပုံရတယ်"

ကျူးရှန်ယောင်က ပြောလိုက်၏။ အခြေအနေများကို ထောက်ရှုလျင် လူပျံတော်များ စုချန်းကို ထောင်ချောက်ဆင်ရန် ဟန်ပြင်နေမှန်း သူမ သိနှင့်နေခဲ့လေပြီ။ သို့သော် ထိုထောင်ချောက်မှာ အသက်မသွင်းရသေးဟန် ပေါ်နေ၏။

မည်သို့ဆိုစေ ထိုအချက်ကတော့ သူမကို ခေါင်းရှုပ်စေ၏။ အကယ်၍ လူပျံနတော်များဘက်မှ သူမကိုအဘယ်ကြောင့် ပွင့်ပွင့်လင်းလင်း ဖမ်းဆီးခြင်းမပြုရလေသနည်း။

မှန်ပါသည်။ ကောင်းကင်မြို့တော်တမြို့လုံးရှိ လူပျံတော်များ စုချန်းကို ရှာဖွေနေကြောင်း သူမ မည်သို့မှ သိနိုင်စရာအကြောင်းမရှိချေ။ သူတို့၏ ဓားစာခံများ ရောက်လာချိန်တွင် အကြပ်ကိုင်ရမည့် ပစ်မှတ် ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် ကောင်းကင်မြို့တော်ရှိလူပျံတော်တိုင်း အကြီးအကျယ် ခေါင်းစားနေရသည် မဟုတ်ပါလား။

ထို့နောက် ကျူးရှန်းယောင်က ပြောလိုက်ပြန်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကျွန်မတို့ နည်းလမ်းရှာမှ ဖြစ်မယ် လူပျံတော်တွေ သူနဲ့ရင်ဆိုင်ဖို့ ကျွန်မကို ဓားစာခံအဖြစ်သုံးမှာကို ကျွန်မ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး"

"ဒါဆို သခင်မလေးမှာ ဘာအစီအစဥ်များ ရှိသလဲ"

သေခြင်း၏အရိပ်က မေးလိုက်၏။

ကျူးရှန်းယောင် တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူမက ပြောလိုက်သည်။

"ကျွန်မတို့အချင်းချင်း တိုက်ရိုက်ဆက်သွယ်လို့မရဘူး တိုက်ရိုက်ဆက်သွယ်ရင် ဒုက္ခများသွားမယ် ဒါ လူပျံတော်တွေ မျှော်လင့်နေတဲ့အရာပဲ"

"အဲဒါတော့ မှန်ပါတယ်"

သေခြင်း၏အရိပ်က သဘောတူလိုက်၏။

"အခုပြဿနာက သူ့နဲ့လူပျံတော်တွေကြားမှာ ဘာတွေဖြစ်ခဲ့သလဲ၊ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လောက်အတိုင်းအတာအထိ ပြိုကွဲသွားပြီလဲ ဒါကို ကျွန်မတို့ မသိဘူး ကျွန်မတို့ ပထမဆုံး ဦးစားပေးလုပ်ရမှာက ဒီအချက်အလက်တွေကို အရင်ဆုံး သိအောင်လုပ်ဖို့ပဲ ဒါကို သိပြီးမှပဲ ကျွန်မတို့ နောက်ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်လို့ရမယ်"

ကျူးရှန်းယောင်က ပြောလိုက်သည်။ အလွန်အမင်း အလျင်စလိုမလုပ်ပဲ သတင်းအချက်အလက်များ စုဆောင်းရန် ဆုံးဖြတ်လိုက်ခြင်းမှာ အတော်လေး ဉာဏ်ကောင်းသည့် လုပ်ရပ်ဟု ဆိုနိုင်၏။

အခြေအနေကို ဂဃနဏသိမှသာ ဦးတည်ချက်ကို ဆုံးဖြတ်နိုင်မည် မဟုတ်ပါလား။ ​ဘာတခုမှ ရေရေရာရာ မသ်ိထားပဲ ကမူးရှုးထိုး တုံ့ပြန်ခြင်းသည် အကျိုးမရှိပဲ ဆန့်ကျင်ဘက်ရလဒ်များကိုသာ ပေါ်ပေါက်လာစေနိုင်၏။

"ဒါပေမယ့် ကျုပ်တို့က မူလအလင်းရောင်ရဲတိုက်ထဲကို ရောက်နေတာဆိုတော့ ကောင်းကင်မြို့တော်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိဖို့တော်တော်ခက်လိမ့်မယ်ထင်တယ် သခင်မလေး"

သေခြင်း၏အရိပ်က ထောက်ပြလိုက်သည်။

ကျူးရှန်းယောင် အေးစက်စက်လေသံနှင့် ရယ်မောလိုက်၏။

"သူတို့ ကျွန်မတို့ကို ကောင်းကင်မြို့တော်ထဲကို​တောင် အဝင်မခံရဲဘူးဆိုတော့ သူ တခုခု ပြဿနာရှာထားတာပဲ ဖြစ်ရမယ် ပြီးတော့ ကျွန်မ ဒီနေရာကိုရောက်ကတည်းက အခြေခံကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်နေတာ တွေ့ရတယ် ဒါကြောင့် ကောင်းကင်မြို့တော်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို သိထားတဲ့ လူပျံတော်တွေ အများကြီး ဒီရဲတိုက်ထဲမှာ ရှိရမယ်"

"ဒါပေမယ့် သူတို့က ကျုပ်တို့ကို ပြောပြမှာမဟုတ်ဘူး သခင်မလေး"

ကျူးရှန်းယောင်က မျက်ခုံးပင့်လိုက်၏။

"ကျွန်မမှ ဘယ်လိုစွမ်းရည်တွေရှိတယ်ဆိုတာ ရှင်မေ့သွားပြီလား"

သူမ၏ လှည့်ဖျားနှလုံးသားသွေးဗီဇမှာ မည်သည့်မျိုးစိတ်ကိုမဆို ဖမ်းစားနိုင်လေရာ လူပျံတော်များသည်ကား ဘာမို့လို့ပေနည်း။ ကောင်းကင်မြို့တော်၏ အရှေ့ခြမ်းသည် ကျူးရှန်းယောင်အတွက် ပစ်မှတ်တခု ရှာဖွေရန် ပြီးပြည့်စုံသောနေရာပင် မဟုတ်ပါလား။

ကောင်းကင်မြို့တော် အထက်တန်းစားရပ်ကွက်တခုတွင် ဖြစ်သည်။

စုချန်း၏ လုပ်ရပ်များကြောင့် ထိုရပ်ကွက်၏ လုံခြုံရေးကို သိသိသာသာ ပင် တိုးမြှင့်ထား၏။ လေထဲတွင်လူလားပျံသန်းနေကြသော အစောင့်များသည် ရပ်ကွက်တခုလုံးကို တင်းတင်းကြပ်ကြပ်ပင် စောင့်ကြည့်နေကြ၏။ အစောင့်များထဲတွင် လေးစစ်သည်တော်များနှင့် အာကင်နာပညာရှင်များ ပါဝင်နေကြောင်း မြင်တွေ့ရပေသည်။

သူတို့သည် ရပ်ကွက်ထဲသို့ ဝင်ထွက်နေကြသော လူတိုင်းကို ဂရုတစိုက်ပင် စောင့်ကြည့်နေကြ၏။

"ဒီလူတွေကတော့ တအားကို မယုံသင်္ကာစိတ်များတာပဲဗျာ"

ဦးလေးမာက ဆိုင်ထဲမှ ထွက်လာရင်း တာဝန်ရှိ လူပျံတော်လုံခြုံရေးအစောင့်တဦးကို လှမ်းပြောလိုက်သည်။

"တောင်းပန်ပါတယ်ဦးလေးမာရေ အထက်အရာရှိတွေ အမိန့်အရဆိုတော့လဲ မငြင်းသာဘူးပေါ့ဗျာ ခင်ဗျား ရာဇဝတ်သားမဟုတ်ဘူးဆိုတာ ကျုပ်တို့လဲ သိတာပေါ့ ဒါပေမဲ့ ကျုပ်အလုပ်ကိုတော့ တာဝန်ကျေအောင် လုပ်ရမယ်ဗျ ဒီကာလလေးတော့ နားလည်ပေးမှပေါ့ဗျာ"

လူပျံတော်အစောင့်က ချေချေငံငံပင် ပြန်ဖြေလိုက်သည်။

ရှေးအတီတေကာလဆီမှ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် လက်မှုပညာသည်မျိုးစိတ်များကို လူပျံတော်တိုင်းက တလေးတစားပင် ဆက်ဆံကြ၏။ အချုပ်ဆိုရလျှင် လက်မှုပညာသည်မျိုးစိတ်ဝင်တိုင်းသည် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တဦး၏ အဆင့်အတန်းမျိုး ရှိသည်ဟု ဆိုနိုင်သည်။

"ကျုပ် နားလည်ပါတယ်ဗျာ ဒါပေမယ့် ကျုပ်ကိုတော့ မြန်မြန်လေး စစ်ဆေးပေးပါ အိမ်ကကလေးတွေ ဗိုက်ဆာနေလောက်ပြီ"

"ကောင်းပါပြီဗျာ"

အစောင့်လဲ ဦးလေးမာ၏အထုပ်ကို ခပ်မြန်မြန်ပင် စစ်ဆေးလိုက်၏။ စားစရာများမှအပ တခြားသံသယဝင်စရာ ဘာပစ္စည်းမှမပါ၍ အစောင့်က ဦးလေးမာကို ခပ်မြန်မြန်ပင် ဖြတ်သန်းခွင့်ပြုလိုက်လေသည်။

ဦးလေးမာလည်း သူ့အထုပ်ကို ဆွဲ၍ အိမ်သို့ ပြန်လာခဲ့၏။

"ဂီဂီ၊ လေစီ ကလေးတွေ မင်းတို့ အဆင်ပြေရဲ့လား"

ဦးလေးမာကိုတွေ့သည်နှင့် ယောက်ျားလေးတဦးနှင့် မိန်းကလေးတဦးသည် ရှေ့တံခါးမှ ပြေးထွက်လာကြသည်။ သူတို့နှစ်ဦးလုံး အရပ်ပုပြီး အသားညို၏။ သို့သော် သူတို့၏မျက်လုံးများကိုကြည့်လျင် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ကြောင်း အတိုင်းသား မြင်သာလေသည်။

ကလေးနှစ်ယောက် ဦးလေးမာ၏ ရင်ခွင်ထဲသို့ ပြိုင်တူပင် ပြေးဝင်လိုက်ကြ၏။

"ဖေဖေ ဖေဖေ"

"ဖေဖေ သားအတွက် အရုပ်ပါလာရဲ့လား"

"ဖေဖေ သမီးအတွက်လဲ......"

ကလေးနှစ်ယောက်သည် သူတို့ဖခင်ကိုဖက်ထား၍ အထက်ပါအတိုင်း တယောက်ပေါက် ဆူညံနေကြလေသည်။

"ပါတာပေါ့ကွယ် ပါတာပေါ့"

ကလေးများကိုကြည့်ရင်း ဦးလေးမာ၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်ဟန် အပြုံးတခု ပေါ်ပေါက်နေလေသည်။

ထို့နောက် သူ အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြန်၏။ အိမ်ထဲတွင် သူ့ဇနီး လီလီသည် အခြားလူငယ်လက်မှုပညာသည်မျိုးစိတ်ဝင်နှစ်ဦးနှင့် အတူ ပဲများကို အခွံခွာရင်း စကားပြောနေကြ၏။

"မာဟာ အရင်တုန်းကဆိုရင် ခုထက်ပိုပြီး ရိုးသားတယ် အလုပ်လုပ်ရာမှာလဲ အလွန်စိတ်အားထက်သန်ပြီး မျှော်လင့်ချက်ကြီးမားတယ် အခုတော့ ကျွန်မတို့ မိသားစုက သူ့တိုးတက်မှုအတွက် အနှောင့်အယှက်တခု ဖြစ်လာခဲ့ပြီထင်တယ်.."

"ဦးလေးမာက သူမှန်မယ်ထင်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ တကယ်တော့ ခင်ဗျားကိုယ်တိုင်လဲ သူ့ရွေးချယ်မှုအတွက် ဝမ်းသာနေတာပဲ မဟုတ်လား ခင်ဗျား သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်လို့ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတာပါလေ ဒါပေမယ့် တကယ်တမ်းတော့ ဒီလိုခံစားချက်က မလိုအပ်ဘူးဗျ ယောက်ျားတယောက်က သူ့မိသားစုအတွက် ပေးဆပ်တာဟာ သူ့အတွက် ဂုဏ်ယူစရာပဲ မိသားစုဆိုတာ ပျော်ရွှင်မှုရဲ့ရင်းမြစ်ဖြစ်တယ် ဦးလေးမာကိုယ်တိုင်လဲ ဒါကိုကောင်းကောင်းကြီး သဘောပေါက်ထားတယ် ဒါ တကယ့်ကို ဉာဏ်ပညာရှိတာပဲလေ"

"ကျေးဇူးတင်ပါတယ် ရှင်တို့ ပြောတာကို ကြားရတော့ ကျွန်မ အရမ်းစိတ်သက်သာရာ ရသွားပြီ"

လီလီက ကျေးဇူးတင်စကား ပြောလိုက်၏။

သူမအနေနှင့် ဤဧည့်သည်များ မည်သူမည်ဝါမှန်း မသိထားလေရာ သူတို့အား ခင်ပွန်း၏ ဆွေမျိုးများသာဖြစ်ကြောင်း ယုံကြည်ထားပြီး ပုံမှန်အတိုင်း စကားပြောဆိုနေ၏။ သူမ၏ ပျော်ရွှင်နေသောပုံစံကို မြင်လိုက်ရသော ဦးလေးမာ သက်ပြင်းတချက်ချလိုက်ပြီး အထဲသို့ ဝင်လာခဲ့လေသည်။

"မင်းတို့အားလုံး အဆင်ပြေနေတဲ့ပုံပဲ"

"ဟုတ်တယ် ဦးလေးမာရေ အစ်မလီလီဟာ အလွန်ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ခင်ဗျား သူ့ခင်ပွန်းဖြစ်ရတာ အင်မတန်ကံကောင်းတယ်လို့ ဆိုနိုင်တယ်"

အနည်းငယ်အရပ်ရှည်သော လက်မှုပညာသည်မျိုးစိတ်ဝင်က ဦးလေးမာကို ဖော်ဖော်ရွေရွေပင် ပြန်ပြောလိုက်၏။

ဦးလေးမာလည်း သူယူလာသော အစားအသောက်များကို ဇနီးသည်အား ပေးလိုက်၏။ လီလီလည်း အစားအသောက်များကိုယူပြီးမီးဖိုချောင်သို့ ထွက်သွားလေသည်။

"ကလေးတွေ မင်းတို့လဲ သွားကစားကြဦး"

ထို့နောက် ဦးလေးမာက သူ့ကလေးများကိုလည်း နှင်လွှတ်လိုက်၏။

ကလေးများ အပြင်ထွက်သွားသည်နှင့် ဦးလေးမာက ဧည့်သည်နှစ်ဦးအား လေးနက်သောမျက်နှာထားဖြင့်ကြည့်ရင်း ပြောလိုက်၏။

"အပြင်ဘက်မှာ လုံခြုံရေးတွေက အရမ်းတင်းကြပ်နေတယ် ခင်ဗျားတို့ကို နေရာအနှံ့မှာ ပိတ်စိတ်တိုက် ရှာနေကြတယ်"

အနည်းငယ်အရပ်ရှည်သော လက်မှုပညာသည်မျိုးစိတ်ဝင်က ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်၏။

"ဒါကို ကျုပ် သိပါတယ်လေ"

ထိုလက်မှုပညာသည်မျိုးစိတ်ဝင်မှာ တခြားသူမဟုတ်။စုချန်းပင် ဖြစ်လေသည်။

လူပျံတော်များ စုချန်းနှင့် ရွှေရောင်အလင်းတန်းကို သဲကြီးမဲကြီး ရှာနေကြချိန်တွင် သူတို့နှစ်ယောက်က လက်မှုပညာသည်မျိုးစိတ်ဝင်များအဖြစ် ပုံပြောင်းကာ တကယ့်လက်မှုပညာသည်မျိုးစိတ်ဝင်တဦး၏ အိမ်တွင် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ ထင်လိမ့်မည်မဟုတ်ချေ။

ထိုအခါ အဖိုးကြီးမာက စိတ်လှုပ်တရှားနှင့် တောင်းပန်လိုက်ပြန်သည်။

"ကျေးဇူးပြုပြီး သူတို့ကိုတော့ မထိခိုက်စေပါနဲ့ဗျာ သူတို့ကို မထိခိုက်ဘူးဆိုရင် ခင်ဗျားတို့ ဘာခိုင်းခိုင်း ကျုပ် လုပ်နိုင်ပါတယ်"

"စိတ်မပူပါနဲ့လေ ကျုပ်တို့ ဒီမှာ ရက်အနည်းနည်းလောက်ပဲနေမှာပါ ပြီးတော့ ရုပ်သေးတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ပညာတချို့ကိုလည်း ကျုပ်လေ့လာချင်သေးတယ်လို့ ပြောထားပီးသားပဲလေ"

စုချန်းက ရယ်မောရင်း နှစ်သိမ့်လိုက်၏။

ဦးလေးမာလည်း စုချန်းစကားကိုနားထောင်ရင်း သက်ပြင်းချကာ လက်လျှော့လိုက်၏။ သူ့အနေနှင့် စုချန်း၏ စည်းကမ်းချက်များကို လိုက်နာရုံမှအပ တခြားမရှိတော့ချေ။

အတန်ကြာသော် ညစာစားရင်း စုချန်းတယောက် ဦးလေးမာ၏ မိသားစုနှင့် ပျော်ရွှင်စွာ စကားပြောဆိုနေလေသည်။ သူသည် လွန်စွာအတွေ့အကြုံများသူ ဖြစ်လေရာ သူပြောသမျှကို နားထောင်ရင်း လီလီနှင့် သူမ၏ကလေးများ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

"ဒါနဲ့လေ တိုဘီ လူတွေက တကယ်ပဲ ဘုရားတွေထက် သူတို့ရဲ့ ဘိုးဘေးတွေကို ပိုယုံကြည်ကြတာလား"

လေစီက မေးလိုက်၏။ တိုဘီဟူသည်မှာ စုချန်း၏ နာမည်ပင် ဖြစ်သည်။

"အတိအကျ ပြောရရင်တော့ကွာ လူတွေရဲ့ နတ်ဘုရားတွေအပေါ်မှာ ထားတဲ့သဘောထားဟာ မင်းတို့နဲ့ အတော်ကိုကွဲပြားတယ် သူတို့ရဲ့အယူအဆကတော့ နတ်ဘုရားတွေရဲ့ တည်ရှိမှုကို ယုံကြည်ပေမယ့် ဒီနတ်ဘုရားတွေက သူတို့ဘဝကို ထိန်းချုပ်လို့မရဘူးလို့လည်း ယုံကြည်ထားကြတယ် နတ်ဘုရားတွေသာ သူတို့ကို ပျော်ရွှင်မှုမပေးရင် နတ်ဘုရားလို့မမြင်တော့ပဲ ချေမှုန်းပစ်ရမဲ့ နတ်ဆိုးအဖြစ် သူတို့ မြင်ကြတယ် ကျန်တဖက်မှာလည်း သူတို့ရဲ့ဘိုးဘေးတွေဟာ သူတို့ကို ဖြစ်တည်စေခဲ့တာ သူတို့ရဲ့မျိုးနွယ်စုတွေကို တည်ထောင်ခဲ့တာ ပြီးတော့ သူတို့ရဲ့သွေးဗီဇတွေကိုလည်း သူတို့ရဲ့ဘိုးဘေးတွေဆီက ဆက်ခံခဲ့ကြတာလေ"

စုချန်းက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်၏။

"ဟွန့် ဒါကြီးကတော့ တကယ့်ကို ဘုရားသခင်ကို စော်ကားတဲ့ အတွေးပဲ"

လီလီ မကျေမနပ်နှင့် နှုတ်ခမ်းစူလိုက်လေသည်။

"ခင်ဗျားပြောတာမှန်ပါတယ်"

စုချန်း ပြုံးပြရင်း သဘောတူလိုက်သည်။

"ဒါပေမယ့် ဘိုးဘေးတွေကို ယုံကြည်တာထက် နတ်ဘုရားတွေကိုမှ ပိုယုံကြည်တဲ့ လူအနည်းငယ်လည်း ရှိသေးတယ် လူနည်းစုပေါ့ဗျာ"

"ပြဿနာက လူသားတွေရဲ့သွေးဗီဇစွမ်းအားဟာ သားရဲတွေဆီက ဆင်းသက်လာတာဆိုတော့ တစ်နည်းအားဖြင့် သူတို့ရဲ့ဘိုးဘေးတွေကလည်း သားရဲတွေလိုပဲ သတ်မှတ်လို့ရတယ်မဟုတ်ဘူးလား"

ရုတ်တရက်ဆိုသလိုပင် ဘေးတွင်ရှိနေသည့် ရွှေရောင်အလင်းတန်း​က မှတ်ချက်ပေးလိုက်သည်။

ထိုစကားကြောင့် စုချန်းပင်လျင် အံ့သြသင့်သွားဟန်ပေါ်၏။

"မင်းအဖေက ဒီလို သင်ပေးခဲ့တာလား"

"ဟုတ်တယ် ခင်ဗျားကော ဒီလို မစဉ်းစားမိဘူးလား"

ရွှေရောင်အလင်းတန်းက ဝမ်းသာပီတိဖြစ်သည့်လေသံနှင့် ပြန်ပြောလိုက်လေသည်။

အခွင့်အရေးကို အသုံးချပြီး စုချန်းကို သက်သက်မဲ့ ရန်စလိုက်သည့် လုပ်ရပ်ပေတကား။

ဒီကောင်လေး သေရမှာ တကယ်ကို မကြောက်ဘူးပဲ...

သို့သော် စုချန်းက ဒေါသထွက်မည့်အစား တချက်ပြုံးလိုက်ပြီး ပြန်ရှင်းပြလိုက်လေသည်။

"လူသားမျိုးနွယ်ရဲ့ သွေးဗီဇဟာ သားရဲတွေဆီ​ကနေ ဆင်းသက်လာတယ်ဆိုတာ အမှန်ပဲ ဒါပေမယ့် နှစ်ပေါင်းထောင်ချီကြာတဲ့သမိုင်းတလျှောက်မှာ လူသားတွေရဲ့ အင်အားဟာ သွေးဗီဇစနစ်က ပေးနိုင်တဲ့အင်အားကို ကျော်လွန်သွားခဲ့ပြီ ဒါကြောင့် သွေးဗီဇစွမ်းအားဟာ အခြေခံအုတ်မြစ်တခုသာ ပဲလို့ ဆိုနိုင်တယ် တနည်းအားဖြင့် သားရဲတွေရဲ့စွမ်းအားကို ယာယီ ငှားသုံးထားတဲ့​သဘောပဲ ခုဆိုရင် သွေးဗီဇစွမ်းအင်မရှိပဲ မူလစွမ်းအင်ကို အသုံးချနိုင်တဲ့ လူတွေရှိနေပြီဆိုတာ မင်းမကြားဖူးဘူးလား ဒါ လူသားတွေနဲ့သားရဲတွေကြားက အဓိကကွာခြားချက်ပဲ သားရဲတွေဟာ အသိညဏ်ရှိကောင်းရှိလာနိုင်မယ် ဒါပေမဲ့ ဉာဏ်ရည်မြင့်လူမျိုးတွေကို ကျော်လွန်နိုင်မဲ့ အခြေခံအုတ်မြစ်မျိုးကိုတော့ ဘယ်တော့မှ ဖန်တီးနိုင်မှာမဟုတ်ဘူး"

All Chapters