← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 91 Ch. 899

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 91 Ch. 899

စုချန်းက သူ့ကို သင်ခန်းစာပြန်ပေးလိုက်၍ ရွှေရောင်အလင်းတန်း အတော်လေး စိတ်ပျက်သွား၏။ သူသည် မာနကြီးသော်လည်း လူမိုက်တော့မဟုတ်လေရာ စုချန်းကို ရန်ထပ်မစတော့ပဲ ပါးစပ်ပိတ်ထားလိုက်တော့သည်။

ညစာစားပြီးနောက် လီလီလည်း ကလေးများကို အခန်းထဲသို့ ခေါ်သွားပြီး ပုံပြင်များ ပြောပြနေ၏။ ထိုအချိန်တွင် ကျန်လူများမှာ တဦးနှင့်တဦး စကားဆက်ပြောနေကြလေသည်။

ယခုတစ်ကြိမ် သူတို့ပြောနေကြသည့် ခေါင်းစဥ်မှာကား လက်မှုပညာသည်မျိုးစိတ်များ အနှစ်သက်ဆုံးအရာဖြစ်သည့် တီထွင်ဖန်တီးခြင်းနှင့် စပ်လျင်းသည့် အကြောင်းအရာများပင် ဖြစ်သည်။

ဦးလေးမာသည် ရုပ်သေးရုပ်များ ဖန်တီးသည့်နေရာတွင် ကောင်းကင်နိုင်ငံတဝှမ်း ထိပ်တန်းက ရပ်တည်နေသူ ဖြစ်သည်။ သို့်မဟုတ်လျင်လည်း မြို့၏ အထက်တန်းလွှာရပ်ကွက်မျိုးတွင် နေထိုင်နိုင်မည်မဟုတ်ပေ။

တကယ်တော့ စုချန်းကိုယ်တိုင်လည်း ရုပ်သေးရုပ်များနှင့်ပတ်သက်၍ ဂဃနဏ လေ့လာဖူးသည်မဟုတ်။ သို့သော် စိတ်ဝိညာဥ်သလင်းကို ရရှိပြီးနောက် သူ့မှတ်ညဏ်နှင့် တွက်ချက်နိုင်စွမ်းများမှာ များစွာ တိုးတက်လာခဲ့လေရာ ရုပ်သေးရုပ်တည်ဆောက်နည်းပညာကို သင်ယူမည်ဆိုလျင်လည်း သိပ်ခက်ခဲမည်မဟုတ်ချေ။ သူ အကြောင်းတစုံတရာကို မသိဟုဆိုလျင် ၎င်းကို သူ အာရုံမစိုက်၍သာ ဖြစ်ပေလိမ့်မည်။

ယခုတော့ ရုပ်သေးရုပ်တည်ဆောက်နည်းများကို အသေးစိတ်ရေးသားသည့် တည်ဆောက်ရေးပုံစံပြာများကို ရရှိထား၍ ဤပညာရပ်ကို လေ့လာရန် သူ စိတ်ဝင်စားလာ၏။ ထိုအခါ ဦးလေးမာနှင့် ဆွေးနွေးရသည်ကို သူ များစွာ ပျော်မွေ့နေတော့သည်။

“ဒီ​တော့ အမှောင်အကျဥ်းစံသတ္တုကို အကောင်းဆုံးတည်ဆောက်ရေးပစ္စည်းအဖြစ် စဥ်းစားကြတာဟာ မာကျောလွန်းတာကြောင့်တင်မဟုတ်ပဲ ပုံသွင်းရလွယ်လို့လဲ ပါတာပေါ့ ဟုတ်လား ဒီလိုမာကျောတဲ့ သတ္တုမျိုးကို ပုံဖော်ရတာဟာ အလွန်ခက်ခဲမယ်လို့ ကျုပ်က ထင်ထားတာ"

“ပုံမှန်အခြေအနေမှာဆိုရင်တော့ ခက်ခဲတာပေါ့ ဒါပေမဲ့ မင်းရဲ့နည်းလမ်းတွေမှာ မူလစွမ်းအင်တွေပေါင်းစပ်ပါဝင်လာပြီဆိုရင်တော့ ဒီလောက် မခက်တော့ဘူးလေ ဉာဏ်ရည်မြင့်မျိုးစိတ်တွေဟာ ဒီလိုနည်းလမ်းတွေကို အလွန်အကျွံ အားကိုးတတ်ကြပြီး တူညီတဲ့အကျိုးသက်ရောက်မှုတွေ ရနိုင်တဲ့ တခြားလုပ်ငန်းစဉ်တွေကို လစ်လျူရှုထားကြလေ့ရှိတယ်လေ ခွဲဝေခြင်းပန်းပဲဖိုကို ကျုပ်ဆရာ ဖန်တီးခဲ့တာပေါ့ ဒီပန်းပဲဖိုထဲမှာ အထူးသတ္တုတမျိုးနဲ့ တွယ်ဆက်ထားတဲ့ ကိရိယာအသေးအမွှားတွေ ပါဝင်နေတယ် အမှောင်အကျဥ်းစံသတ္တုနဲ့ တွဲဖက်အသုံးပြုတဲ့အခါ အင်မတန်ကို ထိရောက်မှုရှိတယ်”

“ခင်ဗျားပြောနေတာ ထိပ်မှာ အပေါက်တပေါက်ပါတဲ့ သုံးဖက်ချွန်ကိရိယာတမျိုးကို ပြောနေတာလား"

“မဟုတ်ဘူးကွ ကျုပ်ပြောတာ မျက်နှာပြင်ခြောက်ဖက်ပါတဲ့ ကိရိယာတမျိုးပဲ"

“အော် အဲဒါကို ကျုပ်မှတ်မိပြီ နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံကို ဝင်လုခဲ့တုန်းကတောင် ဘယ်သူက ဒီလိုပုံဆိုးပန်းဆိုးကိရိယာကို ဖန်တီးထားတာလဲလို့ တွေးမိနေသေးတယ်...ဒီအတိုင်းဆို ကျုပ် မှားသွားပြီ ကျုပ် အဲဒါကို ယူခဲ့လိုက်သင့်တာ"

စုချန်း တကယ်ပင် နောင်တရသွား၏။သူသည် လက်မှုပညာသည်မျိုးစိတ်ဝင်မဟုတ်လေရာ နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံကို ဝင်ရောက်လုယက်စဥ်က အမျိုးမျိုးအထွေထွေသော ပစ္စည်းများကို တွေ့ခဲ့ရသော်လည်း ဘယ်အရာက ဘယ်အတွက်အသုံးဝင်မှန်း သူ မသ်ိခဲ့ချေ။

ထို့ကြောင့်လည်း သူသည် တည်ဆောက်ရေးပုံစံပြာများကို ယူခဲ့သည့်တိုင် ရုပ်သေးရုပ်များပြုလုပ်ရန် လိုအပ်သော ကိရိယာများကို မယူခဲ့မိပဲ ဖြစ်သွား၏။ မည်သို့ဆိုစေ အနာဂတ်တွင် သူ့အနေနှင့် ရုပ်သေးရုပ်များကို တည်ဆောက်နိုင်မည်မှာတော့ သေချာနေသည်။ သို့သော် လိုအပ်သောကိရိယာများပါမလာ၍ ပို၍အားထုတ်ရတော့မည်မှာ ဗေဒင်ဟောစရာမလိုတော့ချေ။

ထို့ကြောင့် နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံမှ ရှိရှိသမျှ အရာပစ္စည်းတိုင်းကို မယူခဲ့မိခြင်းအတွက် စုချန်း နောင်တရသွားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ အသိပညာမဲ့ခြင်းမှာ ပြဿနာများကိုသာ တိုးပွားစေတတ်ကြောင်း စုချန်း ကောက်ချက်ချလိုက်၏။တဖန် နောက်တစ်ကြိမ် တစုံတရာကို သူ ခိုးယူတော့မည်ဟု တွေးပါက ထိုအရာနှင့်ပတ်သက်၍ ဂရုတစိုက်လေ့လာထားရန်လည်း စုချန်း ဆုံးဖြတ်လိုက်လေသည်။

အချိန်အတော်လေးကြာသွားပြီးနောက် စုချန်း၏ ပညာကိုမက်မောသည့်စိတ်ကို ဦးလေးမာကိုယ်တိုင်ပင် သြချရတော့၏။ တဖက်တွင်လည်း ဦးလေးမာမှာ စုချန်းကဲ့သို့ ပညာနဲ့ပတ်သက်၍ စိတ်အားထက်သန်သူမျိုးကို တကြိမ်တခါမျှ မတွေ့ဖူးလေရာ လူပျံတော်များ၏ ရန်သူဖြစ်သည့် ဤလူငယ်ကို သိထားသမျှ အလွန်အကျွံမပြောသင့်မှန်း သဘောပေါက်သော်လည်း ကိုယ့်ကိုယ်ကို ထိန်းမထားနိုင်တော့ချေ။ ထို့နောက် ဦးလေးမာသည် သူ သိထားတတ်ထားသမျှအကြောင်းအရာများအား စုချန်းကို အားတက်သရောပင် ပြောပြလိုက်တော့သည်။

ဝါသနာတူနှစ်ဦး အာဘောင်အာရင်းသန်သန်နှင့် ဆွေးနွေးနေကြလေရာ အချိန်မှာ သန်းခေါင်ပင် ကျော်သွား၏။ နောက်ဆုံးတွင် စုချန်းက အိပ်တော့မည့်အကြောင်း ပြောလိုက်တော့မှ ဦးလေးမာမှာ မအိပ်ချင်အိပ်ချင်နှင့် အိပ်ယာဝင်သွားတော့သည်။

ထိုအချိန်တွင် ရွှေရောင်အလင်းတန်းကား အကြီးအကျယ် ငိုက်မြည်းနေခဲ့လေပြီ။ သူ မျက်လုံးများကို ပွတ်သပ်ရင်း စုချန်းကို မေးလိုက်၏။

“ခင်ဗျား တကယ်ပဲ ဒီလိုပုံစံနဲ့ တသက်လုံးနေသွားဖို့များ စဥ်းစားနေတာလား”

သူ့ပုံစံမှာ အကြီးအကျယ် ကူကယ်ရာမဲ့ဟန်ပေါ်နေသည်။

“ဒီအတိုင်းနေရတာ မကောင်းလို့လား"

စုချန်း ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“လက်မှုပညာသည်တွေဟာ ကောင်းကင်နိုင်ငံမှာ အဆင့်အတန်း အတော်လေးမြင့်တယ် ဒါကြောင့် လူပျံတော်တွေ ဒီကို အတင်းဝင်လာဖို့ဆိုတာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ဘူး"

“နောက်ပိုင်းကျရင်ရောဗျာ”

“ကျုပ်တို့ တဆင့်ချင်းစီ သွားကြတာပေါ့ကွာ လောလောဆယ် ရေရှည်အတွက် ကျုပ် ဘာမှမစဉ်းစားရသေးဘူး။”

စုချန်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်၏။

စုချန်း၏ လစ်လျုရှုသော အမူအရာကိုကြည့်ရင်း ရွှေရောင်အလင်းတန်း ရူးမတတ် ခံစားလိုက်ရသည်။

“ခင်ဗျားကိုယ့်ကိုယ်ကို အခုထိ ဘာမှပြသနာမရှာရသေးဘူးလို့များ ထင်နေတာလား ပထမဆုံး မိခင်နတ်ဘုရားမဂိုဏ်းကို ဓားပြဝင်တိုက်တယ် ပြီးတော့ အထက်တန်းလွှာရပ်ကွက်က ဆိုင်တွေနောက်ဆုံးတခေါက်ကဆို နတ်ဘုရားလက်နက်တပ်ဆင်ရေးအလုပ်ရုံကိုပါ ဝင်လုတယ် ဒီထက်အပြင် ဒီမှာ ခင်ဗျားဘာတွေများထပ်လုပ်ချင်သေးလို့လဲ ထိပ်တန်းလူပျံတော်တ​ယောက်ကိုများ လုပ်ကြံချင်သေးတာလား"

ရွှေရောင်အလင်းတန်းက စုချန်းကို ကောင်းကင်မြို့တော်မှ အမြန်ထွက်ခွာရန် စကားနာထိုးလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ သူ့စကားကြောင့် စုချန်း၏ မျက်လုံးအစုံမှာ ဝင်းလက်တောက်ပသွား၏။

"လုပ်ကြံတာ... ဟာ ဟုတ်သားပဲ...ဘာလို့ အဲဒီအစီအစဥ်ကို ကျုပ် စောစောစီးစီးက မစဥ်းစားမိတာပါလိမ့် ဓားပြတိုက်ရတာ ပျင်းစရာကောင်းသွားပြီ အခုက တယောက်ယောက်ကို လုပ်ကြံရမဲ့အချိန်ပဲ ကောင်းတယ် သိပ်ကောင်းတယ် ကျေးဇူးတင်တယ်ကွာ မင်းစိတ်ကူးလေး မဆိုးဘူး"

ဟင်...ငါ ခုနက ဘာများလုပ်လိုက်မိတာပါလိမ့်...

ရွှေရောင်အလင်းတန်း အကြီးအကျယ် စိတ်ပျက်သွား၏။

ကောင်းကင်မြို့တော်အကျဉ်းထောင်တွင် ဖြစ်သည်။

နတ်ဘုရားသားမွှေးယက်ကန်းသည် အချိန်ကြာမြင့်စွာ စာရေးနေခဲ့ရ၍ ညောင်းနေသောလက်အစုံကို နှိပ်နယ်ရင်း သက်ပြင်းတချက်ချကာ ပင်မဂိတ်တံခါးမှ ထွက်လာ၏။

“သခင်ကြီး ကျုပ်တို့ ပြန်ကြတော့မလား”

လူပျံတော်စစ်သားတစ်ယောက်က ရှေ့သို့တိုးလာပြီး သူ့ကို မေးလိုက်၏။

“အေး ပြန်ကြတာပေါ့ကွာ သုံးရက်လုံးလုံး မနားမနေလုပ်ခဲ့ရတော့ ကျုပ်ဖြင့် ခါးတောင်ချိနေပြီ”

နတ်ဘုရားသားမွှေးယက်ကန်းက ပြန်ဖြေလိုက်၏။

အဆိပ်တထောင်ဖားကြီးနှင့်တိုက်ပွဲ ပြီးဆုံးသွားသည့်တိုင် ကောင်းကင်မြို့တော်သည်ကား ယခုတိုင် အလုပ်ရှုပ်နေဆဲပင်။ ထိုမျှသာမကသေး ယခုတိုင် ဖမ်းမမ်ိနိုင်သေးသည့် ဟဲယွန်လေစီးကြောင်းကလည်း အချိန်မရွေး ပြသနာရှာလာနိုင်သဖြင့် ကောင်းကင်မြို့တော်မှ အရာရှိများအဖို့ကား လက်ရှိကာလတွင် အနားယူရန် မျှော်လင့်ချက်မရှိချေ။ နတ်ဘုရားသားမွှေးယက်ကန်းသည် မြို့တွင်းလုံခြုံရေးကို တာဝန်ယူထားရသူဖြစ်လေရာ ဖိအားမှာ ကြီးလှ၏။ သူအိမ်မပြန်နိုင်သည်မှာ သုံးရက်တိုင်တိုင်ပင် ရှိခဲ့လေပြီ။

မည်သို့ဆိုစေ ယခုတော့ သူ အိမ်ပြန်ခွင့်ရပေပြီ။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေ၍ သူ့စိတ်ထဲတွင် အိမ်ပြန်ချင်စိတ်ကသာ ကြီးစိုးနေ၏။

ထို့နောက် သူ မြင်းရထားပေါ်သို့တက်လိုက်၏။ သူ ရထားလုံးပေါ်ရောက်သည်နှင့် မြင်းရထားက စတင်ရွေ့လျားလာလေသည်။

နတ်ဘုရားသားမွှေးတောင်ယက်ကန်းသည် ရထားလုံးပေါ်တွင်ထိုင်နေရင်း စာအုပ်တအုပ်ကို စိတ်ပါလက်ပါပင် ဖတ်ရှုနေ၏။

“သခင်ကြီး ဒီနေ့ စိတ်ကြည်နေပုံရတယ်"

မြင်းရထားမောင်းနေသည့် လူပျံတော်စစ်သည်၏ စကားသံ ဖြစ်သည်။

“ဆိုပါတော့ကွာ ဒီရက်ပိုင်း ကျုပ်တို့ အတော်လေးပင်ပန်းခဲ့ကြတယ် ဒါပေမဲ့ နောက်ဆုံးတော့ သဲလွန်စတခုကို ကျုပ်တို့ ရှာတွေ့ခဲ့ပြီ"

နတ်ဘုရားသားမွှေးတောင်ယက်ကန်း ခေါင်းတချက်ညိတ်ရင်း ပြန်ဖြေလိုက်၏။

“အော် ဒါဆို ဟဲယွန်လေစီးကြောင်းနဲ့ ပတ်သက်တဲ့သဲလွန်စပေါ့နော်"

“အေးကွ ဟုတ်တယ်”

နတ်ဘုရားသားမွှေးယက်ကန်းက ပြန်ပြောလိုက်၏။

“အဲဒါအကြောင်းလေးများ ပြောပြလို့ရမလား သခင်ကြီး”

ရထားလုံးမောင်းသူ လူပျံတော်စစ်သားက မေးလိုက်၏။

နတ်ဘုရားသားမွှေးယက်ကန်း အံ့သြသွား၏။

“အံမာ မင်းက ဘယ်တုန်းကများ ဒီလိုကိစ္စတွေကို စိတ်ဝင်စားသွားရတာတုန်း အေးလေ ဒါကလဲ လျှို့ဝှက်ချက်မဟုတ်ဘူးဆိုတော့ ကျုပ် ပြောပြလို့ရပါတယ်"

ဤကာလမျိုးတွင် မည်သည့်သတင်းကိုမျှ လျှို့ဝှက်ထားရန် မလိုအပ်တော့လေရာ နတ်ဘုရားသားမွှေးတောင်ယကန်းက အောက်ပါအတိုင်း ပြောပြလိုက်လေသည်။

“ဒီ ယဲယွန်လေစီးကြောင်းဟာ တကယ်ပဲ စုချန်းဆိုတဲ့ လူသားတယောက် ဖြစ်နိုင်ချေရှိတယ်လို့ ကျုပ် ထင်နေတယ်"

“စုချန်း ဟုတ်လား"

“ဟုတ်တယ် သူ့နာမည်ကို မင်းတော့သိမှာမဟုတ်ဘူး ဒါပေမဲ့ ဒီကောင်လေးဟာ လူသားတွေကြားမှာ အတော်လေးကျော်ကြားတယ် သူတို့က သူ့ကို ကမ္ဘာ့ပညာရှိလို့တောင် ခေါ်ကြတယ် သူနဲ့ သူ့ဆရာဟာ လူသားတွေရဲ့ကျင့်ကြံခြင်းစနစ်ကို အကြိမ်ကြိမ် မြှင့်တင်နိုင်ခဲ့ကြတယ် အခုဆိုရင် လူသားတွေဟာ သွေးဗီဇမပါဘဲ အလင်းတုန်ခါခြင်းနယ်ပယ်အဆင့်ကို တက်လှမ်းနိုင်ကြပြီလေ ဒါကြောင့် သူ့ကို လူသားတွေရဲ့တိုးတက်ခြင်းကို ဆောင်ကျဥ်းပေးနိုင်သူလို့ ဆိုရမှာပေါ့"

“အဲဒီတော့ သူပဲပေါ့ ကျုပ်တို့နိုင်ငံကို ထိုးဖောက်ဝင်ရောက်လာတဲ့သူဟာ သူပဲပေါ့ ဟုတ်လားသခင်ကြီး ဘာကြောင့် ဒီလိုထင်ရတာလဲ"

“ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးဟာ အရင်တုန်းကလည်း ဒီလိုမျိုးလုပ်ဖူးလို့ပေါ့ကွာ”

နတ်ဘုရားသားမွှေးတောင်ယက်ကန်းက ရှင်းပြလိုက်ပြန်သည်။

“သူဟာ သတ်ဖြတ်သူနယ်မြေထဲမှာလဲ ဒီအတိုင်းပဲ လုပ်ခဲ့ဖူးသေးတယ် အဲဒီတုန်းက သူဟာ သားရဲတွေနဲ့ သတ်ဖြတ်သူတွေကို ရန်တိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့တယ်လေ"

ထို့နောက် သူက ဆက်ပြောလိုက်ပြန်၏။

“ဒီကောင်လေး ကောင်းကင်မြို့တော်ထဲ ဒီလိုတွေ စိတ်တိုင်းကျ သွားလာလှုပ်ရှားနိုင်တယ်ဆိုတာ သူ့မှာ အံ့​မခန်းလေဟာနယ်စွမ်းရည်တွေ ရှိရုံမကပဲ ပုံယောင်နည်းစနစ်တွေကို အတော်လေး ကျွမ်းကျင်နေတာကြောင့်လဲ ပါတယ်"

“ဒါပေမဲ့ သခင်ကြီး...ဒီလိုနည်းစနစ်တွေကို ကျွမ်းကျင်တဲ့ လူသားတွေအများကြီးပဲလေ"

“များတာတော့ မှန်တယ် ဒါပေမဲ့ ဆက်စပ်မှုအကြီးကြီးတခုရှိတယ်ကွ ဒါကိုနားလည်အောင် လွန်ခဲ့တဲ့ နှစ်နှစ်က ဘာဖြစ်ခဲ့သလဲဆိုတာ အရင်ဆုံးရှင်းပြမှရမယ်"

“လွန်ခဲ့တဲ့ နှစ်နှစ်က ဟုတ်လား သခင်ကြီး”

“ဟုတ်တယ် လွန်ခဲ့တဲ့ နှစ်နှစ်က ကစဥ့်ကလျားမျှော်စင်မှာ ထူးဆန်းတဲ့ကိစ္စတခု ဖြစ်သွားခဲ့တယ် လူပျံတော်တယောက်ဟာ မျှော်စင်ရဲ့အတွင်းပိုင်းထိန်းချုပ်ရေးခန်းတွေထိကို ဘယ်သူမှမသိအောင် စိမ့်ဝင်လာပြီး မျှော်စင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်အများကြီးကို ခိုးသွားခဲ့တယ် ကျုပ်တို့ နေရာအနှံ့ လိုက်ရှာခဲ့ပေမဲ့ အဲဒီ မြစ်နေမင်းလို့ခေါ်တဲ့ လူပျံတော် လေထဲကို ပျောက်ကွယ်သွားသလိုပဲ ပျောက်သွားခဲ့တယ် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူပျံတော်ကိုကြည့်ရင် ဒါတွေကို တွေ့ရလိမ့်မယ် ပထမတချက်က သူ့ရဲ့ပုံယောင်စွမ်းရည်ဟာ အလွန်မြင့်မားပြီး စစ်မှန်သောအလင်းရောင်မှမဟုတ်ရင် ဘယ်သူမှ သူ့ကို မဖော်ထုတ်နိုင်ဘူး ဒုတိယတချက်ကတော့ သူဟာ လေဟာနယ်နည်းစနစ်တွေကိုလည်း ကျွမ်းကျင်ရမယ် မဟုတ်ရင် မျှော်စင်ရဲ့ ကာကွယ်ရေးစနစ်တွေကို လွယ်လွယ်ကူကူ ဘယ်လိုမှ ရှောင်ကွင်းနိုင်မှာမဟုတ်ဘူး တတိယအချက်က ကျူးမျိုးနွယ်စုဝင်တွေကလဲ အဲဒီနေ့မှာပဲ ရောက်လာခဲ့တာကို တွေ့ရတယ် အရေးအကြီးဆုံးဖြစ်တဲ့ စတုတ္ထအချက်ကတော့ ကစဥ့်ကလျားမျှော်စင်ရဲ့ ထိန်းချုပ်ရေးယန္တရားဟာ အရင်းအမြစ်တွေ၊ ဒါမှမဟုတ် ကျင့်ကြံခြင်းနဲ့ ဘာမှမဆိုင်ဘဲ တည်ဆောက်ရေးပညာရပ်တွေသက်သက်ပဲ ဒါကြောင့် အဲဒီအပိုင်းကို ဘယ်လိုချီစွမ်းအားပညာရှင်ကမှ စိတ်ဝင်စားမှာမဟုတ်ဘူး သွေးဗီဇမပါပဲ ကျင့်ကြံခြင်းစနစ်တစ်ခုကို တီထွင်နိုင်ခဲ့တဲ့ စုချန်းလိုလူသားမျိုးမဟုတ်ရင်ပေါ့ကွာ ဒီအချက်တွေအားလုံးကို သုံးသပ်ကြည့်ရင် စုချန်း၊ မြစ်နေမင်းနဲ့ ဒီ ဟဲယွန်လေစီးကြောင်းအတုအယောင်တို့ဟာ တယောက်တည်းပဲဆိုတာ ကျုပ်တို့ အခြေခံအားဖြင့် အတည်ပြုနိုင်တယ် ဒါ့အပြင် သူ့ရဲ့လှည့်ဖြားတတ်တဲ့လုပ်ရပ်တွေ၊ သူ့ရဲ့လောဘ၊ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်လိုက်ရင် သဲလွန်စအားလုံးက သူ့ဘက်ကိုပဲ ညွှန်ပြနေတာ အတိုင်းသားကြီး မြင်ရတယ်ကွ"

“လက်စသတ်တော့ ဒီလိုကိုး သခင်ကြီးတကယ့်ကို ပညာရှိတာပဲ”

ရထားလုံးမောင်းစစ်သည်က ချီးကျူးရင်း သက်ပြင်းချလိုက်၏။

"ဒါနဲ့ သခင်ကြီး သံသယရှိတာကို တခြားသူတွေကိုရော အကြောင်းကြားပြီးပြီလား။”

“အကြောင်းမကြားရသေးပါဘူးကွာ ဘုရင်မင်းမြတ်က လက်တွေ့ကျတဲ့လူဆိုတော့ သက်သေမပြနိုင်ပဲ ကျုပ်က မပြောချင်ဘူးလေ စုချန်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပို့ပေးဖို့ ရှေ့တန်းကလူတွေကို ကျုပ် လျှို့ဝှက်အကြောင်းကြားခဲ့ပြီးပြီ သူ့အကြောင်းကို သိပြီဆိုတော့ ကိုင်တွယ်ရတာ ပိုပြီးလွယ်သွားပြီပေါ့"

“မှန်တယ် အခြေအနေကို သိသွားပြီဆိုရင် အရာရာဟာ ပိုပြီးခက်ခဲလာတော့မယ်”

ရထားလုံးမောင်းစစ်သည်က ပြန်ဖြေလိုက်သည်။

နတ်ဘုရားသားမွှေးတောင်ယက်ကန်း တုန်လှုပ်သွား၏။

“မင်း ဘာပြောလိုက်တာလဲ ဘာလို့ခက်ခဲမှာလဲ”

“ကျုပ် ဆိုလိုတာက... မင်းတို့ လူပျံတော်တွေကတော့ တကယ့်ကောင်တွေပါပဲကွာ မင်းတို့တတွေဟာ သတ်ဖြတ်သူတွေထက်တောင် ပိုပြီးကိုင်တွယ်ရခက်နေသေးတယ် အေးလေ ထာဝရညတယောက်တည်းတောင် သိပ်မလွယ်တာ သူ့လက်အောက်ငယ်သားတွေကလဲ ဘယ်ခေပါ့မလဲ"

ထိုစကားကိုကြားသည်နှင့် အခြေအနေကို သဘောပေါက်လိုက်သော နတ်ဘုရားသားမွှေးတောင်ယက်ကန်းသည် ရထားလုံးထဲမှ ဝုန်းခနဲ ခုန်ထွက်လိုက်၏။ သို့သော် မြင်းရထားမောင်းစစ်သည်ကား သူ့ကိုဂရုမစိုက်ပဲ အေးစက်စက်လေသံနှင့်သာ ရယ်မောနေလေသည်။

အခြေအနေမဟန်မှန်းသဘောပေါက်လိုက်ပြီးနောက် နတ်ဘုရားသားမွှေးတောင်ယက်ကန်းဟ အတောင်ပံများကို အားကုန်ခတ်ကာ ခြေကုန်သုတ်ထွက်ပြေးရန် ကြိုးစားလိုက်၏။ လက်ရှိတွင် သူသည် ကောင်းကင်မြို့တော်ပေါ်မှာပင် ရှိနေ၍ ကုန်သည်ရပ်ကွက်ဆိုလျင် ဘာမှမဝေးလှချေ။

ထိုအခါ သူသည် ကုန်သည်ရပ်ကွက်သို့ ဦးတည်ပျံသန်းလိုက်၏။ လူစည်ကားသောနေရာသို့ရောက်လျှင်အန္တရာယ်ကင်းမည်မှန်း သူ သိထားသည် မဟုတ်ပါလား။

သို့သော် အချိန်အတော်ကြာသည့်တိုင် သူ့အောက်တွင် တိမ်များသာရှိနေကြောင်း သူ သတိပြုမိသွား၏။ ကုန်သည်ရပ်ကွက်က ဘယ်ရောက်သွားလေသနည်း။

ဘာလဲ...ဘာတွေဖြစ်ကုန်တာလဲ...

ဤမျှ တိုတောင်းသော အချိန်အတွင်း သူ ကောင်းကင်မြို့တော်နယ်နိမိတ်မှ ထွက်သွားခဲ့သလား။

မဖြစ်နိုင်ဘူး။

ကောင်းကင်မြို့တော်သည် လုံခြုံရေးအလွန်တင်းကြပ်ထားလေရာ သူ မည်သို့မှ အလွယ်တကူနှင့် အပြင်မရောက်နိုင်။

တစ်ခုခု မှားနေပြီ။

ထိုအချိန်မှာပင် သူ တစုံတရာကို ချက်ချင်းနားလည်သွား၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အရာအားလုံး အိပ်မက်ဆန်နေကြောင်း တွေ့လိုက်ရသည်။

“နောက်ဆုံးတော့ မင်း နားလည်သွားပြီပေါ့ မင်း အသိစိတ်ဝင်လာတာ အတော်မြန်သားပဲ ကံမကောင်းတာက နောက်ကျသွားပြီကွ”

တိုးညှင်းသောအသံတသံ သူ့နားထဲသို့ ရုတ်တရက် တိုးဝင်လာ၏။ ထို့နောက် ဒုန်းခနဲမြည်သံနှင့်အတူ သူ့တကိုယ်လုံး တုန်ခါသွားသည်ကို နတ်ဘုရားသားမွှေးတောင်ယက်ကန်း ခံစားလိုက်ရသည်။

သူ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတပေါက်ကို နတ်ဘုရားသားမွှေးတောင်ယက်ကန်း တွေ့လိုက်ရ၏။

အံ့သြစရာကောင်းသည်မှာ မည်သည့်နာကျင်မှုကိုမှ သူ မခံစားလိုက်ရခြင်းပင်။

“စုန်းမ...သေစေနိုင်သောစုန်းမ”

“မင်းက ငါ့အကြောင်းကို အတော်လေးသိတာပဲ”

ထိုအချိန်မှာပင် နတ်ဘုရားသားမွှေးယက်ကန်း ဘေးရှိ ပတ်ဝန်းကျင်သည် ရုတ်တရက်ပင် ပြောင်းလဲသွား၏။ ထိုအခါကျမှ မြင်းရထားပေါ်တွင်သာ ထိုင်နေဆဲဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

“မင်း..မင်း... လက်တွေ့ဘဝမှာပါ... ပုံရိပ်ယောင်တွေကို... ဖန်တီးနိုင်ပြီပေါ့...ဒါဆို ဝိညာဉ်...ဝိညာဥ်လောင်ကျွမ်းခြင်း..."

“မရောက်သေးဘူး ဒါပေမဲ့ သိပ်မကြာဘူး ကျုပ် ရောက်သွားလိမ့်မယ်”

အထက်ပါအတိုင်းပြောပြီး စုချန်းက သူ့လက်ကိုရုတ်သိမ်းလိုက်ရာ နတ်ဘုရားသားမွှေးယက်ကန်း ရထားလုံးကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။

All Chapters