တ်ဝင်စားဖွယ်ရာ
Vol. 91 Ch. 900
မူလအလင်းရောင်ရဲတိုက်ထဲတွင် ဖြစ်သည်။ ရဲတိုက်အပေါ် ကောင်းကင်ယံတွင် ပျံသန်းနေသည့် ရထားလုံးထဲတွင် ကျူးရှန်းယောင်တယောက် အခန့်သားထိုင်လျက်ရှိ၏။ ရထားလုံးပေါ်မှကြည့်လျင် မူလအလင်းရောင်ရဲတိုက်တတိုက်လုံးကို အတိုင်းသား မြင်နိုင်လေရာ မြင်ကွင်းမှာ အလွန်ပင် လှပလွန်းလှသည်။
“လူပျံတော်တွေရဲ့ တိမ်တိုက်လဖက်ရည်ကတော့ တကယ့်ကို ပြိုင်စံရှားပါပဲ ဒီလိုလဖက်ရည်မျိုးကို သောက်ရတဲ့အတွက် နန်းဆောင်ပိုင်ရှင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်ရှင်”
ကျူးရှန်းယောင်က လဖက်ရည်ကို အရသာခံကာ သောက်ရင်း ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်ကို ပြောလိုက်၏။
မူလအလင်းရောင်ရဲတိုက်၏အရှေ့ဘက်တခြမ်းလုံးတွင် လွတ်လပ်စွာသွားလာခွင့် ပေးထားသော်သည့်တိုင် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်ကတော့ ကျူးရှန်းယောင်ဘေးမှ တဖဝါးမျှ မခွာပဲ အတူလိုက်ပါနေခဲ့၏။ ထို့အပြင် ကောင်းကင်မွှေးရနံ့နန်းဆောင်မှ အာကင်နာပညာရှင်အများအပြားကလည်း သူတို့ဘေးနားတွင် အမြဲတမ်း အသင့်ရှိနေကြသည်။ အကာအကွယ်ပေးရန် ဟု ဆိုထားသော်လည်း အမှန်တကယ်တွင် စောင့်ကြည့်နေကြခြင်းသာဖြစ်မှန်း မြင်သာနေသည်။
ကျူးရှန်းယောင်၏ စကားကိုကြားသောအခါ နန်းဆောင်ပိုင်ရှင်က ပြုံးပြရင်း ပြန်ဖြေလိုက်၏။
"သခင်မလေးကျူးလို ဂုဏ်သရေရှိ ဧည့်သည်ကို ဒီလိုကျွေးမွေးပြုစုခွင့်ရတာကိုက ဂုဏ်ယူစရာဖြစ်နေပါပြီရှင်"
ကျူးရှန်းယောင် ပြုံးလိုက်ပြန်သည်။
"ဒါဆိုရင် ကျွန်မမှာ တောင်းဆိုစရာလေးတခု ရှိသေးတယ် အဲဒါကိုများကူညီပေးနိုင်မလားမသိဘူး"
မည်သို့ဆိုစေ နန်းဆောင်ပိုင်ရှင်ကား အတော်လေးကို စကားပြောကျွမ်းကျင်သူဖြစ်သည်။
"ကျွန်မ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကူညီပါ့မယ်ရှင်"
ကျူးရှန်းယောင် လက်ခုပ်တီးလိုက်၏။
"ကောင်းလိုက်တာ ကျွန်မကြားဖူးတာကလေ လူပျံတော်တွေမှာ အလွန် ခမ်းနားတဲ့ သက်တံ့ရောင်ဝတ်ရုံတမျိုးရှိတယ်လို့ ကျွန်မကြားဖူးတယ် ဒါပေမဲ့ ပါဝင်ပစ္စည်းရှားပါးတဲ့အတွက် အရေအတွက်နည်းနည်းလေးပဲ ထုတ်လုပ်နိုင်တယ်တဲ့ ပိုက်ဆံရှိတိုင်း ဝယ်လို့မရဘူးပေါ့ရှင် ဝတ်စုံတစုံရဖို့ကို တခါတလေ သုံးနှစ်လောက်အထိ စောင့်ရတယ်ဆိုပဲ... ဒါကို နန်းဆောင်ပိုင်ရှင်က ကူညီပေးနိုင်မလားမသိဘူး..."
နှင်းဆီတိမ်လွှာနန်းဆောင်၏ သက်တံရောင်ဝတ်ရုံများသည် မူလကမ္ဘာကြီးတခုလုံးတွင် အထူးပင် နာမည်ကျော်ကြားလှ၏။ ဒဏ္ဍာရီများအရ နတ်သမီးတပါးက ကောင်းကင်ဘုံဆီမှ ထူးခြားသည့် သက်တံများကိုသုံးကာ ချည်မျှင်များကိုဖြစ်စေပြီး ထိုဝတ်ရုံကို ချုပ်လုပ်ခဲ့သည်ဟု ဆိုကြသည်။
ဤဝတ်ရုံသည် အလွန်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်၏။ မည်သည့်ရာသီဥတုတွင်မဆို ဝတ်ဆင်ရအဆင်ပြေ၏။ ထို့အပြင် ဝတ်စုံ၏ တောက်ပမှုကို ချိန်ညှိနိုင်ပြီး မည်သည့်ခန္ဓာကိုယ်အချိုးအစားနှင့်မဆို လိုက်ဖက်အောင် ချိန်ညှိနိုင်စွမ်းရှိလေသည်။ တနည်းအားဖြင့် သက်တန့်ရောင်ဝတ်ရုံ၏ လိုက်လျောညီထွေနိုင်စွမ်းမှာ ပြိုင်ဘက်ကင်းဟု ဆိုနိုင်၏။ ထို့ကြောင့် ဤဝတ်စုံသည် တိုက်ပွဲဝင်ရန် ဘယ်နေရာမှာမှ အသုံးမဝင်သည့်တိုင် အမျိုးသမီးများကတော့ ဝတ်စုံကို အလုအယက် ဖြစ်နေကြသည်မှာ အမှန်ပင်။
ကျူးရှန်းယောင်ကိုယ်တိုင်လည်း ထိုဝတ်စုံကို လိုချင်နေခဲ့သည်မှာ အချိန်ပင် အတော်ကြာခဲ့လေပြီ။
ကျူးရှန်းယောင်၏ တောင်းဆိုချက်ကိုကြားသောအခါ ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင် သက်ပြင်းချလိုက်၏။
ဤသက်တံရောင်ဝတ်ရုံများသည် တန်ဖိုးကြီးသော်လည်း အလှအပအတွက်သာ အသုံးဝင်သောအရာ ဖြစ်သည်။ ထို့ကြောင့် ကျူးရှန်းယောင် က လိုချင်သည်ဟု ပြောလာခဲ့လျင် သူတို့ရောက်ရှိနေသော အထူးအခြေအနေကြောင့် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်အနေနှင့် ဆောင်ရွက်ပေးရပေလိမ့်မည်။
ထိုအခါ သူမက ခေါင်းညိတ်ပြီး အောက်ပါအတိုင်း ပြောလိုက်၏။
"ဒါဆိုရင်လဲ ကျွန်မတို့ နှင်းဆီတိမ်လွှာနန်းဆောင်ကို ခနဝင်ကြတာပေါ့"
"ကျေးဇူးပါပဲရှင်"
ကျူးရှန်းယောင် ကျောင်းသူလေးတဦးပမာ လက်ခုပ်လက်ဝါးတီးရင်း ဝမ်းသာသွား၏။
နှင်းဆီတိမ်လွှာနန်းဆောင်သို့ ရောက်သည်နှင့် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်က အထဲသို့ ဝင်ကာ အောက်ပါအတိုင်း ပြောလိုက်၏။
"ဒီမှာ သက်တံရောင်ဝတ်ရုံများ ကျန်သေးလား ကျွန်မတို့ စမ်းဝတ်ကြည့်ချင်လို့"
တာဝန်ရှိအမျိုးသမီးလေးက တွန့်ဆုတ်ဆုတ်ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ဝတ်ရုံတစ်စုံတော့ ကျန်ပါသေးတယ် ဒါပေမဲ့ ဒီဝတ်ရုံက လုံခြုံရေးအကြီးအကဲရဲ့ သမီးအတွက် မှာထားတာဖြစ်နေတယ်"
"ကိစမရှိဘူး ဝတ်ရုံကိုသာ ထုတ်လိုက်ပါ လုံခြုံရေးအကြီးအကဲကို ကျွန်မပဲ ရှင်းပြလိုက်ပေးလိုက်မယ်"
အထက်ပါအတိုင်းပြောပြီးနောက် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်က တစုံတခုကို ထုတ်ကာ တာဝန်ရှိ အမျိုးသမီးထံသို့ ပေးလိုက်၏။ ထိုပစ္စည်းကို မြင်သည်နှင့် တာဝန်ရှိအမျိုးသမီးက ခေါင်းတချက်ညိတ်ကာ လက်ခံလိုက်လေသည်။
ဘေးနားတွင် အကဲခတ်နေသော ကျူးရှန်းယောင် မြင်ကွင်းကိုကြည့်ရင်း အံ့သြသွား၏။
တကယ်တော့ လုံခြုံရေးအကြီးအကဲဆိုသည်မှာ အရေးပါသော ရာထူးဖြစ်ပြီး သာမာန်အဆင့်မဟုတ်ချေ။ လူသားကမ္ဘာမှာသာဆိုလျင် ၎င်းသည် အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူတဦး၏ အဆင့်နှင့်ပင် အလားတူလောက်၏။
ယခုတော့ ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်၏ စကားတခွန်းတည်းနှင့် ကိစ္စပြီးသွားသည်ဆိုပါကလား။
၎င်းမှာ သူမ၏အဆင့်က လုံခြုံရေးအကြီးအကဲထက် သာလွန်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းသည် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်နောက်ကွယ်မှ ပုဂ္ဂိုလ် မည်မျှ သြဇာအာဏာကြီးကြောင်း ပြသနေခြင်းသာ ဖြစ်သည်။
ကောင်းကင်နိုင်ငံတနိုင်ငံလုံးတွင် ဤမျှ သြဇာကြီးသောလူပျံတော် များများစားစား မရှိချေ။ ထိုခနမှာပင် စုချန်း ရှာခဲ့သောပြသနာ မည်မျှ ကြီးမားကြောင်းကို ကျူးရှန်းယောင် သဘောပေါက်လာ၏။
သိပ်မကြာမီ သက်တံရောင်ဝတ်ရုံ ကျူးရှန်းယောင်၏ လက်ထဲသို့ ရောက်လာလေသည်။ ထို့နောက် သူမ သက်တံရောင်ဝတ်ရုံကို ယူပြီး အဝတ်လဲခန်းထဲသို့ ဝင်သွား၏။
သိပ်မကြာမီ သူမ အခန်းပြင်သို့ ထွက်လာ၏။ သူမ၏ ကိုယ်ပေါ်တွင်တော့ ခမ်းနားပြီး ထည်ဝါလှသော ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူမ ရှေ့သို့ တလှမ်းချင်းလျှောက်လာတိုင်း ပါးလွှာသော ဝတ်ရုံသည် အရောင်ပြောင်းလဲလာပြီး ဝတ်ရုံအနားစွန်းများသည် ပို၍ရှည်လျားလာကာ အပြာရောင်ဖျော့ဖျော့အဖြစ်သို့ ပြောင်းလဲသွား၏။ လက်မောင်းအနားစွန်းများသည်လည်း ကျုံ့ဝင်သွားပြီး သူမ၏ ဖြူဖွေးကျော့ရှင်းသော လက်မောင်းအိုးများကို အတိုင်းသား လှစ်ပြနေ၏။
ခြေလှမ်းတချို့ လှမ်းလိုက်သည့်နောက်တွင်တော့ သက်တံရောင်ဝတ်ရုံသည် ရုတ်တရက်ဆိုသလို အနီရောင်အဖြစ် ပြောင်းလဲသွားပြီး ကျူးရှန်းယောင်၏ ဆွဲဆောင်မှုကို ဆထက်တံပိုး တိုးမြှင့်ပေးလိုက်တော့သည်။ သူမကို မြင်ရသော မည်သည့်အမျိုးသားမဆို ရမ္မက်စိတ် ဟုန်းဟုန်းထလာနိုင်စေသည့် အလှတရားမျိုးပင်တည်း။
လူသားများနှင့် လူပျံတော်များဟူသည် မျိုးစိတ်မတူကြသော်လည်း တချို့ပုံပန်းသွင်ပြင်များမှာကား အတော်လေး ဆင်တူကြ၏။ ကျူးရှန်းယောင်၏ အလှသည် လူသားနယ်မြေမှ အစိုးရများကို ဖြုတ်ချနိုင်စေသည်ဆိုလျင် လူပျံတော်နယ်မြေတွင်လည်း အလားတူအကျိုးသက်ရောက်မှုမျိုး ရှိနိုင်သည်သာ။
ကုန်ကုန်ပြောရလျင် ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်ပင်လျှင် ကျူးရှန်းယောင်၏ အလှတရားကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ဒီသက်တံရောင်ဝတ်ရုံက သခင်မလေးနဲ့ တကယ်ကို လိုက်ဖက်ပါတယ် သခင်မလေးလိုလူမျိုးကပဲ ဒီလို ဂဏ္ဍဝင်ဝတ်စုံရဲ့ အလှတရားကို အပြည့်အဝ ဖော်ထုတ်နိုင်မှာ"
"ချီးမြှောက်လွန်းရာကျနေပါပြီရှင်"
ထို့နောက် ကျူးရှန်းယောင်က ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်ကို ကျေးဇူးတင်ဟန်ဖြင့် အရိုအသေပေးလိုက်လေသည်။
ထို့နောက် သူမက ဆက်ပြောလိုက်၏။
"ကဲ ဒါဆိုလဲ ကျွန်မတို့ ပြန်ကြတာပေါ့ရှင်"
ကျူးရှန်းယောက် ပြန်ချင်သည်ဟုပြောလိုက်၍ ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင် ကြိတ်၍ ဝမ်းသာသွားလေသည်။ ထို့နောက် သူတို့အားလုံး ကောင်းကင်မွှေးရနံ့နန်းဆောင်ဆီသို့ ပြန်လာကြလေသည်။
သူတို့ ထွက်သွားသည်နှင့် နှင်းဆီတိမ်လွှာနန်းဆောင်မှ အစေခံများအားလုံး မျက်မှောင်ကုတ်ကုန်၏။
"မဖြစ်သင့်ဘူး တစ်နှစ်ခွဲကျော်လောက် အချိန်ယူပြီးယက်လုပ်ထားရတဲ့ ဝတ်ရုံကို ရောက်လာပြီး ခုမှတွေ့တဲ့လူတွေက ယူသွားရတယ်လို့ ဒါ ဘယ်လိုမှမဖြစ်သင့်ဘူး"
"နင်တို့ပါးစပ်ပိတ်ထားကြစမ်း ပြဿနာမတက်ချင်ရင် တိတ်တိတ်နေ"
နန်းဆောင်တာဝန်ရှိသူတဦးက အစေခံများအား လှမ်း၍မာန်မဲလိုက်လေသည်။
ထိုအချိန်တွင်ပင် ကျူးရှန်းယောင် အဝတ်လဲခဲ့သည့် အခန်းမှ အမျိုးသမီးတစ်ဦး ထွက်လာ၏။
သူမမှာ ဝတ်ရုံကို စမ်းသပ်ဝတ်ဆင်ခဲ့သော အမျိုးသမီးနှင့် ချွပ်စွပ်တူညီနေလေသည်။
ဘာတွေဖြစ်နေတာလဲ...
နှင်းဆီတိမ်လွှာနန်းဆောင်ရှိ လူပျံတော်များအားလုံး မျက်လုံးပြူးကုန်ကြ၏။
ထိုအချိန်မှာပင် အမျိုးသမီးက အောက်ပါအတိုင်း ပြောလိုက်လေသည်။
"ဟင် ညီအစ်မတွေ အားလုံး ပြန်ကုန်ကြတာလား ကျွန်မကိုလဲ ဘာမှမပြောခဲ့ပါလား"
ညီအစ်မတွေဆိုပါလား...
လူတိုင်း တယောက်မျက်နှာကို တယောက်ကြည့်ပြီး ခေါင်းရှုပ်ကုန်ကြ၏။
လူနှစ်ဦး အဝတ်လဲခန်းထဲသို့ ဝင်သွားသည်ကို သူတို့မမြင်လိုက်လေရာ အမျိုးသမီး၏ စကားကြောင့် သူတို့အားလုံး ကြောင်အန်းအန်း ဖြစ်နေကြလေသည်။
ထိုအခါ တာဝန်ရှိအမျိုးသမီးက မေးလိုက်လေသည်။
"ဒီက သခင်မလေး ဘယ်တုန်းက ဝင်သွားတာလဲ..."
ထိုအမျိုးသမီးက မကျေမနပ်ဖြင့် နှုတ်ခမ်းစူသွား၏။
"ရှင်တို့အားလုံး မျက်စေ့ကန်းနေကြတာလား ကျွန်မဝင်သွားတာ ဘယ်သူမှ မမြင်ကြဘူးပေါ့လေ ကျွန်မက သူ့ကို အဝတ်အသစ်လဲပေးနေတာရှင့်"
တဆက်တည်းမှာပင် အမျိုးသမီးက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ သူတို့ သွားရင်လည်း သွားပါစေ တယောက်တည်းပဲ ပြန်လိုက်တော့မယ်"
ထို့နောက် သူမ ကောင်းကင်သို့ တရှိန်ထိုး ပျံတက်သွားလေသည်။ သူမ ပျံထွက်သွားသည်ကို ကြည့်ပြီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သို့သော် သိပ်မကြာမီ ထိုအကြောင်းကို သူတို့အားလုံး မေ့လျော့သွားကြလေသည်။
အမျိုးသမီးသည် အချိန်အတော်ကြာ ပျံသန်းသွားပြီးမှ နှင်းဆီတိမ်လွှာနန်းဆောင်ဘက်သို့ လှည့်ကြည့်ကာ အားရပါးရ အော်ရယ်လိုက်၏။
ထိုအမျိုးသမီးကား တကယ့်ကျူးရှန်းယောင် အစစ်ပင် ဖြစ်လေသတည်း။
ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်သည် လှည့်ဖျားနှလုံးသားသွေးဗီဇ၏ လှည့်ဖျားဖမ်းစားနိုင်သော နည်းစနစ်များကို သတိထားနေသည့်တိုင် ကျူးရှန်းယောက်၏ နောက်ထပ်ကိုယ်ပိုင်လက္ခဏာဖြစ်သော စုချန်း၏အမျိုးသမီးဟူသောအကြောင်းကို မသိခဲ့ချေ။
စုချန်းနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီးနောက် ကျူးရှန်းယောက်သည်လည်း သူ့ထံမှ အသိပညာအများအပြားကို သင်ယူခဲ့ပြီးလေပြီ။ ထိုအထဲတွင် ခန့်မှန်းရခက်သော နည်းဗျူဟာများ၊ မဟာဗျူဟာဆိုင်ရင် အစီအစဥ်များနှင့် တီထွင်ဖန်တီးမှုတချို့လည်း ပါဝင်၏။
အတိအကျပြောရလျင် စုချန်းထံမှ ကျူးရှန်းယောင် သင်ယူနိုင်ခဲ့သည့် နည်းစနစ်များထဲတွင် သွေးအဆီအနှစ်ကိုယ်ပွားများလည်း ပါဝင်ပေသည်။
တကယ်တော့ ကျူးရှန်းယောင် သက်တံ့ရောင်ဝတ်ရုံ လိုချင်သည်ဟူသောစကားမှာ ဆင်ခြေတခုသာ ဖြစ်သည်။ သူမ၏ တကယ့်အစီအစဥ်မှာကား အစောင့်များ မသင်္ကာဖြစ်မဖြစ်စေပဲ ထွက်ပြေးရန် အခွင့်အရေးတရပ် ရှာဖွေရန်သာ ဖြစ်လေသည်။
အဝတ်အစားလဲသည့် အချိန်တိုလောက်နှင့်ပင် သူမ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကောင်းကောင်းလုံလောက်နေ၏။
ထို့ကြောင့် သက်တံ့ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသူမှာ ကျူးရှန်းယောင်၏ ကိုယ်ပွားသာဖြစ်ပြီး တကယ့် ကျူးရှန်းယောင် အစစ်မှာကား အဝတ်လဲခန်းတွင် အချိန်တခုထိ ပုန်းအောင်းနေခဲ့၏။ ထို့နောက် ကောင်းကင်မွှေးရနံ့နန်းဆောင်မှ လူအားလုံး ထွက်သွားပြီးမှသာ သူမ အပြင်သို့ ထွက်လာခဲ့လေသည်။
နှင်းဆီတိမ်လွှာနန်းဆောင်မှ အစေခံများနှင့် တာဝန်ရှိဝန်ထမ်းများမှာကား ဒုတိယ ကျူးရှန်းယောင် ထပ်မံပေါ်ပေါက်လာသည်ကို တွေ့လိုက်ကြရသည့်တိုင်အောင် ဘာတွေဖြစ်နေမှန်း မသိကြလေရာ ထိုလူများကို သူမ အလွယ်တကူပင် ပုံမှားရိုက်နိုင်ခဲ့၏။
ထို့နောက်တွင်တော့ ကျူးရှန်းယောင်အဖို့ သင့်လျော်သောပစ်မှတ်တခုကို ဖမ်းဆီးပြီး ကောင်းကင်မြို့တော်တွင် ဘာဖြစ်ခဲ့သနည်းဟူသော မေးခွန်းကို မေးမြန်းရန်သာ လိုတော့သည်။
ဤပစ်မှတ်သည် တိကျသော အချက်အလက်များ ပေးနိုင်ရန်အတွက် သင့်လျော်သော အဆင့်အတန်းတခုတွင် ရှိနေရမည်။ သူမ၏စွမ်းရည်များ ကောင်းကောင်း အလုပ်လုပ်စေရန် အမျိုးသားဖြစ်ရမည်။ သို့သော် အင်းအားကြီးလွန်းသူတော့ ဖြစ်၍မရချေ။
သို့ဆိုလျင် ဤသုံးချက်လုံးနှင့် ကိုက်ညီသော အကောင်းဆုံးပစ်မှတ်ဟူ၍ ဂုဏ်သရေရှိမျိုးနွယ်စု တစုမှ သခင်လေးများသာ ရှိတော့သည်။
သိပ်မကြာမီ သူမ လိုက်ရှာနေသည့် သခင်လေးမျိုးကို ကျူးရှန်းယောင် တွေ့လိုက်ရ၏။
ခမ်းခမ်းနားနား အဝတ်အစားများ ဝတ်ဆင်ထားကြသည့် လူပျံတော်အုပ်စုတစု သူမရှိရာသို့ လျှောက်လာနေကြ၏။ ထိုလူပျံတော်အုပ်စု၏ ရှေ့ဆုံးမှ လျှောက်လာသူမှာကား မြင်ရုံနှင့် ဂုဏ်သရေရှိ မျိုးနွယ်စုတစု၏ သခင်လေးတဦးမှန်း သိသာနေသည်။
အနှီလူပျံတော်သခင်လေးသည် သူမကို မြင်သည်နှင့် မျက်လုံးများကျွတ်ကျမတတ် စိုက်ကြည့်နေတော့၏။ ၎င်းကို မြင်သည်နှင့် ကျူးရှန်းယောင်က စွဲမက်ဖွယ်ရာပြုံးလိုက်ပြီး ထိုသခင်လေးကို ကြာမူပိုပို တချက်ကြည့်ကာ လမ်းကြားတခုထဲသို့ လှမ်းဝင်လိုက်လေသည်။
ထိုသခင်လေးလည်း ထင်ထားသည့်အတိုင်း ကျူးရှန်းယောင်နောက်သို့ ထပ်ချပ်မကွာပင် လိုက်ပါလာ၏။ သူ့နောက်လိုက်များကတော့ လမ်းကြားအပြင်ဘက်တွင် ရပ်နေကြလေသည်။
ကျူးရှန်းယောင်ကလည်း သခင်လေးကို လမ်းကြား၏ အတွင်းပိုင်းဆီသို့ မျှားခေါ်သွား၏။
ထို့နောက်တွင်မှ သူမက လူပျံတော်သခင်လေးကို လှည့်ကြည့်ပြီး နူးညံ့စွာ ပြောလိုကိလေသည်။
"ကျွန်မကို လှတယ်လို့ မထင်ဘူးလား"
"ထင်ပါတယ်"
လူပျံတော်သခင်လေးက ပြန်ဖြေလိုက်၏။
ထိုအခါ ကျူးရှန်းယောင်၏ မျက်နှာပေါ်တွင် ပို၍စွဲမက်ဖွယ်ရာ အမူအရာများ ပေါ်ပေါက်လာလေသည်။
"ဒါဆို ကျွန်မကို ကာကွယ်ပေးဖို့ ဆန္ဒရှိလား"
လှည့်ဖျားနှလုံးသားသွေးဗီဇ၏ ဖမ်းစားမှုအစွမ်းကား စတင် အလုပ်လုပ်နေခဲ့လေပြီ။ ကျူးရှန်းယောင်၏ အစီအစဥ်မှာ ရိုးရှင်းသော မေးခွန်းဖြင့် စတင်ပြီး တဖြည်းဖြည်းနှင့် ပိုမိုလေးနက်သော မေးခွန်းများသို့ ကူးပြောင်းသွားရန် ဖြစ်သည်။ သခင်လေးအား သူမကို ကာကွယ်ပေးရန် ဆန္ဒရှိမရှိ မေးပြီးနောက် သူမကို ချစ်မြတ်နိုးရန်၊ နာခံရန်၊ နောက်ဆုံးတွင် သူမအတွက် အသက်ပေးသွားရန်အထိ မေးမြန်းသွားရန် ကျူးရှန်းယောင်က တွေးထား၏။
သို့သော် ဒုတိယမေးခွန်းမေးလိုက်သည့်အချိန်မှာပင် တဖက်လူ၏ အဖြေက သူမကို အံ့သြသွားစေ၏။
"ကျုပ်ကတော့ ဆန္ဒရှိပါတယ် ဒါပေမဲ့ ကျုပ်ရဲ့ သခင်ကတော့ သဘောတူမယ်မထင်ဘူး"
ဟင်...ဒါဘာကိုဆိုလိုတာလဲ...
ကျူးရှန်းယောင် အံ့အားသင့်သွား၏။
ထိုအချိန်မှာပင် တဖက်လူ၏ ပုံပန်းသဏ္ဍာန်က သူမ အလွန်ရင်းနှီးသော ပုံစံသို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"ဟင်...ရှင်...သံမဏိပါလား"