စစ်ပွဲဆီသို့
Vol. 91 Ch. 901
မူလအလင်းရောင်ရဲတိုက် ကုန်သွယ်ရေးရပ်ကွက်တခုရှိ လမ်းသွယ်လေးထဲတွင် ဖြစ်သည်။ သံမဏိသည် ကျူးရှန်းယောင်၏ မျက်နှာအမူအရာကို ကြည့်ကာ အုတက်မတတ် ရယ်မောနေ၏။
သူ့ကိုကြည့်ရသည်မှာ ကျူးရှန်းယောင်ကို အကြောင်ရိုက်လိုက်ရ၍ အလွန်ကျေနပ်နေဟန်ပင်။
ကျူးရှန်းယောင် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
“ကဲ တော်စမ်းပါတော့ ဒီလောက်ကြီးရယ်မနေနဲ့တော့လေ ကျွန်မကို ပြောစမ်းပါအုံး ရှင်နဲ့ ဘယ်သူတွေပါလာသလဲဆိုတာ. . .”
“တိမ်တိုက်ကျားသစ် လင်ရှောက် နဲ့ ကျန်တဲ့လူတွေပေါ့ သခင်မလေး”
သံမဏိက ပြန်ဖြေလိုက်လေသည်။
“ရှင်တို့ ဒီကို ဘာလုပ်ဖို့ ရောက်နေတာလဲ”
ကျူးရှန်းယောင် တအံ့တသြနှင့် မေးလိုက်ပြန်သည်။
“သခင်မလေးကို လာရှာတာလေ”
သံမဏိက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
ကျူးရှန်းယောင် လှည့်စားခံရမည်ကို ကြိုတင်ခန့်မှန်းနိုင်သည့်နောက် စုချန်းက ပိတ်လော့မှတစ်ဆင့် သံမဏိနှင့် ကျန်လူများကို ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားစေခဲ့၏။ သို့သော် ကံမကောင်းသည်မှာ သူတို့ ခြေတလှမ်းစာခန့် နောက်ကျသွားခြင်းပင်။
သို့သော် စုချန်းကား ထိုအခြေအနေကိုလည်း ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သာ ယာဉ်တန်းကို မတားဆီးနိုင်ပါက နောက်အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်သည်။
သို့သော်ထိုအစီအစဥ်ကို အကောင်အထည်ဖော်ရန်မှာ ကျူးရှန်းယောင်နှင့် ဦးစွာ အဆက်အသွယ်ရရန် လိုအပ်၏။
သို့သော် ကောင်းကင်မွှေးရနံ့နန်းဆောင်သည် ကျူးရှန်းယောင်ကို မျက်စေ့အောက်မှ အပျောက်မခံပဲ အနီးကပ် စောင့်ကြည့်နေခဲ့၏။ ထို့ကြောင့် သံမဏိတို့လူသိုက်အနေနှင့် ကျူးရှန်းယောင်ကို အကျိုးအကြောင်းပြောပြရန် မည်သို့မှ အခွင့်အရေး မရနိုင်ပဲ ဖြစ်နေခဲ့လေသည်။ တဖက်တွင်လည်း သူတို့၏ ပုံဖျက်ဖုံးကွယ်ခြင်းနည်းစနစ်အဆင့်အတန်းအရ ကောင်းကင်မွှေးရနံ့နန်းဆောင်သို့ မည်သို့မှ ထိုးဖောက်ဝင်ရောက်နိုင်ဖွယ်ရာ မရှိပေ။ အကြောင်းမှာ ကောင်းကင်မွှေးရနံ့နန်းဆောင်သည် လူပျံတော်အတုအယောင်များကိုမဆိုဖထားနှင့် လူပျံတော်အစစ်များကိုပင် ဝင်ခွင့်မပြုသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မသည်မှာ သူတို့အနေနှင့် ဆင်းရဲဒုက္ခခံပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေစရာ မလိုတော့။ ကျူးရှန်းယောက်တယောက် ကိုယ်တိုင်ပင် ထွက်ပေါက်ရှာလာခဲ့လေပြီ။
“ကဲ ကျွန်မကို ရှင်းပြစမ်းပါအုံး ဒီမှာ ဘာတွေဖြစ်နေတာလဲ”
ကျူးရှန်းယောင် စိတ်မရှည်နိုင်တော့ပဲ သံမဏိကို ထုတ်မေးလိုက်တော့သည်။
ထိုအခါ သံမဏိကလည်း ကောင်းကင်မြို့တော်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို အကျဉ်းချုပ်ပြောပြလိုက်၏။
ထိုအခါကျမှ ကံကြမ္မာလက်ချောင်းများဂိုဏ်း နှင့် မိခင်နတ်ဘုရားမဂိုဏ်းကို အကြိမ်ကြိမ် အမြတ်ထုတ်ခဲ့သည့်အပြင် တနိုင်ငံလုံးကို တယောက်တည်း ရှင်းထုတ်ပစ်ရန် စီစဉ်နေသည့် စုချန်းအကြောင်းကို ကြားလိုက်ရ၍ သူမ အကြီးအကျယ် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
အဆိပ်တထောင်ဖားကြီးကို မျှားခေါ်ပြီး ကောင်းကင်မြို့တော်ကို တိုက်ခိုက်စေကြောင်း ကြားလိုက်ရသည့်အခါ သူမ ပို၍ပင် အံ့သြသွားသေး၏။
လက်စသတ်တော့ သူမကို ဖမ်းဆီးရန် လူပျံတော်များ ဤအတွက်ကြောင့် အလွန်စိတ်အားထက်သန်နေကြခြင်းပေတကား။ သူမကို ချုပ်ကိုင်ပြီး စုချန်းနှင့် အပေးအယူပြုလုပ်ရန် လူပျံတော်များ စီစဥ်နေကြခြင်းပင် ဖြစ်သည်။
ထိုအခိုက်မှာပင် ကျူးရှန်းယောင်က တစုံတရာကို သတိထားမိဟန်ဖြင့် ပြောလိုက်ပြန်သည်။
“နေစမ်းပါအုံး သူတို့ စုချန်းနဲ့ အပေးအယူလုပ်ချင်တယ်ဆိုရင် ကျွန်မကို တိုက်ရိုက်ဖမ်းဆီးသင့်တာပေါ့ ဒီလို ဟန်ဆောင်နေစရာမှမလိုတာပဲ”
“ဒါက သူတို့ သခင်မလေးနဲ့ သခင့်ရဲ့ကြားက ဆက်ဆံရေးကို အတည်မပြုရသေးလို့ဖြစ်လိမ့်မယ် တစ်နည်းအားဖြင့် ပြောရရင် သခင်ဘယ်သူဘယ်ဝါမှန်း သူတို့ လုံးဝမသိသေးဘူး ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ကျူးမျိုးနွယ်တွေ လူပျံတော်နယ်မြေကို ရောက်လာတဲ့အချိန်နဲ့ သခင် လုပ်ခဲ့တဲ့အရာတွေကို ဆက်စပ်နိုင်တဲ့ လူပျံတော်တချို့ ရှိတယ် အဲ့ဒီကနေမှ ဒီဖြစ်ရပ်တွေထဲမှာ ကျူးမျိုးနွယ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စိတ်ကူးမျိုး သူတို့ရကုန်ကြတာ"
သံမဏိက ရှင်းပြလိုက်သည်။
တကယ်တော့ ထိုအဖြေကို သံမဏိ ကိုယ်တိုင် စဉ်းစားထားခြင်း မဟုတ်ပေ။ ထိုမှတ်ချက်မှာ စုချန်းနှင့် ပိတ်လော့တို့ အချိန်အတော်ကြာအောင် စဥ်းစားဆွေးနွေးပြီးမှ ရရှိလာခြင်းဖြစ်သည်။ ကျူးရှန်းယောင်၏ လက်ရှိအခြေအနေမှာ ထိုမှတ်ချက် မှန်ကန်ကြောင်း ကောင်းကောင်းကြီး သက်သေပြနေ၏။
လူပျံတော်များဘက်မှသာ သူတို့၏ ရန်သူသည် ကျူးမျိုးနွယ်စုနှင့် နက်နက်ရှိုင်းရှုင်း ဆက်ဆံရေးရှိနေသည့် စုချန်းဖြစ်မှန်း သေချာနေပါက ထာဝရညအနေနှင့် ကျူးရှန်းယောင်ကို အကြမ်းကိုင်လိမ့်မည်သာ။
“လက်စသတ်တော့ ဒီလိုကိုး”
ကျူးရှန်းယောင် သက်ပြင်းတချက်ချပြီး ရေရွတ်လိုက်၏။
“ဒါဆို ကျွန်မတို့ ဒီကနေ အမြန်ဆုံး ထွက်သွားဖို့သင့်တယ် မဟုတ်ဘူးလား”
သို့သော် သံမဏိက ခေါင်းခါပြလိုက်သည်။
"သခင်မလေးအနေနှင့် သူတို့စောင့်ကြည့်မှုအောက်ကနေ ခနတဖြုတ် လွတ်လာပေမဲ့ သခင်မလေးရဲ့ကိုယ်ပွားက ကြာကြာခံမှာ မဟုတ်ဘူးလေ ပြီးတော့ ရဲတိုက်ပတ်ပတ်လည် လုံခြုံရေးကလဲ အလွန်တင်းကြပ်နေတယ် သူတို့သာ သခင်မလေး လွတ်မြောက်သွားမှန်းသိသွားရင် နယ်စပ်တွေကို ချက်ချင်းပိတ်ပစ်လိမ့်မယ် ဒါဆို ကျုပ်တို့ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး ပြီးတော့ သခင်မလေးသာ သူတို့လက်ထဲ ပြန်ရောက်သွားရင် သခင်မလေးနဲ့ သခင်ရဲ့ကြားက ဆက်စပ်မှုကို သူတို့ ကောင်းကောင်းကြီး အတည်ပြုနိုင်သွားလိမ့်မယ်"
“ဒါဆို ရှင်တို့က ကျွန်မကို ကယ်ဖို့ ဒီကိုလာတာ မဟုတ်ဘူးလား”
ကျူးရှန်းယောင် မကျေမနပ်ဖြစ်လာ၏။
သံမဏိက ထပ်မံရှင်းပြလိုက်ပြန်သည်။
“သခင်က ပြတ်ပြတ်သားသား အမိန့်ပေးထားပြီးသားပါ သခင်မလေး အကယ်၍ ကျုပ်တို့သာ သံတမန်အဖွဲ့ မူလအလင်းရောင်ရဲတိုက်ထဲ မဝင်ခင် သခင်မလေးနဲ့ အဆက်အသွယ်ရခဲ့မယ်ဆိုရင် ကျုပ်တို့ ထွက်ပြေးဖို့ ကြိုးစားလို့ရသေးတယ် ဒါပေမဲ့ အခု သခင်မလေးက မူလအလင်းရောင်ရဲတိုက်ထဲကို ရောက်သွားပြီး ဒါကြောင့် ကျုပ်တို့ အရန်အစီအစဥ်ကို ဆက်သွားမယ်"
“ဒီတော့ အရန်အစီအစဥ်က ဘာလဲ”
“အချိန်ဆွဲတာ”
သံမဏိက ပြန်ဖြေလိုက်သည်။
“အချိန်ဆွဲတာ ဟုတ်လား”
ကျူးရှန်းယောင် တွေဝေသွား၏။
“ဟုတ်တယ် အချိန်ဆွဲတာ ဒါပေမဲ့ ဒီအချိန်မှာ ကျုပ်တို့ ထိုင်စောင့်နေမှာတော့ မဟုတ်ဘူး သခင်မလေး စောင့်ကြည့်ထားပါ သိပ်မကြာခင်မှာ မူလအလင်းရောင်ရဲတိုက်ကို မဟာဗျူဟာမြောက်ဖိအားမှုတွေ ဆက်တိုက်ဆိုသလို ကျရောက်လာလိမ့်မယ်”
သံမဏိက အထက်ပါအတိုင်း ပြန်ဖြေလိုက်လေသည်။
အစီအစဉ်ကို ကြားလိုက်ရတော့မှ စုချန်း၏တွေးခေါ်ပုံကို ကျူးရှန်းယောင်၏ မျက်လုံးထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာတော့သည်။
မူလအရိုးတောင်ဝေး၏ ဟောကိန်းအရ ထာဝရအနေနှင့် ကျူးရှန်းယောက်ကို မည်သို့မည်ပုံဖမ်းဆီးရန် ကြံစည်နေသည်ကို သိလိုက်ရပြီးနောက် ထိုအစီအစဉ်တွင် အရေးကြီးသည့်အချက်ကို စုချန်း နားလည်သွားခဲ့၏။ ၎င်းမှာ ထာဝရညအနေနှင့် ကျူးရှန်းယောင်နှင့် ဟဲယွန်လေစီးကြောင်းအတုကြားမှ ဆက်ဆံရေးကို မည်သို့မှ အတည်မပြုနိုင်သေးခြင်းပင်။
အရာအားလုံးသည် ဤအနေအထားတွင် ခန့်မှန်းချက်သက်သက်သာ ဖြစ်နေသေး၏။
ခန့်မှန်းချက်ဟူသည်မှာ မှားယွင်းသွားရန် ရာခိုင်နှုန်းများပေသည်။ လူတိုင်း ခန့်မှန်းဖူးသလို လူတိုင်လည်း မှားတတ်ကြသည် မဟုတ်ပါလား။ စုချန်းပင်လျင် ထိုအမှားမျိုးနှင့် ကင်းနိုင်သည် မဟုတ်ချေ။
သို့နှင့် ထာဝရညသည်လည်း ကျူးရှန်းယောင်နှင့် ဟဲယွန်လေစီးကြောင်းအတုကြားမှ ဆက်ဆံရေးကို အတည်မပြုနိုင်သေးသောကြောင့် အရာရာတိုင်းကို သတိကြီးစွာထား၍ ချည်းကပ်နေ၏။ ဤသို့ သတိကြီးစွာထားနေခြင်းသည် စုချန်းကြောင့် သတိထားနေခြင်းသာမဟုတ်ပဲ သူ့မျိုးစိတ်တခုလုံး၏ အကျိုးလည်း ပါနေကြောင်း ရှင်းရှင်းလင်းလင်းကြီး ဖော်ပြနေပေသည်။
တနည်းအားဖြင့် ကြီးမားသည့်စစ်ပွဲတပွဲ ဖြစ်ပေါ်မလာစေရန် ထာဝရည သတိထားနေခြင်းပေတည်း။
ကျူးမျိုးနွယ်စုဟူသည် သာမညောင်ည မျိုးနွယ်စုတစု မဟုတ်ချေ။ လူသားကမ္ဘာတွင် နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇ ပါရှိသည့် မည်သည့်မျိုးနွယ်စုမဆိုသည် တော်ဝင်မိသားစုထက် အဆင့်တဆင့်သာ နိမ့်ကြ၏။ ဤတချက်နှင့်ပင် ကျူးမျိုးနွယ်စု၏ အဆင့်အတန်းကို မြင်သာနိုင်သည်။
ဤသို့သော မျိုးနွယ်စုတစု၏ အမွေခံကို ရေရေရာရာ အကြောင်းပြချက်မရှိပဲ ဖမ်းဆီးခြင်းဟူသည် အသေးအမွှားကိစ္စမျိုး မဟုတ်။ ဤလုပ်ရပ်တခုတည်းနှင့်ပင် စစ်ပွဲကြီးတပွဲ ဖြစ်ပွားသွားနိုင်၏။
အဆိပ်တထောင်ဖားကြီးနှင့် ကောင်းကင်မြို့တော်၏ တိုက်ပွဲကြောင့် လူပျံတော်များ၏ စစ်အင်အားမှာ သိသိသာသာပင် လျော့နည်းသွားခဲ့၏။ ဆန့်ကျင်ဘက်တွေးလျင် ၎င်းမှာ လူသားများအတွက် အခွင့်အရေးကောင်းတရပ်ပင် ဖြစ်လာလေသည်။
ဤအခြေအနေတွင် ကျူးရှန်းယောင်သာ တစုံတခု ဖြစ်သွားပါက ၎င်းသည် စစ်ပွဲတပွဲဆင်နွှဲရန် အကြောင်းပြချက်ထက် ပိုသွားမည်မှာ သေချာနေ၏။ ထို့ကြောင့်လည်း ထာဝရညက သူ့လူများအတွက် တိကျသည့် ညွှန်ကြားချက်များ ပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေနှင့် အင်အားကိုသာမက သံတမန်ဆန်ဆန် နူးညံ့သိမ်မွှေ့မှုမျိုးကိုလည်း ပြသရန် လိုအပ်နေ၏။ ဤဆန့်ကျင်ဘက် လိုအပ်ချက်နှစ်ရပ်သည် ထာဝရည ရင်ဆိုင်နေရသည့် ခက်ခဲသောအခြေအနေကို ရှင်းရှင်းလင်းလင်းပင် ဖော်ပြနေခဲ့လေသည်။
အကယ်၍ သူသာ စုချန်းနှင့် ကျူးမျိုးနွယ်အကြားမှ ဆက်ဆံရေးကို အတည်ပြုနိုင်ခဲ့လျင် ထာဝရညအနေနှင့် လူသားများနှင့် စစ်ပွဲကြီးဆင်နွှဲချိန်တွင် ခိုင်လုံသည့်အကြောင်းပြချက်တရပ်ကို ကိုင်စွဲထားနိုင်ပေလိမ့်မည်။ စုချန်း ပေါ်ထွက်လာအောင် ဖိအားပေးနိုင်လျင်ပင် ထိုအန္တရာယ်မျိုးကို ရင်ဆိုင်ရန် ထိုက်တန်သည်ဟု ထာဝရည ခံယူထား၏။
သို့သော် အနှီဆက်ဆံရေးကို အတည်မပြုနိုင်သေးသ၍ ထာဝရညတယောက် ဆုံးဖြတ်ချက်ချရန် တွေဝေနေအုံးမည်သာ။
ထိုအချက်ကြောင့် တိတ်တဆိတ် ပုန်းအောင်းနေရန် စုချန်း ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ထာဝရညတယောက် တွေဝေနေစေရန် စုချန်း ဖိအားပေးထားနိုင်ပေလိမ့်မည်။
အကယ်၍ စုချန်းအနေနှင့် လူရှေ့သို့ထွက်လာပြီး သူနှင့် ကျူးမျိုးနွယ်စုအကြား မည်သည့် ဆက်ဆံရေးမှမရှိကြောင်း ထုတ်ပြောလိုက်လျင် ဘာဖြစ်သွားမည်နည်း၊ အဘယ်ကြောင့် သူ့အနေနှင့် ပုန်းအောင်ရန် လိုအပ်နေရသနည်းဟု တချို့က ဆိုကောင်းဆိုနိုင်သည်။
အမှန်တော့ ဤသို့ လူရှေ့တွင် ငြင်းဆိုလိုက်ခြင်းမှာ အမှားကြီးတရပ် ကျူးလွန်လိုက်ခြင်းနှင့် အတူတူသာ။ အကြောင်းမှာ လူပျံတော်များတွင် အမျိုးမျိုးအဖုံဖုံသော နည်းစနစ်များကို ကျွမ်းကျင်သည့် အာကင်နာပညာရှင်များစွာ ရှိနေကြ၏။ ဤအခြေအနေတွင် စုချန်းသာ လူရှေ့ထွက်ပြီး ဗြောင်လိမ်ဗြောင်စားလုပ်ပါက လူပျံတော်တယောက်ယောက်က သူ့အလိမ်အညာများကို ထွင်းဖောက်မြင်နိုင်သွားချေမှာ အလွန်များလှ၏။
အကယ်၍ သင်သည် ရန်သူ့နိုင်ငံထဲသို့ အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် သူလျှိုတစ်ဦးဖြစ်သည်ဆိုပါစို့။ ဤအခြေအနေတွင် ရန်သူဘက်မှ တစုံတဦးကို ဖမ်းထားပြီး သင် အပြင်သို့မထွက်လာလျင် ဖမ်းဆီးထားသူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေခဲ့၏။ အကယ်၍ ရန်သူများ ဖမ်းဆီးထားသူသည် သင်နှင့် လားလားမျှ မသက်ဆိုင်သည့် သူစိမ်းတဦး ဖြစ်နေခဲ့လျင် သင် ဘာလုပ်မည်နည်း။
လွယ်ပါသည်။ သင့်အနေနှင့် ရန်သူ၏ ခြိမ်းခြောက်ပြောဆိုနေမှုကို လစ်လျူရှုလိုက်ရန်မှတပါး အခြားမရှိချေ။
ထိုအခြေအနေမျိုးတွင် ထိုတုံ့ပြန်မှုမှာ မှန်ကန်သည့် တုံ့ပြန်မှုဟု ဆိုနိုင်သည်။
စုချန်း လုပ်ဆောင်နေသည်မှာလည်း ဤအတိုင်း အတိအကျပင် ဖြစ်သည်။
ဤနည်းအားဖြင့် ထာဝရညတယောက် အချိန်ကြာလာသည်နှင့်အမျှ ချီတုံချတုံ ဖြစ်လာပေလိမ့်မည်။
သို့သော် စုချန်း လူရှေ့ထွက်မလာပဲ ပုန်းအောင်းနေရုံနှင့် ကျူးရှန်းယောင်ကို ကယ်တင်ရန် မကြိုးစားဟုတော့ ဆို၍မရချေ။
ကျူးရှန်းယောင်ကို အချုပ်အနှောင်မဲ့ဂိုဏ်းက ကယ်တင်ရန် ကြိုးစားပေလိမ့်မည်။ ယုတ်စွအဆုံး ကယ်တင်ရန်ကြိုးစားကြမည့်သူများတွင် လျောင်ယဲ့နိုင်ငံပင် ပါဝင်နေနိုင်သေးသည်။
“လျောင့်ယဲ့နိုင်ငံ ဟုတ်လား”
ကျူးရှန်းယောင် နည်းနည်းတော့ ခေါင်းရှုပ်သွား၏။
“ဟုတ်တယ် သခင်မလေး လျောင်ယဲ့နိုင်ငံပဲ"
သံမဏိက ဆက်လက်ရှင်းပြလိုက်ပြန်သည်။
“ထာဝရညနဲ့ ရင်ဆိုင်ခဲ့ရတဲ့ကာလတလျှောက်က အတွေ့အကြုံတွေကြောင့် ဒီလူပျံတော်ဘုရင်ကြီးရဲ့ စိတ်ရှည်သည်းခံနိုင်မှုနဲ့အသေးစိတ်တွက်ချက်တတ်တဲ့ သဘောသဘာဝကို သခင် ကောင်းကောင်းကြီး နားလည်သွားခဲ့တယ် ဒါကြောင့် သခင်မလေးနဲ့သခင်ရဲ့ ဆက်ဆံရေးကို သက်သေမပြနိုင်ဘူးဆိုရင်တောင် ဖြစ်နိုင်ချေရှိနေသရွေ့ သူက သခင်မလေးကို လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ သိပ်သေချာတယ် ဒီလိုအခြေအနေမှာ သခင်မလေးကိုကယ်ဖို့ သခင့်အနေနဲ့ ဘယ်လိုမှ ရှေ့ထွက်လာလို့မရဘူး ဒီလိုသာလုပ်လိုက်ရင် သခင်မလေးရဲ့အခြေအနေကို အရမ်းကို ဆိုးဝါးသွားလိမ့်မယ် ဒါပေမဲ့ သခင့်အနေနဲ့ ဒီအခြေအနေအတိုင်း ဇာတ်မြောကြီးသွားနေလို့လဲ မရပြန်ဘူး ဘာလို့လဲဆိုတော့ အခြေအနေက ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သခင်မလေးလဲ ဘယ်လိုမှ လွတ်နိုင်တော့မှာ မဟုတ်ဘူးလေ ဒါကြောင့် ကျုပ်တို့က ထာဝရည အကြောက်ဆုံးရှုထောင့်ကနေပဲ ချဉ်းကပ်မှရမယ်"
ကျူးရှန်းယောင် နားလည်သွားလေပြီ။
“ဒါဆို သူက နှစ်နိုင်ငံကြား စစ်ပွဲတပွဲစတင်ဖို့ ကြိုးစားနေတပေါ့ ဟုတ်လား"
သံမဏိ အားရပါးရ ရယ်မောလိုက်၏။
“သူ ကြိုးစားနေတာ အဲ့ဒီအတိုင်း အတိအကျပါပဲ သခင်မလေး”
အဆိပ်တထောင်ဖားကြီးနှင့် တိုက်ပွဲကြောင့် ကောင်းကင်နိုင်ငံ၏ စစ်ရေးရန်ပုံငွေမှာ များစွာ ထိခိုက်သွားခဲ့ရ၏။ တိုက်ပွဲတွင် စစ်သားနှစ်သိန်းနီးပါး သေကြေကုန်သည့်အပြင် အရင်းအမြစ်များစွာလည်း ကုန်ဆုံးသွားခဲ့ရသည်။
စစ်ပွဲဟူသည်မှာ အရင်းအမြစ်များကိုသာ အခြေခံပြီး တိုက်ကြရသည် မဟုတ်ပါလား။ သင့်တွင် လုံလောက်သော ဘဏ္ဍာငွေမရှိလျင် ရေရှည်စစ်ပွဲတပွဲကို ဆင်နွှဲ၍မရချေ။
ဤအခြေအနေတွင် ထာဝရညအနေနှင့်လည်း နောက်ထပ်ဖြစ်လာနိုင်မည့် စစ်ပွဲကြီးကို ရှောင်လွှဲနိုင်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်မှာ သေချာနေ၏။
မည်သို့ပင်ဆိုစေ ကျူးရှန်းယောင်ကြောင့် လူပျံတော်များနှင့် လူသားများကြား စစ်ပွဲကြီး ဖြစ်လာမည်ကို ထာဝရည လုံးဝမလိုလားချေ။
သို့သော် စုချန်းကတော့ ဤအတိုင်း အတိအကျဖြစ်ပေါ်လာစေရန် ကြိုးပမ်းရပေလိမ့်မည်။
“တကယ်တော့ သူက စစ်ပွဲစတင်ဖို့ လူသားတွေကို အတင်းအကျပ် တောင်းဆိုတဲ့သဘောတော့လဲ မဟုတ်ဘူးပေါ့ သခင်မလေး သူလိုချင်တာက သိပ်မကြာခင် စစ်ပွဲကြီးလာတော့မယ်ဆိုပြီး လူသားတွေကို ဟန်ဆောင်ခိုင်းချင်တဲ့ သဘောလောက်ပါပဲ"
သံမဏိက ထပ်မံ ရှင်းပြလိုက်၏။
“လက်စသတ်တော့ ဒီလိုကိုး”
ကျူးရှန်းယောင်တယောက် စုချန်း၏ အစီအစဉ်ကို နားလည်သွားခဲ့လေပြီ။
“သူက ကျွန်မကို ကယ်ဖို့ ထွက်လာလို့ မရပေမဲ့ လျောင်ယဲ့နိုင်ငံကတော့ ထာဝရညကို ဖိအားပေးနိုင်တယ် ထာဝရညသာ ကျွန်မတို့ဆက်ဆံရေးကို အတည်မပြုနိုင်ဘူးဆိုရင် စစ်ပွဲကို ရှောင်ရှားဖို့အတွက် အချိန်တခုအကြာမှာ ကျွန်မကို လွှတ်ပေးရမှာပဲ ကောင်းလိုက်တဲ့အစီအစဥ်”
နောက်ဆုံးတော့ မျိုးစိတ်နှစ်စိတ်အကြား နိုင်ငံရေးလှည့်ကွက်တစ်ခု ပေါ်ပေါက်လာတော့မည့်ပုံ ပေါ်နေ၏။
အစီအစဥ်မှာ အတော်လေးကို ကောင်းမွန်လှသည်။ သို့သော် အစီအစဥ်ကြောင့် ထွက်ပေါ်လာမည့် ဆူဆူညံညံအသံကတော့ ဘဝဂ်တိုင် ကျယ်လောင်မည့်သဘောရှိနေသည်။
အကယ်၍ တစုံတခုသာ မှားယွင်းသွားပါက ကျူးရှန်းယောင် မလွတ်မည့်အပြင် မျိုးစိတ်နှစ်စိတ်အကြား စစ်ပွဲတပွဲ အမှန်တကယ် ဖြစ်ပွားသွားနိုင်သည်။
“ပြဿနာတခုတော့ရှိတယ် လျောင်ယဲ့နိုင်ငံက ကျွန်မတို့နဲ့အတူ ရပ်တည်ပေးမှာလား”
ဟိုတွေးဒီတွေးနှင့် ကျူးရှန်းယောင် စိုးရိမ်လာပြန်သည်။
ကျူးချန်းဟွမ်သည် လျောင်ယဲ့နိုင်ငံတွင် အတော်လေး သြဇာအာဏာကြီးသော်လည်း သူတိုက်တွန်းရုံလောက်နှင့် လျောင်ယဲ့နိုင်ငံနှင့် လူပျံတော်များအကြား စစ်ဖြစ်လိမ့်မည် မဟုတ်ချေ။
“သခင်မလေး ပြောတာ အမှန်ပဲ ကျူးမျိုးနွယ်ဝင်တယောက် အကျဉ်းချခံရတာနဲ့ စစ်ဖြစ်မှာတော့ မဟုတ်ဘူး ဒါပေမဲ့ ကျုပ်တို့ကသာ သူတို့ရဲ့ လောဘကို လှုံ့ဆော်နိုင်ခဲ့ရင် အခြေအနေက ရှုပ်ထွေးသွားနိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်တထောင်ဖားကြီးရဲ့တိုက်ခိုက်မှုကြောင့် ကောင်းကင်မြို့တော် အကြီးအကျယ် အထိနာသွားတာက အမှန်တရားပဲလေ ဒါဟာ လျောင်ယဲ့နိုင်ငံအပါအဝင် လူသားမျိုးနွယ် တရပ်လုံးအတွက် ရွှေရောင်အခွင့်အရေးတရပ်လို့လဲ ဆိုနိုင်တယ် လူသားတွေမှာသာ ရည်မှန်းချက်ရှိရင် ဒီအခွင့်အရေးကို လက်လွှတ်ဖို့မသင့်ဘူး အဲဒီနောက်မှာတော့ သခင်မလေးဟာ ဒီစစ်ပွဲကို စတင်ဖို့ အကောင်းဆုံး ဆင်ခြေတခု ဖြစ်လာလိမ့်မယ်"
“တကယ်လို့ရှင် ထာဝရညက ကျွန်မကို လွှတ်ပေးလိုက်တယ်၊ ဒါပေမဲ့ စစ်ပွဲကတော့ ဖြစ်လာခဲ့တယ် ဒါဆိုရင်ရော ဘာဆက်ဖြစ်မလဲ"
ကျူးရှန်းယောင်က မေးလိုက်ပြန်သည်။
ထိုအခါ သံမဏိက အောက်ပါအတိုင်း ဖြေလိုက်၏။
“သခင်ကပြောတယ် လောဘရဲ့ မီးတောက်မီးလျံတွေ အရှိန်ရသွားပြီးဆိုရင် ဒီမီးကို ပြန်ငြိမ်းသတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲတဲ့ ဒါပေမဲ့ ဒီလိုဖြစ်လာတော့ရော သူ့နဲ့ ဘာဆိုင်သလဲ... သခင်မလေး အဆင်ပြေရင် စစ်ပွဲ ဖြစ်မဖြစ်ကို သခင်က ဂရုမစိုက်ဘူး ပြီးတော့ မျိုးစိတ်တစိတ် တိုးတက်မြင့်မားလာမှုရဲ့ အောက်ခြေမှာ ကျန်မျိုးစိတ်တစိတ်ရဲ့ ရှုံးနိမ့်မှုတွေ နာကျင်မှုတွေဆိုတာ အမြဲတမ်းရှိနေတတ်တာပဲမလား ဒါကြောင့် လူသားတွေအနေနဲ့ လူပျံတော်တွေကို ရှင်းထုတ်လိုက်နိုင်ရင်တောင် မမှားဘူးလို့ သခင်ကတော့ ခံယူထားတယ်"