စည်းရုံးခြင်း
Vol. 91 Ch. 902
စုချန်း၏ အစီအစဉ်ကို နားလည်ပြီးနောက် အရာအားလုံးကို လိုက်ပါလုပ်ဆောင်ရန် များစွာ လွယ်ကူသွားတော့သည်။
သံမဏိနှင့် မည်သို့အဆက်အသွယ်လုပ်ရမည်ကို တိုင်ပင်ညှိနှိုင်းပြီးနောက် ကျူးရှန်းယောင်တယောက် ကောင်းကင်မွှေးရနံ့နန်းဆောင်သို့ ပြန်လာခဲ့၏။ ထွက်ပြေးရန် ကြိုးစားခြင်းနှင့် နှိုင်းယှဉ်လျှင် ပြန်သွားရမည့်အရေးမှာ ပို၍ လွယ်ကူပေသည်။ ကျူးရှန်းယောင် ကောင်းကင်မွှေးရနံ့နန်းဆောင်သို့ ပြန်ရောက်မည့်အချိန်မှာပင် သူမ၏ ကိုယ်ပွားသည်လည်း မည်သူမှ သတိမထားလိုက်မိခင်ချိန်တွင် ဖြတ်ခနဲ ပျောက်ကွယ်သွားပေလိမ့်မည်။
အကယ်၍ ကျူးရှန်းယောင် ထိုသို့ ဖြတ်ခနဲ ပျောက်သွားခြင်းကို သတိထားမိသွား၍ ထိတ်ထိတ်လန့်လန့် ဖြစ်သွားကြသည်ဆိုစေအုံး တကယ့်ကျူးရှန်းယောင်အစစ်က နန်းဆောင်အပြင်လက်မှ ဝင်လာမည် ဖြစ်၍ လူတိုင်း ပြန်လည်စိတ်သက်သာရာ ရသွားကြပေလိမ့်မည်။ အကြောင်းမှာ သူတို့စောင့်ကြည့်ရမည့်ပစ်မှတ်က တကယ်တမ်း ထွက်ပြေးသွားခြင်းမဟုတ်၍ပင်။
သို့သော် ထိတ်လန့်စရာကောင်းသော အခြေအနေတရပ် မကြာမီ ပေါ်ပေါက်လာတော့မည်ကိုတော့ လူပျံတော်များသည် လားလားမျှ တွေးမထားမိကြချေ။
ကောင်းကင်မြို့တော်မှ လူပျံတော်များ စုချန်းကို အကြိတ်အနယ် လိုက်လံရှာဖွေနေချိန်မှာပင် လျောင်ယဲ့နိုင်ငံတွင်လည်း တီးတိုးစကားသံတချို့ သောသောညံနေခဲ့ပြီ ဖြစ်သည်။
“ကောင်းကင်မြို့တော်ကို အဆိပ်တထောင်ဖားကြီး ဝင်တိုက်သွားသတဲ့ လူပျံတော်ပေါင်း နှစ်သိန်းကျော်လောက်ထ်ိ ထိခိုက်သေဆုံးသွားပြီး အရင်းအမြစ်အတော်များများလဲ ကုန်ခန်းသွားသတဲ့"
"အဲဒီစစ်ပွဲမှာ လူပျံတော်စစ်သူကြီးတယောက် ကျဆုံးသွားတယ် သေသွားတဲ့လူပျံတော်တွေထဲမှာ သူက အတော်လေးအရေးပါတယ်"
“ညသန်းခေါင်တပ်ဖွဲ့တော့ အကြီးအကျယ် ခံလိုက်ရတယ်ဆိုပါလား"
“မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးခုနစ်ပါးလဲ စစ်မြေပြင်မှာ ကျဆုံးသွားပြီတဲ့"
“ဒဏ္ဍာရီလာအာကင်နာပညာရှင်ကောင်းကင်နေမင်းဖမ်းသူပါ စစ်မြေပြင်မှာ ကျဆုံးခဲ့သွားပြီ”
“နတ်ဆိုးသုတ်သင်ရေးအမြောက်လဲ အကြိမ်ကြိမ်ပစ်ခတ်ရတာကြောင့် ပျက်စီးသွားတယ်"
“နေမင်းထိုးခွဲအမြောက်တွေနဲ့ လျပ်စီးမြားတွေ တည်ဆောက်တဲ့နေရာမှာသုံးတဲ့ အရင်းအမြစ်တွေ အပါအဝင် အရင်းအမြစ်မြောက်မြားစွာကို ဆုံးရှုံးသွားတယ်တဲ့”
ပြင်းပြင်းထန်ထန် တိုက်ခတ်နေသောနှင်းမုန်တိုင်းကြောင့် ဆီးနှင်းများ တဖြောဖြောကျဆင်းနေသည့်ပမာ ကောင်းကင်မြို့တော်နှင့် ပတ်သက်နေသော အစီရင်ခံစာများ လီဝုယီ၏ စားပွဲပေါ်တွင် ပလူပျံနေတော့သည်။
တကယ်တမ်းပြောရလျင် ကောင်းကင်မြို့တော်ကို အဆိပ်တထောင်ဖားကြီးက ဝင်ရောက်တိုက်ခိုက်သွားခြင်းသည် ကြီးကြီးကျယ်ကျယ် ပြဿနာတော့ မဟုတ်။ အကြောင်းမှာ ၎င်းတိုက်ပွဲသည် လျောင်ယဲ့နိုင်ငံအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိသောကြောင့်ပင်။
သို့သော် အထက်ပါအတိုင်း ထွက်ပေါ်နေသော သတင်းများကြောင့် လျောင်ယဲ့နိုင်ငံအနေနှင့် ဤအခွင့်အရေးကို အသုံးချပြီး လူပျံတော်နယ်မြေကို သိမ်းပိုက်သင့်သည်ဟု တချို့က ယူဆလာကြ၏။
ဤသို့နှင့် စစ်ကြေငြာရန် စိတ်ကူးက လီဝုယီ၏ ခေါင်းထဲသို့လည်း ဝင်ရောက်စပြုလာတော့သည်။ အစီရင်ခံစာများကား ထိုအချိန်ထိ ဝင်လာမဆဲ တသဲသဲပင်။
နိုင်ငံရေးခန်းမသည် လီဝုယီနှင့် သူ့အမတ်များ နိုင်ငံရေးရာကိစ္စရပ်များ ဆွေးနွေးတိုင်ပင်သည့် နေရာဖြစ်သည်။ မှုးမတ်စုစုပေါင်း ၂၇ ယောက်ရှိသော်လည်း တကယ်တမ်းဦးဆောင်ဆွေးနွေးသူမှာ သုံးယောက်သာ ရှိ၏။ ထိုသုံးယောက်မှာကား နိုင်ငံရေးမှုးချုပ် ဝမ်ယန်း၊ အခမ်းအနားမှုးချုပ် ချန်းရုံနှင့် စစ်ဦးစီးချုပ် လီရုယွမ်တို့ပင် ဖြစ်လေသည်။
များသောအားဖြင့် ဤအခြေအနေမျိုးတွင် နိုင်ငံရေးမှုးချုပ်သည် ပို၍ အာဏာရှိနေတတ်၏။
ဝမ်ယန်းက လီဝုယီ၏ အောက်တွင် ထိုင်နေရင်း ပြုံးတုံ့တုံ့အမူအရာနှင့် အောက်ပါအတိုင်း စကားစလိုက်၏။
“တပ်မတော်တရပ်ဆိုတာ အသုံးမပြုပဲထားရင် ခေတ်နောက်ကျသွားတတ်တယ် ဒီတော့ သူတို့တွေ စစ်တိုက်ချင်နေတယ်ဆိုတာ ပုံမှန်ပဲ စစ်တိုက်ရမှာ ကြောက်နေတယ်ဆိုရင်သာ တစ်ခုခု မှားနေတာလို့ ပြောရမယ် ဒါပေမဲ့ မဟာဗျူဟာမြောက် အရေးကြီးသတင်းအချက်အလက် အများကြီး ခုလိုမျိုး ပြိုင်တူထွက်ပေါ်လာတာကတော့ အင်မတန်ရှားတယ်"
လီဝုယီ ပြုံးလိုက်၏။
“မင်းလည်း သတိထားမိတာကိုး ကျူးချန်းဟွမ်တယောက် ဒီရက်ပိုင်း အတော်လေး အလုပ်ရှုပ်နေပုံရတယ်”
ဘေးတွင် ရပ်နေသည့် လူငယ်တယောက်က ထိုစကားကြောင့်အံ့အားသင့်သွားဟန် တူသည်။
“ကျူးမျိုးနွယ်စုဟာ ကောင်းကင်နိုင်ငံရဲ့ သဘောတူညီချက်နဲ့ အဲဒီမှာ စီးပွားရေးလုပ်နေတာ မဟုတ်ဘူးလား ဒီတော့ သူတို့အနေနဲ့ ပဋိပက္ခကို ဆန့်ကျင်သင့်တာပေါ့ ခုကျတော့ စစ်ပွဲကို စဖို့ သူတို့ ဘာလို့များ ဒီလောက်တောင် တက်ကြွနေရတာလဲ"
ထိုလူငယ်၏အမည်မှာ လီတောက်ချိန်ဖြစ်ပြီး လီဝုယီ၏ သားတော်ဖြစ်သလို လျောင်ယဲ့နိုင်ငံ၏ အိမ်ရှေ့မင်းသားလည်း ဖြစ်လေသည်။
ဝမ်ယန်းက ပြန်ဖြေလိုက်၏။
“ကျူးချန်းဟွမ်ရဲ့သမီး ကျူးရှန်းယောင်တယောက် လူပျံတော်နယ်မြေထဲမှာ အကျယ်ချုပ် အချုပ်ခံထားရတယ်လို့ ကျုပ်တို့ သတင်းရထားတယ်"
လီတောက်ချိန် ကပျာကယာပင် ပြန်မေးလိုက်၏။
“ကျူးရှန်းယောင်ဟုတ်လား လူပျံတော်တွေက သူ့ကို ဘာလို့များ ဖမ်းထားချင်တာလဲ”
လီတောက်ချိန်သည် ကျူးရှန်းယောင်ကို ယခင်ကတည်းက သိထားဖူး၏။ ရှင်းရှင်းပြောရလျင် ကျူးရှန်းယောင်၏ အလှကွန်ယက်ထဲတွင် နစ်မြုပ်နေသူမှာ လီတောက်ဟုန်သာမကပဲ လီတောက်ချိန်လည်း ပါဝင်လေသည်။ ကျူးရှန်ယောင်ကတော့ သူတို့ နှစ်ယောက်စလုံးကို ပစ်ပစ်ခါခါပင်။ သို့သော် လီတောက်ချိန်၏ နှလုံးသားထဲတွင် ကျူးရှန်းယောင်၏ ပုံရိပ်က အမြဲတမ်းရှိနေခဲ့၏။
ယခုလည်း ကျူးရှန်းယောင် လူပျံတော်နယ်မြေထဲတွင် အကျယ်ချုပ် အချုပ်ခံနေရမှန်း သိလိုက်သည်နှင့် သူ ချက်ချင်းပင် ခေါင်းထောင်လာတော့သည်။
သားဖြစ်သူ၏ တုံ့ပြန်မှုကို သဘောမကျဟန်ဖြင့် လီဝုယီက လီတောက်ချိန်ကို တင်းမာသောအကြည့်နှင့် လှမ်းကြည့်လိုက်၏။ ထိုအခါကျမှ မိမိစည်းကျော်သွားမှန်း သဘောပေါက်လိုက်သော လီတောက်ချိန် ခေါင်းငုံ့ကာ သူ့နေရာသို့ ပြန်ဆုတ်သွား၏။
သို့သော် ဝမ်ယန်းကတော့ ဂရုမစိုက်။ သူ ခေါင်းခါပြရင်း ပြန်ဖြေလိုက်၏။
“ကျူးချန်းဟွမ် အစောပိုင်းက ကျုပ်ကို လာရှာသေးတယ် သူပြောပြတဲ့အတိုင်း ပြောပြရရင် တပ်တွေစုစည်းဖို့ အကြောင်းပြလို့ကောင်းအောင် သူကိုယ်တိုင်ပဲ ကျူးရှန်းယောင်ကို ရည်ရွယ်ချက်ရှိရှိ အဖမ်းခံစေလိုက်တယ်ဆိုပဲ ဒါပေမဲ့ ဒီအဖိုးကြီး စိတ်ရင်းမှန်နဲ့ပြောနေတာမဟုတ်ဘူးဆိုတာ ကျုပ် ကောင်းကောင်းကြီး ခံစားမိတယ် ကံဆိုးတာက ကောင်းကင်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရဖို့ဟာ ကျုပ်တို့အတွက် အရမ်းကိုခက်ခဲနေတာပဲ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျုပ်ကိုယ်တိုင်လဲ တကယ်ကိုမသိဘူး ဒါကြောင့် လျောင်ယဲ့နိုင်ငံအတွက် သူ့မြေးမလေးကို သားကောင်အနေနဲ့သုံးဖို့ ဒီအဖိုးကြီးကျူးမှာ တကယ်ကြီး ဆန္ဒရှိနေတယ်လို့ပဲ ကျုပ်တို့အနေနဲ့ ခနတဖြုတ် ယုံရမလို ဖြစ်နေတယ်"
လီဝုယီ နှာခေါင်းရှုံ့လိုက်၏။
“ဒီအဖိုးကြီးကျူးက မြေခွေးတကောင်လိုပဲ အရမ်းကို ညဏ်နီညဏ်နက်များလွန်းတယ် မင်း သူပြောတာကို မယုံလိုက်လေနဲ့ ကြည့်ရသလောက် ကျူးရှန်ယောင်ကိုယ်တိုင် ပြဿနာကြားထဲ တကယ်ရောက်နေပြီး ကျုပ်တို့ရဲ့ အကူအညီ လိုနေတာမျိုး ဖြစ်နိုင်တယ်"
ထိုစကားကို ကြားသည်နှင့် လီတောက်ချိန် စိတ်လှုပ်ရှားလာပြန်သည်။
“ဖေဖေ...”
လီဝုယီကား သူ့သားကို အနည်းငယ်မျှ ဂရုမစိုက်ချေ။
“မင်းသာ သူ့ကို ကယ်ဖို့ ငါ့ကို တောင်းဆိုကြည့်စမ်း မင်းခြေထောက်တွေကို ဒီနေရာမှာတင် ငါ ရိုက်ချိုးပစ်မယ်”
လီတောက်ချိန် ချက်ချင်း ပါးစပ်ပိတ်သွားလေ၏။
ဝမ်ယန်း ပြုံးလိုက်ပြန်သည်။
“ကျူးချန်းဟွမ်က အတော်လေး ဉာဏ်နီဉာဏ်နက်များတယ်ဆိုပေမဲ့ ကောင်းကင်မြို့တော်ကို အဆိပ်တထောင်ဖားကြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ သတင်းအမှန်ပါပဲ ဒါကြောင့် လူပျံတော်နယ်မြေကို ကျူးကျော်ဝင်ရောက်ဖို့ ကျုပ်တို့အတွက် ရှားပါးအခွင့်အရေးရလာပြီလို့ ဆိုမယ်ဆိုရင် ဆိုနိုင်တယ် ပြီးတော့ ကျူးရှန်းယောင်ကိုယ်တိုင်ကလည်း စစ်ပွဲစတင်ဖို့အတွက် အကြောင်းပြချက်ကောင်းတခုပဲမလား အနည်းဆုံးတော့ ကျူးချန်းဟွမ် အဲဒါနဲ့ပတ်သက်ပြီး လိမ်မနေဘူးဆိုတာ သေချာတယ်"
သူတို့သည် အသုံးချခံရသည်ဟု သံသယရှိနေသည့်တိုင် အမှန်တရားကတော့ အမှန်တရားပင် ဖြစ်သည်။
ဝမ်ယန်းကဲ့သို့ အတွေ့အကြုံရင့် သံတမန်တစ်ဦးအနေနှင့် လုပ်ငန်းစဉ်အတွင်း အကျိုးကျေးဇူး လုံလုံလောက်လောက် ရရှိနေသ၍ မည်သူတဦးတယောက် အသုံးချသွားသည်ဆိုစေကာမူ သူ ဂရုမစိုက်ချေ။
သို့သော် ဝမ်ယန်းနှင့် နှိုင်းယှဉ်လျင် လီဝုယီက ပို၍သံသယကြီးနေ၏။
“တပ်ကို စုစည်းတာက မခက်ဘူး ဒါပေမဲ့ အဲဒီနောက်မှာ ကျုပ်တို့က ဘာဆက်လုပ်ရမှာလဲ”
လီဝုယီသည် စားပွဲပေါ်တွင် လက်ချောင်းနှင့် ခေါက်ရင်း ရေရွတ်လိုက်သည်။
“ပထမဆုံးမေးခွန်းက ကျုပ်တို့ အနိုင်ရနိုင်မယ်ဆိုတာ သေချာရဲ့လားဆိုတာပဲ သူတို့နိုင်ငံကို ကျုပ်တို့ လုံးဝ ချေမှုန်းနိုင်မလား ပြီးတော့ ကျုပ်တို့ ဘာအကျိုးအမြတ်တွေ ရမှာလဲ ဘာတွေ ပြန်ပေးဆပ်ရမှာလဲ စစ်ပွဲမှာ အပြောင်းအလဲတခုခု ဖြစ်လာခဲ့ရင် လျောင်ယဲ့နိုင်ငံအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ နောက်ဆုံးမေးခွန်းကတော့ ကျုပ်တို့သာ စစ်ပွဲကိုစလိုက်မယ်ဆိုရင် တခြားမျိုးစိတ်တွေနဲ့ တခြားနိုင်ငံတွေက ဘယ်လိုတုံ့ပြန်လာမှာလဲ"
ဤမေးခွန်းများသည် နိုင်ငံတနိုင်ငံ၏ ဘုရင်တပါးအတွက် လိုအပ်သော ကြိုတင်မျှော်တွေးနိုင်မှုနှင့် သတိကြီးကြီးထားခြင်းကို အပြည့်အဝ ပြသနေ၏။
ဝမ်ယန်းပင် အဆိုပါမေးခွန်းများကြောင့် အံ့အားသင့်သွားလေသည်။ တခနအကြာတွင် သူက ပြန်ဖြေလိုက်၏။
"ကျုပ်တို့ရထားတဲ့ အစီရင်ခံစာတွေသာ မှန်ကန်တယ်ဆိုရင် လူပျံတော်တွေရဲ့ စစ်ရေးအင်အားက အများကြီး အားလျော့သွားပြီ တိုက်ခိုက်ရေးစွမ်းအားသက်သက်အရ ပြောရမယ်ဆိုရင် ကျုပ်တို့ အနိုင်ရနိုင်ခြေ အများကြီးရှိတယ် ဒါပေမဲ့ သူတို့ကို လုံးဝ ချေမှုန်းပစ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
ကောင်းကင်မြို့တော်သည် အလွန်အားကောင်းလွန်းလှ၏။ ၎င်းသည် ကမ္ဘာဦးမတိုင်မီ သားရဲတကောင်ကိုပင် ချေမှုန်းပစ်နိုင်သည်ဆိုလျှင် လျောင်ယဲ့တနိုင်ငံတည်းအနေနှင့် ဤမြို့နှင့် ယှဉ်ပြိုင်ရန် မလုံလောက်သည်မှာ သိသာနေ၏။
အကယ်၍ သူတို့သာ ကောင်းကင်မြို့တော်ကို လုံးဝချေမှုန်းနိုင်ခြင်းမရှိလျင် တခြားနိုင်ငံများက မည်သို့ တုံ့ပြန်မည်နည်းဟူသော အချက်မှာ များစွာ အရေးပါနေသည်။
လျောင်ယဲ့နိုင်ငံသာ ၎င်းတို့၏ တပ်များကို စုစည်းလိုက်လျင် အခြားနိုင်ငံများက မည်သို့ တုံ့ပြန်ကြမည်နည်း။ ရန်သူတခြားမျိုးစိတ်များက မည်သို့ တုံ့ပြန်ကြမည်နည်း။ ဤအချက်များကို သေချာပေါက် ထည့်သွင်းစဥ်းစားရပေလိမ့်မည်။
သူတို့သာ ဤအခြေအနေကို မှားယွင်းစွာ ကိုင်တွယ်မိပါက လျောင်ယဲ့နိုင်ငံသည် တခြားနိုင်ငံများ သို့မဟုတ် တခြားမျိုးစိတ်များ၏ နောက်ကျောမှဓားနှင့်ထိုးခြင်းကို ခံရနိုင်ချေရှိ၏။ ထိုအခါ သူတို့ ဘာလုပ်ကြမည်နည်း။
မည်သို့ပင်ဆိုစေ စစ်တိုက်သည်ဟူသည်မှာ လွယ်သောကိစ္စမဟုတ်ချေ။ ထို့ကြောင့် ဘက်စုံထောင့်စုံမှ စဥ်းစားရန် လိုအပ်၏။
စုချန်းအဖို့ကား လျောင်ယဲ့နိုင်ငံအနေနှင့် ထာဝရညအပေါ် ဖိအားပေးစေချင်သော်လည်း ထိုဆန္ဒပြည့်ရန်ကတော့ ခက်ခဲနေဆဲပင်။ နောက်ဆုံးတော့ စုချန်းသည်လည်း လူသားတဦးသာ ဖြစ်သည်။ ဤစစ်ပွဲကို စတင်ရန် နောက်ဆုံးဆုံးဖြတ်ချက်ကို သူ ချမှတ်နိုင်ခြင်းမရှိချေ။
ကံကောင်းသည်မှာ စုချန်းသည် အခြေအနေအားလုံးကို ဘက်စုံထောင့်စုံမှ စဥ်းစားထားခြင်းပင်။
နိုင်ငံရေးဟူသည် များစွာ ရှုပ်ထွေးလှ၏။ သို့သော် တခါတရံတွင် ရိုးရှင်းသော လှုပ်ရှားမှုက ကြီးမားသော ပြဿနာတခုကိုပင် ဖြေရှင်းပေးသွားတတ်ပေသည်။ တခါတရံတွင် တစ်စုံတစ်ဦးကို လာဘ်ထိုးခြင်းကလည်း ပို၍ လက်တွေ့ကျနေတတ်၏။
လီဝုယီအနေနှင့် မည်မျှပင် မဟာဗျူဟာကျကျ စဥ်းစားစေကာမူ၊မည်မျှပင် ဉာဏ်ကောင်းစေကာမူ ကျူးချန်းဟွမ်က ဝမ်ယန်းကို လာဘ်ထိုးထားကြောင်း မည်သို့မှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ချေ။ အကယ်၍ သူ သတိပြုမိခဲ့လျှင်ပင် မသိဟန်သာပြုနေပေလိမ့်မည်။
ထို့အတူ ဝမ်ယန်းသည်လည်း လူမိုက်မဟုတ်ချေ။ သူ့အနေနှင့် လီဝုယီကို စည်းရုံးနိုင်ရန်အတွက် ခိုင်လုံသောအကြောင်းပြချက်တခု လိုအပ်မည်မှန်း ကောင်းကောင်းကြီး နားလည်ထား၏။
ဤအကြောင်းပြချက်ကလည်း လိမ်လည်ခြင်း သို့မဟုတ် ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ပဲ တိကျမှန်ကန်နေရန် လိုအပ်၏။ ထို့ကြောင့်လည်း သူကိုယ်တိုင်က ကျူးချန်းဟွန်ကို အပြည့်အဝ ယုံကြည်နေခြင်းမဟုတ်ကြောင်း စကားဦးသန်းထားခြင်းပင်။ တနည်းအားဖြင့် သူ့တွင် မည်သည့်ပုဂ္ဂလိက ရည်ရွယ်ချက်မှ မရှိကြောင်း ဘုရင်ကို သက်သေပြထားလိုက်ခြင်း ဖြစ်သည်။
လျောင်ယဲ့နိုင်ငံအနေနှင့် ကောင်းကင်မြို့တော်ကို လုံးဝ ချေမှုန်းနိုင်မည် မဟုတ်ကြောင်း မှတ်ချက်ပြုပြီးသည်နှင့် ဝမ်းယန် အချိန်အတော်ကြာအောင် စဥ်းစားနေ၏။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကျုပ်အနေနဲ့ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပါတယ် ဒါပေမဲ့ လျောင်ယဲ့နိုင်ငံနဲ့ လူပျံတော်တွေဟာ ဘယ်တုန်းကမှ မိတ်ဆွေတွေ မဟုတ်ခဲ့ကြဘူး ကျုပ်တို့တွေ နှစ်ပေါင်းထောင်ချီအောင် စစ်ပွဲတွေ အများအပြား ဆင်နွှဲခဲ့ကြပြီးပြီ တနည်းအားဖြင့် ကျုပ်တို့ကြားက ရန်ငြိုးဟာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဒါကြောင့် ဒီလိုရန်ညိုးဟာ စစ်ပွဲတပွဲ၊ နှစ်ပွဲကြောင့် ပိုပြီး ကြီးထွားလာစရာ အကြောင်းမရှိဘူးလို့ ကျုပ်ထင်တယ် ဒီတော့ ကျုပ်တို့ဘက်က သူတို့ကို တိုက်ခိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ သူတို့ကတော့ ကျွန်တော်တို့ကို အလျင်းသင့်ရင်သင့်သလို တိုက်ခိုက်နေမှာကတော့ သေချာတယ်"
ဤတကြိမ်တွင်တော့ လီဝုယီက ခေါင်းညိတ်လိုက်၏။
“မှန်တယ် ကျုပ်တို့ တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ ကျုပ်တို့ဟာ ဘယ်တော့မှ မိတ်ဆွေတွေ ဖြစ်လာမှာ မဟုတ်ဘူး သူတို့ ဒုက္ခရောက်နေချိန်မှာ အခွင့်အရေးယူလိုက်တာကမှ ကျုပ်တို့အတွက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေဖန်တီးနိုင်ခွင့်ကို ဖြစ်ပေါ်လာစေလိမ့်မယ်"
ဝမ်ယန်းက ဆက်ပြောပြန်သည်။
“တခြားနိုင်ငံတွေနဲ့ပတ်သက်လို့ကတော့ သိပ်စိုးရိမ်စရာ မရှိပါဘူးလို့ထင်တယ် ကျုပ်တို့ လူသားတွေဟာ ဘုံခြိမ်းခြောက်မှုတခုနဲ့ ကြုံလာတိုင်း အမြဲလိုလို စည်းလုံးသွားလေ့ရှိကြတယ် ဒါကြောင့် အတွင်းပိုင်း ပဋိပက္ခတွေ ပေါ်ပေါက်လာမှာကိုတော့ သိပ်ပြီးစိုးရိမ်ဖွယ်ရာ မရှိလောက်ဘူး"
“ဒါပေမဲ့ ကျုပ် အဓိက စိုးရိမ်နေတာက ရည်မှန်းချက်ကြီးပြီး လှည့်စားတတ်တဲ့ လူစားမျိုးတွေ ရှိနေမှာကိုပဲ”
လီဝုယီက သူ့အမြင်ကို ပြောလိုက်၏။
သူ့အနေနှင့် လူသားများ၏ စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်းကြီး နားလည်သဘောပေါက်ထား၏။ လူသားမျိုးနွယ်စု စည်းလုံးသည်မှာ မှန်သော်လည်း ရည်မှန်းချက်ကြီးမားသော လူတချို့ဟူသည်မှာ အမြဲတမ်းရှိနေတတ်၏။ ထိုလူများသာ အခွင့်အရေးကို အသုံးချရန် ကြိုးစားလာပါက လျောင်ယဲ့နိုင်ငံအဖို့ များစွာ ထိခိုက်သွားနိုင်သည်။
ထိုစဥ် ဝမ်ယန်းက ဆက်ပြောလိုက်၏။
“ဒါကြောင့်မို့လို့လဲ ကျုပ်တို့ တခြားနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ထားဖို့ လိုတယ် လူသားနိုင်ငံ ခုနစ်နိုင်ငံဟာ လိုအပ်လာတဲ့အခါ မဟာမိတ်ဖွဲ့လေ့ရှိတာမို့ ဒါက မဆန်းဘူး အခုဆိုရင် လူပျံတော်တွေဟာ အရင်ကထက် အများကြီး ပိုအားလျော့သွားပြီ ဒါက ကျုပ်တို့အတွက် သူတို့ကိုတ်ိုက်ခိုက်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ"
လီဝုယီသည် မျက်မှောင်ကုတ်သွားဉ။
"တခြားနိုင်ငံတွေ သဘောမတူမှာကိုတော့ ကျုပ် စိတ်ပူနေတာ အမှန်ပဲ"
ဝမ်ယန်း ပြုံးလိုက်၏။
“သူတို့ရဲ့တပ်တွေကို စုစည်းပြီး ကောင်းကင်နိုင်ငံကို တိုက်ခိုက်ဖို့တိုက်တွန်းရင်တော့ ဘယ်သဘောတူပါ့မလဲ ဒါပေမဲ့ အကျိုးအမြတ်တွေ ခွဲဝေယူကြဖို့ ဖိတ်ခေါ်ရင်တော့ ဝမ်းသာအားရနဲ့ကို သဘောတူကြလိမ့်မယ်"
“အကျိုးအမြတမတွေ ခွဲဝေယူဖို့ ဟုတ်လား”
လီဝုယီ အံ့အားသင့်သွား၏။
“မှန်ပါတယ်အရှင်မင်းကြီး ခွဲဝေယူဖို့ပေါ့ လူပျံတော်တွေရဲ့နယ်မြေ၊ သူတို့ရဲ့ အရင်းအမြစ်တွေ၊ ကြီးမားတဲ့ မျိုးနွယ်စုပိုင်ရတနာတွေအပြင် တခြားမက်မောစရာကောင်းလှတဲ့ ရတနာသိုက်ကြီးတခုကိုပေါ့ ဒါနဲ့ အရှင်မင်းကြီး လူပျံတော်နယ်မြေမှာ လတ်တလောကမှ ထင်ရှားလာတဲ့ လျှို့ဝှက်ရတနာသိုက်တခုအကြောင်းကို ကြားပြီးပြီလား"
“လတ်လောကမှ ထင်ရှားလာတဲ့ လျှို့ဝှက်ရတနာသိုက် ဟုတ်လား"
“မှန်ပါတယ်အရှင်မင်းကြီး အဲဒီရတနာသိုက်ကို ဟဲယွန်လေစီးကြောင်းရတနာသိုက်လို့ ခေါ်ကြတယ် သိရသလောက်ကတော့ ဟဲယွန်လေစီးကြောင်းဆိုတာ ကျုပ်တို့ သုံ့ပန်းလဲလှယ်မှုတခုမှာ လွှတ်ပေးခဲ့တဲ့ လူပျံတော်တယောက် ဖြစ်ပါတယ် ဟဲယွန်လေစီးကြောင်းဟာ လူပျံတော်နယ်မြေကို ပြန်ရောက်သွားပြီးတဲ့နောက်မှာ ကျောက်စိမ်းမြူရဲ့လျှို့ဝှက်ရတနာနယ်မြေ၊ ကံကြမ္မာလက်ချောင်းများနဲ့ မိခင်နတ်ဘုရားမ ဂိုဏ်းရဲ့ဘဏ္ဍာတိုက်တွေကို ဆက်တိုက်ဆိုသလိုဓားပြတိုက်ခဲ့ပြီး ရတနာတွေအားလုံးကို ကောင်းကင်မြို့တော်အပြင်ဘက်က တွင်းတတွင်းထဲမှာ မြှုပ်ထားခဲ့တယ်”
ပြောရင်းနှင့် ဝမ်ယန်းက ရယ်မောလိုက်သေး၏။ ထို့နောက် သူက ဆက်ပြောလိုက်ပြန်သည်။
“ကနဦး ခန့်မှန်းချက်တွေအရတော့ အဲဒီရတနာတွေရဲ့တန်ဖိုးဟာ စုစုပေါင်း မူလကျောက်တုံးသုံးဘီလီယံတောင် ကျော်မယ်လို့ သိရတယ်"
ထိုစကားကို ကြားလိုက်သောအခါ လီဝုယီ၏နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လှုပ်ရှားသွား၏။
"သုံးဘီလီယံ ဟုတ်လား”
လီဝုယီ အသက်က်ိုဝအောင် ရှူသွင်းလိုက်၏။
“ဟုတ်ပါတယ် ကောင်းကင်မြို့တော်ရဲ့ အပြင်ဘက်မှာပါပဲ"
“ဒီသတင်းက တိကျရဲ့လား”
“သတင်းက ကောင်းကင်မြို့တော်တခွင်မှာကို ပျံ့နေပါပြီ ဒီရတနာတွေကို လူပျံတော်တွေ အသည်းအသန် လိုက်ရှာနေကြတယ် ဒါကြောင့် ဒီသတင်း မှန်တယ်ဆိုတာ သေချာသလောက်ပါပဲ”
ဝမ်ယန်းကား ငါးစာကို ချလိုက်ပေပြီ။ ဟပ်မဟပ်ဟူသည်မှာ လီဝုယီအပေါ်တွင်သာ မူတည်နေတော့သည်။
စုချန်းအနေနှင့် ကျူးရှန်းယောင်ကို ကယ်တင်ရန် စစ်ပွဲကြီးတပွဲ ဖြစ်ပွားရမည်ကို အနည်းငယ်မှ ဂရုမစိုက်ချေ။
ဝမ်ရန်းသည်လည်း ကျူးချန်းဟွမ် ကတိပြုထားသည့် အကျိုးကျေးဇူးများကို ရရှိမည်ဆိုလျင် ပဋိပက္ခ ပိုမိုကြီးမားလာအောင် ပြုလုပ်ရန် မီးထိုးပေးရမည်ကို အနည်းငယ်မှ လက်တွန့်ခြင်းမရှိ။
နိုင်ငံရေးသမားများဟူသည် လူမိုက်များ မဟုတ်သည့်တိုင် များသောအားဖြင့် လောဘကြီးပြီး ထိုလောဘကြောင့်ပင် မိုက်မဲသော ဆုံးဖြတ်ချက်များကို ချတတ်ကြ၏။
သို့သော် ထိုဆုံးဖြတ်ချက် မိုက်မဲသည်ဟု ယတိပြတ်ဆိုရန်အတွက်ကတော့ စစ်ပွဲရဲ့ ရလဒ်ကို ကြည့်ရပေအုံးမည်။
သင် အောင်မြင်ခဲ့လျင် သင် ဉာဏ်ကောင်းသည်ဟု ဆိုကြပေလိမ့်မည်။ သင် ကျရှုံးခဲ့လျင်တော့ သင် လူမိုက်ဖြစ်သွားပေလိမ့်မည်။
နောက်ကွယ်မှ အကြောင်းတရားများကို မည်သူက ဂရုစိုက်နေအုံးမည်နည်း။