← Chapters

စွဲစွဲမြဲမြဲ

Vol. 91 Ch. 903

စွဲစွဲမြဲမြဲ

Vol. 91 Ch. 903

လီဝုယီတယောက် အထက်ပါအတိုင်း သူ့နိုင်ငံရေးအဖွဲ့ဝင်များနှင့် ဤကိစ္စကို ဆွေးနွေးနေချိန်တွင် စုချန်းကတော့ သူ့ရည်ရွယ်ချက်အတိုင်း တိတိကျကျပင် လုပ်ဆောင်နေခဲ့၏။

သူ ဘာကိုလုပ်ဆောင်နေခဲ့သနည်း။ ရှင်းပါသည်။ လုပ်ကြံသတ်ဖြတ်နေခြင်းပင် ဖြစ်သည်။

တကယ်တော့ စုချန်းသည် လုပ်ကြံသတ်ဖြတ်ရခြင်းကို သိပ်ဂရုမစိုက်သော်လည်း သူ့တွင် တခြားရွေးစရာမရှိ။ သူ့အနေနှင့် ကောင်းကင်မြို့တော်တွင် ဆက်နေရန် လုံလောက်သော အကြောင်းပြချက်တခု လိုအပ်နေသည် မဟုတ်ပါလား။

ကျူးရှန်းယောင်ကို ကာကွယ်ရန် စုချန်း ကောင်းကင်မြို့တော်တွင် ဆက်လက်နေထိုင်ရန် လိုအပ်နေ၏။ သို့မှသာလျင် လူသားများဘက်မှ ကောင်းကင်နိုင်ငံအပေါ် ဖိအား​ပေးလာချိန်အထိ ထာဝရညက သူ့မျှော်လင့်ချက်ကို ဆက်လက်ထိမ်းသိမ်းထားနိုင်ပေလိမ့်မည်။ ထို့နောက်တွင်တော့ သူ ကျူးရှန်းယောင်ကို မလွဲမသွေ လွှတ်ပေးရပေလိမ့်မည်။

တဖက်တွင်လည်း ခီလစ်ဒါ ခြေရာခံမရသည့်တ်ိုင်အောင် သူ ကောင်းကင်မြို့တော်တွင် ဆက်ရှိနေခဲ့မည်ဆိုလျင် ထာဝရညဘက်မှ သံသယဝင်လာနိုင်သည်။

ထို့ကြောင့် သူ မဖြစ်မနေ ဆက်လက်လှုပ်ရှားနေရန် လိုအပ်နေ၏။

အကယ်၍ သူ့လုပ်ရပ်များက ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် တူနေခဲ့လျင်ပင် ကောင်းကင်မြို့တော်တွင် ရည်ရွယ်ချက်တခုကြောင့်သာ သူ ဆက်လက်နေထိုင်ရခြင်း​ဖြစ်ကြောင်း စုချန်းဘက်မှ ဆက်လက်သက်သေပြရန် လိုအပ်ပေသည်။ လက်ရှိအခြေအနေအရ ဓားပြတိုက်ရသည်မှာ ထင်သလောက် မလွယ်တော့လေရာ လုပ်ကြံသတ်ဖြတ်ခြင်းက လက်ခံနိုင်ဖွယ်ရာ နည်းလမ်းတခု ဖြစ်လာတော့သည်။

ဤအတွက်လည်း ရွှေရောင်အလင်းတန်းကို စုချန်းက ကျေးဇူးတင်ရပေလိမ့်မည်။ သူ့စကားကြောင့်သာ ဤစိတ်ကူးကို စုချန်း ရခဲ့သည် မဟုတ်ပါလား။

မည်သို့ဆိုစေ နတ်ဘုရားသားမွှေးထောင်၏ အကျဉ်းထောင်မှူး နတ်ဘုရားသားမွှေးယက်ကန်း၏ သေဆုံးမှုသည် မြို့တော်တခွင်လုံးကို ဂယက်ထသွားစေ၏။

လူပျံတော်များဘက်မှ စုချန်းကို အသည်းအသန် လိုက်ရှာနေကြသည်။ သို့သော် စုချန်းကတော့ ဆက်လက်ပုန်းအောင်းနေမည့်အစား ကောင်းကင်အကျဥ်းထောင်မှုးကို လုပ်ကြံသတ်ဖြတ်ပြီး လူရှေ့သို့ ထွက်ပြလာခဲ့ပေပြီ။

သူ ဘာလုပ်ဖို့ကြိုးစားနေသနည်း။

လူပျံတော်များကို စိန်ခေါ်လိုက်ခြင်းပေလား။

ဤသို့နှင့် ထိပ်သီးလူပျံတော်အများစု၏ ခေါင်းထဲတွင် အထက်ပါအတိုင်း စတင်တွေးတောနေခဲ့ကြပြီ ဖြစ်သည်။ သို့သော် သူ မည်သို့တွေးနေကြ​စေကာမူ အဖြေကိုကား ရှာမတွေ့ခဲ့ချေ။

ကြည့်ရသလောက် ရန်သူသည် ပို၍သွေးဆာလာပုံရ၏။ အကြောင်းမှာ နောက်နှစ်ရက်အကြာတွင် ထိပ်သီးလူပျံတော်နှစ်ယောက် ထပ်မံလုပ်ကြံခံလိုက်ရခြင်းပင်။

လူပျံတော်များကို လိုက်လံရှာဖွေသတ်ဖြတ်ခြင်းနှင့် မဟာဗျူဟာမြောက်နေရာများကို လုယက်ခြင်းမှာ သဘောသဘာဝအရ များစွာကွာခြား၏။

လူပျံတော်များအနေနှင့် ကောင်းကင်မြို့တော်၏ မဟာဗျူဟာမြောက်နေရာများကို လေဟာနယ်ပိတ်ဆို့ခြင်းပုံစံများဖြင့် ကာကွယ်ထားနိုင်သော်ငြား အဆိုပါ ရာထူးကြီးလူပျံတော်များကိုတော့ ဤသို့ ကာကွယ်ထား၍မရချေ။ ထို့ကြောင့် စုချန်းက သူတို့၏ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်နေခြင်းဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ စုချန်းကား လူပျံတော်များကို လုပ်ကြံသတ်ဖြတ်သည့်အလုပ်ကို အတော်လေး အာရုံစိုက်လုပ်ကိုင်နေပုံရသည်။ ဆယ်ရက်အတွင်းမှာပင် ရာထူးကြီး လူပျံတော်ရှစ်ဦး ဆက်တိုက်ဆိုသလို အသတ်ခံခဲ့၏။ လူပျံတော်များသည် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ကို နှိမ်နင်းနိုင်ခဲ့သော်ငြား သူတို့ပုံစံအသွင်ယူထားသည့် လူသားတယောက်က ထိပ်သီးလူပျံတော်များအား လုပ်ကြံသတ်ဖြတ်နေခြင်းကိုတော့ မည်သို့မှ မတားဆီးနိုင်ပဲ ဖြစ်နေကြ၏။ ထိုအခါ ကောင်းကင်မြို့တော်တခုလုံး မငြိမ်မသက်ဖြစ်လာတော့သည်။

ထိုအချိန်အတောအတွင်းတွင် ကျူးမျိုးနွယ်ဝင်များ ရောက်ရှိလာပြီဟူသော သတင်းမှာ စုချန်း၏နားထဲသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် စုချန်းကတော့ ထိုသတင်းများကို လုံးဝလျစ်လျူရှုထား၏။

ဤအချက်က လူပျံတော်များကို အကြီးအကျယ် ခေါင်းကိုက်စေခဲ့လေသည်။

သူတို့၏ရန်သူအနေနှင့် ဆွေးနွေးညှိနှိုင်းရန် သို့မဟုတ် ကျူးမျိုးနွယ်နှင့်ဆက်သွယ်ရန် မည်သည့်ကြိုးပမ်းမှုမှ မရှိခဲ့လျင် ရန်သူ့အတွေးကို သူတို့အနေနှင့် ကြိုတင်ခန့်မှန်းနိုင်ဖွယ်ရာ နည်းလမ်းမရှိတော့ချေ။ ထို့ကြောင့် အစီအစဉ်၏ ဒုတိယပိုင်းမှာလည်း ဆက်လက်အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ပဲ တန်းလန်းကြီး ဖြစ်နေတော့၏။

ထာဝရည၏ စဥ်းစားတွေးခေါ်ပုံနှင့် အစီအစဥ်မှာ အလွန်စေ့စပ်၏။ သို့သော် ဟဲယွန်လေစီးကြောင်း၏ မမျှော်လင့်သော လုပ်ရပ်များကြောင့် သူတို့ လူမှားဖမ်းထားလေသလားဟူသော အတွေးကို လူပျံတော်များ ပထမဆုံးအကြိမ်အနေနှင့် တွေးမိလာတော့သည်။

ဤအချက်သည် လက်ရှိအချိန်တွင် အရေးမကြီးသေးသော်ငြား နောင်တွင် အကြီးအကျယ် ပြသနာတက်လာနိုင်၏။

ထာဝရနေမင်းနန်းတော်ထဲတွင် ဖြစ်သည်။

ထာဝရညသည် ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ့အမတ်များ ဆွေးနွေးငြင်းခုံနေသည်ကို နားထောင်နေ၏။

"အဆိပ်တထောင်ဖားကြီးနဲ့ ကျုပ်တို့ရဲ့တိုက်ပွဲသတင်းက ပျံ့နှံ့နေပြီ လူသားတွေက စစ်ပွဲကို ​တောင်းဆိုနေပုံရတယ် ဒါကို အခွင့်ကောင်းယူပြီး လျောင်ယဲ့နိုင်ငံဟာ ကျုပ်တို့ကို ဝင်တိုက်ဖို့ အကြိတ်အနယ် ဆွေးနွေးနေတယ်လို့ သိရတယ် နဂါးနယ်စပ်ကို စောင့်ကြပ်နေတဲ့ စစ်သားတွေဆိုတာ သူတို့ သက်သက်မဲ့ အာရုံလွှဲဖို့လုပ်ထားတာပဲ"

"ကျူးချန်းဟွမ်ဟာ သူ့အဆက်အသွယ်တွေနဲ့ တပ်တွေကို စုစည်းဖို့ အသည်းအသန် အားထုတ်နေတယ် သူ ကျူးရှန်းယောင်ကို အကြောင်းပြပြီး စည်းရုံးနေတာပဲ"

"လီဝုယီကိုယ်တိုင်လဲ တခြားနိုင်ငံတချို့နဲ့ ဆက်သွယ်​ခဲ့တယ်လို့ ကောလဟလတွေ ကြားနေရတယ် လျောင်ယဲ့နိုင်ငံဟာ သူတို့စစ်အင်အားကို တိုးမြှင့်ဖို့အတွက် အဲဒီနှစ်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားလိမ့်မယ်လို့ သုံးသပ်ရတယ်"

"မြို့တော်ကနေ ပေါက်ကြားလာတဲ့သတင်းအရ ဟဲယွန်လေစီးကြောင်းဟာ ကျုပ်တို့လူ့အဖွဲ့အစည်းကို ဖျက်ဆီးဖို့အတွက် လီဝုယီ လွှတ်ပေးဖို့ သဘောတူခဲ့တဲ့ ဓားစာခံတွေထဲက တစ်ယောက်လို့သိရတယ်"

အစီရင်ခံစာများမှာ ဆက်တိုက်ဆိုသလိုပင် ရောက်လာလေရာ ထာဝရညပင်လျင် ခေါင်းကိုက်လာစပြုလာလေသည်။

"ဟာလာဟင်းလင်းတောင်နိုင်ငံနှင် ရေအလျင်နိုင်ငံတို့ဟာ နိုင်ငံလေးနိုင်ငံ ရှေ့တန်းစည်းရဲ့အနောက်မှာ ရှိနေတဲ့အတွက်ကြောင့် တိုက်ပွဲမရှိသလောက်နည်းတဲ့နိုင်ငံတွေ ဖြစ်တယ် ဒါကြောင့် သူတို့အနေနဲ့ တပ်တွေကိုစုစည်းဖို့ဆိုရင် တခြားနိုင်ငံတွေထက် မြန်တယ် ဒီနိုင်ငံသုံးနိုင်ငံသာ မဟာမိတ်ဖြစ်သွားရင် ကျုပ်တို့အနေနဲ့ အကြီးအကျယ် အကြပ်ရိုက်သွားနိုင်တယ် အဆိုးဆုံးကတော့ ကောင်းကင်မြို့တော်အပြင်ဘက်က နယ်မြေအများအပြားကို ကျုပ်တို့ ဆုံးရှုံးသွားရလိမ့်မယ် ကျုပ်တို့နယ်မြေ အစွန်အဖျားကနေ ရနေတဲ့ အရင်းအမြစ်တွေ ဆုံးရှုံးသွားတာနဲ့ ကျုပ်တို့ပြည်သူတွေ ငတ်ကုန်လိမ့်မယ်"

တကယ်လည်း ဤစကားက အမှန်ပင်။ စားနပ်ရိက္ခာမရှိလျင် အင်အားအကြီးဆုံး စစ်တပ်ကြီးပင်လျင် တိုက်ခိုက်နိုင်စွမ်းမရှိပဲ နောက်ဆုံးတွင် ပြိုလဲသွားနိုင်၏။ ထို့ကြောင့် လူပျံတော်များသည် လေပေါ်ခံတပ်တည်ဆောက်ရေးအစီအစဉ်ကို ဤမျှ အရေးထားနေခြင်းပင်။ ကောင်းကင်မြို့တော်သည် အင်အားကြီးသော်ငြား တခြားမျိုးစိတ်များ၏ နယ်မြေအလယ်တွင် တည်ဆောက်ထားခြင်းကြောင့် ရန်သူပတ်လည်ဝိုင်းနေသည်ဟု ဆိုနိုင်သည်။

"အရှင်မင်းကြီး လက်ရှိမှာ ကျုပ်တို့ အရေးတကြီးလုပ်ရမှာက လျောင်ယဲ့နိုင်ငံကို သံတမန်တဦးစေလွှတ်ပြီး ငြိမ်းချမ်းရေးစကားပြောဖို့ပါပဲ......"

မှုးမတ်များအနက် တယောက်က အဆိုပြုလိုက်၏။

ထိုစကားကိုကြားသည်နှင့် ထာဝရည နှာခေါင်းရှုံ့လိုက်သည်။

"ဝံပုလွေက စားချင်နေမှတော့ ညှိနှိုင်းခံမယ်လို့ မင်းက ထင်သလား"

လူတိုင်း အံ့အားသင့်ကုန်ကြ၏။

ထာဝရညက ဆက်ပြောလိုက်ပြန်သည်။

"ဆာလောင်နေတဲ့ ဝံပုလွေကို ကိုင်တွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဒီအသားကို လွယ်လွယ်နဲ့ စားမရဘူးလို့ သူသိအောင် ပြလိုက်ဖို့ပဲ တကယ်လို့ သူ စားနိုင်ခဲ့ရင်တောင်မှ ဒီအတွက် တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်...ကစဥ့်ကလျားမျှော်စင်၊ ပျော်ရွှင်သောကြယ်နဲ့ မူလအလင်းရောင်ရဲတိုက်ကို သုံးဖက်မြင်ပုံစံ နေရာယူထားဖို့ သတင်းပို့လိုက် ကျုပ်တို့ တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်"

ထို့နောက် လူပျံတော်များ၏ လေပေါ်ခံတပ် လေးမျိုးအနက်မှ သုံးမျိုးကို လျောင်ယဲ့နိုင်ငံဆီသို့ စေလွှတ်ရန် ထာဝရည အမိန့်ပေးလိုက်တော့၏။။ အင်အားကို ပြသရန် ဆုံးဖြတ်လိုက်ပြီမှန်း ဤလုပ်ရပ်က မြင်သာနေပေသည်။

သို့သော် ဤဆုံးဖြတ်ချက်ကြောင့် လူတိုင်းလိုလို စိတ်မသက်မသာဖြစ်ကုန်ကြသည်တော့ အမှန်ပင်။ လူပျံတော်များအတွက် လူသားများအပြင် သားရဲများနှင့် ပင်လယ်လူသားမျိုးစိတ်များသည်လည်း ရန်သူများပင် ဖြစ်ကြသည်။ အကယ်၍ ပင်လယ်လူသားမျိုးစိတ်များက လူပျံတော်များအတွက် ကြီးစွာသော ခြိမ်းခြောက်မှုတရပ် မဖြစ်ခဲ့လျင်ပင် သူတို့ရင်ဆိုင်ရမည့် သားရဲများကတော့ မီးလျံသခင်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြ၏။

လက်ရှိအချိန်တွင် မီးလျံသခင်ကြီး၏ သားဖြစ်သူကိုယ်တိုင် လူပျံတော်နယ်မြေတွင် ဖမ်းဆီးခံထားရ၍ သားရဲများကလည်း ဤအတိုင်း ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။

မူလစွမ်းအင်နတ်ဆိုးမျှော်စင်တမျိုးတည်းနှင့် သားရဲများ၏ ကျူးကျော်မှုကို တောင့်မခံနိုင်သည်မှာ ရှင်းနေသောအဖြေဖြစ်သည်။ သို့သော် ထာဝရည၏ ဆုံးဖြတ်ချက်ကို မည်သူမှ အတွန့်မတက်ရဲချေ။

ထာဝရညအနေနှင့် အရှေ့ဘက်နံရံကိုဖြိုချပြီး အနောက်ဘက်နံရံကို ပြန်ဆောက်ရန် ဆုံးဖြတ်ထားသည်မှာ ရှင်းနေ၏။ သားရဲများ မည်သို့ပင် ကျူးကျော်တိုက်ခိုက်လာစေကာမူ သူ့အနေနှင့် လူသားများကို ဦးစွာရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးလေပြီ။

"ကောင်းပါပြီ အရှင်မင်းကြီး"

နောက်ဆုံးတော့ မှုးမတ်များအားလုံး ထာဝရည၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်ကြ၏။

ထကောင်းကင်​မြို့တော် တောင်ဘက်တနေရာတွင် ဖြစ်သည်။

ပြင်းထန်သော တိုက်ပွဲတပွဲ မကြာသေးမှီကမှ ပြီးဆုံးသွားခဲ့ဟန်တူသည်။

နောက်ဆုံးအစောင့်ကို ဇီဝိန်ချွေပြီးသည်နှင့် စုချန်းက လှည်းထဲမှ အရာရှိကို ဆွဲထုတ်ရင်း ပြောလိုက်၏။

"ငါ့မျက်လုံးတွေကို ကြည့်စမ်း"

"မင်း...ဟိုကောင်...ဓားပြ"

ထိုအရာရှိက ခုခံရန် ဟန်ပြင်လိုက်သေးသော်လည်း စုချန်း၏ မျက်လုံးများဆီမှ ပြင်းထန်တဲ့ စိတ်စွမ်းအင်တခုက သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ သူ နာကျင်စွာ အော်ဟစ်ပြီး မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။ သိပ်မကြာမီ အနက်ရောင်မီးလျှံများက လူပျံတော်ကို ဝါးမြိုသွားပြီး ပြာများသာ ချန်ရစ်ခဲ့၏။

ရန်သူကို မပြန်လမ်းသို့ပို့ဆောင်နိုင်လိုက်သည့်တိုင် စုချန်း၏မျက်နှာတွင် အလိုမကျဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်နေသည်။

လူပျံတော်အရာရှိ၏ မှတ်ဉာဏ်မှတဆင့် ထာဝရည၏ ဆုံးဖြတ်ချက်ကို သူ အတည်ပြုနိုင်လိုက်သည် မဟုတ်ပါလား။

ထိုဆုံးဖြတ်ချက်သည် သူ့ကို အကြီးအကျယ် စိတ်ဆိုးသွားစေ၏။

ထာဝရညအနေနှင့် ကောင်းကင်မြို့တော်နှင့် ဝေးကွာသောနေရာတွင်သာ တိုက်ပွဲဖြစ်ပွားစေရန် စီစဥ်ထားသည်။ ဤအချက်သည် စုချန်းကို များစွာ အခက်တွေ့စေနိုင်၏။ ဤအတိုင်းဆိုလျင် သူ့အစီအစဥ်မှာ မအောင်မြင်နိုင်တော့ချေ။

"ကောင်းပြီလေ ထာဝရည မင်းကို သေအောင်ဆုံးမမှ ခေါင်းအောက်ကျို့ဖို့ စိတ်ကူးထားတယ်ဆိုတော့ ငါကလဲ မင်းကို သေအောင် ရိုက်ပေးရတော့မှာပေါ့"

ထိုသို့ ကြုံးဝါးလိုက်ချိန်တွင် စုချန်း၏ မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းနေ၏။

ထိုအချိန်မှာပင် ထိုနေရာသို့ လူပျံတော်များ ရောက်ရှိလာလေရာ စုချန်း၏ ပုံရိပ်မှာ ဖြတ်ခနဲ လင်းလက်သွားပြီး ဦးလေးမာ၏ အခန်းတွင် ပြန်ပေါ်လာလေသည်။

အခန်းထဲတွင် ကိုယ်ပွားတကောင် ထားခဲ့လေရာ စုချန်း ထွက်သွားမှန်း ရွှေရောင်အလင်းတန်းမှအပ မည်သူမှ သတိမထားမိလိုက်ချေ။

ထိုအခါ ရွှေရောင်အလင်းတန်းက စုချန်းကို လှည့်ကြည့်ကာ ရယ်မောရင်း ပြောလိုက်၏။

"ခင်ဗျား ပြန်လာပြီလား ဒီမှာ ဦးလေးမာက သူငယ်ငယ်တုန်းက သူ့အဖေရဲ့နာရီကို ဘယ်လိုကလိခဲ့သလဲ ပြောပြနေတာလေ ဒါ တကယ်စိတ်ဝင်စားဖို့ကောင်းတယ် လက်မှုပညာသည်မျိုးစိတ်ဝင်တွေ ဒီလောက် ဟာသညဏ်ရှိမှန်း ကျုပ် မသိခဲ့ဘူး"

"လက်မှုပညာသည်မျိုးစိတ်တွေကလည်း ဉာဏ်ရည်မြင့်မျိုးစိတ်ထဲမှာ ပါပါတယ်ဗျ ကျုပ်တို့လည်း ပျော်ရွှင်မှု၊ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို ခံစားတတ်ကြပါတယ်"

ဦးလေးမာက ရိုးရိုးသားသားပင် ပြန်ပြောလိုက်၏။

"ဒါဆို မင်းမှာရော မင်းအဖေနဲ့ ဒီလိုရယ်စရာကောင်းတဲ့ အတွေ့အကြုံမျိုး ရှိဖူးသလား"

စုချန်းက ကောက်ကာငင်ကာနှင့် ရွှေရောင်အလင်းတန်းကို မေးလိုက်လေသည်။

"မရှိဘူး အဖေက အမြဲတမ်း......"

ရွှေရောင်အလင်းတန်း ပြန်ဖြေရန် ဟန်ပြင်လိုက်သေး၏။ ထိုအချိန်မှာပင် သူက တစုံတခုကို သဘောပေါက်သွားဟန်ဖြင့် စုချန်းကို ပြန်မေးလိုက်သည်။

"ဘာလို့ ခင်ဗျားက ကျုပ်ကို ဒါတွေ မေးနေတာလဲ"

စုချန်း ပြန်မဖြေပဲ ရွှေရောင်အလင်းတန်းဆီသို့ လျှောက်သွားပြီး ၎င်းကို စိုက်ကြည့်နေ၏။

ရွှေရောင်အလင်းတန်း တဖြည်းဖြည်း တုန်လှုပ်လာလေသည်။

"ခင်..... ခင်ဗျား ဘာလုပ်ဖို့ စီစဉ်နေတာလဲ"

ထိုအချိန်မှာပင် စုချန်းက ရွှေရောင်အလင်းတန်း၏ လက်မောင်းကို လှမ်းဆွဲလိုက်တော့သည်။ ထို့နောက် သူက ပြောလိုက်၏။

"ဒါ နည်းနည်းနာလိမ့်မယ် အောင့်ခံထား"

"ဘာ"

ရုတ်တရက်ဆိုသလို အလင်းရောင်တချက် ဝင်းလက်သွားပြီး ရွှေရောင်အလင်းတန်း၏ လက်မောင်းမှာ အရင်းမှပင် ပြတ်တောက်သွား၏။

"အား!"

ရွှေရောင်အလင်းတန်း နာကျင်စွာ အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။ သို့သော် စုချန်းက သူ့ကို မလှုပ်နိုင်အောင် ဖမ်းချုပ်ထား၏။

"ဟေ့၊ ဟေ့ မင်း ဒီလောက်လဲ စိတ်မပူစမ်းပါနဲ့ကွာ"

"ကျုပ် လက် ခင်ဗျား ကျုပ်လက်ကို ဖြတ်ပစ်လိုက်ပြီ"

ရွှေရောင်အလင်းတန်း သွေးရူးသွေးတန်းနှင့် အော်ဟစ်နေလေသည်။

"ဘာမှစိတပူမနေနဲ့ မင်းလက် ပြန်ပေါက်လာလိမ့်မယ်...... ရော့ ဒါကို သောက်လိုက် နာတာ​ပျောက်သွားလိမ့်မယ်"

ပြောပြောဆိုဆို စုချန်းက ဆေးပုလင်းတပုလင်းကို ထုတ်ပြီး အလျင်အမြန် ရွှေရောင်အလင်းတန်း၏ ပါးစပ်ထဲ လောင်းချလိုက်တော့သည်။ ဦးလေးမာတို့သားအဖမှာကား မြင်လိုက်ရသောမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

"ဘာလို့လဲ ကျုပ်ကို ဘာလို့ ဒီလိုလုပ်တာလဲ"

ရွှေရောင်အလင်းတန်း ကလေးတယောက်ကဲ့သို့ ငိုယိုပြီး စုချန်းကို မေးလိုက်၏။

"မင်းအဖေက မင်းကို တကယ်ချစ်ရဲ့လားဆိုတာ ကျုပ် သိချင်လို့ပေါ့ကွာ"

စုချန်း အထက်ပါအတိုင်း ပြန်ဖြေရင်း ရွှေရောင်အလင်းတန်း၏ လက်ကို ကျကျနနပင် ထုပ်ပိုးလိုက်လေသည်။

All Chapters