ဘဝသစ်ကူးပြောင်းခြင်း
Vol. 91 Ch. 904
လက်တဖက်ဆုံးရှုံးလိုက်ရခြင်းကြောင့် တွင် ရွှေရောင်အလင်းတန်းတယောက် အခန်းထဲတွင် ကြိတ်မှိတ်ငိုကြွေးလျက်ရှိ၏။
သို့သော် ဒုက္ခဟူသည် အကောင်းဆုံးမှတ်ကျောက်ဟူသော ဆိုရိုးစကားတခွန်းရှိသည်။ မည်သို့ဆိုစေ ထိုနေ့မှစ၍ ရွှေရောင်အလင်းတန်း၏ ပုံစံမှာ ပို၍ ပို၍ တည်ငြိမ်ရင့်ကျက်လာသည်ကတော့ အမှန်ပင်။
သူ့ဘဝသည် တခြားသူ၏ လက်ထဲသို့ရောက်နေခြင်းကိုလည်းကောင်း၊ သူရင်ဆိုင်နေရသောသူ မည်သို့သောလူစားမျိုးဖြစ်သည်ကိုလည်းကောင်း ရွှေရောင်အလင်းတန်း ကောင်းကောင်းကြီး နားလည်သွားဟန်တူသည်။
စုချန်း၏ လုပ်ရပ်ကြောင့် ဦးလေးမာနှင့် သူ့မိသားစုမှာလည်း သတိပြန်ဝင်သွားကြဟန်ပေါ်သည်။
ယခင်ကတော့ စုချန်း၏ ဖော်ရွေနွေးထွေးသောပုံစံကြောင့် ဦးလေးမာတိို့အဖို့ လက်ရှိအခြေအနေကို အခိုက်အတန့်အားဖြင့် မေ့လျော့နေခဲ့ကြသည်မှာတော့ အမှန်ပင်။ သို့သော် စုချန်း စိတ်အေးလက်အေးနှင့် ရွှေရောင်အလင်းတန်း၏ လက်တဖက်ကို ဖြတ်ပစ်လိုက်ကြောင်း သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။ ထိုအခါကျမှ စုချန်း အမှန်တကယ် မည်သို့သောလူစားမျိုးဖြစ်ကြောင်း သူတို့ သဘောပေါက်ကုန်ကြ၏။ ဦးလေးမာ၏ကလေးများအဖို့ကား အကြောက်တရားကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်လိုက်ရသောနေ့ဟု ဆိုနိုင်သည်။ ထိုအခါ ယခင်က အလွန်ဆိုးသွမ်းသော ကလေးနှစ်ယောက်သည် ရုတ်တရက်ဆိုသလို လိမ္မာသွားကြကုန်၏။ သူတို့သည် မိဘများ၏စကားကို ဂရုတစိုက်နားထောင်ပြီး ဗြောင်းဆန်အောင်ပင် မဆော့ရဲကြတော့ချေ။ ကြည့်ရသည်မှာ ဤကလေးနှစ်ယောက်ကား တညတည်းနှင့်ပင် ရင့်ကျက်သွားကြဟန်တူသည်။
သို့သော် စုချန်းကတော့ ဘယ်အရာကိုမှ သတိမထားမိဟန်ဖြင့် ယခင်အတိုင်းပင် ဆက်လက်နေထိုင်ခဲ့၏။ သူသည် ကောင်းကင်နိုင်ငံတော်၏ ရာဇဝတ်သားတဦး ဖြစ်သော်လည်း ဓားပြတစ်ယောက်၊ လူသတ်သမားတယောက် မဟုတ်သည့်နှယ် ထိုမိသားစုကို ယဉ်ကျေးပျူငှာစွာပင် ဆက်ဆံခဲ့၏။ သူ၏အပြုအမူတိုင်းမှာ သိမ်မွေ့ပြီး စကားပြောဆိုရာတွင်လည်း ယဉ်ကျေးလှသည်။ တစ်ခါတစ်ရံတွင် ကလေးများကို မုန့်ပဲသရေစာများပင် ကျွေးမွေးတတ်ပြီး ဦးလေးမာတို့၏ ဧည့်ဝတ်ပြုမှုအတွက် ရှက်ရွံ့သည့်ဟန်ပန်နှင့် ကျေးဇူးတင်စကားပင် ဆိုတတ်သေး၏။
သို့သော် စုချန်း၏ ပင်ကိုယ်ပုံသဏ္ဍာန်အစစ်အမှန်ကို မြင်တွေ့ခဲ့ပြီးဖြစ်၍ မည်သူမျှ စုချန်းအား မထီမဲ့မြင် မပြုရဲတော့ချေ။ ယဥ်ကျေးသိမ်မွေ့ခြင်း၏ နောက်ကွယ်တွင် ကောင်းကင်နိုင်ငံတော်၏ ထိပ်တန်းရာဇဝတ်သားဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီသည့် ရက်စက်ကြမ်းကြုတ်ခြင်းမျိုး စုချန်းတွင် အပြည့်အဝရှိနေမှန်း သူတို့ သဘောပေါက်ကုန်ကြလေပြီ။
တရက်အကြာတွင် ရွှေရောင်အလင်းတန်းတွင် လက်အသစ်ပြန်ပေါက်လာ၏။ ထိုအခါ စုချန်းက ရွှေရောင်အလင်းတန်းအတွက် ဂုဏ်ယူကြောင်းပင် စကားဆိုလိုက်သေးသည်။
သုံးရက်ကြာပြီးနောက်တွင်တော့ စုချန်းက ထိပ်သီးလူပျံတော်များအား လုပ်ကြံသတ်ဖြတ်ရေးစီမံကိန်းကို အပြီးတိုင်ရပ်တန့်လိုက်တော့သည်။ အကြောင်းမှာ ထာဝရညတွင် သူ့ကို တန်ပြန်နိုင်မည့်နည်းလမ်း ရှာဖွေတွေ့ရှိထားကြောင်း မူလအရိုးတောင်ဝှေးမှတဆင့် သိလိုက်ရသောကြောင့်ပင်။ ထာဝရညသည် ရထားလုံးထဲတွင် ထည့်ထားနိုင်သည့် လေဟာနယ်ပိတ်ဆို့ခြင်းပုံစံကွက်တခုကို ဖန်တီးထားပြီး စုချန်းကို ထောင်ချောက်ဆင်ရန် စီစဉ်ထား၏။ သို့သော် စုချန်းက မူလအရိုးတောင်ဝှေး၏ ကျေးဇူးနှင့် ထာဝရည၏ ထောင်ချောက်ကို ရှောင်တိမ်းနိုင်ခဲ့လေသည်။ ပုံရိပ်ယောင်နည်းစနစ်များ၊ အလင်းတုန်ခါခြင်းတစ္ဆေ နှင့် မူလအရိုးတောင်ဝှေးတို့သည် စုချန်းအတွက် ကောင်းကင်မြို့တော်တွင် အသက်ရှင်ရပ်တည်ရန် အားကိုးရာများ ဖြစ်ကြသည်။ ဤအရာများရှိနေ၍လည်း စုချန်း ယခုအချိန်ထိ အသက်ရှင်နေနိုင်နေခြင်းပင်။
နောက်ပိုင်းအချိန်များကတော့ စုချန်းအတွက် အားလပ်ချိန်များ ဖြစ်လာ၏။ ခီလစ်ဒါ၏ အကူအညီကြောင့်သာ မဟုတ်လျှင် စုချန်း ထွက်ပြေးသွားပြီဟု လူပျံတော်များ ယူဆမည်မှာ သေချာနေသည်။
သို့သော် ဤအတောအတွင်းတွင် စုချန်းကလည်း မေ့မေ့လျော့လျော့ နေထိုင်နေခြင်းတော့မဟုတ်။ ဤကာလအတွင်းတွင် စုချန်းသည် သုတေသနလုပ်ငန်းများနှင့် စမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်နေခဲ့၏။ ဤအချက်မှာလည်း အံ့သြစရာတော့မဟုတ်ချေ။အကြောင်းမှာ စုချန်းကဲ့သို့ ရည်မှန်းချက်ကြီးသူ မည်သူမဆိုသည် ရန်သူ့နယ်မြေတွင် ဖြစ်နေစေကာမူ မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက် တနည်းတဖုံ ကြိုးစားအားထုတ်နေမည် ဖြစ်သောကြောင့်ပင်။
နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာခြင်းကြောင့် စုချန်း၏ သုတေသနသစ်ပင်ကြီးမှာ အသီးအပွင့်များ ဝေဝေဆာဆာနှင့် ဖူးပွင့်နေခဲ့လေပြီ။ ငါးရက်မြောက်နေ့တွင်တော့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်နိုင်မည့် နည်းစနစ်၏ နောက်ဆုံးကျန်ရှိနေသော အစိတ်အပိုင်းကို စုချန်း ပေါင်းစပ်နိုင်ခဲ့တော့သည်။
ကောင်းကင်မြိို့တော်၏ အပြင်ဘက်၊ မြေပြင်မှ အမြင့်ပေသုံးသောင်းနီးပါးရှိသော တောင်ထွတ်တခုတွင် စုချန်း မတ်တပ်ရပ်နေ၏။ ထိုနေရာတွင်တိုက်ခတ်နေသော လေမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ပြီး ရိုးတွင်းချဥ်ဆီထိ ထိုးဖောက်ဝင်ရောက်သွားလောက်အောင် အေးစိမ့်နေ၏။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ထိုနေရာမှ တိမ်ထုများတွင် အအေးစွမ်းအင်များ မြင့်မားစွာပါဝင်နေခြင်းဖြစ်ပြီး ထိုစွမ်းအင်သည် အကာအကွယ်များကိုပင် ဖောက်ထွင်းကာ လူတဦး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်သွားနိုင်၏။ ထို့ကြောင့် ထိုစွမ်းအင်သည် မူလချီစွမ်းအားပညာရှင်တဦး၏ လှုပ်ရှားနိုင်စွမ်းကို များစွာ ထိခိုက်စေနိုင်လေသည်။
ဤသို့သော ပတ်ဝန်းကျင်တွင် နေထိုင်သည့် ထူးခြားသောသက်ရှိတမျိုးကလည်း ကြံကြံဖန်ဖန်ပင် ရှိနေသေး၏။ ထိုသက်ရှိများကိုကား ရေခဲနတ်ဆိုးများဟု ခေါ်ဝေါ်ကြလေသည်။ အဆိုပါရေခဲနတ်ဆိုးများသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိပဲ ဝိညာဉ်ပုံစံသက်သက်ဖြင့်သာ တည်ရှိနိုင်ကြ၏။ ထိုကြောင့် ၎င်းတို့သည် မူလစွမ်းအင်ဆိုင်ရာတိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုနိုင်ပြီး လူတစ်ဦး၏ စိတ်ထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ကာ စိတ်ဝိညာဥ်ကို ဖြည်းညှင်းစွာ ကိုက်စားတတ်ကြသည်။ ဤသို့ ကိုက်စားခြင်းအားဖြင့် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုကို ရရှိသွားတတ်ကြ၏။ ထို့ကြောင့် မူလချီစွမ်းအားပညာရှင်အများစုသည် ၎င်းတို့၏စိတ်ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို စားသုံးခံရပြီးမှသာ သိရှိသွားပြီး ၎င်းတို့ကို သတ်နိုင်ကြလေသည်။ ထို့ကြောင့် အဆိုပါရေခဲနတ်ဆိုးများကို တချို့ကလည်း ဦးနှောက်စားကပ်ပါးနတ်ဆိုးများဟု ခေါ်ဆိုကြသည်။ မည်သို့ဆိုစေ ဤသက်ရှိများကို ပေါ့သေးသေးယူဆ၍တော့ မရချေ။
သို့သော် စုချန်းကတော့ ဤနေရာမှာပင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။
အေးစိမ့်နေသော ကျောက်သားမျက်နှာပြင်ပေါ် ထိုင်ချလိုက်သည်နှင့်တပြိုင်နက် နက်ရှိုင်းလှသော ငြိမ်းချမ်းခြင်းထဲသို့ နစ်မြုပ်ပျော်ဝင်သွားသည့်နှယ် စုချန်း ခံစားလိုက်ရတော့သည်။ ထိုအခါ သူ့စိတ်နှလုံးအိမ်သည် တည်ငြိမ်သွားပြီး လောဘနှင့် ဒေါသတို့၏ အရင်းအမြစ်ဖြစ်သော အတ္တသည်ပင် ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသည် ၎င်းတို့၏စိတ်ဝိညာဉ်ခန္ဓာအိမ်ထဲတွင် မီးထွန်းညှိရန် လိုအပ်၏။ ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်သို့ဝင်ရောက်သည်နှင့် မတူပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းမှာ စိတ်ဝိညာဥ်စွမ်းအင်ကို အကြီးအကျယ် တိုးတက်စေတတ်သည့် သဘောသဘာဝတွင် ရှိသည်။ ထို့နောက် အဆိုပါစိတ်ဝိညာဥ်စွမ်းအင်သည် ကျင့်ကြံသူအတွက် နတ်ဘုရားနန်းတော်များကို ပုံဖော်ပေးပေလိမ့်မည်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ဝင်ရောက်ရန် ဝိညာဥ်လောင်ကျွမ်းခြင်းနန်းတော်များဟု လူသိများသည် နတ်ဘုရားနန်းဆောင် ရှစ်ဆောင်အထိ ဖန်တီးရန် လိုအပ်ပေသည်။
ပထမဆုံးနန်းတော်ကို ပုံဖော်ထုဆစ်ရခြင်းမှာ ယေဘုယျအားဖြင့် အခက်ခဲဆုံးဟု ဆိုနိုင်၏။ အဆိုပါ ပထမဆုံးနန်းတော်ကို ကြွယ်ဝမှုပြောင်းလဲခြင်းဟု သိရှိကြလေသည်။ ၎င်းမှာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်၏မူလအစပင် ဖြစ်ပြီး မူလချီစွမ်းအားပညာရှင်များအနေနှင့် ဟောင်းနွမ်းသော နှောင်ကြိုးများကို ဖယ်ရှားကာ အသစ်ပြန်လည်စတင်မည့်အချိန်ဟုလည်း ဆိုနိုင်သည်။
စိတ်ဝိညာဥ်ကို ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုအဖြစ် ပုံဖော်ရန်မှာ မည်သို့မှ မလွယ်ကူချေ။ ထိုသို့လုပ်ဆောင်နိုင်ရန်မှာ စိတ်ဝိညာဥ်စွမ်းအင် အများအပြား လိုအပ်ရုံသာမက စိတ်ဝိညာဥ်စွမ်းအင်ကို ပုံသဏ္ဍာန်ပေါ်လာသည်အထိ ပုံဖော်ရန်ခိုင်မာသော စိတ်ဆန္ဒနှင့်လုံလောက်သောစွမ်းအင်လည်း ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
ယခင်ကမူ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် နည်းလမ်းမှာ တစ်မျိုးသာ ရှိခဲ့၏။ ထိုနည်းလမ်းမှာ စိတ်ဝိညာဥ်စွမ်းအင် အများအပြား စုဆောင်းပြီး ၎င်းကို အကောင်အထည်အဖြစ် ပုံဖော်ရန်အတွက်မူကား သွေးဗီဇစွမ်းအားကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် စုချန်းကတော့ ပိုမိုထိရောက်သော နည်းလမ်းတမျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထိုနည်းလမ်းမှာ စိတ်ဝိညာဥ်ကို အဆုံးစွန်သောအခြေအနေအထိ ငြိမ်သက်စေပြီး သဘာဝနှင့် တစ်သားတည်းကျသွားစေခြင်းပေတည်း။
မှန်ပါသည်။ စုချန်းသည် သွေးဗီဇစွမ်းအားအစား စိတ်ဝိညာဥ်ကို သဘာဝတရားကြီးနှင့် ပေါင်းစည်းစေပြီး ၎င်းကို အကောင်အထည်ဒြပ်ထုအဖြစ် ပုံပေါ်လာစေရန် သဘာဝ၏စွမ်းအားကို အစားထိုးအသုံးပြလိုက်ခြင်းပင် ဖြစ်သည်။ ဤကြိုးပမ်းမှု အောင်မြင်စေရန်မှာ စိတ်ဝိညာဥ်စွမ်းအင်ကို ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားစေရန် လိုအပ်၏။ ဤလုပ်ရပ်သည် သွေးဗီဇစွမ်းအင်ကို အသုံးပြု၍ စိတ်ဝိညာဥ်ကို အတင်းအကျပ် ဖိနှိပ်ခြင်းနှင့် များစွာ ကွဲပြားခြားနားနေပေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်များက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။ ထို့နောက် အေးစက်လှသောလေထုသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာလေရာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုချန်းတယောက် ရှင်းလင်းပြတ်သားစွာ ခံစားနိုင်လာ၏။ တချိန်တည်းမှာပင် စုချန်းသည် အနှီစွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်ပြီး စိတ်ဝိညာဥ်ကို မာကျောစေလိုက်လေသည်။
အထက်ပါလုပ်ငန်းစဥ်သည် အပြောလွယ်သလောက် လုပ်ဆောင်ရန်မှာကား အလွန်ပင် ခက်ခဲလှ၏။ ဤလုပ်ငန်းစဉ်တလျှောက်တွင် စိတ်ဝိညာဥ်စွမ်းအင်ကို တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်စွမ်း၊ နည်းစနစ်သစ်နှင့် ဟန်ချက်ညီသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ပတ်ဝန်းကျင်အနှံ့ ပျံ့ကျဲနေသည့် စွမ်းအင်များကို ဆွဲယူနိုင်မည့်နည်းလမ်း၊ ထိုစွမ်းအင်ကို နတ်ဘုရားနန်းဆောင်တဆောင်အဖြစ် ဖိသ်ိပ်ဖန်တီးနိုင်မည့်နည်းလမ်းနှင့် သဘာဝစွမ်းအားများ မိမိကိုယ်တွင်းသို့ အလွန်အမင်း ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်မည့်နည်းလမ်း စသဖြင့် လိုအပ်ချက်အများအပြား ရှိနေ၏။
မည်သို့ဆိုစေ သွေးဗီဇမပါပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ဝင်ရောက်နိုင်မည့် ဤနည်းလမ်းသည် ရှီကိုင်းဟွမ်၏ အကူအညီမပါပဲ စုချန်း၏ ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် ဤနည်းလမ်းသည် စုချန်းတယောက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။
စိတ်ဝိညာဥ်စွမ်းအင်များကို ပတ်ဝန်းကျင်နှင့် တသားတည်း ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက် စုချန်း၏ ပတ်ပတ်လည်တွင် စွမ်းအင်ဝဲဂယက်တခု စတင်ပေါ်ပေါက်လာတော့၏။ ထိုစွမ်းအင်ဝဲဂယက်သည် စုချန်း၏ ကိုယ်အတွင်းသို့ ချွေးပေါက်တိုင်းမှ တိုးဝှေ့ဝင်ရောက်လာပြီး နှာခေါင်းနှင့် ပါးစပ်ပေါက်များဆီမှ ပြန်ထွက်သွားလေသည်။ တဖန် အအေးစွမ်းအင်လှိုင်းများသည်လည်း ဝဲဂယက်နှင့် ပေါင်းစည်းသွားပြီး စုချန်း၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံဝင်ရောက်လာပြန်ကာ စွမ်းအင် လည်ပတ်မှုသံသရာစက်ဝန်းကို ဖြစ်တည်စေခဲ့တော့သည်။
ဤသည်မှာ စုချန်း ဖန်တီးခဲ့သော စွမ်းအင်စက်ဝန်းပင် ဖြစ်သော်လည်း ၎င်းသည် သဘာဝနှင့် တသားတည်းဖြစ်နေသော စွမ်းအင်စက်ဝန်းလည်း ဖြစ်နေ၏။ ထိုအခိုက်မှာပင် စုချန်း၏ကိုယ်တွင်းပိုင်းဆီမှ စွမ်းအင်ထုနှင့် ပြင်ပစက်ဝန်းတို့ ပေါင်းစည်းသွားပုံရပြီး စုချန်း၏စိတ်ထဲတွင်လည်း ကြီးမားသော နန်းတော်ကြီးတဆောင်၏ ပုံကြမ်း စတင်ပေါ်ပေါက်လာတော့သည်။
စုချန်း၏ ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်သည် လူအများစု၏ နတ်ဘုရားနန်းဆောင်များနှင့် လားလားမျှမတူပဲ ကွဲပြားခြားနားနေ၏။ စုချန်း၏ နန်းဆောင်သည် တခြားနန်းဆောင်များဖက် ပို၍ကြီးမားရုံမကပဲ ပို၍လည်း အနုစိတ်ဆန်နေ၏။ နန်းဘုရားနန်းဆောင်များ၏ သဘာဝမှာ ပို၍ရှုပ်ထွေးလေလေ ပို၍အားကောင်းလေလေပင် ဖြစ်လေရာ စုချန်း၏ ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင် မည်မျှ အားကောင်းမည်ကို မှန်းဆကြည့်နိုင်သည်။
ယေဘုယျအားဖြင့် ချီစွမ်းအားပညာရှင်အများစု၏ နတ်ဘုရားနန်းဆောင်များသည် ကျောက်တုံးကြီးတတုံးကို ထွင်းထုထားသည်နှင့် တူနေတတ်ပေသည်။ ၎င်းတို့သည် ခန့်ညားထည်ဝါသော်လည်း သတ်ဖြတ်သူများ ဖန်တီးထားသည့် ရုပ်တုကဲ့သို့ လက်ရာမှာ ရိုင်းစိုင်းကြမ်းတမ်းလှ၏ ။ သို့သော် စုချန်း၏ နန်းဆောင်မှာမူ စစ်မှန်သော ဖန်တီးမှုအနုပညာလက်ရာတခုပေတည်း။
အဆိုပါနန်းဆောင်သည် ရှစ်ထောင့်ပုံဖြစ်ပြီး ကျောက်စိမ်းအောက်ခံပေါ်တွင် အထပ်ထပ်သော အုတ်တံတိုင်းများ ဝန်းရံထား၏။ အုတ်တံတိုင်းများ၏ ထိပ်တွင်လည်း အမျိုးမျိုးအဖုံဖုံသော ရုပ်တုများ တည်ရှိနေပြန်သည်။ ၎င်းရုပ်တုများမှာ ရိုးရိုးရုပ်တုများသာမက ပဲ စိတ်ဝိညာဥ်စွမ်းအင်နှင့် ပုံဖော်ထားသည့် နတ်ဆိုးသားရဲရုပ်တုကြီးများလည်း ပါဝင်သည်။
ထို့ကြောင့် အနာဂတ်တိုက်ပွဲများတွင်လည်း နတ်ဘုရားနန်းဆောင်၏အထောက်အပံ့ဖြင့် စုချန်းသည် သူ့ဘေးတွင် သားရဲပုံရိပ်ယောင်များကို ပေါင်းစပ်တိုက်ခိုက်လာနိုင်ပေလိမ့်မည်။ ထိုပုံရိပ်ယောင်များသည်း သားရဲအစစ်များထက် အားနည်းကောင်း အားနည်းနိုင်သည်။ သို့သော် ၎င်းတို့တွင် သားရဲကြီးများ၏ ထူးခြားသောဂုဏ်သတ္တိများနှင့် ဝိသေသတချို့ကို ပိုင်ဆိုင်ထားမည်မှာ ဧကန်မုချပင်။
ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်၏ အထက်တွင် ရှစ်သွယ်သောကွင်းဆက်ကြိုးကြီးများသည် အမျိုးအမည်မသိနိုင်သည့် တနေရာဆီသို့ တိုးဝင်သွားပုံပေါ်နေ၏။ အဆိုပါကွင်းဆက်ကြိုးများမူကား နန်းဆောင်ကို စုချန်း၏ မူလစွမ်းအင်ပင်လယ်ပြင်နှင့် ချိတ်ဆက်ထားသော ကြိုးများ ဖြစ်ကြလေသည်။ ဤနည်းအားဖြင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသည် မူလစွမ်းအင်ပင်လယ်ပြင်မှ စွမ်းအင်များကို တိုက်ရိုက်ယူငင်သုံစွဲနိုင်ကြ၏။ သို့သော် သုံးစွဲနိုင်သော စွမ်းအင်ပမာဏကတော့ အကန့်အသတ် ရှိပေသည်။
ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်အများစုသည် မူလစွမ်းအင်ပင်လယ်ပြင်ကို ကြိုးတစ်ချောင်းတည်းနှင့်သာ ချိတ်ဆက်ထားလေ့ရှိ၏။ ထို့ကြောင့် နန်းဆောင်ရှစ်ဆောင်အတွက် စုစုပေါင်း ကြိုးရှစ်ချောင်း ဖြစ်သည်။
သို့သော် စုချန်း၏ ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်တွင်တော့ ကြိုးရှစ်ချောင်းအထိ ရှိနေပြီး ၎င်းကြိုးများကိုလည်း အဓိပ္ပါယ်မဖော်နိုင်သည့် ကမ္ဗည်းစာလုံးများဖြင့် ဖုံးအုပ်ထားသေး၏။ ထို့ကြောင့် စုချန်းအနေနှင့် ပိုမိုများပြားသော စွမ်းအင်များကို ယူငင်သုံးစွဲနိုင်မည်မှာ သေချာနေသည်။
နန်းဆောင်၏ အုတ်လှေကားများ၊ ကြွေပြားများ၊ အကာအရံများနှင့် ဝင်ပေါက်များနှင့် အနုစိတ်လက်ရာအဆင်တန်ဆာများသည်လည်း စိတ်ကူးညဏ်ရင့်သန့်လှသော ဗိသုကာပညာရှင်တစ်ဦး၏ လက်ရာမွန်နှင့် တူညီနေ၏။ နောက်ဆုံးတွင်တော့ အပြီးသတ်တည်ဆောက်ပြီး နတ်ဘုရားနန်းဆောင်ကြီးသည် အောက်သို့တဖြည်းဖြည်း နိမ့်ဆင်းလာပြီး စုချန်း၏ အသိပညာပင်လယ်ပြင်တွင် အုတ်မြစ်ချလိုက်တော့သည်။
ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်ကား ပြီးပြည့်စုံသွားခဲ့လေပြီ။ ထိုအခါ စုချန်းသည် ကျန်ရှိသော နတ်ဘုရားနန်းဆောင်ခုနှစ်ဆောင်ကို ဆက်လက်ဖန်တီးပြန်၏။ သိပ်မကြာမီ ကျန်နတ်ဘုရားနန်းဆောင်ခုနှစ်ဆောင်ကို စုချန်း အပြီးသတ်နိုင်ခဲ့တော့သည်။ ထိုအခါ သူ့စိတ်ဝိညာဥ်စွမ်းအင်မှာ အဆပေါင်းများစွာ မြင့်မားလာပြီး အာရုံခံနိုင်စွမ်းမှာလည်း ဆထက်တံပိုး တိုးပွားလာတော့၏။
ယခင်ကဆိုလျင် ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို စုပ်ယူရန် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို စုချန်း လိုအပ်ခဲ့၏။ ယခုမူ ထိုစွမ်းဆောင်ရည်မျိုးကို စိတ်တခုတည်းနှင့် စုချန်း အလွယ်တကူ ပြုလုပ်နိုင်ခဲ့လေပြီ။
ထိုအချိန်မှာပင် အရိပ်ကဲ့သို့ ဖြစ်တည်မှုတခု သူ့ထံသို့ ချဉ်းကပ်လာသည်ကို စုချန်း ခံစားလိုက်ရ၏။ ရေခဲနတ်ဆိုးတကောင်ပင် ဖြစ်လေသည်။ သာမာန်အားဖြင့်ဆိုလျင် ရေခဲနတ်ဆိုးတကောင်းသည် ပုံသဏ္ဍာန်မရှိ၍ ထိတွေ့ရန်မဖြစ်နိုင်ပေ။
သို့သော် စုချန်းသည် သာမာန်ချီစွမ်းအားပညာရှင်မဟုတ်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်သည်။
ဒုန်း!!!
ရုတ်ချည်းဆိုသလိုပင် ကြွယ်ဝမှုပြောင်းလဲခြင်းနန်းဆောင်မှ ပဲ့တင်သံတသံ ထွက်ပေါ်လာ၏။
ထို့နောက် စိတ်ဝိညာဥ်စွမ်းအားမျှင်တမျှင်သည် ရှေ့သို့ တိုးထွက်လာပြီး
ရေခဲနတ်ဆိုးကို မီးခိုးငွေ့ဘဝသို့ ရောက်သွားစေတော့၏။