ခေါင်းဆောင်ဟူသည်
Vol. 91 Ch. 905
ရွှေရောင်အလင်းတန်း လက်တဖက် ဖြတ်တောက်ခံရပြီး ငါးရက်အကြာတွင် စုချန်းသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ ထို့ကြောင့် စုချန်းသည် မူလကမ္ဘာကြီးတခွင်၌ သွေးဗီဇမပါပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် ပထမဦးဆုံးသော ချီစွမ်းအားပညာရှင်တယောက်အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့လေပြီ။
သို့သော်လည်း ဤမျှ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည့်သူ၊ ထပ်တူထပ်မျှ ပျော်ရွှင်နိုင်မည့်သူဟူ၍ကား စုချန်းဘေးနားတွင် တဦးတလေးမျှပင် ရှိမနေခဲ့ချေ။ ပျော်ပွဲရွှင်ပွဲများ မရှိသလို ကောင်းချီသြဘာပေးသံများဟူ၍လည်း မကြားရပဲ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ တလောကလုံးတွင် စုချန်းကို ကြိုဆိုနေသူဟူ၍ ဝင်လုဆဲ နေရောင်ခြည်သာလျင် ရှိလေသည်။
သို့စေကာမူ ဤသည်မှာပင် လက်တွေ့ဘဝကို ထင်ဟပ်နေ၏။ ရှေးအတီတေကာလဆီမှ အံ့မခန်းတီထွင်မှုများစွာသည်လည်း ဤအတိုင်း တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားတတ်ရသည် မဟုတ်ပါလား။
သို့သော် ဘာကြောင့်မှန်းမသိ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်ခနမှာပင် စိုးရိမ်ပူပန်မှုတခုကို စုချန်း ခံစားလိုက်ရသည်။ ထိုပူပန်မှု မည်သည့်နေရာမှ ရုတ်တရက် ပေါ်ပေါက်လာရလေသနည်း။ ထိုအဖြေကို သူ မသိချေ။
ခုနစ်ရက်ကြာပြီးနောက် မြောက်ပိုင်းနယ်စပ်မှ သတင်းများ လူပျံတော်များထံ ရောက်ရှိလာ၏။ သားရဲလှိုင်းများကား ရောက်ရှိလာခဲ့လေပြီ။
ထိုသတင်းကြောင့် လူပျံတော်တိုင်း အကြီးအကျယ် ဆူညံပွက်လောရိုက်ကုန်ကြ၏။ ဤအတိုင်းသာဆိုလျင် သူတို့အဖို့ စစ်ပွဲနှစ်ပွဲကို တစ်ပြိုင်တည်း တိုက်ခိုက်နေရသည့် အခြေအနေမျိုးနှင့် ကြုံနေရလေပြီ။
နောက်ထပ် နှစ်ရက်အကြာတွင် လူသားနယ်မြေမှ သတင်းများ ထပ်မံရောက်ရှိလာပြန်သည်။ ဟာလာဟင်းလင်းတောင်နိုင်ငံ နှင့်ရေအလျင်နိုင်ငံတို့ကား စစ်တပ်များကို ဆင့်ခေါ်ရန် သဘောတူလိုက်ကြလေပြီ။ သူတို့သည် လူပျံတော်တို့၏ လုပ်ရပ်များကို တရားဝင်ပင် ရှုတ်ချပြောဆိုလိုက်ကြပြီး လူပျံတော်နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ရန် သဘောတူလိုက်ကြ၏။
အခြေအနေမှာ အကြီးအကျယ် အန္တရာယ်များလှပြီး ကောင်းကင်နိုင်ငံအဖို့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသည်နှင့် တူလှသည်။ အကယ်၍ ထာဝရည၏ ဦးနှောက်သာ ပုံမှန်အနေအထားတွင် ရှိနေခဲ့သေးလျင် ကျူးရှန်းယောင်ကို လွှတ်ပေးလိုက်မည်မှာ သေချာနေ၏။
သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ထာဝရညသည် မည်သည့်တုံ့ပြန်မှုမှ မရှိပဲ မူလအတိုင်း ငြိမ်သက်စွာပင် ရှိနေခဲ့လေသည်။
နောက်ထပ် အချိန်သုံးရက် ထပ်မံကုန်ဆုံးသွားပြန်၏။ စုချန်းတယောက်အခန်းထဲတွင် ငူငူကြီး ထိုင်နေလေသည်။
“လျောင်ယဲ့နိုင်ငံဘက်က အခြေအနေ ဘယ်လိုများ ရှိသလဲမသိဘူး”
စုချန်း ငူငူကြီး ထိုင်နေရာမှ အထက်ပါအတိုင်း ရေရွတ်လိုက်၏။
“တပ်တွေကို အပြည့်အဝ စုစည်းဖို့ ဆိုတာကတော့ အချိန်ယူရလိမ့်မယ် ဒါပေမဲ့ စစ်သားတွေကတော့ စစ်ထွက်ဖို့ ပြင်ဆင်နေကြပြီ သခင်”
တစ္ဆေကဲ့သို့ အသံတသံက အထက်ပါအတိုင်း ပြန်ဖြေလိုက၏။ ထိုအသံမှာ လူပျံတော်နယ်မြေထဲသို့ ရောက်နေခဲ့ပြီဖြစ်သော ပိတ်လော၏ အသံပင် ဖြစ်သည်။ လူပျံတော်နယ်မြေအတွင်း ရောက်နေခဲ့ပြီဖြစ်၍ ပိတ်လော့အနေနှင့် ကျူးချန်းဟွမ်၊ ကျူးရှန်းယောင်၊ စုချန်းတို့နှင့် တပြိုင်တည်း ဆက်သွယ်နိုင်စွမ်းရှိလာ၏။
“ဒါပေမဲ့ ထာဝရညကတော့ ဒီအတိုင်း ဆက်ပြီးတောင့်ခံနေအုံးမဲ့ သဘောပဲ"
စုချန်း တီးတိုးရွတ်လိုက်ပြန်သည်။
အခြေအနေသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း သူ ကောင်းကောင်းကြီး ခံစားမိနေ၏။ မည်သို့ဆိုစေ သူ့အစီအစဉ် ကောင်းမွန်ခဲ့သည်မှာ မေးခွန်းထုတ်ဖွယ်ရာမရှိပေ။ သို့သော် ကောင်းမွန်သောအစီအစဉ်တိုင်း ရလဒ်ကောင်းများ မရနိုင်သည်ကတော့ ဝမ်းနည်းဖွယ်အမှန်တရားတခုပင် ဖြစ်သည်။
ပါရမီရှင်များအကြားတိုက်ပွဲတွင် နှစ်ဖက်စလုံးသည် တဖက်၏ လှုပ်ရှားမှုကို ကြိုတင်သုံးသပ်နိုင်ပြီး ထိုအစီအစဉ်ကို ဟန့်တားရန် တန်ပြန်အစီအစဥ်များ ဖော်ထုတ်နိုင်ခြင်းမှာ ဘာမှမဆန်းချေ။
စုချန်သည် သတ်ဖြတ်သူနယ်မြေတွင် အကြီးအကျယ် အောင်မြင်မှုရခဲ့၏။ ၎င်းမှာ စုချန်း၏ အရည်အချင်းကြောင့်သာမဟုတ်ပဲ ပြိုင်ဘက်ဖြစ်သူ ဘုရင်ကြီးအနူဘီ ညဏ်နည်းမှုနှင့်လည်း များစွာ သက်ဆိုင်နေ၏။
သို့သော် ယခုတော့ သူရင်ဆိုင်နေရသောပြိုင်ဘက်မှာ အနူဘီနှင့်မတူပဲ များစွာ ညဏ်နီညဏ်နက်များလှကြောင်း စုချန်း လက်ခံလိုက်ရပေပြီ။ ထာဝရညဘက်မှ မည်သို့တုံ့ပြန်မည်ကို သူ မည်သို့မှ အတိအကျ ခန့်မှန်းနိုင်စွမ်းမရှိပဲ ဖြစ်နေ၏။ ထာဝရည ဘာတွေးနေသည်၊ ဘာလုပ်နေသည်ကို သူ မသိ။ ဤအချက်က သူ့ကို အကြီးအကျယ် စိုးရိမ်စိတ်ပွားစေ၏။
ခေတ္တစဉ်းစားပြီးနောက် စုချန်က ပြောလိုက်ပြန်သည်။
“ကျူးရှန်းယောင် ရှိတဲ့နေရာမှာ ဘာတွေဖြစ်နေလဲဆိုတာကို သေချာစောင့်ကြည့်ထားစမ်း ကျုပ်စိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်နေတယ်”
“ကောင်းပါပြီသခင်”
ပိတ်လော့က ပြန်ဖြေလိုက်၏။
စုချန်းသည် ကျူးရှန်းယောင်ကို ကာကွယ်နိုင်ရန် များစွာ ကြိုးပမ်းအားထုတ်ခဲ့ရ၏။ သို့သော် နောက်ဆုံးတော့ သူ့ကြိုးပမ်းမှုများအားလုံး အဓိပ္ပာယ်မဲ့သွားပုံ ပေါ်နေချေသည်တကား။
နှစ်ရက်ကြာပြီးနောက် ပိတ်လော့ထံမှ သတင်းပို့ချက်တခုကို စုချန်း ထပ်မံရရှိလိုက်ပြန်သည်။ ထိုသတင်းမှာကား...
ကျူးရှန်းယောင်ကို ရာဇဝတ်သားတယောက်အဖြစ် သတ်မှတ်ပြီး ကောင်းကင်မြို့တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟူသော သတင်းပေတည်း။
ထိုသတင်းကြောင့် စုချန်း ရူးတော့မတတ် ခံစားလိုက်ရ၏။ သို့မဟုတ် ထာဝရညပင်လျင် ဦးနှောက်ပျက်သွားပြီလား မဆိုနိုင်ချေ။ ထာဝရည မည်သို့သောစိတ်ကူးမျိုးနှင့် ဤသို့ လုပ်နိုင်လေသနည်း။ လူသားများနှင့် သားရဲများ၏ ဖိအားကို ထာဝရည မည်သို့ လျစ်လျူရှုနိုင်လေသနည်း။
ထိုအခိုက်အတန့်မှာပင် ရှုံးနိမ့်ခြင်း၏ အခြားတစ်ဖက်တွင် ဘာရှိနေသနည်းဟူသောအဖြေကို စုချန်း ကောင်းကောင်းကြီး သိလိုက်ရတော့သည်။
ကံမကောင်းစွာပင် မူလအရိုးတောင်ဝှေးသည်လည်း ထာဝရည၏ လုပ်ရပ်များနှင့်ပတ်သက်၍ မည်သည့်ဟောကိန်းကိုမှ ထုတ်မပေးနိုင်တော့ချေ။ ထာဝရညသည် ညဏ်များလှပြီး သူ့ဘေးနားတွင် ပရိယာယ်များသူ အများအပြား ဝန်းရံနေလေရာ ထာဝရည ဘာတွေးနေသည်ကို စုချန်း မည်သို့မှ အတိအကျ မသိနိုင်တော့ချေ။
“သခင် ဒီတခါ ကျုပ်တို့ ဘာလုပ်ကြမလဲ”
ပိတ်လော့ပင် အခြေအနေ၏ အကဲမရပုံကိုကြည့်ပြီး စိုးရိမ်ပူပန်လာဟန်တူ၏။
“ကျူးချန်းဟွမ်လည်း ဒီက အခြေအနေကို မသိသေးဘူး ကျုပ် သူ့ကို မပြောရသေးဘူး”
စုချန်း တွေဝေနေ၏။ အတန်ကြာမှ သူက ပြောလိုက်လေသည်။
“သူ့ကို မပြောသေးတာ မှန်တယ် ထာဝရညအနေနဲ့ မူလအစီအစဥ်အတိုင်းပဲ ဆက်သွားဖို့ ဆုံးဖြတ်ထားပုံရတယ် ကျုပ်က စစ်တပ်ကြီးနှစ်တပ်ကို သုံးပြီး သူ့အပေါ် ဖိအားပေးနေတာတောင် သူက ကျူးရှန်းယောင်ကို သုံးပြီး ကျုပ်ကို ဖိအားပြန်ပေးနေတယ် ကျူးရှန်းယောင်ကို ကောင်းကင်မြို့တော် ပို့လိုက်တာကြည့်ရင် ကျုပ်ကို ပစ်မှတ်ထားနေတာ သေချာတယ်”
ပိတ်လော့က သဘောတူလိုက်သည်။
“ထာဝရညရဲ့ ဒီလုပ်ရပ်က အတော်ကိုယုတ်မာတာပဲသခင် သူ သခင့်ရဲ့အားနည်းချက်ကို ထိုးနှက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ"
စုချန်း နှာခေါင်းရှုံ့လိုက်၏။
“သူ ကျုပ်ရဲ့အားနည်းချက်ကို သိသွားကောင်းသိသွားနိုင်တယ် ဒါပေမဲ့ သူ့မှာရော အားနည်းချက် မရှိဘူးလား”
ပိတိလော့ အံ့အားသင့်သွား၏။
"သူ့အားနည်းချက်က ဘာများလဲ သခင်"
“သူ့မျိုးစိတ်ဝင်တွေပဲ"
စုချန်းက ကျောချမ်းဖွယ်ရာကောင်းသော အသံနှင့် ပြောလိုက်လေသည်။
“ထာဝရည မင်းဟာ ကျုပ်နဲ့ အပြန်အလှန်ကစားဖို့အတွက်နဲ့ စစ်တပ်နှစ်တပ်ရဲ့ ဖိအားကို လျစ်လျူရှုနိုင်လောက်အောင် ရက်စက်လွန်းတာပဲ ဒါပေမဲ့ လူပျံတော်တိုင်း မင်းလောက် ရက်စက်မယ်လို့ ကျုပ်တော့ မထင်ဘူး"
နောက်တစ်နေ့မှာပင် ကောလဟာလတစ်ခုက ကောင်းကင်မြို့တော်တစ်ခွင်လုံးသို့ တောမီးသဖွယ် ပျံ့နှံ့သွားတော့သည်။ ထိုကောလဟာလမှာကား ထာဝရညသည် လူသားအမျိုးသမီးတစ်ဦးကို ချစ်မြတ်နိုးမိပြီး အတင်းအကြပ် ဖမ်းဆီးခဲ့ကြောင်းဟူ၍ပင် ဖြစ်လေသည်။ ထိုမျှသာမကသေးပဲ ကောလဟလထဲတွင် အဆိုပါလူသားအမျိုးသမီးသည် နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇပိုင်ရှင်မျိုးနွယ်စုတစုမှ အမွေဆက်ခံသူဖြစ်၍ လူသားများဘက်မှ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း၊ ထာဝရညသည် လူသားများ၏ ညှိနှိုင်းရန် တောင်းဆိုမှုများကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ကြောင်း စသည့် အကြောင်းအရာများ ပါဝင်နေသေး၏။ တဖက်တွင် သားရဲများလည်း လူပျံတော်နယ်မြေကို စတင်ကျူးကျော်နေချိန် ဖြစ်သည်။ သို့သော် ထာဝရညသည် ကိလေသာအမှောင်ဖုံးကာ သူ့နိုင်ငံ၏ ဆင်းရဲဒုက္ခများကို လျစ်လျူရှုပြီး အနှီလူသားအမျိုးသမီးကို ကောင်းကင်မြို့တော်သို့ အတင်းအကျပ်ပင် ခေါ်ဆောင်လာခဲ့၏။ ဤလုပ်ရပ်ကြောင့် လူသားများနှင့် လူပျံတော်များအကြားတွင်ပါ နောက်ထပ် စစ်ပွဲတပွဲ ဖြစ်ပွားသွားစေနိုင်သည်ဖြစ်လေရာ ကောင်းကင်နိုင်ငံသည်ကား ရန်သူစစ်တပ်ကြီးနှစ်တပ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်မည့် အဖြစ်ဆိုးမျိုးနှင့် ကြုံရပေတော့မည်။
တကယ်တော့ ကောလဟလတွင် ပါဝင်သည့် အကြောင်းအရာအများစုတွင် ထာဝရညက ကျူးရှန်းယောင်ကို ချစ်မြတ်နိုးမိသည်ဟူသောအချက်မှလွဲ၍ ကျန်အချက်များမှာ အမှန်ပင် ဖြစ်သည်။ ဤကောလဟလကြောင့် လာလတ္တံ့သော ဘေးအန္တရာယ်တိုင်းအတွက် ထာဝရညတွင် တာဝန်ရှိကြောင်း လူပျံတော်များ သေချာပေါက် တွေးမိကြပေလိမ့်မည်။ ကုန်ကုန်ပြောရလျင် သားရဲများ၏ ကျူးကျော်မှုသည်ပင်လျှင် ထာဝရည၏ တာဝန်ဖြစ်လာပေလိမ့်မည်။
အစပိုင်းတွင်တော့ လူပျံတော်အများစုမှာ သူတို့၏ နားများကိုပင် သူတို့ မယုံရဲပဲ ဖြစ်နေကြ၏။ နှစ်ပေါင်းထောင်ချီ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့ပြီး ညဏ်ပညာကြီးမြတ်လှသော ဘုရင်ကြီးထာဝရညလို လူစားမျိုးက ဤလုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု မည်သူက ယုံကြည်မည်နည်း။
သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် ထိုကောလဟလမှာ အမှန်ပင် ဖြစ်နိုင်ဖွယ်ရှိကြောင်း လူပျံတော်များ မြန်မြန်ဆန်ဆန်ပင် သိရှိသွားကြ၏။
မူလအလင်းရဲတိုက်တွင် လူသားသံတမန်တဦး အဖမ်းခံခဲ့ရခြင်းမှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် လူသားများ ကျူးကျော်စစ်ဆင်ရန် စစ်တပ်များကို စုဖွဲ့ပြင်ဆင်နေခြင်း၊ သားရဲများ လူပျံတော်နယ်မြေ၏ နယ်စပ်များကို ကျူးကျော်နေခြင်းမှာ အမှန်ပင်ဖြစ်နေ၏။ ထိုမျှသာမကသေး ၎င်းတို့၏ ဘုရင်ကြီးသည် သားရဲများ ကျူးကျော်မှုကို လျစ်လျူရှုပြီး လူသားများနှင့်ရင်ဆိုင်ရန် လေပေါ်ခံတပ်မြို့သုံးမြို့ကို လူသားနယ်မြေအစပ်သို့ စေလွှတ်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်နေလေသည်။
ဤအချက်အလက်များအားလုံးသည် ကောလဟာလကို မှန်ကန်စေရန်ကို ပံ့ပိုးပေးနေကြ၏။ ထိုအခါ နောက်ထပ်စစ်ပွဲကြီးတပွဲကို ဆင်နွဲရတော့မည်ဟူသောအတွေးက လူပျံတော်များအပေါ် လွှမ်းမိုးလာလေသည်။
လူပျံတော်များအနေနှင့် မိမိ၏ သွေးသားများဆုံးရှုံးရခြင်း၊ မိမိပိုင်ဆိုင်မှုများ ပျက်စီးရခြင်း စသည့် စစ်၏ ဆိုးကျိုးများကို ထပ်မံခံစားလိုခြင်း မရှိကြတော့ချေ။
အမျိုးသမီးတဦးအတွက် စစ်ပွဲတပွဲတိုက်ရသည်ဟူသည်မှာ ကဗျာဆန်ပုံရသော်လည်း တကယ်တမ်းတွင်တော့ အသိဉာဏ်ကင်းမဲ့ပြီး အဓိပ္ပာယ်မဲ့သော လုပ်ရပ်တခုသာ ဖြစ်သည်။ ဤသို့ ညဏ်နည်းသည့်လုပ်ရပ်မျိုးကို လူပျံတော်များ မည်သည့်နည်းနှင့်မျှ လက်မခံနိုင်။ ဖြစ်စဥ်အတိအကျကို မသိကြသေးသည် အရာရှိများနှင့် မင်းမျိုးမင်းနွယ်တချို့ပင်လျှင် ထာဝရည၏ လုပ်ရပ်ကို လက်ခံနိုင်စရာမရှိဟု ထင်မြင်ကုန်ကြတော့သည်။
ကောလဟာလသည် မြို့တော်တခွင်သို့ အရှိန်အဟုန်ဖြင့် ပိုမိုပျံ့နှံ့လာပြီး ကျူးရှန်းယောင် ကောင်းကင်မြို့တော်သို့ ရောက်လာချိန်တွင်တော့ အထွတ်အထိပ်သို့ ရောက်သွား၏။ ထို့နောက်တွင်တော့ ကောင်းကင်မြို့တော်မှ ပြည်သူအများအပြား လမ်းပေါ်တက်လာပြီး ကျူးရှန်းယောင်ကို လွှတ်ပေးရန် တောင်းဆိုကုန်ကြလေသည်။
လှပပြီး ကျက်သရေရှိလှသော ကျူးရှန်းယောင် အကျဉ်းချခံရသည်ကို သူတို့မြင်လိုက်ရသောအခါ ကြည့်ရှုနေသူများမှာ ပို၍တက်ကြွလာကြ၏။
“သူ့ကို လွှတ်ပေးပါ”
“သူ့ကို လွှတ်ပေးပါ”
“သူ့ကို လွှတ်ပေးပါ”
လူပျံတော်အုပ်ကြီး အထက်ပါအတိုင်း အော်ဟစ်တောင်းဆိုနေကြ၏။ လူသားတဦး၏ဘက်မှ လူပျံတော်များ ပထမဆုံးအကြိမ် ရပ်တည်လိုက်ခြင်းပေတည်း။
လူပျံတော်များအနေနှင့် မည်သည့် စစ်ပွဲကိုမှ မလိုချင်ကြတော့။ အနည်းဆုံးတော့ ဤသို့သော အကြောင်းပြချက်ကြောင့် စစ်မက်ဖြစ်ပွားမည်ကို လုံးဝမလိုလားကြတော့ချေ။
ထာဝရနေမင်းနန်းတော်ထဲတွင် ဖြစ်သည်။
အိပ်မက်ကြာပန်းသရဖူက ထာဝရညကို ဒေါကြီးမောကြီးနှင့် ပြောလိုက်၏။
“အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ ဘာလို့ ဒီလောက်ထိ ခေါင်းမာနေရတာလဲ ကျူးရှန်းယောင်ကို ဖမ်းတာကပဲ တခုတည်းသော နည်းလမ်းလား အရှင်မင်းကြီးဟာ အမျိုးသမီးတယောက်အတွက် လူပျံတော်တွေကို ဘေးအန္တရာယ်ထဲ ဆွဲသွင်းနေတယ်ဆိုတဲ့ သတင်းက မြို့တော်တခွင်လုံး ပျံ့နှံ့နေပြီဆိုတာ မသိဘူးလား”
သူမ အထက်ပါအတိုင်းပြောနေရင်း ပို၍ဒေါသထွက်လာဟန်ဖြင့် တုန်ယင်လာ၏။
သို့သော် ထာဝရည၏ မျက်နှာအမူအရာကား ပကတိအတိုင်း တည်ငြိမ်နေဆဲပင်။ ဤလူပျံတော်အိုကြီး၏စိတ်မှာ တောင်ကြီးတတောင်ကဲ့သို့ ခိုင်မာလှချေသည်တကား။
ထိုအခါ ထာဝရညက ပြန်ဖြေလိုက်လေသည်။
“ကောလဟာလတွေ ဘယ်လိုပျံ့နှံ့လာသလဲဆိုတာ မင်း တွေးမိရဲ့လား"
“ဘာ”
ထာဝရည ဆက်ပြောလိုက်လေသည်။
“ဒီကောလဟာလတွေကြောင့် ကျုပ်တို့လူမျိုးတွေကိုယ်တိုင် ကျုပ်တို့အပေါ် ဆန့်ကျင်လာတယ်……ဒါက ကျုပ်တို့ရဲ့ရန်သု ဘယ်လိုအခြေအနေဆိုက်နေသလဲဆိုတာ ဖော်ပြနေတယ်”
အိပ်မက်ကြာပန်းသရဖူ အံ့သြသွား၏။
"အရှင်မင်းကြီး ဆိုလိုတာ”
“ဒီလို တုံ့ပြန်မှုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး သဘောက ကျုပ်တို့ မှန်ကန်တဲ့လူကို ရှာတွေ့ပြီဆိုတာပဲ ကျူးရှန်းယောင်ဟာ ဒီအတုအယောင်ဟဲယွန်လေစီးကြောင်းနဲ့ သေချာပေါက်ဆက်စပ်နေတယ်”
“ဒီတော့ ဘာဖြစ်သလဲ”
အိပ်မက်ကြာပန်းသရဖူ ခေါင်းခါလိုက်၏။
“အခုအချိန်မှာ ဟဲယွန်လေစီးကြောင်းက အရေးမကြီးတော့ဘူး အရေးအကြီးဆုံးက ဖြစ်လာတော့မဲ့ တိုက်ပွဲပဲ ဟဲယွန်လေစီးကြောင်းကြောင့် ကျွန်မတို့မျိုးစိတ် မပျက်စီးနိုင်ဘူး ဒါပေမဲ့ ကျန်တဲ့ မျိုးစိတ်နှစ်စိတ်ရဲ့ ကျူးကျော်မှုကတော့……”
“သူက ငါတို့မျိုးစိတ်ကို မဖျက်ဆီးနိုင်ဘူး ဟုတ်လား ဒါဆို ပြောစမ်းပါအုံး ကျုပ်တို့ရဲ့ လက်ရှိအခြေအနေအတွက် ဘယ်သူက တာဝန်ရှိသလဲဆိုတာ"
ထာဝရညက ပြန်ချေပလိုက်သည်။
အိပ်မက်ကြာပန်းသရဖူ တကိုယ်လုံး တအေးခဲသွား၏။ သို့သော် သူမက ခေါင်းခါလိုက်လေသည်။
“ကျွန်မဂရုမစိုက်ဘူး အခုလက်ရှိ အရေးအကြီးဆုံးကိစ္စက စစ်ပွဲရဲ့မီးလျှံတွေကို ငြိမ်းသတ်ဖို့ပဲ အခုဘယ်လောက်များတဲ့ အရပ်သားတွေကျွန်မကို တောင်းပန်နေသလဲဆိုတာ အရှင်မင်းကြီး သိရဲ့လား သူတို့ဟာ မိသားစုဝင်တွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ကြပြီးပြီ သူတို့ နောက်ထပ်စစ်ပွဲကြီးတပွဲကို ထပ်တိုက်ဖို့ ကျွန်မ ဘယ်လိုမှ မတိုက်တွန်းနိုင်တော့ဘူး"
ထာဝရည သက်ပြင်းချလိုက်၏။
“ပြည်သူတွေရဲ့ စကားသံကို အလေးထားတာဟာ ကောင်းပါတယ် ဒါပေမဲ့ ဒါကြောင့် တွေဝေနေစရာတော့ အကြောင်းမရှိဘူး ထူးချွန်တဲ့ ခေါင်းဆောင်တယောက်ဟာ လူထုရဲ့ ထင်မြင်ယူဆချက်တွေကို ထည့်သွင်းစဉ်းစားတတ်ပေမဲ့ သူတို့ကို ခယပြီး မတောင်းပန်တတ်ဘူး သူတို့ ဘာပဲတွေးတွေး မင်းမှာ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ ရှိနေဖို့လိုတယ် အခြေအနေပေါ်မှာ ကိုယ်ပိုင်အမြင်နဲ့ လုပ်ကိုင်တတ်ဖို့လိုတယ် ဒါပေမဲ့ မင်းမှာတော့ အဲဒီအရည်အချင်း မရှိသေးဘူး"
အိပ်မက်ကြာပန်းသရဖူ ဒေါသထွက်သွား၏။
“အရှင်မင်းကြီးက ကျွန်မကို အထင်သေးနေတာလား”
ထာဝရညသည် သူမကို စိုက်ကြည့်နေ၏။
အိပ်မက်ကြာပန်းသရဖူ၏မျက်နှာမှာ ပို၍ နီမြန်းလာလေသည်။
“ကျွန်မအားနည်းချက်ကို ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မ လူပျံတော်တွေရဲ့ စိတ်ဆန္ဒကို အလေးထားတယ် သူတို့ဟာ ကျွန်မတို့လိုပဲ မိခင်နတ်ဘုရားမရဲ့ သွေးသားတွေပဲ ဒါကြောင့် သူတို့ရဲ့အသံကို နားထောင်ဖို့ ကျွန်မမှာ တာဝန်ရှိတယ် ပြီးတော့ ကျွန်မရဲ့ တာဝန်တွေထဲမှာ အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်ကြောင့် ကျွန်မတို့နိုင်ငံ မပျက်စီးရလေအောင် ကာကွယ်ဖို့လဲပါတယ်”
ထာဝရည အေးဆေးတည်ငြိမ်သောဟလေသံနှင့် ပြန်ဖြေလိုက်၏။
"ကျုပ်တို့ တကယ်အာရုံစိုက်ဖို့ လိုတာက လူပျံတော်တွေ လိုအပ်နေတာကို ဖြည့်ဆည်းပေးဖို့ပဲ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ ကန့်သတ်ချက်ရှိတဲ့အတွက် ကျုပ်တို့မြင်ရတဲ့ အခြေအနေကို ကျုပ်တို့မြင်သလို သူတို့ မမြင်နိုင်ဘူး ရှင်းရှင်းပြောရရင် အခုအချိန်မှာ ကျုပ်ရဲ့ အဓိကရည်မှန်းချက်က ပဋိပက္ခတွေကို ငြိမ်သက်သွားစေဖို့ပဲ”
“ပဋိပက္ခတွေကို ငြိမ်သက်သွားစေဖို့ ဟုတ်လား အရှင်မင်းကြီးက ဘယ်လိုလုပ်မှာလဲ"
ထာဝရညသည် အေးစက်သောလေသံနှင့် ပြန်ဖြေလိုက်သည်။
“မနက်ဖြန် နေ့လယ်ပိုင်းမှာ ကျူးရှန်းယောင်ကို နန်းတော်ရဲ့ စည်းဝေးကွင်း ကွပ်မျက်မယ်”