" ဒါ ဂလိုဘဲလ်က လုပ်တာလား.."
Vol. 11 Ch. 161
"ဒါ ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
"မဖြစ်နိုင်ဘူး..."
ကပ္ပတိန်သာမက တခြားလူများလည်း မယုံနိုင်အောင် ဖြစ်သွားကြသည်။ "ဘုရားရေ.. ဒီနေရာရဲ့ ရေအနက်က မီတာ ၂၀၀၀ ရှိတာကို..."
"တကယ်ပဲ သင်္ဘောအောက်ခြေမှာ အပေါက်ကြီးအချို့ ရှိနေတာလား..."
ထိုလူ ပြန်မဖြေရသေးခင် နောက်ထပ် သင်္ဘောသားတစ်ယောက်က ထိတ်လန့်တကြား ပြေးလာပြီး အလောတကြီး အော်ဟစ်လိုက်သည်။
"ကပ္ပတိန်.. ကျွန်တော်တို့ သင်္ဘော ပျက်စီးသွားပြီ..သင်္ဘောအောက်ခြေမှာ အပေါက်ကြီးတွေ ရှိနေတယ်...အောက်ခံတိုင်ကီထဲမှာ ပင်လယ်ရေတွေ အပြည့်ဖြစ်နေပြီ..."
"ဘာ..."
"ဒါက… တကယ်…ဖြစ်နေပြီပဲ..."
ကပ္ပတိန်၏ မျက်နှာမှာ ကြောက်လန့်၍ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ ထို့နောက် အလျင်အမြန်ပင် အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ်... ရေတွေဆက်မဝင်လာအောင် ရေလုံခန်းကို ပိတ်လိုက်...ရေလုံတံခါးကို ပိတ်လိုက်..."
"ကပ္ပတိန်...အဲဒါ အသုံးမဝင်တော့ဘူး... အပေါက်တွေက အရမ်းကြီးလွန်းတယ်... ပင်လယ်ရေတွေကလည်း အလွန်မြန်မြန်စီးဝင်လာတယ်...အခု ကျွန်တော်တို့ အကူအညီတောင်းခံပြီး ထွက်ပြေးဖို့ပဲ စဥ်းစားသင့်တယ်..."
ကပ္ပတိန် အနည်းငယ် သဘောမတူပေ။
သူ ကပ္ပတိန်အခန်းကို အမောတကော ပြေးသွားပြီး စောင့်ကြည့်ရေးကင်မရာအချို့ကို ကြည့်လိုက်သည်။ကြည့်ပြီးနောက် သူ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
"ပြီးပြီ.."
ပြီးပြီပဲ.... "
ထို ကပ္ပတိန် ညည်းညူလိုက်သည်။
မော်နီတာမှနေ၍ ကြည့်ရှုရာတွင် သင်္ဘောအောက်ခြေက ပင်လယ်ရေဖုံးလွှမ်းနေတာကို တွေ့ရပြီး ပင်လယ်ရေမှာ မြင်သာသောနှုန်းဖြင့် တိုးပွားနေသည်။ ထိုအခြေအနေမျိုးတွင် သင်္ဘောကို စွန့်ခွာပြီး ထွက်ပြေးဖို့ တစ်ခုတည်းသော ရွေးချယ်မှု့သာ ရှိတော့သည်။
သင်္ဘောပေါ်တွင် လူအများအပြားက ထိတ်လန့်တကြားဖြစ်နေကြပြီး ဟိုခုန်သည်ခုန် လုပ်နေကြ သလို အချို့ ငယ်ရွယ်တဲ့ သင်္ဘောသားများမှာ ငိုကြွေးနေကြသည်။
ဤနေရာတွင် ကျယ်ပြောလှသော ပင်လယ်ကြီးသာ ရှိသည်။အသက်ကယ်လှေပေါ်မှ ခုန်ချလျှင် အသက်ရှင်ဖို့ မျှော်လင့်ချက် ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ မသိပေ။
လျူယောင် တတိယအမြင်ဖြင့် သင်္ဘော၏အခြေအနေကို တွေ့မြင်ခဲ့ရပြီး စိတ်ထဲတွင် တိတ်ဆိတ်သွားသည်။ ထိုသင်္ဘောသားများမှာ အပြစ်ကင်းကြသည်။ သို့သော် လော့မောင်ယွမ်ဆိုသူက အလွန်မုန်းဖို့ကောင်းသည်။
လျူယောင် စိတ်ထဲတွင် စဥ်းစားလိုက်သည်။
" လိပ်ကြီး အပေါက်ငါးပေါက်ပဲ ဖောက်ထားတာ...သင်္ဘောက အနည်းဆုံး လေးနာရီ ဒါမှမဟုတ်... ငါးနာရီလောက်ကြာမှ...အပြည့်အဝ နစ်မြုပ်လိမ့်မယ်.. ဒီသင်္ဘောသားတွေကို ကယ်ဆယ်နိုင်မယ်လို့...ငါ..မျှော်လင့်ပါတယ်.."
လိပ်ကြီး က လိပ်ကြီး ပါပဲ။
သူအလုပ်ပြီးသွားပြီးနောက် ရင်ထဲတွင် ကျေနပ်မှုကို ခံစားရပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"သခင်..ကျွန်တော့်ရဲ့ နောက်ထပ်တာဝန်က ဘာလဲ..ပြောပါဦး..ကျွန်တော် နောက်ထပ်အပေါက်နည်းနည်းလောက်... ဖောက်ချင်တယ်..ဗျာ.."
လျူယောင် အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။
"နောက်ထပ်သင်္ဘောတစ်စင်း ရှိတယ်...ရေမိုင်ရာပေါင်းများစွာ ကွာဝေးတဲ့ နေရာမှာပဲ.. မင်း အခု အဲဒီကို သွားနိုင်ပြီ..."
သင်္ဘောတည်နေရာနှင့် အခြေခံအချက်အလက်အချို့ကို လျူယောင် ပြောပြလိုက်သည်။
၎င်းက ရိရှိန်းသမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအုပ်စု၏ သံရိုင်းတင်သင်္ဘောလည်းဖြစ်သည်၊ရေကြောင်းလမ်းပေါ်တွင်လည်း ရှိနေသည်။
ကွာခြားချက်မှာ ထိုသင်္ဘောက တရုတ်နိုင်ငံမှ ရက်အနည်းငယ်ကတည်းက ထွက်ခွာလာပြီး သြစတြေးလျသို့ သံရိုင်းသယ်ယူရန် သွားနေခြင်းပဲ ဖြစ်သည်။
၎င်းက သင်္ဘောအလွတ်ဖြစ်သည်။ ကျိုးယန်ပေးသော အချက်အလက်များအရ သင်္ဘောက တန်ချိန် ကိုးသောင်း ကျော်ရှိသည်။ ထို့ကြောင့် သင်္ဘောကြီးတစ်စင်းအဖြစ် သတ်မှတ်လိုက်သည်။
သံရိုင်းပို့ဆောင်ရေးလုပ်ငန်းက ရီရှန်းအုပ်စု၏ အရေးကြီးသောလုပ်ငန်းလည်း ဖြစ်ပြီး ထိုလမ်းကြောင်းကို ပြေးဆွဲနေသော သင်္ဘောများစွာ ရှိသည်။
ပင်လယ်အောက်ခြေသို့ နစ်မြုပ်လုနီးပါးဖြစ်နေသော တန်ချိန် ကိုးသောင်း ကျော်ရှိသော သင်္ဘောကြီးအပြင် ပြည်တွင်းဆိပ်ကမ်းမှာ ရပ်နားထားသော ဆယ်နှစ်သားအရွယ် သင်္ဘောတစ်စင်းလည်း ရှိသေးသည်။
ထိုသင်္ဘောကြီးက ဆိပ်ကမ်းတွင် ကုန်ချနေလေသည်။
လုပ်စရာတစ်ခုခု ရှိနေပြန်ပြီဖြစ်လို့ လိပ်ကြီးအလွန်စိတ်လှုပ်ရှားနေသည်။
လျူယောင် သတိပေးလိုက်သည်။
"အနည်းဆုံး ရေမိုင် ခုနစ်ရာ ရှစ်ရာလောက်တော့ ရှိတယ်.. မင်း အရင် နားပါဦး..တစ်ခုခု စားလိုက်.. ပြီးမှ သွားရင်လည်း နောက်မကျပါဘူး..."
လိပ်ကြီးက မနေနိုင်တော့ဘဲ ချက်ခြင်း အဖြေ ပေးလိုက်သည်။
"သခင်..ရေမိုင် ခုနစ်ရာ....ရှစ်ရာက ဘာမှ မဟုတ်ပါဘူး...ကျွန်တော် အဲဒီသင်္ဘောကို နစ်မြုပ်ပြီးမှ စားပါ့မယ်...."
ဘယ်လိုပဲ ဖြစ်ဖြစ် လိပ်ကြီးဟာ ဧရာမလှံကိုကိုင်ကာ ထွက်ခွာသွားသည်။
သူက ပင်လယ်ထဲတွင် အလွန်မြန်သည်။အမြန်နှုန်းမှာ ရေမိုင် နူန်း ၁၈၀ ကျော်သည်။ ဤအမြန်နှုန်းသည် လေယာဉ်၏အမြန်နှုန်းကို မမီနိုင်သော်လည်း မြန်နှုန်းမြင့်ရထား၏ အမြန်နှုန်းကို ကျော်လွန်နေပြီ ဖြစ်သည်။
......
ရီရှန်းအုပ်စုတွင်…
လော့မောင်ယွမ်နှင့် လက်အောက်ငယ်သားအချို့က နောက်ထပ် သင်္ဘောတိုက်မှုတစ်ခုကို လုပ်ဆောင်ရန် ကြံစည်နေကြပြီး ပစ်မှတ်ကို ရွေးချယ်ပြီးပြီပဲ ဖြစ်သည်။ အဆိုပါ ပစ်မှတ်က ဂလိုဘဲလ်ကုမ္ပဏီ ပိုင်ဆိုင်သော တန်ချိန် သုံးသောင်း အလေးချိန်ရှိတဲ့ ကုန်သေတ္တာတင်သင်္ဘောကြီး တစ်စင်း ဖြစ်သည်။
"သူဋေး..ကျွန်တော်တို့ရဲ့ 'ရွှေရောင်သရဖူ' ကို သုံးဖို့ အကြံပြုချင်ပါတယ်...သူ့ရဲ့ ရေတင်နှုန်းက တန်ချိန် တစ်သိန်းနှစ်သောင်း ရှိတာကြောင့် ပြိုင်ဘက်ရဲ့ တန်ချိန်ထက် လေးဆနီးပါး ပိုရှိပါတယ်။ ဒါ့အပြင် 'ရွှေရောင်သရဖူ' နဲ့ ပြိုင်ဘက်ရဲ့ သင်္ဘောက.... ရေကြောင်းလမ်း တစ်ခုတည်းမှာ ရှိနေပါတယ်...အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့.... 'ရွှေရောင်သရဖူ' ဟာ သဘက်ခါကျရင်...ပြိုင်ဘက်ရဲ့ သင်္ဘောနဲ့ ဆုံတွေ့လိမ့်မယ်....."
လော့မောင်ယွမ် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ဒါဆိုရင် ...'ရွှေရောင်သရဖူ' ကို သုံးလိုက်... လျူယောင်.... ငါတို့ကို ခြိမ်းခြောက်ထားတာမို့လို့ ....ငါတို့ကို... သူ... ပြန်ပေးဆပ်စေရမယ်..."
အခြေခံအားဖြင့် အရာအားလုံးကို သူတို့ ဆွေးနွေးခဲ့ကြပြီး လက်အောက်ငယ်သားတစ်ဦးက ထိုကိစ္စကို အသေးစိတ် ဆောင်ရွက်ရန် သွားတော့မည် ဖြစ်သည်။
"ဒုန်း ... "
ထိုအချိန် အစည်းအဝေးခန်း၏ တံခါးမှာ ရုတ်တရက် ပွင့်သွားကာ အစည်းအဝေးခန်းထဲမှ လူများလည်း ကြက်သေသေသွားကြသည်။
သူတို့က တံခါးကို ပိတ်ထားပြီး မကောင်းတဲ့အရာတစ်ခုခုကို ကြံစည်နေကြတာလေ။
တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသူက ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်နေတာကို မြင်သောအခါ လော့မောင်ယွမ် အလွန်မကျေမနပ်ဖြစ်သွားသည်။
"ကျန်းအို... မင်း ဘာလို့ ဒီလောက် အလျင်စလိုဖြစ်နေရတာလဲ...မင်း တံခါးတောင် မခေါက်တော့ဘူးလား..."
ကျန်းရှင်းလီ အလေးအနက် မထားပဲ သူ အလောတကြီး အစီရင်ခံလိုက်သည်။
"သူဋေး..ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ.....ကျွန်တော်တို့ရဲ့... 'ရွှေမြင်း' သင်္ဘော နစ်မြုပ်သွားပြီ...."
"ဘာ"
အခန်းထဲမှလူအားလုံး ထိတ်လန့်သွားကြသည်။
"ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
'ရွှေမြင်း' သင်္ဘောဆိုတာ ရီရှိန်း၏ အကြီးဆုံးသင်္ဘောများထဲမှ တစ်စင်း ဖြစ်သည်။ ခေတ်မှီမှု့လည်း မြင့်မားသလို ဝယ်ယူသည်မှာ သုံးနှစ်ပင် မပြည့်သေးပေ။
လူတိုင်း ကျန်းရှင်းလီကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
လော့မောင်ယွမ်လည်း မယုံကြည်ပေ။ သူက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"မစ္စတာကျန်း...မဖြစ်နိုင်တာ...ကျွန်တော်တို့ရဲ့ 'ရွှေမြင်း' သင်္ဘောက... ရေတင်နှုန်း... တန်ချိန် နှစ်သိန်း ကျော်တယ်... အကြီးစားလေမုန်တိုင်းနဲ့ ကြုံတွေ့ရင်တောင်မှ ဒီလောက်လွယ်လွယ်ကူကူ ဖြစ်မှာ မဟုတ်ဘူး...."
ကျန်းရှင်းလီ ငိုလုမတတ် ဖြစ်နေကာ ပြန်ဖြေလိုက်သည်။
"သူဋေး.. ဒါ အမှန်ပဲ...ကျွန်တော်တို့ရဲ့ 'ရွှေမြင်း' သင်္ဘော တကယ်နစ်မြုပ်သွားပြီ... ပစိဖိတ်သမုဒ္ဒရာအောက်ခြေကို.... နစ်မြုပ်သွားတာ..."
"ဘာ"
"ဒါ...အမှန်တကယ်ပဲ ဖြစ်နေပြီလား..."
လော့မောင်ယွမ်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုမျှကြီးမားသော သင်္ဘောနစ်မြုပ်မှု့မှာ ရီရှန်းသမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအုပ်စုကို တည်ထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်နေ၏။
ဒါက တကယ်ကို ကိစ္စကြီးတစ်ခုပါပဲ။
လော့မောင်ယွမ် ဒေါသတကြီးဖြင့် အော် မေးလိုက်သည်။
"သင်္ဘော ..နစ်မြုပ်ရတဲ့ ...အကြောင်းရင်းက ဘာလဲ...မင်းတို့ ရှာဖွေတွေ့ရှိပြီလား..."
ကျန်းရှင်းလီ ငိုလုနီးပါး ဖြစ်နေကာ ပြန်ဖြေလိုက်သည်။
"လောလောဆယ် ဘယ်သူမှ အကြောင်းရင်းကို မသိရသေးဘူး... 'ရွှေမြင်း' သင်္ဘောပေါ်က လူတွေလည်း ဘာဖြစ်နေလဲဆိုတာ နားမလည်ဘူး... ပြောစကားအရဆိုရင် သင်္ဘောအောက်ခြေက တိုးတိုက်သံအချို့ကို ကြားလိုက်ရပြီး...ရုတ်တရက် ပင်လယ်ရေအများအပြား စီးဝင်လာတာကို တွေ့လိုက်ရတာတဲ့...."
လော့မောင်ယွမ်၏ မျက်နှာမှာအလွန်ကြောက်စရာကောင်းအောင် မှိုင်းညို့နေသည်။
ကျန်းရှင်းလီ... ငိုရင်း သတိပေးလိုက်သည်။
"သူဋေး...ဒါ.. ဂလိုဘဲလ်က... တစ်ခုခု လုပ်လိုက်တာများလား..."
"သူတို့ လုံးဝ မဟုတ်ဘူး... သူတို့မှာ ဒီလောက်ကြီးကျယ်တဲ့ စွမ်းရည်မျိုး မရှိနိုင်ဘူး..." လော့မောင်ယွမ် ချက်ခြင်း ကန့်ကွက်လိုက်သည်။
သူ့လက်အောက်ငယ်သားတစ်ဦးသည် သတိထားပြီး ဝင်ပြောလိုက်သည်။
"သူဋေး... ကျွန်တော်တို့ ဂလိုဘဲလ် ရဲ့ သင်္ဘောကို... ဆက်လက်နစ်မြုပ်အောင်... လုပ်ရမလား..."
လော့မောင်ယွမ် ထိုလက်အောက်ငယ်သားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ဒီကောင့် ဦးနှောက်က ဝက်ဦးနှောက်ဖြစ်နေပြီ လို ဆဲဆိုမတတ် ဖြစ်နေသည်။
သူ့ရှေ့တွင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်နေသောကြောင့် သင်္ဘောနစ်မြုပ်မှုကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရပေမည်။
------
ရေမိုင် ခုနစ်ရာ ရှစ်ရာက လိပ်ကြီး အတွက် လေးနာရီသာ ကြာသည်။ အခု ပစ်မှတ်ကို တွေ့မြင် ရပြီပဲ ဖြစ်သည်။ မဝေးသောနေရာတွင် သင်္ဘောကြီးတစ်စင်း ခုတ်မောင်းနေသည်။
"သခင်ရေ...ကျွန်တော် ရောက်ပါပြီ..."
ယခုအချိန်မှာ နေ့လယ်ပိုင်းဖြစ်ပြီး လျူယောင် နေ့လယ်စာ စားပြီးနောက် အိပ်ရာမှနိုးကာ စာကြည့်ခန်းတွင် စာအုပ်တစ်အုပ် ဖတ်နေသည်။
စာအုပ်ကို အမြန်ချထားလိုက်ပြီး တတိယအမြင်ကို ဖွင့်လိုက်သည်။လိပ်ကြီးကို မြင်လိုက်ရပြီး မဝေးသော ပင်လယ်ပြင်တွင် ခုတ်မောင်းနေသော သင်္ဘောကြီးကိုလည်း မြင်လိုက်ရသည်။
ကျိုးယန် စုစည်းထားသော အချက် အလက်များကို သူ ထုတ်ယူကာ ကြည့်လိုက် ပြီးနောက် နေရာကို အတည်ပြုလိုက်သည်။
လျူယောင် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်...ဒါပဲ..."
လိပ်ကြီး လုပ်ဆောင်ရန် စိတ်အားထက်သန်နေသည်။
"သခင်....ဒါဆို...ကျွန်တော် သွားပြီး အပေါက်ငါးပေါက် ဖောက်လိုက်အုံးမယ်...အဲ့ကောင်ကို... ပင်လယ်အောက်ခြေထိ... နစ်မြုပ်သွားအောင် လုပ်လိုက်ပါ့မယ်..."
လျူယောင် ခဏမျှ စဥ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"အပေါက်ငါးပေါက် မလိုပါဘူး....မင်း အပေါက်ကြီး သုံးပေါက် ....ဖောက်လိုက်ရင် ရပြီလို့....ငါ... ထင်တယ်"
လိပ်ကြီး မကျေမနပ် ဖြစ်ကာ ပြန်ပြောလိုက်သည်။
"သခင်ကလည်း... အပေါက် ၃ ပေါက်.. ဖောက်တာ... ဘာလို့ ....ပျော်စရာကောင်းမှာလဲ....ကျွန်တော် အပေါက် ၅ ပေါက် ဖောက်ပါရစေ...."
လျူယောင် အသာလေး ပြုံးလိုက်သည်။
ဒီအပေါက်ဖောက်ရတာကို လိပ်ကြီး စွဲလန်းနေကာ အပေါက်ဖောက်ဖို့အရေး ဈေးဆစ်နေလိမ့်မည်လို့ သူ မထင်ထားပေ။