တာဝန်ဟူသည်
Vol. 92 Ch. 907
ထာဝရနေမင်းနန်းတော်ရှိ နှလုံးသားကိုရှာဖွေခြင်းနန်းဆောင်တွင် ဖြစ်သည်။
ဤနန်းဆောင်သည် ဘုရင်ကြီးထာဝရညတယောက် စိတ်အေးလက်အေးနှင့် တွေးတောဆင်ခြင်နေသည့်နေရာဖြစ်၍ ပုံမှန်အားဖြင့် နိုင်ငံရေးရာကိစ္စရပ်များကို သူ ဤနေရာတွင် ဆွေးနွေးလေ့မရှိ။ ထို့ကြောင့် မည်သည့်ဧည့်သည်ကိုမှလည်း လက်မခံတတ်ချေ။
သို့သော် ယနေ့ နှလုံးသားရှာဖွေခြင်းနန်းဆောင်တွင် အပြင်လူတဦး ရောက်နေ၏။
အပြင်လူဆိုမှ တကယ့် အပြင်လူပင်ဖြစ်သည်။
ထိုသူမှာ လူသားမျိုးစိတ်ဝင်တဦးဖြစ်သည့် စုချန်းပေတည်း။
နောက်ဆုံးတော့ ထာဝရညနှင့် စုချန်းတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်မိကြလေပြီ။
နန်းဆောင်တဆောင်လုံးတွင် စုချန်းနှင့် ထာဝရညတို့နှစ်ဦးတည်းသာ ရှိနေကြ၏။ ယုတ်စွအဆုံး အိပ်မက်ကြာပန်းသရဖူပင် ရှိမနေ။
ပထမတော့ အိပ်မက်ကြာပန်းသရဖူက မကျေမနပ် ဖြစ်နေသေး၏။ သို့သော် ထာဝရညက သူမကို ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။
“မင်းဟာ စေ့စပ်ဆွေးနွေးတဲ့နေရာမှာ မထူးချွန်ဘူး”
ထိုမှတ်ချက်ကို သူမ မကြိုက်သည့်တိုင် ထာဝရည၏ စကား မှန်ကန်ကြောင်းကိုတော့ အိပ်မက်ကြာပန်းသရဖူ ဝန်ခံရပေလိမ့်မည်။ သို့နှင့် ထာဝရညသည် အိပ်မက်ကြာပန်းသရဖူကို အခန်းအပြင်ဘက်၌သာ နေစေခဲ့၏။
စုချန်းကား ရန်သူများဝန်းရံထားသည့်အလယ်တွင် တယောက်တည်းရှိနေသည့်တိုင် အေးဆေးတည်ငြိမ်လှသည်။
သူ စာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရင်း စိတ်အေးလက်အေးပင် ပြောလိုက်၏။
“ကျုပ်ဘဝမှာ မဖြစ်နိုင်တဲ့အခြေအနေများစွာကို ကြုံတွေ့ခဲ့ရပြီးပြီး ရန်သူတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီ ဒီအထဲက တချို့ဟာ အားနည်းပြီး တချို့က အားကောင်းတယ် ဒါပေမဲ့ ကျုပ် သူတို့ကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာမှာသာ အားကောင်းရင်အားကောင်းလိမ့်မယ် ဒါပေမဲ့ ညဏ်ကတော့ နည်းကြတယ် ကုန်ကုန်ပြောရရင် ကျုပ်ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ မရှုံးနိမ့်ခဲ့ဖူးပါဘူး ဒါပေမဲ့ အခုတကြိမ်မှာတော့ ကိုယ်ထက် ပိုတော်တဲ့သူ ထူးချွန်တဲ့သူဆိုတာ အမြဲတမ်း ရှိနေတတ်မှန်း ကျုပ် သဘောပေါက်သွားပြီ...”
ထို့နောက် သူက စာအုပ်ကို ချလိုက်ပြီး ထာဝရညဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"အရှင်မင်းကြီးရဲ့ ဂုဏ်သတင်းကို ကျုပ် ကြားဖူးပါတယ် ဒါပေမဲ့ ကျုပ်တို့နှစ်ယောက် ရင်ဆိုင်ပြီးမှသာ ဒီဂုဏ်သတင်းက လိမ်ညာကြွားဝါထားတာမဟုတ်ဘူးဆိုတာကို ကျုပ် သဘောပေါက်သွားတယ်”
ထာဝရည၏ မျက်နှာအမူအရာ ပကတိအတိုင်း တည်ငြိမ်နေ၏။ စုချန်း၏ ချီးကျူးမှုများက သူ့အပေါ် မည်သည့် သက်ရောက်မှုမှ မရှိမှန်း သိသာလှသည်။
ထာဝရညက တည်ငြိမ်သောလေသံနှင့် စုချန်းကို ပြန်ပြောလိုက်လေသည်။
“မင်း ထွက်လာဖို့ ဖိတ်ခေါ်ရတာ တကယ်ကိုမလွယ်ဘူးပဲ”
“မှန်ပါတယ် မလွယ်ပါဘူး ဒါပေမဲ့ အရှင်မင်းကြီး ဒါကို လုပ်နိုင်ခဲ့ပြီ အရှင်မင်းကြီးရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ကျုပ် တကယ်ကို လေးစားပါတယ် တကယ်တော့ ကျုပ် အစောကြီးကတည်းက သိခဲ့သင့်တာ အရှင်မင်းကြီးရဲ့ ထောင်မှူးကတောင် အမှန်တရားကို ရှာဖွေနိုင်ခဲ့ရင် အရှင်မင်းကြီးလဲ ရှာတွေ့လောက်မှာပဲလေ တခုပဲ ပြောစရာရှိတယ် အရှင်မင်းကြီး အဖြေမှန်ကိုရှာတွေ့တာ နည်းနည်းတော့ နောက်ကျသွားတယ်"
“ကောင်းကင်အကျဥ်းထောင်မှာ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို မင်း ဖျက်ဆီးခဲ့တယ် ဒါကြောင့် ဟဲယွန်လေစီးကြောင်းနဲ့စုချန်း တယောက်တည်းပဲဆိုတာ ကျုပ်ရဲ့ ထင်မြင်ချက်သက်သက်ပါပဲလေ”
“အဖြေမှန်ကို ဘယ်လိုများ ခန့်မှန်းနိုင်ခဲ့လဲဆိုတာ ပြောပြလို့ရမလား အရှင်မင်းကြီး”
စုချန်းက မေးလိုက်လေသည်။
ထာဝရညက ပြန်ဖြေလိုက်၏။
"ကျူးရှန်းယောင်ရဲ့ နောက်လိုက်တွေကနေတဆင့်ပေါ့ကွာ”
အကျဥ်းထောင်မှုးကို သတ်ပြီးနောက် စုချန်းက ကောင်းကင်ထောင်ရှိ မှတ်တမ်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့၏။ သို့သော် ထာဝရညဆီသို့ သတင်းအချက်အလက်များ ရောက်လာခြင်းကိုတော့ တားဆီးစွမ်းမရှိခဲ့ချေ။ ထိုသတင်းများမှာကား ကျူးရှန်းယောင်၏ နောက်လိုက်များထံမှ ထွက်ပေါ်လာခြင်းပေတည်း။
တကယ်တော့ ကျူးရှန်းယောင်၏ နောက်လိုက်များသည် ဟဲယွန်လေစီးကြောင်းကို စုချန်းမှန်း မသိကြချေ။ သို့သော် သူတို့အားလုံး စုချန်းနှင့် ကျူးမျိုးနွယ်စု၏ ဆက်ဆံရေးကိုတော့ သိထားကြ၏။ အကြောင်းမှာ ယုန်မျိုးနွယ်စုပြသနာကို ဖြေရှင်းစဉ်က စုချန်း၏ လုပ်ရပ်များက လူတိုင်းကို ဝက်ဝက်ကွဲသွားစေသည် မဟုတ်ပါလား။
ထို့ကြောင့် ကျူးရှန်းယောင်ကို ဖမ်းဆီးမိသည်နှင့် ထာဝရည ပထမဆုံးလုပ်ဆောင်သည့်အရာမှာ ကျူးမျိုးနွယ်စုနှင့် ရင်းနှီးသောသူများစာရင်းကို သိရှိနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ မည်သို့ဆိုစေ ဤကြိုးပမ်းမှု အောင်မြင်ခဲ့သည်မှာ ထင်ရှားနေ၏။
ဤနည်းအားဖြင့် စုချန်းတယောက် ထာဝရည၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့ရခြင်းပင် ဖြစ်လေသည်။
နောက်ထပ်အရေးကြီးသည့်အချက်မှာ စုချန်းတယောက် သတ်ဖြတ်သူနယ်မြေကို မြေလှန်ခဲ့သည့် သတင်းများပင်။
ထို့နောက်တွင်တော့ စုချန်း၏ ပုံရိပ်ယောင်နည်းစနစ်များ၊ ကျူးမျိုးနွယ်စုနှင့် ဆက်ဆံရေး၊ သူ အချိန်အတော်ကြာအောင် ပျောက်ဆုံးနေခြင်း စသောအချက်အလက်များ ပေါင်းစပ်လိုက်သောအခါ စုချန်းနှင့် ဟဲယွန်လေစီးကြောင်းကို ဆက်စပ်ကြည့်နိုင်ရန်မှာ ထာဝရညအတွက် ဘာမှမခက်လှတော့ချေ။
သို့သော် စုချန်းကား ထိုအကြောင်းကို သိလိုက်ရသည့်တိုင် အနည်းငယ်မျှ စိတ်အနှောင့်အယှက် ဖြစ်သွားပုံမရ။
“အရှင်မင်းကြီးရဲ့ ညဏ်ပညာက တကယ်ကို ကြီးမြတ်လှပါပေတယ် ကျုပ် လူပျံတော်တွေကို အခုလိုလုပ်ခဲ့မိတဲ့အတွက်လဲ တောင်းပန်ပါတယ် အခု ကျုပ်ကိုယ်တိုင်လဲ ဒီကိုရောက်နေပြီဆိုတော့ ကျုပ်ကို ဘယ်လိုအပြစ်မျိုး ပေးမလဲဆိုတာ အရှင်မင်းကြီးရဲ့ သဘောအတိုင်းပါပဲ"
ထာဝရည ဘာမှပြန်မပြောသေးပဲ သူ၏ ရှေ့ရှိထိုင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။
စုချန်းလည်း စာအုပ်ကို ချပြီး ထိုင်ခုံတွင် ဝင်ထ်ိုင်လိုက်၏။ သူ့ပုံစံမှာ ထာဝရညနှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် အနည်းငယ်မျှ ကြောက်ရွံ့နေဟန်မရှိချေ။
အတန်ကြာသော် ထာဝရညက စကားစလိုက်၏။
“အမှန်တိုင်းပြောရရင် ကျုပ်က မင်းကို ခုချက်ချင်းပဲ သတ်ပစ်ချင်တာ မင်းကြောင့် လူပျံတော်မျိုးစိတ်ဝင်တွေ သိန်းနဲ့ချီပြီး အသက် ဆုံးရှုံးခဲ့ရတယ် ဒီရန်ငြိုးကို ကျုပ် ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး”
စုချန်း ရယ်မောလိုက်၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလတလျှောက်မှာ သေဆုံးသွားကြတဲ့ လူသားနဲ့ လူပျံတော်အရေအတွက်ဟာ သိန်းပေါင်းများစွာတောင် မဟုတ်ဘူး သန်းပေါင်းရာနဲ့ကိုချီနေတယ် အရှင်မင်းကြီး ဒါကြောင့် နှစ်သိန်းဆိုတဲ့အရေအတွက်က ဆံချည်မျှင် တမျှင်စာလောက်ပဲ ရှိတယ် လူသားတယောက်အနေနဲ့ ကျုပ်တို့မျိုးစိတ်အတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားဖို့၊ ဖျက်ဆီးပစ်ဖို့ဆိုတာ ကျုပ်ရဲ့ တာဝန်ပါပဲ ကျုပ်လက်တွေ သွေးစွန်းခဲ့တယ်ဆိုရင်တောင် ဒီအတွက် ကျုပ် နောင်တရစရာ ဘာအကြောင်းမှမရှိဘူး"
ရုတ်တရက်ဆိုသလို ထာဝရညထံမှ ပြင်းထန်သော ဖိအားလှိုင်းတခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဖုံးအုပ်လိုက်၏။ သို့သော် စွမ်းအားအနည်းငယ်ပင် အခန်းအပြင်ဘက်သို့ ထွက်မသွားလေရာ သူ့ စွမ်းအားကို ထာဝရည တိတိကျကျ ထိန်းချုပ်ထားနိုင်မှန်း မြင်သာနေသည်။
သို့သော် စုချန်းကတော့ ထာဝရညကို ခပ်တည်တည်ပင် စိုက်ကြည့်နေ၏။
လူသားမျိုးစိတ်ကြီး၏ လက်ရှိကိုယ်စားလှယ်အနေဖြင့် သူသည် ထာဝရည၏ ရှေ့တွင် မားမားမတ်မတ်ပင် ရပ်တည်နေ၏။
ထို့နောက် စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ထာဝရည သက်ပြင်းချရင်း ပြောလိုက်ပြန်၏။
“ကျုပ် အသက်ကြီးလာပြီပဲ လူငယ်မျိုးဆက်တွေက လူအိုတွေထက် အမြဲတမ်းပိုပြီး ရဲရင့်ကြပါပေတယ်"
“တာဝန်ယူမှုနဲ့ ပတ်သက်လာရင် အရှင်မင်းကြီးနဲ့ တန်းတူလို့ ကျုပ် မပြောနိုင်တာ သေချာတယ် ဒါပေမဲ့ ဒီမူလကမ္ဘာကြီးပေါ်မှာ လေးစားထိုက်တဲ့သူ၊ ဒါမှမဟုတ် အရှုံးပေးဖို့တောင် ထိုက်တန်တဲ့သူ ရှိခဲ့ရင် အဲဒါ အရှင်မင်းကြီးပါပဲ”
ဤစကားကိုတော့ စုချန်းက စိတ်ရင်းမှန်နှင့် ပြောလိုက်ခြင်း ဖြစ်သည်။
"ဒီတော့ ကျုပ်တို့ တခုခု ဆွေးနွေးဖို့ရှိတယ်ဆိုတာ မင်းက ကြိုသိနေတာလား”
ထာဝရညက မေးလိုက်ပြန်သည်။
“ဒါကြောင့်မို့လို့ပဲ အရှင်မင်းကြီးက ကျုပ်ကို ဖိအားပေးပြီး လူရှေ့ထွက်လာခိုင်းတာ မဟုတ်ဘူးလား”
စုချန်းက အထက်ပါအတိုင်း ပြန်ပြောလိုက်ရာ ထာဝရည တချက်ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
“မှန်တယ် ပြသနာတခုကို ဖြေရှင်းတဲ့နေရာမှာ ပြသနာကို ဖန်တီးခဲ့သူကသာ ပြန်ဖြေရှင်းဖို့ သင့်တယ်"
ထိုစကား၏ အဓိပ္ပါယ်ကို စုချန်း ချက်ချင်းနားလည်လိုက်၏။
ထာဝရညကား အနာဂတ်တွင် သေချာပေါက် ဖြစ်လာမည့် အရာတခုကို ရှင်းရှင်းလင်းလင်း မြင်ထားပြီးလေပြီ။ ၎င်းမှာ သူ့အနေနှင့် ကျူရှန်ယောင်ကို လွှတ်ပေးခဲ့လျှင်ပင် စစ်ပွဲကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
မှန်ပါသည်။ ထာဝရည မည်သို့မှ တားဆီးနိုင်မည်မဟုတ်။ စစ်ပွဲဟူသည်မှာ စရလွယ်သလောက် ငြိမ်းချမ်းရေးတည်ဆောက်ရန်မှာကား အကြီးအကျယ် ခက်ခဲတတ်သော သဘာဝတွင် ရှိသည် မဟုတ်ပါလား။
ကျူးရှန်းယောင်ကို မတရားဖမ်းဆီးထားသည်ဟူသော အကြောင်းပြချက်နှင့် လူသားနိုင်ငံသုံးနိုင်ငံသည် မဟာမိတ်ဖွဲ့လိုက်ကြ၏။ သို့သော် တကယ့်အကြောင်းရင်းမှာ ကျူးရှန်းယောင်ကြောင့် မဟုတ်။ လူပျံတော်မျိုးစိတ်များ အင်အားနည်းနေသောကြောင့်သာ ဖြစ်သည်။
ကျူးရှန်းယောင်ကို လွှတ်ပေးလိုက်ရုံနှင့် လူသားများဘက်မှ တပ်ဆုတ်သွားမည်ဟုဆိုရင် အလွန်ဟာသဆန်နေပေလိမ့်မည်။ အကြောင်းမှာ ကျူးရှန်းယောင်သည် စစ်ပွဲကိုစတင်ရန် အကြောင်းပြချက်သက်သက်မျှသာ ဖြစ်နေသောကြောင့်ပင်။
ဓားပြတစ်ယောက်က သင့်ကို ဓားပြတိုက်ချင်လျင် “ဒီနေရာက ငါပိုင်တာ” ဟု ဗလာချီပြောကာ အကြောင်းရှာပေလိမ့်မည်။ ထိုအခါ သင်က ဤနေရာသည် သင့်အပိုင်ဖြစ်ကြောင်း ဓားပြကို သက်သေပြလိုက်သည်ဆိုပါစို့။ ဓားပြ လက်လျှော့သွားလိမ့်မည်ဟု သင်ထင်လေသလား။
လုံးဝလက်လျှော့လိမ့်မည်မဟုတ်ချေ။
လူ့သမိုင်းတစ်လျှောက်တွင် တရားမဝင် လက်နက်များ ပိုင်ဆိုင်ထားသည်ဟူသော အကြောင်းပြချက်မျိုးနှင့် အင်အားကြီးနိုင်ငံတနိုင်ငံက အင်အားနည်းပါးသည့်နိုင်ငံကို ကျူးကျော်ခဲ့ဖူးသည့် ဖြစ်ရပ်မျိုးမှာ ရေတွက်၍ပင် မရချေ။ တကယ်တမ်းတွင် တရားမဝင်လက်နက်ဟူသည်မှာ ဘယ်တုန်းကမှ ရှိမနေခဲ့ကြောင်း သူတို့တွေ့ခဲ့ရ၏။
သို့သော် ဘာဖြစ်သနည်း။
ဘာမှမဖြစ်ချေ။ အကြောင်းမှာ သူတို့ အနိုင်ရခဲ့သောကြောင့်ပင်။ ထို့ကြောင့် အင်အားကြီးနိုင်ငံတနိုင်ငံ၏ ခေါင်းဆောင်က နိုင်ငံတနိုင်ငံသည် မကောင်းမှုများ ကျူးလွန်နေ၍ ဖယ်ရှားရန် လိုအပ်သည်ဟု ကြေငြာလိုက်ရုံနှင့် ကျူးကျော်စစ်ကို အလွယ်တကူ ဆင်နွှဲနိုင်ကြ၏။
ထို့ကြောင့် အကြောင်းပြချက်ဟူသည် မျက်နှာဖုံးစွပ်ရန်သက်သက်ထက် မပိုချေ။
ကျူးရှန်းယောင်သည် ကျူးကျော်စစ်ကိုစတင်ရန် အကြောင်းပြချက်သက်သက်သာ ဖြစ်မှန်း ဤမျှဆိုလျင် သင် သဘောပေါက်လောက်ပေပြီ။ ကျူးရှန်းယောင်ကို လွှတ်ပေးလိုက်ရုံနှင့် လူသားများဘက်မှ ကျူးကျော်စစ်ကို မည်သည့်နည်းနှင့်မျှ ရပ်ပေးလိမ့်မည်မဟုတ်။ သားရဲများနှင့် ပတ်သက်လာလျင် ကျူးရှန်းယောင်မှာ ပို၍ပင် အသုံးမဝင်ပေ။
ထို့ကြောင့် ကျူးရှန်းယောင်သည်လည်း လာမည့် စစ်ပွဲကို တားဆီးနိုင်လိမ့်မည်မဟုတ်။
ထာဝရညနှင့် စုချန်းတို့နှစ်ယောက်လုံး ဤအချက်ကို ရှင်းရှင်းလင်းလင်းကြီး နားလည်ထားကြ၏။
လူအများစုကတော့ ကျူးရှန်းယောင်ကိုသာ လွှတ်ပေးလိုက်လျင် စစ်ပွဲကို ရပ်တန့်နိုင်လိမ့်မည်ဟု့ ထင်မြင်ယူဆနေကြ၏။ သို့သော် ထာဝရညကတော့ ဖမ်းဆီးခံထားရသူကို မလွှတ်ပေးမှသာ စစ်ပွဲကို ရှောင်ရှားနိုင်ရန် ရာနှုန်းအနည်းငယ်မျှသော အခွင့်အရေးတချို့ ရလာနိုင်ကြောင်း ရှင်းရှင်းလင်းလင်းပင် မြင်နိုင်ခဲ့၏။
စုချန်းသည် စစ်ပွဲကိုစတင်ရန် လှုံ့ဆော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် စစ်မက်မဖြစ်ပွားစေရန် စွမ်းဆောင်နိုင်ချေ အရှိဆုံးသူမှာလည်း စုချန်းပင် ဖြစ်သည်။
သို့ဆိုလျင် ထာဝရညအနေနှင့် စုချန်းကို မည်သို့အကြပ်ကိုင်မည်နည်း။
အဖြေမှာ ကျူးရှန်းယောင်ပင် ဖြစ်သည်။
စုချန်းနှင့် အပေးအယူလုပ်နိုင်မည့်တခုတည်းသောအရာမှာ ကျူးရှန်းယောင်မှအပ တခြားမရှိချေ။
ထို့ကြောင့်လည်း ထာဝရညအနေနှင့် ကျူးရှန်းယောင်ကို တကယ်ပင် ကွက်မျက်ပစ်ရန် ရည်ရွယ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအတွက် အကြောင်းပြချက်မှာလည်း ရိုးရှင်းလှ၏။ သူ့အနေနှင့် ကျူရှန်းယောင်ကို တကယ် မကွက်မျက်ပဲ ဟန်ဆောင်နေခဲ့လျင် ညဏ်ကောင်းလှသောစုချန်းက ဤအစီအစဥ်ကို သိသွားပေလိမ့်မည်။ ထို့ကြောင့် ကျူးရှန်းယောင်ကို အမှန်တကယ် ကွက်မျက်ရန် စီစဥ်မှသာ စုချန်း ပေါ်ထွက်လာစေရန် ဖိအားပေးနိုင်မည် ဖြစ်သည်။
အကယ်၍ ကျူးရှန်းယောင် သေသွားပြီး စုချန်း ထွက်မလာခဲ့လျင် မည်သို့လုပ်မည်နည်းဟု မေးစရာရှိသည်။
ပြသနာမရှိ။ လူသားများဘက်မှ ကျူးရှန်းယောင် သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ တိုက်ခိုက်ကြလိမ့်မည်သာ။
ဤအတိုင်းဆိုလျင် ကျူးရှန်းယောင်ကို သတ်ပစ်လိုက်ခြင်းကသာ ပို၍ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။
မည်သို့ဆိုစေ ထာဝရည၏ ဆုံးဖြတ်ချက် မှန်ကန်ခဲ့၏။
ယခုဆိုလျင် ကျူးရှန်းယောင်၏ အသက်အတွက် စုချန်းတယောက် ထာဝရညနှင့် အပေးအယူ လုပ်ရပေတော့မည်။