တောင်းဆိုလာသောသုံးချက်
Vol. 92 Ch. 908
အချိန်အတော်ကြာမှ စုချန်းက သက်ပြင်းချရင်း မေးလိုက်၏။
“ဒီစစ်ပွဲကို ကျုပ် ရပ်နိုင်မယ်လို့ အရှင်မင်းကြီး ဘာကြောင့်များ ထင်နေတာလဲ”
“ဒီစစ်ပွဲကို ရပ်ဖို့ မင်းဘယ်လိုလုပ်မလဲဆိုတာ ကျုပ်မသိဘူး အဲဒါက မင်းရဲ့ကိစ္စပဲ ကျုပ်သိတာက မင်းဟာ ကျုပ်ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့နိုင်ခဲ့တဲ့သူပဲ မင်းဟာ အခုအချိန်အထိ အံ့ဩစရာတွေ တခုပြီးတခု လုပ်ပြနေခဲ့တယ် ဟိုးအရင်တုန်းက သတ်ဖြတ်သူတွေနဲ့ အခုတော့ ကျုပ်တို့ လူပျံတော်တွေနဲ့ပေါ့ မင်းမှာ အံ့မခန်းနိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေ၊ ပုံရိပ်ယောင်နည်းစနစ်တွေ၊ လေဟာနယ်ဆိုင်ရာ စွမ်းရည်တွေနဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်းတွေကို ပိုင်ဆိုင်ထားတယ် ဒီတော့ စစ်ပွဲတပွဲကို ရပ်သွားစေဖို့ဆိုတာ မင်းအတွက် သာမန်ကိစ္စလေးတခုပဲ နေမှာပါ”
ထာဝရညက အထက်ပါအတိုင်း ပြန်ဖြေလိုက်သည်။
“တကယ်လို့ ကျုပ် မလုပ်နိုင်ခဲ့ရင်ကော”
“ကျူးရှန်းယောင် သေလိမ့်မယ်”
ထာဝရည တည်ငြိမ်သောလေသံနှင့် ပြန်ပြောလိုက်၏။
“ကျုပ်တို့ကြားမှာ ဖြစ်တော့မယ့် စစ်ပွဲကို မင်း မတားနိုင်ဘူးဆိုရင် ကျူးရှန်းယောင်ကို ကျုပ် သတ်မယ် ဒီလိုပဋိပက္ခတွေကြားမှာ သေတဲ့သူအရေအတွက် တယောက်တိုးလာမယ် ”
ထာဝရည၏ စကားလုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေ၏။ သူ့စရိုက်ကိုလည်း ရှင်းလင်းစွာ ဖော်ပြနေသည်။
ဤတကြိမ် ခေါင်းကိုက်ရသူမှာ စုချန်းဖြစ်လာ၏။
ထို့နောက် သူ ခေါင်းတချက်ကုတ်ရင်း ပြောလိုက်ပြန်သည်။
“အရှင်မင်းကြီး ဘယ်တုန်းကများ ဒီလောက်ထိ ရက်စက်တတ်တဲ့သူမျိုး ဖြစ်သွားတာလဲ”
“ဒီပဋိပက္ခကိုဖြေရှင်းဖို့ မင်းကို ပြန်မလွှတ်ခင် လူပျံတော်တွေကို မင်းလုပ်ခဲ့တဲ့အရာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးဆိုတာ ကျုပ် ကိုယ့်စိတ်ကိုယ် အတော်ကြီးကို ထိန်းချုပ်ထားလို့ပဲ”
စုချန်း ဘာမှမတတ်နိုင်တော့။
"ကောင်းပြီလေ အရှင်မင်းကြီးရဲ့တောင်းဆိုချက်တွေကိုသာ ကျုပ်ကိုပြောပါတော့”
ထာဝရညက လက်သုံးချောင်းထောင်ပြလိုက်၏။
“ပထမဆုံးအနေနဲ့ မင်းဟာ သားရဲတွေနဲ့ လူသားတွေ စစ်နံနှစ်ဘက်ကနေ ကျုပ်တို့ကို ဝိုင်းဝန်းတိုက်ခိုက်လာတော့မဲ့ အခြေအနေကို ရပ်တန့်ရမယ်”
ထိုစကားကို ကြားသည်နှင့် စုချန်း မျက်မှောင်ကုတ်လိုက်၏။ အကြောင်းမှာ ထိုတောင်းဆိုမှုက အလွန်အကျွံဖြစ်နေ၍မဟုတ်။ ထာဝရညဘက်မှ တောင်းဆိုမည့်အချက်သုံးချက်အနက်မှ တချက်မျှသာဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သို့သော် စုချန်းအနေနှင့် သဘောတူရန်မှအပ တခြားရွေးစရာမရှိ။
"ကျုပ် သဘောတူတယ်”
“ဒုတိယတချက်ကတော့ မင်းဟာ လူပျံတော်တွေအတွက် ကျင့်ကြံခြင်းနည်းစနစ်တရပ်ကို ဖန်တီးပေးရမယ်”
“ဟင်”
စုချန်း အံ့အားသင့်သွား၏။
ထာဝရညက ဆက်ပြောလိုက်သည်။
“မင်းဟာ သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို တီထွင်ဖန်တီးနေတဲ့ မဟာပညာရှိပဲလေ လူသားတွေအတွက် မင်းလုပ်နိုင်ရင် လူပျံတော်တွေအတွက်လည်း လုပ်နိုင်ရမယ် ကျုပ်တို့လူပျံတော်တွေဟာ မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ပြဿနာကို နှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြတယ် ဒါပေမဲ့ ကျုပ်တို့ မအောင်မြင်ခဲ့ဘူး ဒါကြောင့် ကျုပ်တို့လူပျံတော်တွေဟာ အနီးကပ်တိုက်ခိုက်ကြရတဲ့ တိုက်ပွဲမျိုးမှာ အင်မတန် အားနည်းတယ် ဒီပြဿနာကို တစုံတယောက်က ဖြေရှင်းနိုင်မယ်ဆိုရင် အဲဒီလူဟာ မင်းကလွဲပြီး တခြားမရှိဘူး မင်းဟာ သတ်ဖြတ်သူတွေအတွက်လဲ ကျင့်ကြံခြင်းနည်းစနစ်တမျိုးကို ဖန်တီးပေးခဲ့တာပဲ မဟုတ်ဘူးလား”
ဤတကြိမ်တွင်လည်း စုချန်းက ခေါင်းညိတ်လိုက်ရပြန်သည်။
“ကောင်းပြီလေ ကျုပ် လုပ်မယ် တတိယအချက်က ကျုပ် ခိုးယူခဲ့တဲ့ ရတနာအားလုံးကို အရှင်မင်းကြီးဆီ ပြန်ပေးရမှာပေါ့ ဟုတ်တယ်မလား ဒါကိုလဲ ကျုပ် သဘောတူပါတယ်”
ထို့နောက် သူက သေတ္တာတလုံးကို ဆွဲထုတ်လိုက်၏။ ထိုသေတ္တာထဲတွင် မူလလက်စွပ်များနှင့် ပြည့်နှက်နေလေသည်။ စုချန်း နှစ်နှစ်အတွင်း စုဆောင်းခဲ့သော ရတနာများပေတည်း။
အံ့သြစရာကောင်းသည်မှာ ထာဝရညက သေတ္တာကို လှည့်၍ပင် မကြည့်ချေ။
“ဒီရတနာကို ကျုပ်ဆီ ပြန်ပေးစရာမလိုဘူး”
“ဘာ ဘယ်လို အရှင်မင်းကြီး”
စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။
ထာဝရညကား တည်တည်ငြိမ်ငြိမ်ပင်။
“မင်း ယူသွားတဲ့ ရတနာတွေက မင်းအပိုင်ပဲ ကျုပ် ဒီလောက်လဲ လောဘမကြီးပါဘူးလေ”
စုချန်းက ရယ်မောလိုက်၏။
“သေတ္တာထဲမှာ ကံကြမ္မာလက်ချောင်းများ နဲ့ ကျောက်စိမ်းမြူရဲ့ ရတနာသိုက်ကနေ ယူလာခဲ့တဲ့ ရတနာတွေအပြင် မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ရတနာတွေလဲ ပါတယ်နော် အရှင်မင်းကြီး အထူးသဖြင့် ဒီလို နတ်ဘုရားအဆင့်ရတနာတွေက……”
သို့သော် ထာဝရညက သူ့စကားကို ဖြတ်ပြောလိုက်၏။
“မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ရတနာတွေက ကျုပ်အပိုင်မှမဟုတ်တာ ကျုပ်က ဘာလို့ ဂရုစိုက်နေရမှာလဲ”
“ဗျာ……”
စုချန်း ထာဝရညကို မှင်သက်စွာ စိုက်ကြည့်နေ၏။
ထာဝရညက ဆက်ပြောလိုက်ပြန်သည်။
“မင်းအနေနဲ့ ဒီလောက်ထိလဲ နုံအချင်ယောင်ဆောင်နေစရာ မလိုပါဘူးလေ ခုချိန်မှာ ကျုပ်ဘက်ကတော့ ဘယ်တခုကိုမှ ဖုံးကွယ်လျှို့ဝှက်ထားစရာ မလိုတော့ဘူး မိခင်နတ်ဘုရားမဂိုဏ်းဟာ နတ်ဘုရားဆိုင်ရာ အာဏာကို ကိုယ်စားပြုပြီး လူအများရဲ့ စိတ်ဝိဉာဉ်တွေကို ထိန်းချုပ်ထားတယ် ဒါကြောင့် သူတို့ဟာ မယုံနိုင်လောက်အောင် အာဏာကြီးတယ် ပြသနာက ဒီအာဏာကို ဘယ်လိုအသုံးချရမှန်းတော့ သူတို့ ကျကျနန မသိကြဘူး တနည်းအားဖြင့် သူတို့ နိုင်ငံရေးမလုပ်တတ်ဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက မိခင်နတ်ဘုရားမဂိုဏ်းဟာ နိုင်ငံကို အမြဲတမ်း ဆွဲချနေခဲ့တယ် ကျုပ်ကိုလဲ ဆွဲချခဲ့တယ် သူတို့ခွင့်မပြုတဲ့အတွက် ကျုပ် လုပ်သင့်လုပ်ထိုက်တဲ့ အရာတော်တော်များများကို မလုပ်နိုင်ပဲ လက်လွှတ်ခဲ့ရတယ်"
သို့သော် စုချန်းက ပြန်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ ကျုပ်သိသလောက်ကတော့ မိခင်နတ်ဘုရားမဂိုဏ်းနဲ့ ကောင်းကင်နိုင်ငံတော်တို့ဟာ အပြန်အလှန် ချည်နှောင်ထားတယ် ဒါ အပြန်အလှန် ထိန်းကျောင်းနေတဲ့သဘောပဲမလား အရှင်မင်းကြီး"
ထာဝရညက ခေါင်းညိတ်လိုက်၏။
“ကျုပ်ကလဲ ဒီအမှန်တရားကို မငြင်းပါဘူး ဒါပေမဲ့ ဒါကလဲ အိပ်မက်ကြာပန်းသရဖူက ကျုပ်ကို ယုံကြည်နေလို့သာပေါ့ ကျုပ်ဟာ အိုမင်းလာပြီ တစ်နေ့နေ့မှာ သေဆုံးရတော့မယ် အဲဒီအချိန်ကျရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူကသိနိုင်မလဲ မိခင်နတ်ဘုရားမဂိုဏ်း သြဇာကြီးလွန်းနေတာဟာ နိုင်ငံအတွက် ဘယ်လိုမှမကောင်းဘူးလို့ ကျုပ် ယုံကြည်ထားတယ် ဒီတော့ ဒီရတနာတွေ ဆုံးရှုံးသွားတော့လဲ ကောင်းတာပဲ အားသာချက်တချို့ ဆုံးရှုံးသွားရင် သြဇာလဲ လျော့သွားလိမ့်မယ် သူတို့ တည်ရှိနေတာဟာ ကောင်းပါတယ် သူတို့ ဆက်လက်တည်ရှိနေဖို့လဲ လိုအပ်တယ် ဒါပေမဲ့ သူတို့ရဲ့ သြဇာအာဏာကတော့ ဒီလောက်ထ်ိ ကြီးမနေသင့်ဘူး"
စုချန်း နားလည်သွားပေပြီ။ မည်သို့ဆိုစေ ထာဝရညသည် ထိုရတနာများကို သူကိုယ်တိုင် သိမ်းပိုက်နိုင်မည်မဟုတ်။ သို့ဆိုလျင် ထိုရတနာများကို စုချန်းအား ပေးလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းပင်။
ပေးလိုက်မည်ဆိုရာတွင်လည်း အလကားတော့မဟုတ်။ တတိယတောင်းဆိုချက်အတွက် အပေးအယူသဘောမျိုးသာ ဖြစ်ပေလိမ့်မည်။
ထိုအခါ ထာဝရည၏ တတိယတောင်းဆိုချက်သည် အရေးအကြီးဆုံးဖြစ်လာမည်ဟု စုချန်း ခံစားလိုက်ရတော့သည်။
ထို့နောက် ထာဝရညက ဆက်ပြောလိုက်ပြန်၏။
“တတိယအချက်အနေနဲ့ကတော့ မင်းအနေနဲ့ ကျုပ်ဆီကို ပစ္စည်းနှစ်မျိုး ယူလာပေးရလိမ့်မယ် မင်း ဒီပစ္စည်းနှစ်မျိုးကို ယူလာပေးတာနဲ့ ကျုပ်က ကျူးရှန်းယောင်ကို ချက်ချင်း ပြန်လွှတ်ပေးမယ် မင်း ဒီနယ်မြေထဲမှရထားတဲ့ ရတနာအားလုံးဟာ မင်းအပိုင်ပဲ ဖြစ်သွားလိမ့်မယ် ဒါတင်မကသေးဘူး မင်းလိုချင်တယ်ဆိုရင် ကျုပ်က ဧကရာဇ်ဘဏ္ဍာတိုက်ကိုပါ ဖွင့်ပေးလိုက်အုံးမယ်"
စုချန် ထိုစကားကိုကြားလိုက်ရသော်လည်း ပျော်ဖို့ဝေးစွ ပို၍ပင် စိတ်လေးလာသေး၏။
“အရှင်မင်းကြီးအနေနဲ့ ကျုပ်ကို ဒီလို ဆွဲဆောင်နေစရာမလိုပါဘူးလေ အရှင်မင်းကြီး ရှာခိုင်းတဲ့ ပစ္စည်းနှစ်မျိုးဟာ ရဖို့ အလွန်ခက်ခဲလိမ့်မယ်ဆိုတာ ကျုပ် သဘောပေါက်ပါပြီ ပြောပါ အရှင်မင်းကြီး ဘာကိုလိုချင်သလဲ"
“ထာဝရရှင်သန်ခြင်းဝိညာဥ်နဲ့ နက်ပ်ကျွန်းမျက်လုံး”
“ဖွီး"
ထိုစကားကိုကြားလိုက်သည်နှင့် သူ့ပါးစပ်ထဲမှ လက်ဖက်ရည်များကို စုချန်း ထွေးထုတ်လိုက်မိတော့သည်။
ထို့နောက် သူ ထာဝရညကို စိုက်ကြည့်နေ၏။
"အရှင်မင်းကြီး……”
သို့သော် ထာဝရညကား စနောက်နေခြင်းမဟုတ်ချေ။
“ဒါဆို အရှင်မင်းကြီးက ကျုပ်ကိုရော၊ သူ့ကိုပါ ကွက်မျက်ပစ်ဖို့ ပြင်ထားသင့်ပြီ”
ထာဝရရှင်သန်ခြင်းဝိညာဥ်နှင့် နက်ပ်ကျွန်းမျက်လုံးတို့မှာ လူပျံတော်များ ဘယ်တော့မှ နောက်ကြောင်းပြန်ကြည့်လိုခြင်းမရှိသည့် ကောင်းကင်မြို့တော်၏ သမိုင်းတစိတ်တပိုင်းဟု ဆိုနိုင်သည်။
နက်ရှိုင်းပင်လယ်ကျောက်ဆူးစီမံကိန်း။
ထိုစီမံကိန်းသည် ကောင်းကင်မြို့တော်ကို များပြားလှသော စွမ်းအင်ပမာဏများ ထောက်ပံ့ပေးနိုင်ခဲ့၏။ သို့သော် စီမံကိန်းကာလတွင် ရန်သူများ ဝင်ရောက်နှောင့်ယှက်မှုကြောင့် မြို့တော်သည် တနေရာတည်းတွင် ထာဝရပိတ်မိသွားပြီး ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။
ဤပြသနာ၏အဓိကတရားခံမှာ နက်ရှိုင်းပင်လယ်ကျောက်ဆူးကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းသည် အမျိုးအမည် မသိနိုင်သောနေရာသို့ ရောက်ရှိသွားပြီး ကောင်းကင်မြို့တော်ကို နေရာမှာပင် အမြစ်တွယ်ထားလိုက်ခြင်းကြောင့် ကောင်းကင်မြို့တော်အနေနှင့် ရွေ့လျားနိုင်စွမ်း မရှိတော့ခြင်းပင်။
နက်ရှိုင်းပင်လယ်ကျောက်ဆူး၏ အဆုံးတဖက်သည် မြို့တော်ကို ထိန်းချုပ်သည့် ဆပ်ခ်နူကလိယပေါ်တွင် တည်ရှိနေပြီး ကျန်တဖက်မှာမူ မူလစွမ်းအင်ပင်လယ်ပြင်၏ အနက်ပိုင်းတနေရာတွင် တည်ရှိနေ၏။
ဤစီမံကိန်းသည် ကြားရလျင် အတော်လေး ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်ကား အလွန်ရှုပ်ထွေး၏။ ကျောက်ဆူးကိုယ်တိုင်သည် အံ့ချီးဖွယ်ရာတခုဖြစ်ပြီး ၎င်းကို မတူညီသောလုပ်ဆောင်ချက်များစွာဖြင့် ပုံစံထုတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ဤမျှ ရှုပ်ထွေးသည့်ပစ္စည်းအတွက် ထိန်းချုပ်ရေးယန္တရားတခုမှာလည်း မဖြစ်မနေ လိုအပ်လာတော့သည်။
ထိုထိန်းချုပ်ရေးယန္တယားမှာကား နက်ပ်ကျွန်းမျက်လုံးပင် ဖြစ်လေသတည်း။
နက်ပ်ကျွန်းမျက်လုံးဟူသည် ကြီးမားသည့် ဖန်လုံးတလုံးဖြစ်ပြီး ၎င်းအပေါ်တွင် ရှုပ်ထွေးသော မူလပုံစံများကို ထွင်းထိုးထား၏။ ထိုပုံစံကွက်များကြောင့် နက်ပ်ကျွန်းမျက်လုံးသည် ကျောက်ဆူးကို ထိန်းချုပ်နိုင်စွမ်းရှိလာခြင်း ဖြစ်သည်။
သို့သော်လည်း ကံမကောင်းအကြောင်းမလှစွာပင် နက်ပ်ကျွန်းမျက်လုံးကို လူပျံတော်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဉာဏ်ရည်မြင့်မျိုးစိတ်တချို့က ခိုးယူသွားခဲ့တော့သည်။
အလားတူပင် ထာဝရရှင်သန်ခြင်းဝိညာဥ်မှာလည်း ခိုးယူခံခဲ့ရပြန်၏။
ထာဝရရှင်သန်ခြင်းဝိညာဥ်ဟူသည်သည် နက်ရှိုင်းပင်လယ်ကျောက်ဆူးနှင့် တွယ်ကပ်ကာ ကျောက်ဆူး၏ ကိရိယာဝိညာဥ် ဖြစ်လာစေရန် အထူးပုံစံထုတ်ထားသော စိတ်ဝိညာဥ်တမျိုးပင် ဖြစ်လေသည်။ ထို့ကြောင့် ထာဝရရှင်သန်ခြင်းဝိညာဥ်၏ စိတ်ပိုင်းဆိုင်ရာ ဆန္ဒများသည် နက်ရှိုင်းပင်လယ်ကျောက်ဆူး၏ လှုပ်ရှားနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်၏။
အချုပ်ဆိုရလျင် နက်ပ်ကျွန်းမျက်လုံးသည် နက်ရှိုင်းပင်လယ်ကျောက်ဆူး၏ ဦးနှောက်နှင့်တူပြီး ထာဝရရှင်သန်ခြင်းဝိညာဥ်ကတော့ ကျောက်ဆူး၏ခြေလက်များနှင့် တူပေသည်။
ဤမျှဆိုလျင် ၎င်း၏ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါများ ဖယ်ရှားခံရပြီးနောက် သက်မဲ့အခြေအနေသို့ ရောက်သွားသည့် နက်ရှိုင်းပင်လယ်ကျောက်ဆူး၏ သဘာဝကို မြင်လောက်ပေပြီ။
နောက်ပိုင်းတွင် ဤရတနာနှစ်ပါးသည် သမုဒ္ဒရာသားများ(သို့မဟုတ်) ပင်လယ်လူသားမျိုးစိတ်များနှင့် ဝိညာဥ်မျိုးစိတ်များထံသို့ ပြန့်နှံ့ရောက်ရှိသွားပြီး ၎င်းတို့၏ ရတနာများဖြစ်လာကြောင်း တွေ့ရှိရ၏။
ယခုတော့ ထာဝရညက ဤရတနာနှစ်ပါးကို စုချန်ထံမှ တောင်းဆိိုလိုက်လေပြီ။ ဆိုလိုသည်မှာ သူသည် ကောင်းကင်မြို့တော်အား ရွေ့လျားနိုင်စေလိုသော ဆန္ဒ ရှိနေခြင်းပင်။
ဤမျှ ကြီးကျယ်သော စီမံကိန်းနှင့် နှိုင်းယှဉ်လိုက်လျင် မိခင်နတ်ဘုရားမဂိုဏ်း၏ ရတနာများက ဘာတန်ဖိုးမှ မရှိတော့။
ထို့ကြောင့် စုချန်းက "ကျုပ်ကိုသာ သတ်ပစ်လိုက်ပါတော့” ဟု ပြောလိုက်ခြင်း ဖြစ်သည်။ တကယ်လည်း ဤရတနာနှစ်ပါးကို ပြန်လည်ရယူရမည့်ကိစ္စက ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် အတူတူသာ။
အံ့သြစရာကောင်းသည်မှာ စုချန်း၏ စကားကိုကြားသည်နှင့် ထာဝရညက ခေါင်းညိတ်ပြီး အောက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီ ကျုပ်ကလဲ အဲဒီအတိုင်း စဉ်းစားထားတာပဲ”
စုချန်း တုန်လှုပ်သွား၏။
“တကယ်ပြောတာ ကျုပ် မင်းကို တကယ် သတ်ပစ်ချင်နေတယ်”
ထာဝရညက သူ့စကားကို ထပ်မံအတည်ပြုလိုက်ပြန်သည်။
“မင်းအနေနဲ့ ကျုပ်ပြောတဲ့အချက်အလက်တွေကို သဘောမတူရင် ဒီနေရာမှာပဲ မင်းကို သတ်ပစ်လိုက်မယ် တကယ်တော့ ဒီလိုဆုံးဖြတ်လိုက်ရင်လဲ သိပ်တော့မဆိုးလှဘူး"
စုချန်းသည် မျက်မှောင်ကုတ်သွား၏။
“ကျုပ် နားမလည်တော့ဘူး ခုနတုန်းကတော့ ဒီအခြေအနေကို ဖြေရှင်းဖို့ အရှင်မင်းကြီးကပဲ ကျုပ်အကူအညီကို လိုအပ်နေတယ်ဆို ခုကျတော့ တမျိုးဖြစ်သွားပြန်ပြီလား"
ထာဝရညက ပြန်ဖြေလိုက်၏။
“ဒါက မင်းကို မမြင်ခင်တုန်းက စကားပါကွာ ဒါပေမဲ့ အခုကျတော့ မင်းဟာ ဒီစစ်ပွဲကို စတင်ခဲ့သူဖြစ်တယ် မင်းကြောင့် လူပျံတော်ထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီးပြီး ဒါကြောင့် မင်းကို သတ်ပစ်လိုက်တာပဲ ကောင်းမယ်လို့ ကျုပ် တွေးမိလာတယ်"
သို့သော် စုချန်းက မေးလိုက်၏။
“ဒီလို ရုတ်တရက် ပြောင်းလဲသွားတာ ဘာကြောင့်များလဲ အရှင်မင်းကြီး”
"ဘာကြောင့်လဲဆိုတော့ မင်း ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ် ရောက်နေပြီမို့လို့ပဲ"
ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်။
လင်စသတ်တော့ ထာဝရညက စုချန်း၏ အခြေအနေမှန်ကို သိသွားခဲ့လေပြီ။
စုချန်း တုန်လှုပ်သွား၏။
“အရှင်မင်းကြီး နောက်နေတာပဲ ဖြစ်ရမယ် ကျုပ် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကို ရောက်နေတော့ကော ဘာဖြစ်သလဲ ဒါ အရေးကြီးတဲ့ကိစ္စမှ မဟုတ်တာ”
“ဘာလို့ အရေးကြီးတဲ့ကိစ္စ မဟုတ်ရမှာလဲ မင်းဟာ သွေးဗီဇအကူအညီကိုမယူပဲ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကို ရောက်နေတာလေကွာ”
ထာဝရညက ပြန်ဖြေလိုက်ပြန်သည်။
“လူသားတွေဟာ ဒီလိုဖြစ်လာဖို့ နှစ်တွေအများကြီး ဘယ်လောက်တောင် စိတ်အားထက်သန်ခဲ့ကြလဲ ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူး အခုတော့ မင်းက ဒါကို လုပ်နိုင်ခဲ့ပြီ မင်းဟာ ပထမဆုံး သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းကို ဖော်ထုတ်ခဲ့တယ် ပြီးတော့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် လမ်းဖွင့်ပေးခဲ့ပြန်တယ် နောက်တခါ အလင်းတုန်ခါခြင်းနယ်ပယ် အခုကျတော့ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်တဲ့လား ဆယ်စုနှစ်တချို့အတွင်းမှာ မင်းဟာ တခြားလူတွေ နှစ်ပေါင်းထောင်ချီ မစွမ်းဆောင်နိုင်ခဲ့တဲ့အရာတွေကို စွမ်းဆောင်ပြနိုင်ခဲ့ပြီ ဒါ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလား"
စုချန် တိတ်ဆိတ်နေ၏။
ထာဝရည၏ စကားသံက ဆက်လက်ထွက်ပေါ်လာပြန်သည်။
“လူအများစုဟာ အလင်းတုန်ခါခြင်းနယ်ပယ်ကို မင်းရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ ထင်နေကြတယ် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကိုရောက်ဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့လေ ဒါပေမဲ့ အခုကျတော့ မင်းက အသက်ငယ်ငယ်နဲ့ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကို ရောက်နေပြီ မင်း နောက်ဆုံးကျန်တဲ့ နယ်ပယ်နှစ်ခုကို ရောက်မလားဆိုတာ ဘယ်သူသိနိုင်မလဲ အဲဒီအချိန်ကျရင် လူသားမျိုးစိတ်ကြီးရဲ့ အင်အားဟာ ဘယ်လောက်တောင် ကြီးထွားလာမလဲ ဒါ ကျုပ် တွေးမိလိုက်တာနဲ့တောင် တုန်လှုပ်ဖို့ကောင်းနေပြီ ဒီတော့ ပြောစမ်းပါဦး ကျုပ်က မင်းကို ဘာလို့မသတ်ပစ်ရမှာလဲ"
စုချန်း ဘာမှမတတ်နိုင်တော့ပဲ သက်ပြင်းချရင်း ပြောလိုက်၏။
“အရှင်မင်းကြီး ဒီလောက်ထ်ိတောင် လူမိုက်ဆန်ဆန် တွေးနေပြောနေမှတော့ ကျုပ်ကို ဒီနေရာမှတင် သတ်လိုက်ပါတော့ တခြားလူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်တဲ့အတွက် အရှင်မင်းကြီးအနေနဲ့ ကျုပ်ကိုသတ်ဖို့ဆိုတာ အလွယ်လေးပါ"
“ဒါကပဲ မင်းကို ခုချိန်ထိ မသတ်ရသေးတဲ့ အဓိကအကြောင်းရင်းပဲ ကျုပ်အနေနဲ့ ညဏ်ရည်မြင့်မျိုးစိတ်တွေအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံဖို့ ဆန္ဒမရှိဘူး”
ထာဝရညက ပြန်ဖြေလိုက်သည်။
“လူသားမျိုးစိတ်တွေ အင်အားကြီးထွားလာတာကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့် လူပျံတော်တွေမှာပဲ တာဝန်ရှိနေရမှာလဲ ဘာကြောင့် ကျုပ်တို့ကပဲ တာဝန်ခံရမှာလဲ"