ပွင့်ပွင့်လင်းလင်း
Vol. 92 Ch. 909
ဘာကြောင့် ငါက သူများအတွက် အနစ်နာခံရမှာလဲ...
ဤသဘောထားကား စိတ်ဝင်စားစရာကောင်းသည့် သဘောထားမျိုး ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် မျိုးစိတ်အသီးသီးသည် ဤဖြစ်ရပ်မျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူး၏။ ဥပမာ- ရန်သူတပ်ဖွဲ့တဖွဲ့ မိမိနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး မြို့တော်ကို ဝန်းရံထားသည်ဆိုပါစို့။ ထိုအခါ ဧကရာဇ်မင်းက ချမ်းသာသောကုန်သည်များ၊ မှူးမတ်များကိုပါ မြို့တော်အား နောက်ဆုံးအချိန်ထိ ခုခံကာကွယ်ကြရန် အမိန့်ပေးလာသည့်အခါ အခြေအနေမှာ သေရေးရှင်ရေးဖြစ်နေသည့်တိုင် မည်သူမှ စိတ်မပါသလို တုံ့ပြန်တတ်ကြ၏။
ထိုအခါ အဆိုပါ သူကြွယ်များ၊ မှူးမတ်များအနေနှင့် ရန်သူများ ကျူးကျော်ဝင်ရောက်လာခဲ့လျင် ဖြစ်လာမည့်အကျိုးဆက်များကို နားမလည်၍ပေလားဟု မေးရန်ရှိသည်။
တကယ်တော့ အဖြေမှာ ထိိုသို့မဟုတ်ချေ။
သို့ဆိုလျင် သူတို့ မည်သည့်အတွက် မိမ်ိနိုင်ငံ၊ မိမိမြို့တော်ကို အသက်ပေးကာကွယ်ကြရန် စိတ်မပါကြလေသနည်း။ ထိုမေးခွန်းအတွက် အဖြေမှာ များစွာရှိနေ၏။ ဥပမာ- နိုင်ငံကြီး ပြိုလဲသွားခဲ့လျင်ပင် သူတို့၏ မျိုးနွယ်စုအနေနှင့် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဟု အနှီ သူကြွယ်များနှင့် မှုးမတ်များက ယူဆထားကြသည်။ ရန်သူ ကျူးကျော်သူများကို လာဘ်ထိုးနိုင်ခဲ့လျင် ၎င်းတို့အနေနှင့် အသက်ရှင်ကျန်ရစ်နိုင်ချေ ရှိနေသည် မဟုတ်ပါလား။ တချို့ကလည်း သူတို့၏ အကူအညီမှာ အရာမရောက်လှပဲ နိုင်ငံတော်အနေနှင့် ကိုယ့်ဟာကိုယ် ခုခံနိုင်ကာကွယ်နိုင်လိမ့်မည်ဟု ယူဆထားကြ၍ပင် ဖြစ်သည်။ နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းတချက်မှာကား “ငါက ဘာလို့အနစ်နာခံရမှာလဲ ငါကဘာလို့စတေးရမှာလဲ”ဟူသော မေးခွန်းကြောင့်ပင် ဖြစ်လေသည်။
“ဟိုမျိုးနွယ်စုက သုံးထောင်ပဲ ပေးတယ် ကျုပ်ကျ ဘာလို့ တသောင်းတောင် ပေးရမှာလဲ"
"သူတို့ကျ ဘာမှ မလုပ်ဘဲ ကျုပ်ကိုကျတော့ ဘာလို့ အနစ်နာခံခိုင်းရတာလဲ"
"သူတို့ပါ ကူညီရင် ကျုပ်လဲ ဝင်ကူမယ် သူတို့မကူရင်တော့ ကျုပ်လဲမကူနိုင်ဘူး သေခါမှသေရော"
အထက်တွင် ဖော်ပြခဲ့သည့် စိတ်နေစိတ်ထားများသည် ညဏ်ရည်မြင့်မျိုးစိတ်တို့၏ မူလသဘာဝဟု ဆိုနိုင်သည်။
စုချန်းသာ ဆက်၍ အသက်ရှင်နေခဲ့လျင် လူသားမဟုတ်သည့် ကျန်ညဏ်ရည်မြင့်မျိုးစိတ်တိုင်းအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတရပ် ဖြစ်လာနိုင်မှန်း ထာဝရညက လက်ခံထား၏။ သို့သော် ကျန်ညဏ်ရည်မြင့်မျိုးစိတ်အားလုံးအတွက် အကျိုးရှိသွားမည့် လုပ်ရပ်မျိုးကို သူ ဘာကြောင့် စတေးခံပြီး လုပ်ရမည်နည်း။
အကယ်၍ လူပျံတော််များသာ အမြစ်ပြတ်ချေမှုန်းခံရမည်ဆိုလျင် ကျန်မျိုးစိတ်များလည်း သေသင့်သည်ပင် မဟုတ်ပါလား။ တနည်းအားဖြင့်ဆိုလျင် ထာဝရညသည်လည်း သာမန်လူတစ်ယောက်ပင် ဖြစ်လေရာ သူကိုယ်တိုင်လည်း အတ္တကတော့ ရှိသည်သာ။
သို့သော် တဖက်တွင်လည်း ထာဝရညသည် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားသေး၏။ သူကိုယ်တိုင်လည်း မသေချင်သလို လူပျံတော်များကိုလည်း ဆက်လက်ရှင်သန်ခွင့်ရစေလို၏။
ထို့ကြောင့် သူ နောက်ထပ် နည်းဗျူဟာတစ်ခုကို မျှော်တွေးလိုက်ခြင်းပင် ဖြစ်သည်။
“စုချန်း မင်း တအားတော်နေတယ်မလား တအားညဏ်ကောင်းတယ်မလား"
“ရတယ်လေ ထာဝရရှင်သန်ခြင်းဝိညာဥ်နဲ့ နက်ပ်ကျွန်းမျက်လုံးကို ငါ့ဆီ ယူလာလိုက်"
အဆိုပါပစ္စည်းနှစ်ခုသာ သူ့လက်ထဲ ရောက်လာခဲ့လျင် ကောင်းကင်မြို့တော်သည် ရွေ့လျားနိုင်လာပေလိမ့်မည်။ ကောင်းကင်မြို့တော်သာ ပြန်လည်ရွေ့လျားနိုင်လာခဲ့လျင် တခြားဘယ်အရာမှ အရေးမကြီးတော့ချေ။
စုချန်း တီထွင်ဖန်တီးလိုက်သည့် စွမ်းရည်များကြောင့် လူသားများ လောကအထွတ်အထိပ်သို့ ရောက်လာချိန်တွင် ကောင်းကင်မြို့တော်ကြောင့် လူပျံတော််များသည် ၎င်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်နေပေလိမ့်မည်။ တခြားညဏ်ရည်မြင့်မျိုးစိတ်များ အသက်ရှင်မရှင်ကမူ ထာဝရညအတွက် အရေးမကြီးသလို အရေးလည်းမပါ။
ဤသည်ပင်လျင် ထာဝရညက စုချန်းကို ဖြစ်နိုင်ဖွယ်ရာမရှိသော တတိယမြောက် တောင်းဆိုချက်ကို ဘာကြောင့် တောင်းဆိုခဲ့ရသနည်းဟူသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
စုချန်းကား ဘာပြောရမှန်းပင် မသိတော့။ အတန်ကြာမှ သူက အောက်ပါအတိုင်း ပြောလိုက်မိတော့သည်။
“အရှင်မင်းကြီး အရှင်က ကျုပ်ကို လူသားတယောက်လို မမြင်ပဲ ဘုရားသခင်ရဲ့ သံတမန်တဦးလို့ ထင်နေပုံရတယ်”
ထာဝရညက ပြုံးစေ့စေ့နှင့် ပြန်ပြောလိုက်၏။
“တကယ်လဲ မင်းက သာမာန်လူမှမဟုတ်ပဲ လူသားပညာရှိတယောက်ပဲလေ"
“လူပျံတော်တွေအနေနဲ့ ဒီပစ္စည်းတွေကို ပြန်ယူဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားပြီးသား ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ အရှင်မင်းကြီးတို့ တကြိမ်မှ မအောင်မြင်ခဲ့ကြဘူးမလား”
“ဒါကြောင့် မင်းကို ကျုပ် လိုနေတာပေါ့”
ထာဝရညက မဆိုင်းမတွပင် ပြန်ပြောလိုက်၏။
“မင်း လုပ်နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"
“ကျုပ် မလုပ်နိုင်ရင်ရော”
စုချန်းက ပြန်မေးလိုက်၏။
“ဒါဆိုလဲ ကျုပ်တို့အားလုံး အတူတူ သေကြတာပေါ့”
ထာဝရညကား တစုံတရာကို လိုချင်သည့်အခါမျိုးတွင် မယုံနိုင်လောက်အောင်ပင် ဆင်ခြင်တုံတရား ကင်းမဲ့နေပုံရ၏။
စုချန်း မခံချိမခံသာ ရယ်မောလိုက်လေသည်။
“အခုလာမယ့် ကျူးကျော်မှုကြီးကိုတောင် ဘယ်လိုတားဆီးရမယ်မှန်း ကျုပ် မသိသေးဘူး ဒါပေမဲ့ အရှင်မင်းကြီးကတော့ လူပျံတော်တွေရဲ့ မျှော်လင့်ချက်ကို ပြန်အသက်သွင်းနိုင်ဖို့အထိ ကျုပ်ကို ယုံကြည်နေပြီ အရှင်မင်းကြီးက ကျုပ်ကို တကယ်ပြီး အထင်ကြီးနေတာပဲကိုး"
ထာဝရညက ပြန်ပြောလိုက်လေသည်။
"အထင်ကြီးတယ်ဆိုတာ ကျုပ်တယောက်တည်း မဟုတ်လောက်ဘူး မင်းရဲ့လုပ်ရပ်တွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့နောက်မှာ မင်းကို အထင်မကြီးပဲ ဘယ်သူက နေနိုင်ပါတော့မလဲ မင်းဟာ လူပျံတော်တွေနဲ့ သတ်ဖြတ်သူမျိုးစိတ်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်ခဲ့တယ် ဒါဆို သမုဒ္ဒရာမျိုးစိတ်တွေနဲ့ ဝိညာဥ်မျိုးစိတ်တွေကို ဆက်ပြီး ဒုက္ခမပေးနိုင်လောက်စရာ ဘာအကြောင်းမှ မရှိဘူး ပြီးတော့ ညဏ်ရည်မြင့်မျိုးစိတ်အားလုံးကို ကြိုတင်ဦးနှိမ်ထားဖို့ဆိုတာ မင်းရဲ့ရည်ရွယ်ချက်တရပ်ပဲ မလား”
စုချန်း ဘာမှပြန်မပြောတော့ပဲ ပါးစပ်ပိတ်ထားလိုက်၏။ ထာဝရည၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် ငြင်းနေ၍အလကားမှန်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။
တကယ်တော့ စုချန်း၏ ကျင့်ကြံခြင်းအဆင့်ကို ထာဝရည မြင်သွားကတည်းက စုချန်းတွင် ရွေးချယ်စရာ တခုတည်းသာ ကျန်တော့၏။
“ကြည့်သလောက် ကျုပ် မဖြစ်မနေကို သဘောတူရတော့မဲ့ ပုံပဲ”
စုချန်း ပြုံးရင်း ပြောလိုက်သည်။
“ကောင်းပြီ ဒါဆို ကျုပ်တို့ သဘောတူညီမှုရသွားပြီပဲ”
ထာဝရညက အကြီးအကျယ် အားရကျေနပ်သွားဟန်တူသည်။
"အော် ပြီးတော့ မင်းလိုတာမှန်သမျှပြောပါ ကျုပ် အတတ်နိုင်ဆုံး ကူညီမယ်"
“ခုနတုန်းက ဧကရာဇ်ဘဏ္ဍာတိုက်ကို ကျုပ်အတွက် ဖွင့်ပေးမယ်လို့ အရှင်မင်းကြီး ပြောလိုက်သေးတယ်မလား"
ဤတကြိမ် အံ့သြသွားသူမှာတော့ ထာဝရည ဖြစ်လေသည်။
ထာဝရနေမင်းနန်းတော်၏ ပြန်လည်ထူထောင်ခြင်းခန်းမတွင် ဖြစ်သည်။
ကျူးရှန်းယောင်သည် စုချန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းနေ၏။
“ဒါဆို ထာဝရညဘုရင်ကြီး တောင်းဆိုသမျှအားလုံးကို လုပ်ပေးဖို့ ရှင်သဘောတူလိုက်တယ်ပေါ့ ဟုတ်လား”
စုချန်း သက်ပြင်းတချက်ချရင်း ကျူးရှန်းယောင်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
“ကျုပ်မှာ သူ တောင်းဆိုသမျှအားလုံးကို လိုက်လျောဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူး အခုမှပဲ သတ်ဖြတ်သူနယ်မြေမှာ ကျုပ် ဘယ်လောက်ကံကောင်းခဲ့သလဲဆိုတာ သဘောပေါက်လာတော့တယ် ဒါကလဲ သူတို့ရဲ့ဘုရင်ကြီးအနူဘီဟာ ဦးနှောက်မရှိလို့ပဲ ဒါပေမဲ့ ထာဝရညဘုရင်ကြီးက တော့ တကယ့်ကို ကြောက်စရာကောင်းတယ် ကျုပ်အနေနဲ့ အလင်းတုန်ခါခြင်းတစ္ဆေနဲ့ မူလအရိုးတောင်ဝှေးကို အသုံးချပြီး ဒီနယ်မြေမှာ ထင်တိုင်းကျဲနိုင်မယ် ထင်နေခဲ့တာ တကယ်တမ်းကျတော့ ကျုပ် အကြီးအကျယ်မှားနေခဲ့တာပဲ"
ထိုအခါ ကျူးရှန်းယောင်က စုချန်းကို တောင်းပန်လိုက်လေသည်။
“ဒါကလဲ ကျွန်မကြောင့်ပါ ကျွန်မ တောင်းပန်ပါတယ်ရှင်”
“ဒီလိုတွေ ဆက်ပြောနေရင် ကျုပ် စိတ်ဆိုးလိုက်မှာနော်”
စုချန်း၏ လေသံတွင် ကျူးရှန်းယောင်ကို နှစ်သိမ့်ဟန်အငွေ့အသက်များ ပါဝင်နေ၏။
“တကယ်တမ်းကျတော့ ဒီကိစ္စထဲမှာ မင်းကိုဆွဲထည့်မိတာကိုက ကျုပ်ရဲ့အမှားပါကွာ ဒီကိစ္စမှာ မင်းရဲ့အမှားဆိုလို့ ဆံချည်မျှင်တမျှင်စာတောင် မရှိပါဘူး"
ကျူးရှန်းယောင် ပြုံးလိုက်၏။ ထို့နောက် သူမက ပြောလိုက်ပြန်သည်။
“ဒါပေမဲ့ ထာဝရညဘုရင်ကြီး တောင်းဆိုသမျှကို ဖြည့်ဆည်းပေးဖို့ဆိုတာကတော့ မလွယ်လှဘူးနဲ့တူတယ်"
“ဟုတ်တယ် ဒါကြောင့် ကျုပ်တို့ အချိန်ယူရမယ်နဲ့တူတယ်"
စုချန်းက ထိုစကားကို ကျူးရှန်းယောင်၏ စွဲမက်ဖွယ်ကိုယ်လုံးကို စိုက်ကြည့်ရင်း ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။
ကျူးရှန်းယောင်ကလည်း စုချန်း ဘာကိိုဆိုလိုမှန်း ချက်ချင်းနားလည်လိုက်၏။ ထို့နောက် သူမ၏ မျက်နှာ ရဲခနဲဖြစ်သွားပြီး စုချန်းကို တွန်းလိုက်လေသည်။
“ရှင်နော်"
စက္ကန့်ပိုင်းအကြာတွင်တော့ အခန်းထဲမှ ဆူဆူညံညံအသံများ အပြင်သို့ပွင့်အံထွက်လာ၏။
ထိုအချိန်တွင် ထာဝရညသည်လည်း အိပ်မက်ကြာပန်းသရဖူနှင့် အကြိတ်အနယ် စကားပြောနေရလေသည်။
“ဘာ ဘယ်လို အရှင်မင်းကြီး မိခင်နတ်ဘုရားမဂိုဏ်းရဲ့ရတနာတွေကို ပြန်မရခဲ့ဘူး ဟုတ်လား”
အိပ်မက်ကြာပန်းသရဖူ ဒေါသတကြီးနှင့် မေးလိုက်၏။ ဤတကြိမ်တွင် သူမ တကယ်ကြီး ဒေါသထွက်နေခဲ့လေသည်။
ရာဇဝတ်သားကို ဖမ်းမိခဲ့သော်ငြား ထာဝရညက ရတနာများကို ပြန်မယူနိုင်ခဲ့ဟု ပြောနေ၏။
၎င်းမှာ မည်သည့်အဓိပ္ပါယ်မျိုးကို ဆောင်နေသနည်း။
ထာဝရညက နှစ်သိမ့်လိုက်၏။
“မင်း မှားနေပြီ စုချန်းကို ကျုပ်က ပြန်မပေးခိုင်းတာ မဟုတ်သလို သူက ပြန်မပေးနိုင်ဘူးလို့လဲ မပြောခဲ့ဘူး ပြသနာက သူ့မှာကို ပါမလာတာ”
“ဒါဆိုရင် အဲဒီရတနာတွေက ဘယ်မှာလဲ”
အိပ်မက်ကြာပန်းသရဖူ ချက်ချင်းပင် ပြန်မေးလိုက်၏။
“ဒီကောင်လေးက တော်တော်ကိုလည်တယ် သူ ရတနာတွေကို တနေရာမှာ ဖွက်ထားလိုက်သတဲ့လေ”
“ဒါဆိုလဲ သူ့ကို ပြန်ယူလာခိုင်းပေါ့ အရှင်မင်းကြီး”
အိပ်မက်ကြာပန်းသရဖူကား လုံးဝလက်မလျှော့။
“ဒါကို ကျုပ် ပြောထားပြီးပါပြီ”
ထာဝရညက အိပ်မက်ကြာပန်းသရဖူ၏ လက်ကိုဆုပ်ကိုင်ပြီး ထပ်မံနှစ်သိမ့်လိုက်ပြန်သည်။
"စိတ်မပူပါနဲ့ ဒီရတနာတွေ အဝေးကြီးမရောက်သေးပါဘူးလေ"
ထာဝရည၏လုပ်ရပ်ကြောင့် အိပ်မက်ကြာပန်းသရဖူ စိတ်ပျော့သွား၏။ ထို့နောက် သူမက ရှက်အန်းအန်းပုံစံနှင့် ရှင်းပြလိုက်လေသည်။
“အို ကျွန်မကတော့ အချိန်တွေအရမ်းကြာသွားမှာ စိတ်ပူတာပါပဲ အချိန်ကြာလေလေ အခြေအနေဆိုတာ ပြောင်းလဲသွားနိုင်တာပဲမလား"
သို့သော် ထာဝရညကတော့ ခပ်တည်တည်နှင့် လှိမ့်လိုက်ပြန်သည်။
“စိတ်မပူပါနဲ့ကွာ မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ရတနာတွေကို သေချာပေါက် ပြန်ရပါလိမ့်မယ် အချိန်တခုပဲလိုတာပါ ခုချိန်မှာ ပိုပြီး အရေးကြီးတာက ထာဝရရှင်သန်ခြင်းဝိညာဥ်နဲ့ နက်ပ်ကျွန်းမျက်လုံးပဲ"
မှန်ပါသည်။ မိခင်နတ်ဘုရားမဂိုဏ်း၏ ရတနာများသည် အရေးကြီးသည်ဆိုသော်ငြား ထာဝရရှင်သန်ခြင်းဝိညာဥ်နှင့် နက်ပ်ကျွန်းမျက်လုံးတို့၏ တန်ဖိုးနှင့် နှိုင်းယှဥ်လျင် ဘာမှမဟုတ်ချေ။
မည်သို့ဆိုစေ ထာဝရည၏ စကားကိုကြားသည်နှင့် အိပ်မက်ကြာပန်းသရဖူ ချက်ချင်းပင် ခေါင်းငုံ့သွားတော့၏။
ထို့နောက် သူမက အားလျော့ဟန်ဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ ကျွန်မ စိတ်ရှည်လိုက်ပါမယ်”
“နေအုံး မင်း စိတ်ရှည်ရုံနဲ့လဲ မပြီးသေးဘူး သူ့ကိုလဲ ကူညီရလိမ့်မယ် သူ ထာဝရရှင်သန်ခြင်းဝိညာဥ်နဲ့ နက်ပ်ကျွန်းမျက်လုံးတို့အကြောင်းကို ပိုပြီးသိနိုင်အောင် မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ရှေးဟောင်းစာကြည့်တိုက်ကို မင်း ဖွင့်ပေးရလိမ့်မယ် ဒါမှသာ ဒီအစီအစဥ်ကြီး ပြီးမြောက်အောင်မြင်လိမ့်မယ်”
လူပျံတော်များ နှစ်ပေါင်း ထောင်ချီ မအောင်မြင်ခဲ့သည့် အရာတခုကို အောင်မြင်အောင် လုပ်ဖို့ဟူသည်မှာ စုချန်းအတွက်လည်း ခက်ခဲလိမ့်မည်သာ။ ထို့ကြောင့် ထာဝရညက စုချန်းကို တတ်စွမ်းသမျှ ကူညီရန် ဆုံးဖြတ်ထား၏။
ထာဝရည၏ စကားကြောင့် အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် သူမက ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ ကျွန်မ သဘောတူပါတယ် ဒါပေမဲ့ မှတ်တမ်းတွေက အများကြီးဆိုတော့ သူ အကုန်လုံး ဖတ်နိုင်မှာ မဟုတ်ဘူး ပြီးတော့ ပိုပြီး အရေးအကြီးတာက လူသားတွေနဲ့သားရဲတွေရဲ့ ကျူးကျော်မှုကို ဖြေရှင်းပြီးမှ သူ ဒီမှတ်တမ်းတွေကို ဖတ်သင့်တယ်ထင်တာပဲ”
“ဒီအတွက် စိတ်မပူပါနဲ့လေ စုချန်းက စာဖတ်မြန်တော့ နေ့တဝက်လောက်ဆိုရင် လုံလောက်ပါပြီ”
ထိုအခါ အိပ်မက်ကြာပန်းသရဖူက ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။
“ရှေးဟောင်းမှတ်တမ်းတွေထဲမှာ အသေးစိတ် အချက်အလက်တွေ အများကြီး ရှိနေတယ် ဒီအတိုင်းဆိုရင် သူ ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်အားလုံးကို သိကုန်လိမ့်မယ်"
“ပြသနာမရှိဘူး သူ သွေးသစ္စာ ကျိန်ဆိုပြီးသွားပြီ”
ထာဝရညက ပြန်ဖြေလိုက်၏။
သွေးသစ္စာကျိန်ဆိုခြင်းဟူသည် လူပျံတော်များ၏ ထူးခြားသော နည်းစနစ်တရပ်ဖြစ်ပြီး သစ္စာဖောက်ဖျက်သူကို ပြန်လည် ထိခိုက်စေနိုင်သော အစွမ်းရှိ၏။ စုချန်းအနေနှင့် ဤနည်းစနစ်ကို ချေဖျက်နိုင်မည်မှာ သေချာနေ၏။ သို့သော် ထိုအတွက်တော့ အချိန်အများကြီး ယူရပေလိမ့်မည်။ သို့သော် လက်ရှိအခြေအနေအရ စုချန်းတွင် အချိန်မရှိ။ ထို့ကြောင့် လတ်တလောတွင် စုချန်းကို ထိန်းချုပ်ထားရန် သွေးသစ္စာနှင့်ပင် လုံလောက်သည်ဟု ထာဝရညက ယုံကြည်ထား၏။
ထိုနေ့ မွန်းလွဲပိုင်းမှာပင် စုချန်းတယောက် မိခင်နတ်ဘုရားမဂိုဏ်း၏ စာကြည့်တိုက်ထဲသို့ ရောက်ရှိလာသည်။
စာကြည့်တိုက်ထဲတွင် များပြားလှသောမှတ်တမ်းများ ရှိနေ၏။ ထိုအထဲတွင် လူပျံတော်များ၏ သမိုင်း၊ ဒဏ္ဍာရီလာ အာကင်နာနည်းစနစ်အမျိုးမျိုးအပြင် ထာဝရရှင်သန်ခြင်းဝိညာဥ်နှင့် နက်ပ်ကျွန်းမျက်လုံးတို့၏ အသေးစိတ်မှတ်တမ်းများလည်း ပါဝင်ပေသည်။
ထို့ပြင် မိခင်နတ်ဘုရားမက လူပျံတော်များကို ပေးအပ်ခဲ့သည့် ရတနာငါးမျိုးကို မည်သ်ို့မည်ပုံ အသုံးပြုရမည်ကို ရေးသားထားသည့် မှတ်တမ်းလည်း ရှိနေ၏။
စုချန်းကား အချိုရှာ သကာတွေ့လေပြီ။