← Chapters

ဆွေးနွေးပွဲများ

Vol. 92 Ch. 911

ဆွေးနွေးပွဲများ

Vol. 92 Ch. 911

ထာဝရညနှင့် သဘောတူညီမှုယူပြီးနောက် စုချန်းတယောက် ကောင်းကင်နိုင်ငံမှ ထွက်ခွာရန် စတင်ပြင်ဆင်တော့သည်။ သို့သော် မထွက်ခွာမီ ဧကရာဇ်ဘဏ္ဍာတိုက်ကို အရင်ဝင်ကြည့်ရန် စုချန်း ဆုံးဖြတ်လိုက်၏။

ဧကရာဇ်ဘဏ္ဍာတိုက်ထဲမှ ရတနာတချို့ကို ယူခွင့်ပေးထားပါလျက် ငြင်းဆန်ခဲ့လျင် များစွာ မယဉ်ကျေးရာရောက်သွားပေလိမ့်မည်။ စုချန်းသည် သာမန်အရင်းအမြစ်များကို စိတ်မဝင်စားသော်ငြား လျှို့ဝှက်နည်းစနစ်များ၊ လူပျံတော်အချင်းချင်းသာ လက်ဆင့်ကမ်းတတ်သည့် မှတ်တမ်းများနှင့် ရှားပါးပါဝင်ပစ္စည်းတချို့ကိုတော့ စိတ်ဝင်စား၏။

သို့သော် ထာဝရညသည်လည်း ဦးနှောက်မရှိသူ မဟုတ်လေရာ မည်သည့်ရှားပါးရတနာကိုမှ ဧကရာဇ်ဘဏ္ဍာတိုက်တတွင် သိမ်းဆည်းထားခြင်း မရှိချေ။ နောက်ဆုံးတော့ စုချန်းသည် တော်ဝင်သားမွှေးကျော​က်နှင့် အမှောင်အကျဥ်းစံသတ္တုတုံးတတုံးကိုသာ ယူလာနိုင်၏။

ဤအရာနှစ်မျိုးမှာ ယခင်နိုင်ငံတည်ထောင်သူ ပုပ်ဆွေးအနားစောင်း ချန်ရစ်ခဲ့သည့် အရာများ ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးပါးနပ်မှုမရှိပဲ တကိုယ်ကောင်းဆန်သော စရိုက်လက္ခဏာကြောင့် အကောင်းဆုံး ဘုရင်တပါး မဟုတ်ခဲ့သော်ငြား လူပျံတော်များထဲတွင်တော့ ပါရမီရှင်တယောက်ဟု သတ်မှတ်နိုင်လောက်အောင် အစွမ်းထက်၏။ သူသည် ပထမဆုံး လူပျံတော်ဒဏ္ဍာရီလာအာကင်နာပညာရှင်ဖြစ်ပြီး သဘာဝစွမ်းအားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူလည်း ဖြစ်နေသည်။

စုချန်း ယူလာခဲ့သည့် တော်ဝင်သားမွှေးကျောက်ထဲတွင် သဘာဝစွမ်းအားနှင့် ပတ်သက်ပြီး ပုပ်ဆွေးအနာစောင်း၏ နားလည်မှုများအားလုံး ကိန်းအောင်းပါဝင်နေ၏။ အကယ်၍ လုံလောက်သော ဆက်နွှယ်မှုသာရှိခဲ့လျင် ထိုလူကိုယ်တိုင်လည်း အလားတူဉာဏ်အလင်းပွင့်သွားခြင်းမျိုးကို ခံစားရနိုင်မည် ​ဖြစ်သည်။

သို့သော် လက်ရှိအချိန်ထိ ပုပ်ဆွေးအနားစောင်း၏ သဘာဝစွမ်းအင်အပေါ် နားလည်မှုကို တစွန်းတစမျှ ဖမ်းဆုပ်နိုင်သူပင် တယောက်မှ မရှိသေးချေ။

အမှောင်အကျဥ်းစံသတ္တုမှာကား အသူရာအဆင့်ရုပ်သေးရုပ်များကို တည်ဆောက်ရာတွင် အရေးကြီးသည့် ပါဝင်ပစ္စည်းတမျိုး ဖြစ်သည်။ အဆိုပါသတ္တုမပါပဲ ရုပ်သေးရုပ်များကို တည်ဆောက်နိုင်သော်ငြား ၎င်းတို့၏ ခွန်အားကတော့ များစွာ နိမ့်ကျနေပေလိမ့်မည်။

စုချန်းသည် ထိုပစ္စည်းနှစ်မျိုးကို ယူပြီး ရွှေရောင်အလင်းတန်းကို ထာဝရညထံ အပ်နှံကာ လူသားနယ်မြေဆီ ခရီးစတင်ခဲ့တော့သည်။

ဆယ့်နှစ်ရက်အကြာတွင် စုချန်းတယောက် မြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။ ကျူးချန်းဟွမ်ကား သူ့ကို အသင့်ပင် စောင့်ကြိုနေခဲ့လေသည်။

“ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ် သိပြီးပြီ”

စုချန်းကို တွေ့သည်နှင့် ကျူးချန်းဟွမ်တယောက် ကသော​က​မြောနှင့် ပြောလိုက်၏။

“မင်း တကယ်ပဲ ဒီအတိုင်းလုပ်ဖို့ သေချာသွားပြီလာ"

ကျူးချန်းဟွမ်မှာ အတော်လေး မျက်စေ့မျက်နှာ ပျက်နေ၏။ အကြောင်းမှာ မြို့တော်တခွင်တွင် စစ်ပွဲကို စတင်ရန် ဆော်သြခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပင်။ ယခုတဖန် စစ်ကိုရပ်ရန် ကြိုးပမ်းရမည်ဖြစ်ရာ သူ့အတွက် အရှက်ရစရာ ဖြစ်နေသည်မှာ အမှန်ပင်။

သို့သော် စုချန်းတွင်တော့ ထိုအတွေးမျိုး ရှိဟန်မတူချေ။

"ကျုပ်တို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး ထာဝရညမှာ ညဏ်နီညဏ်နက်များသလောက် ပရိယာယ်လဲ များလွန်းတယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအချီမှာတော့ သူ အနိုင်ရသွားခဲ့ပြီ ကျူးရှန်းယောင်ဟာ ကျုပ်ရဲ့အမျိုးသမီးဆိုတော့ သူသေသွားမှာကို ကျုပ် ဘယ်လိုမှ ထိုင်ကြည့်မနေနိုင်ဘူး"

“ဒီဆင်ခြေက နိုင်ငံသုံးနိုင်ငံရဲ့ ဘုရင်တွေကို သွားပြောလို့ရမဲ့ ဆင်ခြေမျိုး မဟုတ်ဘူး ဒါဟာ သူတို့အတွက်တော့ သမိုင်းတလျှောက် အရေးကြီးဆုံး အချိန်ကာလကို ရောက်နေကြပြီ ဒီလိုအချိန်မှာ လူငယ်နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သူတို့ ထည့်သွင်းစဥ်းစားမှာ မဟုတ်ဘူး"

စုချန်း ရယ်မောလိုက်၏။

“ကျုပ်ကလဲ သူတို့ကို စကားလုံးသက်သက်နဲ့ပဲ စည်းရုံးဖို့ အစီအစဉ် မရှိပါဘူးလေ ဒီလိုလူမျိုးတွေကို စကားလုံးသက်သက်နဲ့ စည်းရုံးလို့ ဘယ်ရပါ့မလဲ"

လေဖန်သားနန်းတော်ထဲတွင် ဖြစ်သည်။

လီဝုယီသည် သူ့အောက်မှ လှေကားထစ်ပေါ်မှာ တည်တည်ငြိမ်ငြိမ်ပင် မတ်တပ်ရပ်နေသည့် စုချန်းကို စိုက်ကြည့်နေ၏။

“ဒါဆို လူသားမျိုးစိတ်ကြီးရဲ့မဟာပညာရှိက လူငယ်တယောက်ပဲပေါ့ ဟုတ်လား ဘယ်လိုပဲပြောပြော မင်းက တကယ်ကို ကောင်းကင်ဘုံရဲ့အလိုကိုတောင် ဆန့်ကျင်နိုင်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လို့ ဆိုနိုင်တာတော့ အမှန်ပဲ"

အထက်ပါအတိုင်း ပြောနေရင်းနှင့် သူ့မျက်လုံးအစုံက အတန်ငယ် မှေးသွား၏။

“ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်...... မင်း ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကို တကယ်ပဲ ရောက်နေပြီပေါ့ ဟုတ်လား နောက်ဆုံးတော့ မင်း ဒီအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီပေါ့လေ"

“မှန်ပါတယ် အရှင်မင်းကြီး”

စုချန်း ခေါင်းညိတ်ပြလိုက်၏။

"အရှင်မင်းကြီး ဒီနည်းစနစ်ကို လိုချင်သလား”

“မင်းကရော ကျုပ်ကို ပေးဖို့ ဆန္ဒရှိသလား”

“ကျုပ်အနေနဲ့ ဒါကို စကတည်းက လျှို့ဝှက်ထားဖို့ ဖန်တီးခဲ့တာမဟုတ်ဘူး"

“ဒါဆို စျေးဘယ်လောက်လဲ”

“အရှင်မင်းကြီး သိပြီးသားနေမှာပါ”

လီဝုယီ ရယ်မောလိုက်၏။

“စိတ်ဝင်စားစရာပဲ စုချန်း မင်းအနေနဲ့ နိုင်ငံရေးရာတွေကို ဘယ်လိုမြင်သလဲ စစ်ပွဲတပွဲဆိုတာ ဘယ်အပေါ်မှာ အခြေတည်တယ်လို့ မင်း ထင်သလဲ စစ်ပွဲကို စိတ်ကူးရှိတဲ့အခါစပြီး စိတ်ကူးရှိသလို အဆုံးသတ်နိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”

စုချန်း ခေါင်းခါပြလိုက်၏။

“ကျုပ်အနေနဲ့ စစ်ပွဲကို ဘယ်တုန်းကမှ နောက်ပြောင်စရာအဖြစ် မသတ်မှတ်ခဲ့ဖူးဘူး အရှင်မင်းကြီး ဒီလိုပဲ နိုင်ငံတနိုင်ငံကို ကျွန်တော့်စိတ်ကူးသက်သက်နဲ့ လိုသလို​ စေစားနိုင်တယ်လို့လဲ တခါမှ မတွေးခဲ့ဖူးဘူး ဒါကြောင့်မို့လို့လဲ ဒီလိုစျေးမျိုးပေးဖို့ ဆန္ဒရှိနေတာပေါ့”

“မင်း ဒီနည်းစနစ်ကို ကျုပ်တို့အပြင် တခြားဘယ်သူ့ကိုမှ လက်ဆင့်မကမ်းဖို့ သဘောတူမှပဲ စျေးကတည့်မှာကွ”

လီဝုယီက သူ့ဆန္ဒကို တိုက်ရိုက်ပင် ပြောလိုက်၏။

သွေးဗီဇမပါပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် နည်းစနစ်သည် တန်ဖိုးကြီးလွန်းသော်ငြား စုချန်းသာ လူတကာကို လက်ဆင့်ကမ်းလိုက်ပါက ၎င်း၏တန်ဖိုးမှာ သိသိသာသာပင် လျော့နည်းသွားပေလိမ့်မည်။

တကယ်လည်း စုချန်းဘက်ကသာ လီဝုယီ၏ တောင်းဆိုချက်က်ို သဘောတူပါက ဤနည်းစနစ်၏ တန်ဖိုးသည် စစ်ပွဲကို ရပ်ပစ်ရလောက်အောင် ထိုက်တန်နေသည်မှာ အမှန်ပင်။ သို့သော် သွေးဗီဇမပါသော ချီစွမ်းအင်နယ်ပယ်အသီးသီးသို့ ဝင်ရောက်နိုင်သည့် နည်းစနစ်များကို စုချန်းက လူသားတိုင်းအတွက် ရည်ရွယ်ထား၏။ မည်သည့်မျိုးနွယ်စုမှ ဤနည်းစနစ်များကို လက်ဝါးကြီးအုပ်ခွင့် မရှိ။

သို့သော် တခါတရံတွင် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် စည်းကမ်းတချို့ကို ပြောင်းသင့်က ပြောင်းရပေလိမ့်မည်။

ထိုအခါ စုချန်းက ပြောလိုက်၏။

“လျောင်ယဲ့နိုင်ငံအနေနဲ့ ဒီနည်းစနစ်ကို ဆယ်နှစ်အထိ ထိမ်းသိမ်းထားဖို့ ကျုပ်ဘက်က သဘောတူပါတယ် အရှင်မင်းကြီး”

“လုံးဝမဖြစ်နိုင်ဘူး”

သို့သော် လီဝုယီက ချက်ချင်းပင် ငြင်းဆိုလိုက်၏။

“ဒီနည်းစနစ်ဟာ နောင်မျိုးဆက်ပေါင်းများစွာအထိ သက်ရောက်နေတော့မှာ ဒါကို ကျုပ်တို့က ဆယ်နှစ်နဲ့ ကျေနပ်ရမှာတဲ့လား တကယ့်ကို ဟာသပဲ”

စုချန်း သက်ပြင်းချလိုက်၏။

“ဒီကျင့်ကြံခြင်းနည်းစနစ်ဟာ နောင်မျိုးဆက်ပေါင်းများစွာအထိ ရေရှည်အကျိုးသက်ရောက်မယ်လို့ လက်ခံထားရင် ဒီတောင်းဆိုချက်ကလဲ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ အရှင်မင်းကြီး ရှင်းရှင်းလင်းလင်း နားလည်ထားသင့်တာပေါ့"

လီဝုယီက ပြန်လည်ချေပလိုက်ပြန်သည်။

“မင်းကိုယ်တိုင်လဲပဲ တကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်နဲ့ ကျုပ်ကို စစ်ရပ်ပေးဖို့ လာတောင်းဆိုနေတာပဲ မဟုတ်ဘူးလား”

ဆွေးနွေးမှုသည် တဖြည်းဖြည်း အရှိန်မြင့်တက်လာနေ၏။ ယခုဆိုရင် နှစ်ဖက်လုံးက မည်သည့်အရာများကို စိတ်ဝင်စားကြောင်း ထင်သာမြင်သာ ရှိနေကြလေပြီ။

စုချန်းကိုယ်တိုင်လည်း လီဝုယီ၏ သဘောထားကို အတိုင်းသား မြင်နေရ၏။ လီဝုယီဘက်မှ ကျူးကျော်မှုကို ရပ်တန့်ပေးရန် ဖြစ်နိုင်ချေရှိသည်။ သို့သော် ထိုဖြစ်နိုင်ချေအတွက် လုံလောက်သော စေ့ဆော်မှုကိုတော့ ပေးရပေလိမ့်မည်။

တဖက်မှ လီဝုယီကလည်း လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး စုချန်း မည်မျှစိတ်ပိုင်းဖြတ်ထားသည်ကို နားလည်ထား၏။

ထို့နောက် နှစ်ဦးသား မြွေမြွေချင်း ခြေမြင်လျက် အသီးသီး ပြုံးလိုက်ကြသည်။

ထိုအပြုံးမှာ လက်တွေ့ကျသော အပြုံးဖြစ်လေသည်။

ထို့နောက် လီဝုယီက ရုတ်တရက်ပြောလိုက်၏။

“ကဲပါလေ အချိန်ကလဲ နောက်ကျနေပြီ သခင်လေးစုလဲ ရောက်တုန်းရောက်ခိုက် ကျုပ်တို့နဲ့အတူ ညစာစားသွားပါလား ညစာစားရင်း စကားပြောလို့ရတာပေါ့”

“ကောင်းပါပြီအရှင်မင်းကြီး”

စုချန်း မည်သို့မှ မတတ်သာပဲ လက်ခံလိုက်ရ၏။

ညစာစားပွဲတွင် လီဝုယီနှင့် စုချန်းတို့အပြင် ကျူးချန်းဟွမ်၊ ဝမ်ယန်း နှင့် တခြားထိပ်သီးမှုးမတ်တချို့ ရှိနေ၏။

သို့သော် လီဝုယီတယောက် စုချန်းအပေါ်တွင်သာ အာရုံကျနေသည်မှာ ထင်ရှားနေ၏။

“ဟောဒီမှာလေ ဧပြီလ အသား အရည်ရွှမ်းဆုံးနဲ့ အနူးညံ့ဆုံးအချိန်မှာ ဖမ်းထားတဲ့ ပျံသန်းခြင်းငါးပေါင်းပေါ့ ကဲ သခင်လေးစု မြည်းစမ်းကြည့်ပါအုံး အရသာဘယ်လိုရှိသလဲဆိုတာ သိရအောင်"

လီဝုယီက ကိုယ်တိုင်ပင် စုချန်းအတွက် ငါးအသားတုံးတချို့ကို ထည့်ပေးရင်း ပြောလိုက်၏။

စုချန်းကလည်း ငါးပေါင်းကို အရသာခံကာ ဝါးစားရင်း ချီးကျူးလိုက်၏။

“အရသာရှိပြီး ပါးစပ်ထဲမှာတင် အရည်ပျော်သွားလောက်အောင် နူးညံ့ပါပေတယ် ဒါနဲ့ အရှင်မင်းကြီးက သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအပြင် တခြားဘာကိုမှ စိတ်မဝင်စားဘူးလား"

လီဝုယီက စုချန်း၏ ပန်းကန်ထဲ နောက်ထပ် အသားတမျိုးကို ထည့်ပေးရင်း ပြောလိုက်ပြန်သည်။

“ဒါက နတ်ဆိုးသားရဲ ရွှေမျက်လုံးသိမ်းငှက်ရဲ့ အတောင်ပံတွေပေါ့ ဒီလိုပန်းကန်တချပ်စာရဖို့ သိမ်းငှက်ငါးကောင်အထိ သုံးထားရတယ်...... ကောင်းပြီ၊ ဒါကလဲ သခင်လေးစုဘက်က ဘာကို ရောင်းချင်သလဲဆိုတဲ့အပေါ် မူတည်တယ်”

စုချန်းက လင်းယုန်တောင်ပံကင်များကိုကိုက်ရင်း ဆက်ပြောလိုက်၏။

“တော်ဝင်အစား​အသောက်တွေဟာ တကယ့်ကို အရသာရှိတာပဲကိုး......ကျုပ်ဟာ သွေးဗီဇမပါတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ဖန်တီးနိုင်သလို သွေးဗီဇရဲ့စွမ်းအားကို တိုးတက်လာစေနိုင်တဲ့ နည်းစနစ်တွေကိုလည်း ဖန်တီးနိုင်တယ်ဆိုတာ အရှင်မင်းကြီး တခါမှ မစဉ်းစားခဲ့ဖူးဘူးလား”

လီဝုယီ မျက်မှောင်ကုတ်သွား၏။

“ဒါကတော့ အဆိပ်ကင်းခြေများလို့ ခေါ်တယ် သူကျတော့ ချက်ပြုတ်နေတုန်းမှာ အဆိပ်ကို မထုတ်ရဘူး ထုတ်လိုက်ရင် အရသာမရှိတော့ဘူး ဒါကျတော့ နည်းနည်လောက်ပဲ စားသင့်တယ်......ဒါဆို မင်း အရင်က ဒီလိုကြိုးပမ်းတဲ့နေရာမှာ အောင်မြင်မှုရခဲ့သလား"

"ရှန်းယောင်ရဲ့ ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ကို ကျုပ် မြှင့်တင်ပေးခဲ့တာ​ပေါ့ အရှင်မင်းကြီး"

ထို့နောက်တွင်တော့ လီဝုယီတယောက် ဘာဟင်းမှ မိတ်ဆက်မပေးနိုင်တော့ပဲ တစုံတခုကို အကြိတ်အနယ် စဥ်းစားနေ၏။

စုချန်း၏ စကားများက အမှန်ပင်။ သွေးဗီဇမပါသော နည်းစနစ်များက လီဝုယီအတွက် တကယ်တမ်းတွင် သိပ်အသုံးမဝင်။ သူ၏ သွေးဗီဇစွမ်းအားကို တိုးပွားလာစေနိုင်သည့် နည်းစနစ်များကသာ သူ့အတွက် အများကြီး ပို၍ အဓိပ္ပာယ်ရှိ၏။

အကယ်၍ စုချန်းသာ လီမျိုးနွယ်စုပိုင်ဆိုင်ထားသည့် ကမ္ဘာဦးမတိုင်မီသားရဲကြီးသွေးဗီဇစွမ်းအားကိုသာ မြှင့်တင်ပေးနိုင်ခဲ့လျင် ဤသည်မှာ လီဝုယီအတွက် ပို၍ အဖိုးတန်သည်မှာ အမှန်ပင်။

“မင်း ဒါကိုလုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလား”

“နှစ်နှစ် ဒီနှစ်နှစ်အတွင်းမှာ မလုပ်နိုင်ရင် အရှင်မင်းကြီးရဲ့တပ်တွေကို ထုတ်သုံးနိုင်ပါပြီ လူပျံတော်တွေအနေနဲ့လဲ နှစ်နှစ်ဆိုတဲ့အချိန်လောက်နဲ့ ဘယ်လိုမှ ပြန်ပြီး နာလန်ထူနိုင်စရာ အကြောင်းမရှိဘူး”

စုချန်း၏ အဖြေကိုကြားသည်နှင့် လီဝုယီက မေးလိုက်ပြန်သည်။

“မင်း ဘယ်အဆင့်လောက်ထိ မြှင့်ပေးနိုင်သလဲ”

“ဒါ အတိအကျတော့ ပြောဖို့ ခက်တယ် အရှင်မင်းကြီး ကျုပ်ဟာ လီမျိုးနွယ်စုရဲ့သွေးကို အရင်က သုတေသနလုပ်ခဲ့ဖူးတာမို့ တခြား ဧကရာဇ်မျိုးနွယ်ခုနစ်မျိုးရဲ့ သွေးဗီဇစွမ်းအင်တွေထက် မနိမ့်တဲ့အဆင့်အထိ အနည်းဆုံး မြှင့်ပေးနိုင်မယ်လို့တော့ ကျုပ် ပြောရဲပါတယ်”

ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင် လူသားမျိုးဆက် ခုနှစ်ဆက်အနက် လီမျိုးနွယ်စု၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အားအနည်းဆုံးဟု ဆိုနိုင်၏။ ၎င်းကို ကျန်သွေး​ဗီဇများ၏ စွမ်းရည်များနှင့် ညီမျှအောင် လုပ်ဆောင်နိုင်ခဲ့သည်ဆိုလျင်ပင် အံ့သြဖွယ်ရာ စွမ်းဆောင်ရည်ဖြစ်သည်။

လီဝုယီ တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

“တစ်နှစ်”

စုချန်း မျက်မှောင်ကုတ်သွားရပြန်၏။

“ဒါ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးအရှင်မင်းကြီး တစ်နှစ်ကတော့ နည်းလွန်းတယ်"

လီဝုယီက အခြေအနေက်ို ချက်ချင်းပြန်ရှင်းပြလိုက်၏။

“ကျုပ်အနေနဲ့ တပ်တွေကို စုစည်းထားရတာဟာ လွယ်မယ်လို့များ မင်းက ထင်နေတာလား ဒီမယ်သခင်လေးစု နိုင်ငံရေးမူဝါဒကို မကြာခဏ ပြောင်းလဲခြင်းဟာ နိုင်ငံကို မတည်ငြိမ်ဖြစ်စေတယ်ဆိုတာလောက်တော့ မင်း သိထားရမယ်”

တကယ်လည်း ခေါင်းဆောင်တဦး စိတ်နှစ်ခွဖြစ်နေခြင်းသည် လူထု၏ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေ၏။

စုချန်းဘက်မှ လုံလောက်သော စေ့ဆော်မှုတွေ မရမချင်း လီဝုယီအနေနှင့် အထက်ပါအတိုင်း စျေးကိုင်နေအုံးမည်သာ။

စုချန်း ပြုံးလိုက်ပြန်၏။

“ဒါက လွယ်ပါတယ် အရှင်မင်းကြီးရဲ့ မှုးမတ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြတဲ့အတွက် သူတို့ရဲ့အကြံဉာဏ်တွေကို လိုက်နာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြေငြာလိုက်ပေါ့ ဒါဆိုရင် လုံလောက်ပြီပဲမလား အရှင်မင်းကြီး"

ဧကရာဇ်အနေနှင့် ခုတမျိုး တော်ကြာတမျိုး လုပ်၍မရသော်လည်း အတိုင်ပင်ခံများ၏ အကြံဉာဏ်ကိုတော့ လိုက်နာနိုင်၏။

ဤအချက်ကိုကြည့်လျင် နိုင်ငံရေးသည် ပြည့်တန်ဆာနှင့် တစ်နည်းတဖုံ တူနေကြောင်း မြင်သာ၏။

သင် လိုချင်သည့် ပုံစံမျိုးဖြစ်အောင် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်လိမ်း၍ ရနေသည်ပင် မဟုတ်ပါလား။

လီဝုယီ အေးစက်စက်နိုင်စွာ ပြုံးလိုက်၏။

“သခင်လေးစုကတော့ တကယ်ကို အရည်အချင်းရှိတာပဲ လျောင်ယဲ့နိုင်ငံရဲ့မှုးကြီးမတ်ရာ ရာပေါင်းများစွာဟာ အခု မင်းရဲ့ အမိန့်အောက် ရောက်နေပြီဆိုတာ ကျုပ် တကယ်ကို မသိခဲ့ဘူး”

စုချန်း ရယ်မောလိုက်၏။

"ကျုပ်အနေနဲ့ကတော့ ဒီချီးမွမ်းစကားထဲကလို အရှင်မင်းကြီးရဲ့ ကျေးဇူးပြုမှုကို လိုအပ်နေတုန်းပါပဲ"

လီဝုယီ နှုတ်ဆိတ်သွား၏။

အတန်ကြာသော် သူက စကားစလိုက်ပြန်သည်။

“ခုနတုန်းက မင်းပြောလိုက်တယ် အရင်တုန်းက မင်းဟာ လီမျိုးနွယ်စုရဲ့သွေးကို သုတေသနလုပ်ခဲ့ဖူးတယ်တဲ့ ဟုတ်သလား”

ထိုစကားကိုကြားသည်နှင့် စုချန်း၏ နှလုံးသားမှာ ဒိန်းခနဲ တုန်ခါသွားတော့သည်။

ထို့နောက် လီဝုယီက တဖြည်းဖြည်း ဆက်ပြောလိုက်၏။

“လီတောက်ဟုန်...လီတောက်ဟုန်ကို သတ်ပစ်ခဲ့တာ မင်းပဲကိုး...... ဟုတ်တယ်မလား”

All Chapters