ရက်ရောမှု
Vol. 92 Ch. 912
နောက်တစ်နေ့မနက်မှာပင် စုချန်းတယောက် ဟာလာဟင်းလင်းတောင်သို့ ဆက်လက်ထွက်ခွာလာခဲ့၏။
မည်သို့ဆိုစေ သူ့အနေနှင့် ချူယွမ်ကို ဆက်လက်စည်းရုံးရန် လိုအပ်နေသေးသည်မဟုတ်ပါလား။
မြို့တော်မှအထွက်တွင် ကျူးချန်းဟွမ် ကိုယ်တိုင် သူ့ကို လိုက်ပို့ခဲ့သေး၏။
လမ်းတဝက်ရောက်သည်နှင့် ကျူးချန်းဟွမ်မှာ မနေနိုင်တော့ပဲ အောက်ပါအတိုင်း ပြောလိုက်လေသည်။
“ဒီတစ်ခါတော့ ကျုပ်ဖြင့် ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွာ”
စုချန်းကလည်း ခပ်တည်တည်ပင် ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့တုန်း ဘေးတော်ကြီးကလဲ"
ကျူးချန်းဟွမ်က စုချန်းကို တချက်ကြည့်ပြီး ပြောလိုက်လေသည်။
“မင်းနှယ်ကွာ ဘုရင်သားတော်တပါးကို မှ သတ်ပစ်ရတယ်လို့"
ညစာစားပွဲ၌ လီဝုယီ၏ စွပ်စွဲစကားကို ကျူးချန်းဟွမ်ကိုယ်တိုင်လည်း ကြားလိုက်ပုံရသည်။ ထိုစကားကို ကြားမိချိန်တွင် သူ ကြောက်လွန်း၍ လိပ်ပြာလွင့်မတတ်ပင် ဖြစ်ခဲ့ရ၏။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ လီဝုယီက ဤမျှ ကြီးလေးသောအမှုကို လျှော်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ထိုအခိုက်အတန့်ဝယ် သူရော စုချန်းပါ အသက်ပျောက်ပြီဟုသာ ကျူးချန်းဟွမ် တထစ်ချ ယူဆထားလိုက်၏။
သို့သော် အခြေအနေမှာ အထင်နှင့်အမြင် လွဲသွားခဲ့လေသည်။
သို့သော် စုချန်း စကားအနည်းငယ် ပြောလိုက်ရုံနှင့် လီဝုယီ၏ ပုံစံမှာ အေးအေးဆေးဆေးပင် ပြန်ဖြစ်သွား၏။
အတန်ကြာသော် ကျူးချန်းဟွမ် စိတ်မထိန်းနိုင်တော့ပဲ မေးလိုက်ပြန်သည်။
“ဘုရင့်သားတော်တပါးကို သတ်ခဲ့တာတောင် သာသာယာယာနဲ့ ထွက်လာလို့ရအောင် မင်းကြီးကို မင်း ဘယ်လိုများ ပြောခဲ့လိုက်တာတုန်း"
စုချန်း ရယ်မောလိုက်၏။
“ဘာမှမပြောရပါဘူးဗျာ ဘုရင်ကိုယ်တိုင်က သူ့သားကို တူးတူးခါးခါး မုန်းနေတဲ့ဟာကို လီတောက်ဟုန်အဖို့တော့ သူ့အမြင်မှာ သားတယောက်ထက်စာရင် ဝန်ထုပ်ဝန်ပိုးပဲ ဒီဝန်ထုပ်ဝန်ပိုးကို တယောက်ယောက်က အမြန်ဆုံး ဖြေရှင်းပေးဖို့ သူကိုယ်တိုင်လဲ မျှော်လင့်နေတာပဲလေ”
“ဒါပေမဲ့ သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူးကွ”
ကျူးချန်းဟွမ်က မှတ်ချက်ပေးလိုက်၏။
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"မှန်ပါတယ် ဒါပေမဲ့ ကျုပ်ကိုယ်တိုင်လဲ လီတောက်ဟုန်ဆိုတဲ့ ငမိုက်သားကိုသတ်ခဲ့တယ်လို့ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူးလေ”
စုချန်းတယောက် လီတောက်ဟုန်ကို သတ်ခဲ့သည်ဟု လီဝုယီ စွပ်စွဲရခြင်းမှာ ယခင်က စုချန်းသည် လီမျိုးနွယ်၏ သွေးကို သုတေသနပြုခဲ့သည်ဟု လွှတ်ခနဲ ပြောလိုက်သည့်အပြင် လီတောက်ဟုန်တယောက် ကျောက်စိမ်းမြူ၏ ရတနာသိုက်တွင် သေဆုံးသွားခဲ့ခြင်းကြောင့်လည်း ပါနေ၏။ ကျောက်စိမ်းမြူ၏ ရတနာသိုက်နေရာမှာ အောင်မြင်စွာ ပြန်လာနိုင်သူမှာလည်း စုချန်း တယောက်တည်းသာလျင် ရှိနေသည်မဟုတ်ပါလား။
အထက်ပါ အချက်အလက်များကြောင့် လီဝုယီက စုချန်းကို သံသယဝင်ခြင်းမှာ များစွာ သဘာဝကျပေသည်။
သို့သော် ထိုနယ်မြေမှ ပြန်လာနိုင်သည်ဆိုရုံနှင့် စုချန်းတွင် အပြစ်ရှိသည်ဟု တထစ်ချဆို၍မရပေ။ ရှုပ်ထွေးပွေလီသော တိုက်ပွဲတပွဲတွင် မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သေး၏။
ထို့ကြောင့် လီဝုယီက စုချန်း၏ အခြေအနေကို အစ်အောက်လိုက်ခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့် သူ စုချန်းကို ဘောင်ခတ်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။
မှန်ပါသည်။ ဘောင်ခတ်ရန် ကြိုးစားလိုက်ခြင်းသာ ဖြစ်သည်။ မျက်စေ့စုံမှိတ်၍ အပြစ်တင်လိုက်ခြင်းမျိုးလည်း ဖြစ်သည်။
အမှန်တရားနှင့်ပတ်သက်၍မူကား…
သမိုင်းတစ်လျှောက်လုံးတွင် အမှန်တရားဟူသည် အချိန်ကြာလာသည်နှင့် အမျှ ပြောင်းလဲသွားတတ်သော သဘောတွင် ရှိ၏။ ထိုအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများသာလျင် တကယ့် အမှန်တရားကို သိရှိနိုင်ပေလိမ့်မည်။
စုချန်းသည် လီတောက်ဟုန်၏ သေဆုံးမှုအတွက် လီဝုယီကို ယုတ္တိရှိရှိ ရှင်းပြနိုင်ခဲ့၏။ သို့သော် လီဝုယီကတော့ သူ့ကို ယုံကြည်လိမ့်မည်မဟုတ်။ တကယ်တမ်းတွင် လီဝုယီ ယုံကြည်ရန်လည်း မလိုအပ်ချေ။
“ကျုပ်က သူတို့ရဲ့ သွေးဗီဇကို အဆင့်မြှင့်တင်ပေးမဲ့ နည်းစနစ်တရပ် ဖန်တီးပေးမယ်လို့ ကတိပေးခဲ့လိုက်တယ်လေ”
စုချန်းက စကားဆက်လိုက်၏။
“လီတောက်ဟုန်လို မင်းသားတစ်ပါးကို ကျင့်ကြံခြင်းနည်းစနစ်တမျိုးတည်းနဲ့ လှဲရဲတယ်ဆိုတော့ လီဝုယီ သူ့သားကို ဘယ်လိုသဘောထားတယ်ဆိုတာ ရှင်းနေပါပြီဗျာ”
တကယ်တော့ လီဝုယီက ထိုထက်ပို၍ တောင်းဆိုရန် ကြိုးစားခဲ့သေး၏။ သို့သော် စုချန်းကတော့ ယတိပြတ်ပင် ငြင်းဆန်ခဲ့သည်။ အကြောင်းမှာ လီဝုယီတောင်းဆိုသမျှကို လိုက်လျောလိုက်ပါက သူ့တွင် အပြစ်ရှိနေကြောင်း ဝန်ခံလိုက်ရာ ကျသွားမည် ဖြစ်သောကြောင့်ပင်။
လီတောက်ဟုန်ကို သတ်ခဲ့သည်ဟု စွပ်စွဲခံရသည့်တိုင် တည်ငြိမ်အေးဆေးလှသော စုချန်းကို တအံ့တသြပင် စိုက်ကြည့်ရင်း ကျူးချန်းဟွမ် သက်ပြင်းချလိုက်၏။ ထို့နောက် သူက လွှတ်ခနဲ မေးလိုက်ပြန်သည်။
“ဒါနဲ့ ကျုပ် မေးပါအုံးမယ် ထာဝရညနဲ့ ကျုပ်တို့ရဲ့ဧကရာဇ် ဒီနှစ်ယောက်မှာ ဘယ်သူက ပိုပြီးအထင်ကြီးစရာကောင်းမယ်လို့ မင်းထင်သလဲ”
စုချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
“ထာဝရညက ကျုပ်ကို အနိုင်ယူနိုင်ခဲ့တယ် ဒါပေမဲ့ လီဝုယီကတော့ မနိုင်ခဲ့ဘူး”
ကျူးချန်းဟွမ်ကား ထိုအဖြေကို အနည်းငယ်မျှ အံ့အားသင့်သွားခြင်းမရှိ။
“လူပျံတော်တွေဟာ ကျုပ်တို့လူသားတွေထက် ရုပ်ပိုင်းဆိုင်ရာ ပိုအားနည်းတယ် ဒါကြောင့် သူတို့ရဲ့ မျိုးပွားနိုင်စွမ်း၊ တိုက်စွမ်းရည်တွေက ကျုပ်တို့ထက် ပိုနိမ့်ကျတယ် တကယ်တမ်းဆိုရင် သူတို့ဟာ သိပ်မကြာခင် ပျောက်ကွယ်သွားတော့မဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသင့်တယ် ဒါပေမဲ့ ထာဝရည နန်းတက်လာပြီးတဲ့နောက်မှာ လူပျံတော်တွေဟာ ပြန်လည် နာလန်ထူလာတယ် ဒါပေမဲ့ တစုံတယောက်ရဲ့ အစွမ်းအစဆိုတာ အကန့်အသတ်ရှိတယ် သူတို့ရဲ့ သက်တမ်း ဘယ်လောက်ပဲ ရှည်ပါစေ တနေ့တော့ သေရမှာပဲ ခုဆိုရင် ထာဝရညဟာ အတော်လေးကို အသက်ကြီးနေပြီ၊ သေခြင်းတရားဟာ သူနဲ့ သိပ်မဝေးတော့ဘူး ထာဝရညသာ သေဆုံးသွားရင် လျောင်ယဲ့နိုင်ငံအတွက် အခွင့်အရေးရပြီလို့ ကျုပ် တချိန်က တွေးခဲ့ဖူးတယ် ဒါပေမဲ့ ခု ကြုံနေရတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာလိမ့်မယ်လို့ တခါမှ မမျှော်လင့်ခဲ့ဖူးဘူး”
စုချန်းက ရယ်မောလိုက်၏။
“ကျုပ် ထာဝရညအတွက် အဲ့ဒီရတနာတွေကို ပြန်ယူပေးလိုက်ရင် လူပျံတော်တွေ စွမ်းအားကြီးလာမှာကို ဘေးတော်ကြီးက စိတ်ပူနေတာလား”
“တကယ်လဲ စိတ်ပူသင့်တာပဲ မဟုတ်ဘူးလား”
ကျူးချန်းဟွမ်က ပြန်မေးလိုက်၏။
“ဘေးတော်ကြီးရဲ့မြေးမလေးအကြောင်း ပိုစိတ်ပူနေမယ်လို့ ကျုပ်က ထင်ထားတာ”
စုချန်းက နောက်လိုက်၏။
“နိုင်ငံအကျိုးကို တွေးနေတာ မင်းတစ်ယောက်တည်းမှ မဟုတ်တာ ပြီးတော့ မင်းရဲ့ဆုံးဖြတ်ချက်ကလည်း တကယ်တမ်းမှာ နိုင်ငံကို အကျိုးမပြုပါဘူးကွာ”
ကျူးချန်းဟွမ်က ပြန်ပြောလိုက်လေသည်။
“ဒါက ဘယ်လိုရှုမြင်သလဲဆိုတဲ့အပေါ် မူတည်တယ်”
စုချန်က ရှင်းပြလိုက်၏။
“ဘေးတော်ကြီးအတွက်တော့ ဒါဟာ နိုင်ငံကို ပျက်သုဥ်းစေမဲ့ ဆုံးဖြတ်ချက်လို့ မြင်ကောင်းမြင်မယ် ဒါပေမဲ့ ကျုပ်ရဲ့အမြင်မှာတော့ ဒါဟာ စစ်ပွဲရဲ့အစပဲ ရှိလိမ့်အုံးမယ်"
“ဘာကွ စစ်ပွဲရဲ့အစ ဟုတ်လား”
ကျူးချန်းဟွမ် တွေခနဲ ဖြစ်သွား၏။
“ဒါပေမဲ့ မင်း ထာဝရညနဲ့ သဘောတူညီချက်ယူပြီးသွားပြီလေ"
စုချန်း ပြုံးလိုက်၏။
“သဘောတူညီချက်တွေ ကတိတွေဆိုတာ ဘယ်တုန်းကမှ အဓိပ္ပါယ်မရှိခဲ့ပါဘူးဗျာ ကတိတွေဖျက်ပြီး နွှဲကြတဲ့ စစ်ပွဲ ဒီကမ္ဘာပေါ်မှာ မရေမတွက်နိုင်အောင် ရှိဖူးပြီးသားပဲလေ"
“ဒါပေမဲ့ ရှန်းယောင်…”
တစုံတခု ပြောရန်ဟန်ပြင်ပြီးမှ ကျူးချန်းဟွမ် ချက်ချင်း နှုတ်ဆိတ်သွား၏။ အကြောင်းမှာ စုချန်း၏ မျက်လုံးအစုံကို သူ ကောင်းကောင်းကြီး မြင်လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။ စုချန်း၏ မျက်လုံးများသည်ကား အထူးပင် စူးရှတောက်ပလျက် ရှိနေ၏။
ပြင်းပြသောဆန္ဒတစုံမှ တိုးထွက်ပေါ်ပေါက်လာသော မီးလျှံများ။
နောက်ဆုံးတော့ စုချန်း၏ သဘောထားကို ကျူးချန်းဟွမ် နားလည်သွားခဲ့လေပြီ။
"ဒီတော့ မင်းဟာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဘယ်တုန်းကမှ အစီအစဉ် မရှိခဲ့ဘူးပေါ့ ဟုတ်လား”
“မဟုတ်ဘူး ကျုပ် ဒါက်ို သေချာပေါက် အကောင်အထည်ဖော်မှာပါ”
စုချန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"ကျုပ်အနေနဲ့ နိုင်ငံသုံးနိုင်ငံ စစ်မက်ဖြစ်ပွားခြင်းကို ရပ်တန့်စေမယ် ထာဝရညကို ထာဝရရှင်သန်ခြင်းဝိညာဥ်နဲ့ နက်ပ်ဂျွန်းမျက်လုံးကို ပြန်ရအောင် ကူညီပေးမယ် ဒါပေမဲ့ ဒီလောက်နဲ့ သူ အနိုင်ရလိမ့်မယ်လို့ထင်နေရင်တော့ မှားသွားလိမ့်မယ်"
ကျူးချန်းဟွမ်သည် ဆွံ့အသွား၏။
သို့သော် စုချန်းကလည်း ဆက်ပြောရန် ဆန္ဒမရှိတော့။ ကျူးချန်းဟွမ်အနေနှင့် ထာဝရညနှင့် သူ့အကြား စစ်ပွဲ စတင်နေပြီဖြစ်ကြောင်း သိထားလျင်ပင် လုံလောက်ပေပြီ။
လူသားများနှင့်လူပျံတော်များအကြား စစ်ပွဲဟူသည် မြို့တစ်မြို့ သို့မဟုတ် နယ်မြေတချို့ ဆုံးရှုံးလိုက်ရခြင်းမှာ အဆုံးသတ်အဖြေမဟုတ်ပေ။
ထာဝရညသည် စုချန်းကို ဤတပွဲတွင် နိုင်သွားခဲ့၏။ သို့သော် နောက်တပွဲတွင် နိုင်မည်ဟု မည်သူက အတိအကျ ပြောနိုင်မည်နည်း။
တကယ်တော့ ထာဝရညသည် လောဘတက်လွန်းသွားပြီး အခြေအနေတခုလုံးကို ခြုံငုံသုံးသပ်ရာတွင် အားနည်းသွားခဲ့၏။ ထိုအချက်က စုချန်းကို နောက်ထပ် အခွင့်အရေးတခု ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
စုချန်းကဲ့သို့ ပြိုင်ဘက်မျိုးကို အမြဲတစေ ထိန်းချုပ်ရန်ဟူသည်မှာ မည်သို့မှ မဖြစ်နိုင်။ ထို့ကြောင့် အခွင့်အရေးရခိုက် စုချန်းကို သတ်ပစ်လိုက်ခြင်းကသာ ပို၍ကောင်းမွန်သော အဖြေဖြစ်သည်။ ထိုအခွင့်အရေးမျိုးကို လွဲချော်သွားခဲ့လျင်ကား စုချန်း၏ တုံ့ပြန်လက်စားချေမှုကို မုချခံရလိမ့်မည်သာ။
သို့သော် တဖက်တွင်လည်း လောဘတရားဟူသည် ခေါင်းဆောင်လုပ်လိုသူတိုင်းတွင် ရှိသင့်သည့် ကိုယ်ရည်ကိုယ်သွေးတရပ်ဟု ဆိုနိုင်၏။ အကယ်၍ လောဘ သို့မဟုတ် ရည်မှန်းချက်သာ မရှိလျှင် ထိုသူသည် စကတည်းက ကြီးကျယ်မြင့်မြတ်သူများ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ထာဝရညသည်လည်း လောဘကြီး၏။ ရည်မှန်းချက်ကြီးကြီးထား၏။ သို့သော် တနေ့တွင်တော့ ဤလောဘကြောင့်ပင် သူ့ရည်မှန်းချက်၏ ခြေရင်းတွင် ထာဝရည လဲပြိုသွားရပေလိမ့်မည်။ ဤသည်မှာ ထာဝရညအတွက် စုချန်း အိပ်မက်မက်ထားသည့် နိဂုံးအဆုံးသတ်ပင် ဖြစ်လေသည်။
အချိန်မှာလည်း သိပ်မကျန်တော့၍ မြင်သောအခါ စုချန်းတယောက် ကျူးချန်းဟွမ်ကို နှုတ်ဆက်ပြီး ဟာလာဟင်းလင်းတောင်သို့ ခရီးဆက်ရပြန်သည်။
ရက်အနည်းငယ်အကြတွင် သူ ဟာလာဟင်းလင်းတောင်၏ ပိုင်နက်နယ်မြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာ၏။ ဟာလာဟင်းလင်းတောင်သို့ရောက်သည်နှင့် စုချန်း ပထမဆုံးလုပ်ရသည့်အရာမှာ ကျိန်စာသုံးမျိုး ပယ်ဖျက်နည်းအသေးစိတ်ကို အိပ်မက်နယ်ပယ်တွင် တင်ထားလိုက်ခြင်းပင် ဖြစ်သည်။ ဤလုပ်ရပ်က သူရောက်ရှိနေကြောင်း ချူမိသားစုကို အသိပေးလိုက်သည်နှင့် အတူတူပင်။
နှစ်ရက်အကြာတွင် စုချန်း မိုးမြို့တော်သို့ ရောက်ရှိလာပြန်၏။
ခရီးရောက်မဆိုက်ပင် စုချန်း မြင်တွေ့လိုက်ရသည်မှာ မြို့တော်အပေါ်တွင် တည်ရှိနေသော တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကြီးတစင်းပင် ဖြစ်သည်။
ယာဥ်ဦးတွင် ချူကျန်းယုတယောက် မတ်တပ်ရပ်နေ၏။ သူ့မျက်နှာမှာ အထူးပင် တင်းမာနေပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ စုချန်းကို စိုက်ကြည့်နေသည်။ မသိလျင် တစုံတယောက်က သူ့ထံမှ မီလီယံနှင့်ချီသောမူလကျောက်တုံးများကို ခိုးယူသွားသည်နှင့်ပင် တူနေသေးသည်။ တကယ်လည်း စုချန်းကို တွေ့ရခြင်းထက် မီလီယံနှင့်ချီသော မူလကျောက်တုံးများ ဆုံးရှုံးသွားခြင်းကို ချူကျန်းယု ပို၍ သဘောကျပေသည်။
စုချန်း လက်နှစ်ဖက်ကိုယှက်ပြီး ချူကျန်းယုကို နှုတ်ဆက်လိုက်၏။
“အရှင်မင်းသား”
ချူကျန်းယု၏ မျက်နှာထားကား ခပ်မာမာပင်။
“မင်း ဘာအတွက် လာတယ်ဆိုတာ ကျုပ်တို့ သိပြီးပြီ လူပျံတော်တွေဆီ ကစေလွှတ်မယ့် စစ်ကြောင်းကို ကျုပ်တို့ ရပ်ထားပေးမယ် ဒီတော့ မင်း လာရာလမ်းအတိုင်း ပြန်နိုင်ပြီ”
စုချန်း ပြုံးစေ့စေ့ ဖြစ်သွား၏။
“ဘာလို့ ဒီလောက်တောင် အလျင်စလိုဖြစ်နေရတာလဲ ကျုပ်က အရှင်မင်းကြီးနဲ့လဲ တွေ့ချင်သေးတယ် တောင်းဆိုစရာလေး ရှိနေလို့"
“ဘာကိစ္စလဲ”
“ဒီကိုရောက်တုန်း ကျုပ် ချိန်းလွှာကို တွေ့သွားချင်တယ် သူဟာ ကျုပ်ရဲ့ ဇနီးပါ ဒီတော့ သူ့ကို တွေ့ဖို့ တောင်းဆိုတာဟာ တရားမလွန်ဘူး ထင်တာပဲ"
“ခွင့်ပြုတယ်”
ချူကျန်းယုကလည်း ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။ သူ့ပုံစံမှာ စုချန်းနှင့် ကြာကြာစကားပြောလျင် ကူးစက်ရောဂါတစုံတရာ ကူးသွားမည်ကို ကြောက်လန့်နေဟန် ရှိ၏။
“ပြီးတော့ ကျုပ် အသက်ရင်းမြစ်ဖယောင်းတိုင်တချို့လဲ လိုချင်သေးတယ်"
ချူကျန်းယု၏ မျက်နှာ မအီမသာ ဖြစ်သွား၏။
“စုချန်း ကျုပ်တို့က မင်းကို တလက်မပေးလိုက်တာနဲ့ တမိုင်ရဖို့ မကြိုးစားပါနဲ့"
စုချန်းက ရှင်းပြလိုက်၏။
“ဒီလိုတော့လဲ မဟုတ်ပါဘူးလေ ကျုပ် ဖယောင်းတိုင်တွေကို အလကားမတောင်းပါဘူးဗျ အရှင်မင်းသားတို့ဆီက ဝယ်ပါမယ် ဘယ်လိုပဲဖြစ်ဖြစ် ဟာလာဟင်းလင်းတောင်အနေနဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ ဆန္ဒရှိနေတာကို ကျုပ် တကယ်ကျေးဇူးတင်တယ် ဒါကြောင့် ကျေးဇူးတင်ကြောင်း တခုခုနဲ့ သက်သေပြဖို့ တွေးထားတယ် ဒါ့အပြင် ကျိန်စာသုံးမျိုးနဲ့ အကြပ်မကိုင်ဘူးလို့လဲ ကျုပ်ဘက်က ရဲရဲကြီး ကတိပေးတယ်”
ထိုစကားကို ကြားလိုက်မှ ချူကျန်းယု အနည်းငယ် စိတ်လျှော့သွား၏။
“မင်းက ဘယ်လိုများ ကျေးဇူးတင်ကြောင်း ပြသဖို့ စီစဉ်ထားလို့လဲ"
“ခင်ဗျားတို့ရဲ့ သွေးဗီဇစွမ်းအားကို မြှင့်တင်ပေးမယ်ဆိုရင်ရော”
သို့သော် ချူကျန်းယုကတော့ မယုံသင်္ကာဖြစ်သွားဟန် ပေါ်သည်။
“စုချန်း မင်းက ကိုယ့်ကိုယ်ကို ရက်ရောတယ်လို့ ထင်နေပုံပဲ တကယ်တမ်းကျတော့ မင်းဟာ အိပ်မက်အလှသွေးဗီဇစွမ်းအင်ကို မြင့်မားလာအောင် ကူညီပေးဖို့ လီဝုယီကို ကတိပေးခဲ့တယ် အခုလည်း ချူမျိုးနွယ်ရဲ့ သွေးဗီဇကို အဆင့်မြှင့်ပေးဖို့ ကတိပေးနေပြန်တယ် မင်း ကျုပ်တို့ရဲ့ သွေးကို သုတေသနလုပ်ဖို့ ကြိုးစားနေတာရော မဖြစ်နိုင်ဘူးလား”
“ချူမျိုးနွယ်ရဲ့သွေးဗီဇကို အချိန်အတော်ကြာကတည်းက ကျုပ် လေ့လာပြီးသားပါ ဒီအတွက် ချူဟွိုင်လျန်းက ကျုပ်က်ို အတော်လေး ကူညီပေးခဲ့တယ်လေ”
စုချန်းက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်လေသည်။
တချိန်က ချူမျိုးနွယ်သည် စုချန်းကိုသတ်ရန် ချူဟွိုင်လျန်းကို စေလွှတ်ခဲ့ဖူး၏။ စုချန်းလိုလူစားမျိုးက ချူဟွိုင်လျန်း၏ အလောင်းကို မလေ့လာခဲ့လျင် အတော်လေး အံ့သြစရာကောင်းနေပေလိမ့်မည်။
ချူဟွိုင်လျန်းတယောက် စုချန်း၏လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း အချိန်အတော်ကြာကတည်းက ချူမျိုးနွယ်ဝင်များ သိထားပြီးသားပင်။ သို့သော် ပေါ်တင်ထုတ်ပြောလိုက်သော စုချန်း၏ စကားကို ကြားသောအခါ ချူကျန်းယုတယောက် သွေးအန်လုမတတ်ပင် ဖြစ်သွား၏။
သူ စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်ပြီး ပြောလိုက်လေသည်။
“စုချန်း မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
“ကျုပ် လူသားမျိုးစိတ်ကြီးတခုလုံးရဲ့ အင်အားမြင့်တက်လာအောင် ကြိုးစားနေတာ”
စုချန်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
“သွေးဗီဇတွေနဲ့ပတ်သက်ပြီး ကျုပ်ရဲ့သုတေသနတွေဟာ အမြဲတမ်း ဒီရည်မှန်းချက်ကိုပဲ ဦးတည်ထားခဲ့တယ် အခုလည်း ခုလဲ ဒီအတိုင်းပါပဲလေ"
“ဒါဆို ဟိုးအရင်တုန်းက ကျုပ်တို့အတွက် မင်း ဘာကြောင့် မလုပ်ပေးခဲ့တာလဲ”
“ကျုပ် ကလေးဆန်သွားခဲ့တယ် ကျုပ်ရဲ့အမြင်ကလဲ အပေါ်ယံ ဆန်နေခဲ့တယ် ပြီးတော့ သွေးဗီဇပိုင်ရှင်တော်ဝင်မိသားစုတွေကို ကျုပ်ရဲ့ရန်သူတွေလို့ပဲ အမြဲတမ်း မှတ်ယူထားခဲ့တယ် ဒါပေမဲ့ အခုတော့ တော်ဝင်မိသားစုတွေဟာလဲ လူသားတွေပဲဆိုတာ ကျုပ် သဘောပေါက်လာပြီ ဖြစ်နိုင်ရင် ကျုပ်တို့ဟာ အချင်းချင်း ရန်ဖြစ်နေကြမဲ့အစား ပူးပေါင်းသင့်ပါတယ်”
စုချန်းက သူ့အမြင်ကို ရိုးရိုးသားသားပင် ဖွင့်ဟလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ချူကျန်းယု အတော်လေး အံ့ဩတုန်သွား၏။
အချိန်အတော်ကြာမှ သူက ပြောလိုက်လေသည်။
“မင်း တကယ်လုပ်နိုင်တာ သေချာလို့လား”
“တကယ်တော့ ကျုပ် အောင်မြင်သွားရင် အရှင်မင်းသားတို့ အကျိုးအမြတ်ရမယ် မအောင်မြင်ဘူးဆိုရင်လဲ အရှင်မင်းသားတို့မှာ ဘာအရှုံးမှ မရှိဘူး ဒါပေမဲ့ အရှင်မင်းသားတို့ကိုယ်တိုင်က ကျုပ်ကို ဒီလောက်တောင် ယုံကြည်မှုမရှိဘူးဆိုရင်လဲ ထားလိုက်ပါ ဒီစကားကို ကျုပ် မပြောခဲ့ဘူးလို့ပဲ သဘေထားလိုက်ပေါ့"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချူကျန်းယယုက စကားပြန်စလိုက်သည်။
“အသက်ရင်းမြစ်ဖယောင်းတိုင်ဘယ်လောက်လိုနေတာလဲ”
“များလေ ပိုကောင်းလေပဲ”
“ကောင်းပြီ ကျုပ် အဖေကို မေးကြည့်လိုက်မယ်"
ထို့နောက် ချူကျန်းယု ယာဥ်အတွင်းခန်းထဲသို့ ပြန်ဝင်သွား၏။ သိပ်မကြာမီ ချူကျန်းယု ပြန်ထွက်လာလေသည်။
“ဆယ်ချောင်းရမယ် တချောင်းကို မူလကျောက်တုံးဆယ်မီလီယံ”
“ကောင်းပြီလေ”
စုချန့်က အနည်းငယ်မျှ ချီတုံချတုံ့ ဖြစ်မနေပဲ မူလလက်စွပ်တကွင်းကို ထုတ်ပေးလိုက်၏။
တန်ဖိုးကြီးမြင့်လှသော အရောင်းအဝယ်ကို မျက်တောင်မခတ်ပဲ လုပ်ဆောင်နိုင်သည်ကို မြင်လိုက်ရသော ချူကျန်းယုမှာ စုချန်းကို မနာလိုပင် ဖြစ်လာ၏။
“မင်း လူပျံတော်နယ်မြေကို ခရီးသွားတုန်း အတော်လေး စုမိဆောင်းမိခဲ့တယ်လို့ ကြားတယ် မင်း ဘယ်လောက်ခိုးလာသလဲမဆိုနိုင်ဘူး"
“ဒီလိုဖယောင်းတိုင်တွေ ရာနဲ့ချီ ဝယ်နိုင်လောက်တဲ့အထိပါပဲဗျာ"
……
အချိန်အတော်ကြာ စကားပြောပြီးနောက် စုချန်အပေါ် ချူကျန်းယု၏ ပြင်းပြသော မုန်းတီးမှုမှာ တဖြည်းဖြည်း လျော့ပါးသွားခဲ့၏။
ပထမဆုံးအကြိမ်အနေနှင့် စုချန်းနှင့်သိကျွမ်းခြင်းသည် အဆိုးကြီး မဟုတ်ဟု ချူကျန်းယု ရုတ်တရက် ခံစားလိုက်ရလေသည်။