← Chapters

ဆုံစည်းခြင်းနှင့်ပဋိပက္ခ

Vol. 92 Ch. 914

ဆုံစည်းခြင်းနှင့်ပဋိပက္ခ

Vol. 92 Ch. 914

အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားလေရာ စုချန်းပင်လျင် အလန့်တကြား ဖြစ်သွား၏။ ဖြစ်ရပ်မှာ ထူးဆန်းလှသည် မဟုတ်ပါလား။

“ချိန်းလွှာ ဘာဖြစ်တာလဲ”

ကုချိန်းလွှာ သူမ၏လက်ကောက်ဝတ်ကို ဖိရင်း ထိတ်လန့်တကြားနှင့် ရေရွတ်လိုက်၏။

“ဘုရား ဘုရား ဒါကြီးက ကျွန်မရဲ့ စွမ်းအင်တွေအကုန်လုံးကို စုပ်ယူဖို့ကြိုးစားနေတာပါလား”

ထိုအခါ စုချန်းလည်း သူမ၏ကိုယ်မှ ကောင်းကင်သံချပ်ကာဝတ်စုံကို ဆွဲခွာ ရန် အသည်းအသန်ပင် ကြိုးစားရတော့၏။ သို့သော် မည်သို့ပင် ကြိုးစားအားထုတ်စေကာမူ ဝတ်စုံမှာ ကုချိန်းလွှာ၏ ကိုယ်ပေါ်တွင် ကပ်မြဲကပ်နေလေသည်။

“ဒါက ကျွန်မရဲ့သွေးဗီဇစွမ်းအားပဲ ဒါ ကျွန်မရဲ့ သွေးဗီဇစွမ်းအားကို စုပ်ယူဖို့ ကြိုးစားနေတာ”

ကုချိန်းလွှာ ထိတ်လန့်တကြားနှင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

“ဘာ”

စုချန်း အံ့အားသင့်သွားသည်။

ဒါဟာ မူလသားရဲသွေးဗီဇကြောင့် ဒီလို ဖြစ်ရတာတဲ့လား...

“ခဏလေး”

ထိုအချိန်မှာပင် ကုမျိုးနွယ်စု၏သွေးကို အသက်ရင်းမြစ်ဖယောင်းတိုင်များ သန့်စင်ရာတွင် အသုံးပြုကြောင်း သူရုတ်တရက် သတိရလာ၏။ အဆိုပါဖယောင်းတိုင်များသည်လည်း ကောင်းကင်သံချပ်ကာဝတ်စုံကဲ့သို့ပင် မူလစွမ်းရည်ကို ချဲ့ထွင်ပေးနိုင်သည့် အာနိသင်မျိုး ရှိနေကြ၏။

ဒါဆိုရင် ဒီနတ်ဘုရားဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တမ်းမှာ...

စုချန်း၏ ခေါင်းထဲသို့ ထူးခြားလှသော အတွေးတခု ရုတ်တရက် တိုးဝင်လာ၏။ သို့သော် ယခုအချိန်သည် သီအိုရီဆန်ဆန် အကြောင်းအရာများကို စဉ်းစားနေရန် အချိန်မဟုတ်။ ကုချိန်းလွှာ၏ သွေးဗီဇမှာ ယခုအချိန်ထိ စုပ်ယူခံနေရဆဲပင် မဟုတ်ပါလား။ ထိုအခါ စုချန်းလည်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး ကုချိန်းလွှာကို အောက်ပါအတိုင်း ပြောလိုက်၏။

“ချိန်းလွှာ မင်းရဲ့သွေးဗီဇစွမ်းအားကို ထိန်းချုပ်ထားလိုက် မင်းကသာ ဒီစွမ်းအားရဲ့ တကယ့်ပိုင်ရှင်ပဲလေ ဒီကောင် မင်းရဲ့စွမ်းအားကို ယူမယူဆိုတာက မင်းရဲ့ဆန္ဒပေါ်မှာပဲ မူတည်တယ် မင်းက မင်းရဲ့စွမ်းအားကို မပေးချင်ဘူးဆိုရင် သူ မယူနိုင်ဘူး"

“ကျွန်မ ဘာလုပ်ရမလဲ”

ကုချိန်းလွှာ ထိတ်လန့်စပြုနေခဲ့လေပြီ။

သီအိုရီအရဆိုလျင် စုချန်း၏ ညွှန်ကြားချက်သည် လိုက်လုပ်ရန် အလွန်လွယ်ကူသည်ဟု ထင်ရသော်လည်း ပြဿနာမှာ ကုချိန်းလွှာ၏ သွေးဗီဇကို စုပ်ယူနေသည့် အမည်မသိအရာသည် သူမ၏ အမိန့်ကို လုံးဝမလိုက်နာပဲ ဖြစ်နေ၏။

စုချန်း ခေါင်းငုံ့ကာ စဥ်းစားနေလေသည်။

“ဘယ်သတ္တဝါမဆို၊ ဘုရားဆိုရင်တောင်မှ စိတ်ဝိညာဥ်တော့ ရှိရမယ်ဒီ ကောင်းကင်သံချပ်ကာဟာလဲ ဒီအတိုင်းပဲ ဖြစ်လိမ့်မယ် ဒီတော့ ဝတ်စုံရဲ့ စိတ်ဝိညာဥ်ကိုသာ ပစ်မှတ်ထားလိုက်ရင်"

“ကျွန်မ မလုပ်နိုင်ဘူး ကျွန်မရဲ့စိတ်ဝိညာဥ်စွမ်းအားက ဘယ်လိုမှ မလုံလောက်ဘူး ပြီးတော့ သူက ကျွန်မကို ပြန်ခုခံနေတယ်ရှင့်”

ကုချိန်းလွှာက ခေါင်းခါရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

“ဘာမှစိတ်မပူပါနဲ့ ကျုပ် ရှိပါတယ်ကွာ”

ထို့နောက် စုချန်းက ကုချိန်းလွှာကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ငြင်သာစွာ ပြောလိုက်၏။

“မင်းရဲ့စိတ်ဝိညာဥ်ကို တံခါးဖွင့်ပြီး ကျုပ်ကို ဝင်ခွင့်ပေးပါ"

ကုချိန်းလွှာ မျက်လုံးများကိုမှိတ်ကာ သူမ၏ စိတ်ဝိညာဥ်ကို စုချန်းအတွက် တံခါးဖွင့်ပေးလိုက်သည်။

ထိုအခိုက်အတန့်မှာ သူမ၏နှလုံးသားတခုလုံး လှစ်ဟပြလိုက်သည်နှင့် အတူတူသာ ဖြစ်သည်။ ထို့နောက် သူတို့၏နှလုံးသားများသည် အချင်းချင်း ချိတ်ဆက်သွားပြီး စိတ်ဝိညာဥ်နှစ်ရပ် ပေါင်းစည်းသွားကာ မည်သူက ကုချိန်းလွှာ၊ မည်သူက စုချန်းဟူသည်ကို ခွဲခြားရခက်သွားစေ၏။

ထိုအချိန်မှာပင် အားကောင်းလှသော အသံတသံ သူတို့ကြားသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

“ချိန်းလွှာ ဘာဖြစ်တာလဲ”

အသံပိုင်ရှင်မှာ စုချန်းရောက်ရှိလာခြင်းကြောင့် ထူးထူးခြားခြားတစုံတရာ ဖြစ်ပွားလာပါက စောင့်ကြည့်နိုင်ရန် စိတ်ဝိညာဥ်အပိုင်းအစတခုကို အခန်းအနီးတွင် ကင်းချထားခဲ့သည့် ကုမျိုးနွယ်စု၏ စတုတ္ထဖွားဖွားကုချင်းရုံပင် ဖြစ်သည်။ ကောင်းကင်သံချပ်ကာမှ ထွက်ပေါ်လာသည့် နတ်ဘုရားစွမ်းအင်လှိုင်းများကို သူမ အာရုံခံမိလိုက်သဖြင့် ထိုသို့ မေးလိုက်ခြင်းပင်။

ကုချိန်းလွှာ၏ တကိုယ်လုံး ဆတ်ခနဲ တုန်ခါသွား၏။ ထို့နောက် သူမ ပြန်ဖြေရန် ဟန်ပြင်လိုက်စဥ်မှာပင် စုချန်းက ဟန့်တားထားလိုက်သည်။

လက်ရှိအချိန်တွင် ပေါင်းစည်းမှုဖြစ်စဉ်၏အရေးကြီးဆုံးအပိုင်းသို့ ဝင်ရောက်နေပြီဖြစ်လေရာ စိတ်အာရုံမပျံ့လွင့်စေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ထားရပေလိမ့်မည်။ ကုချင်း ရုံက စိတ်ပူ၍ မေးလိုက်ခြင်းဖြစ်သော်လည်း သူတို့၏ အခြေအနေအရ ထိုမေးခွန်းကို ပြန်လည်ဖြေကြားရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

တဖက်မှ ကုချင်းရုံသည်လည်း မေးခွန်းကို တဦးတလေမှ ပြန်လည်ဖြေကြားခြင်းမရှိသောအခါ ပို၍စိတ်ပူလာပြီး အခန်းထဲသို့ ဝင်ရောက်ရန် ကြိုးစားလိုက်တော့သည်။

သူမ၏စိတ်ဝိညာဥ်စွမ်းအင်မှာ အလွန်အင်အားကြီးမားလှ၏။ ထိုစိတ်ဝိညာဥ်သာ အခန်းထဲဝင်လာခဲ့လျင် စုချန်းနှင့်​ကုချိန်းလွှာတို့၏ ကြိုးပမ်းအားထုတ်မှုမှာ အချည်းနှီး ဖြစ်သွားနိုင်သည်။ ဤသို့ဆိုလျင် ကုချိန်းလွှာအပေါ် တစုံတခု ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်၏။ ဤအခြေအနေကို စုချန်း မည်သို့မှ ခွင့်မပြုနိုင်။ ထိုအခါ စုချန်းလည်း ကုချင်းရုံ၏ စိတ်ဝိညာဥ်ကို အားသုံးကာ တားဆီးလိုက်ရလေသည်။

ရုတ်ချည်းဆိုသလိုပင် သူ့ခေါင်းနောက်တွင် နန်းဆောင်ကြီးတဆောင် ပေါ်ထွန်းလာပြီး အားပါပြင်းထန်လှသည့် စိတ်ဝိညာဥ်စွမ်းအားလှိုင်းကြီးက အခန်းတခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။

စုချန်း၏ တားဆီးမှုကြောင့် သူမ၏စိတ်ဝိညာဥ်အပိုင်းအစ ပြန်ကန်ထွက်လာသည်ကို မြင်လိုက်ရ၍ ကုချင်းရုံ အံ့သြသွား၏။

ဘာတွေဖြစ်နေသနည်း။

တကယ်တော့ သူမသည် လူသားမျိုးနွယ်၏ အထွတ်အထိပ် အနှိုင်းမဲ့ကျင့်ကြံခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ သို့သော် ယခုတော့ သူမ၏ စိတ်ဝိညာဥ်အပိုင်းအစက အခန်းထဲသို့ မဝင်နိုင်ပဲ တားဆီးခံနေရ၏။ ၎င်းမှာ မျက်နှာပျက်စရာကောင်းလှသည် မဟုတ်ပါလား။

ထိုအခါ သူမ အကြီးအကျယ် မခံချင်ဖြစ်သွားတော့သည်။

“အိုး… မင်းက ငါ့ကို ဝင်ခွင့်မပြုဘူးလား ရတယ်လေ ငါကလဲ မရရအောင် ဝင်ပြလိုက်အုံးမယ်"

ထို့နောက် သူမက သူမ၏ စိတ်ဝိညာဥ်စွမ်းအင်ကို တိုးမြှင့်ပြီး စုချန်းကို စတင်ဖိအားပေးလိုက်တော့သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ အဖွားအိုသည် စွမ်းအင်ကို မည်သို့ ထိန်းချုပ်ရမည်မှန်း ကောင်းကောင်းကြီး သိထားခြင်းပင် ဖြစ်သည်။ သူမသည် စုချန်းကို တချီတည်းနှင့် တိုက်ခိုက်ခြင်းမပြုပဲ စိတ်ဝိညာဥ်စွမ်းအင်ပမာဏကို ဖြည်းဖြည်းချင်း မြှင့်ပေးနေ၏။

ဖိအား တဖြည်းဖြည်းတိုးလာကြောင်း စုချန်း ကောင်းကောင်းကြီး ခံစားနေရသည်။ သို့သော် သူ ဘာမှမတတ်နိုင်။

အခြေအနေမှာ အလွန်အရေးကြီးနေ၏။ အာရုံနည်းနည်းပျံ့သွားသည်နှင့် သူတို့၏ ပေါင်းစည်းမှု ပျက်ပြားသွားပေလိမ့်မည်။ ထိုအခါ သူက ကုချင်းရုံ၏ ဖိအားကို သူ့ကိုယ်ပိုင် စိတ်ဝိညာဥ်စွမ်းအားဖြင့်သာ ခုခံပေးနေရ၏။

စုချန်းသည် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်သော်လည်း သူ ဖွဲ့စည်းတည်ဆောက်ထားသည့် နတ်ဘုရားနန်းဆောင်မှာကား သာမာန်နှင့်မတူပဲ များစွာအနုစိတ်ပြီး ခမ်းနားကြီးကျယ်လှ၏။ သူ့စိတ်ဝိညာဥ်စွမ်းရည်မှာလည်း ဒသမလက်စွပ်အဆင့်သို့တိုင် ရောက်ရှိနေပြီဖြစ်လေရာ ၎င်းမှာ အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ကောင်းကောင်းကြီး ရင်ဆိုင်နိုင်သည့် အခြေအနေ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်၊ အနုစိတ်နတ်ဘုရားနန်းဆောင်၊ ဒသမလက်စွပ်အဆင့်အာကင်နာပညာရှင် စသော အချက်များအားလုံး ​ပေါင်းစပ်လိုက်သောအခါ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားမှာ တိုင်းပြည်တစ်ဝှမ်းလုံးတွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေပြီဟု ဆိုနိုင်သည်။

ထို့ကြောင့် ကုချင်းရုံသည် သံမဏိနံရံကြီးကို ခေါင်းနှင့်ဝင်တိုးမိသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအချက်က သူမကို အကြီးအကျယ် အံ့သြသင့်သွားစေ၏။ သို့သော် သူမက အားမလျော့ပဲ သူမ၏ စိတ်ဝိညာဥ်စွမ်းအင်ကို ဆက်လက်မြှင့်တင်လိုက်ပြန်သည်။ တဖက်မှ စုချန်းသည်လည်း မည်သို့မှမတတ်သာပဲ ကုချင်းရုံကို ကြိတ်၍ကျိန်ဆဲကာ သူမ၏ ဖိအားကို ဆက်လက်ခုခံရပြန်သည်။ ဤနည်းအားဖြင့် သူတို့နှစ်ယောက်သည် စိတ်ဝိညာဥ်အဆင့် တိုက်ပွဲကြီးတပွဲကို မထင်မှတ်ပဲ ဆင်နွှဲနေကြရလေ၏။

အချိန်ကြာလာသည်နှင့်အမျှ စုချန်း ပို၍ အသက်ရှူရခက်လာ၏။ သူ့ဆဲဆိုမှုမှာလည်း ပို၍ပို၍ ပြင်းထန်လာသည်။ ထိုအချိန်တွင် စုချန်း၏ စိတ်ဝိညာဥ်သည် ကုချိန်းလွှာ၏ စိတ်ဝိညာဥ်နှင့် စတင်ပေါင်းစည်းနေလေပြီဖြစ်ရာ သူ မည်မျှ ဒေါသအမျက်ထွက်နေကြောင်း သူမကိုယ်တိုင်လည်း ခံစားမိနေ၏။ သို့သော် သူမအဖို့ မျက်လုံးများမှိတ်ထားရုံမှအပ တခြားဘာမှ မတတ်နိုင်ရှာ။

“ဟင်း ဒီကောင်လေးဟာ ဘယ်လိုကျင့်စဉ်တွေများ လေ့ကျင့်နေသလဲမဆိုနိုင်ဘူး ဘာလို့ သူ့စိတ်ဝိညာဥ်စွမ်းအင်က ဒီလောက်အထိ အစွမ်းထက်နေရတာလဲ”

ထို့နောက်တွင်တော့ အဖွားအိုသည် တခြားဘယ်အရာကိုမှ အာရုံမထားတော့ပဲ စုချန်းကို ဖိနှိပ်ရန်သာ အပြင်းအထန် ကြိုးစားနေတော့သည်။

“သည်းခံစမ်း"

“သည်းခံစမ်း"

အထက်ပါအတိုင်း စုချန်း စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ အော်ဟစ်နေမိ၏။ သူတို့၏ စိတ်ဝိညာဥ်ပေါင်းစည်းမှုမှာ ပြီးမြောက်ခါနီးနေပြီဖြစ်လေရာ သည်းမခံ၍လည်း မရချေ။

အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေ၏။ စုချန်း၏ ပါးစပ်မှ သွေးများပင် စီးကျလာနေပြီ ဖြစ်သည်။ တဖက်မှာ အဖွားကြီးကုချင်းရုံမှာ အခန်းထဲတွင် ဘာတွေဖြစ်နေမှန်းမသိလေရာ ဖိအားကို ဆက်တိုက်ဆိုသလို့ မြှင့်တင်နေ၏။

ဆယ်။

ကိုး။

ရှစ်။

အချိန်သည် တစက္ကန့်ပြီးတစက္ကန့် ကုန်လွန်သွား၏။ သို့သော် စုချန်းအတွက်တော့ ထိုစက္ကန့်များက နှစ်ပေါင်းများစွာ ကြာမြင့်သည့်နှယ် ခံစားနေရသည်။

ကုချိန်းလွှာမှာ စုချန်း၏ အခြေအနေကိုကြည့်ရင်း အကြီးအကျယ် စိတ်ပူလာ၏။ သို့သော် စုချန်းကား အံကိုတင်းတင်းကြိတ်ရင်း ချိတ်ဆက်မှုအောင်မြင်ရန်သာ အသည်းအသန် အားထုတ်နေလေသည်။

စိတ်ဝိညာဥ်ချင်းဆက်သွယ်ထားခြင်းကြောင့် စုချန်း၏ ဆုံးဖြတ်ချက်ကို ကောင်းကောင်းကြီး ခံစားနေ​ရသော ကုချိန်းလွှာမှာ အကြီးအကျယ် စိတ်ထိခိုက်သွားရှာ၏။ စုချန်း သူမကို တကယ်ချစ်ကြောင်း နောက်ဆုံးတော့ သူမ ယုံသွားရှာလေပြီ။ စုချန်းသည် ကျူးရှန်းယောင်အတွက် ရန်သူကို ဦးညွှတ်ခဲ့သလို သူမအတွက်လည်း အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို သူ့အသက်ကို စတေးကာ ခုခံပေးခဲ့သည် မဟုတ်ပါလား။

နူးညံ့သောခံစားမှုများက သူမ၏ နှလုံးသားမှသည် တကိုယ်လုံးသို့တိုင် ပျံ့နှံ့သွား၏။

လေး။

သုံး။

နှစ်။

တစ်။

အောင်မြင်ပြီ။ အောင်မြင်သွားလေပြီ။

သူတို့၏စိတ်ဝိညာဥ်များသည် နှစ်ဦးကြား ကန့်သတ်ချက်များကို ကျော်ဖြတ်ပြီး အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့လေပြီ။

တချိန်တည်းမှာပင် စုချန်းသည်လည်း စကားပြောနိုင်ခဲ့ပြီ ဖြစ်သည်။

“အဖွားကြီး ရပ် ခုရပ်စမ်း ခင်ဗျား ချိန်းလွှာနဲ့ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာလား”

သူ ပါးစပ်မှ သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်ပြီး အထက်ပါအတိုင်း အော်လိုက်၏။

ကုချင်းရုံ တကိုယ်လုံး တုန်ရီသွားပြီး စုချန်းအပေါ် ဖိအားပေးခြင်းကို ချက်ချင်း ရပ်တန့်လိုက်၏။

“အထဲမှာ ဘာတွေဖြစ်နေတာလဲ”

“ဒါကို ကျုပ်တို့ နောက်မှ ပြောလို့ရတယ် လောလောဆယ် ခင်ဗျားရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို ချက်ချင်း ရုပ်သိမ်းလိုက် မဟုတ်ရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်လေနဲ့ ခုနက ခင်ဗျားကြီး ကျုပ်ကို သတ်မိတော့မလို့ နည်းနည်းပဲလိုတော့တယ်"

စုချန်း ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်၏။

ကုချင်းရုံကိုယ်တိုင်လည်း စုချန်း၏ ရိုင်းစိုင်းလှသောလေသံကြောင့် ဒေါသထွက်သွားပြီး မျက်နှာတခုလုံး နီရဲသွား၏။ သို့သော် သူမ ဘာမှပြန်မပြောပဲ ပါးစပ်ပိတ်ထားလိုက်သည်။ အကယ်၍ ဤနေရာတွင် စုချန်းမဟုတ်ပဲ တခြားလူတယောက်သာဆိုလျင် သူမမှားနေသည်ဆိုစေအုံး ကုချင်းရုံ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် ကုချိန်းလွှာသည် သူမ၏စိတ်ဝိညာဥ်စွမ်းအင်ကို စုစည်းပြီး ကောင်းကင်သံချပ်ကာထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်၏။ သိပ်မကြာမီ သံချပ်ကာဝတ်စုံမှ တုံ့ပြန်မှုတခု ပြန်လည်ထွက်ပေါ်လာသည်ကို သူမ ခံစားလိုက်ရသည်။

သို့သော် သံချပ်ကာဝတ်စုံ၏စိတ်ဝိညာဥ်မှာ အကြမ်းထည်ဆန်လှပြီး ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးကြောင်း အတိုင်းသား မြင်သာနေ၏။ သို့သော် ၎င်း၏ အင်အားကတော့ ပေါ့သေးသေးမဟုတ်ချေ။

ကြည့်ရသလောက် ကောင်းကင်သံချပ်ကာဝတ်စုံသည် မူလက သက်မဲ့အရာဝတ္ထုတခုဖြစ်သော်လည်း နတ်ဘုရားပိုင်ဆိုင်မှုဖြစ်သည့်အပြင် လူအများ၏ကိုးကွယ်ယုံကြ​ည်မှုကြောင့် နောက်ဆုံးတွင် စိတ်ဝိညာဥ်သဏ္ဍာန်တခု ဖြစ်တည်လာပုံရ၏။ ဤစိတ်ဝိညာဥ်သည် လက်ရှိတွင် အကြမ်းထည်ဆန်နေပြီး သံချပ်ကာဝတ်စုံထဲတွင် ပုန်းအောင်းနေခဲ့ပုံရသည်။

သို့သော် အဆိုပါ စိတ်ဝိညာဥ်သည် ကုချိန်းလွှာ၏ သွေးဗီဇစွမ်းအားကို ခံစားမိသောအခါ မနေနိုင်တော့ပဲ စုပ်ယူရန်ကြိုးစားမိတော့၏။ ၎င်းမှာ ကလေးတစ်ဦက မိခင်နို့ကို ဆာလောင်နေခြင်းနှင့် အလားတူနေသည်။

ကောင်းကင်သံချပ်ကာဝတ်စုံသည်လည်း နတ်ဘုရားစွမ်းအင်ကို ဆာလောင်မွတ်သိပ်နေခဲ့၏။ မိခင်နတ်ဘုရားရုပ်တု ပျက်စီးသွားခြင်း၊ သံချပ်ကာဝတ်စုံကို အပြင်သို့ ယူဆောင်ခံရခြင်းတို့ကြောင့် နတ်ဘုရားစွမ်းအင်တည်းဟူသော အာဟာရကို သံချပ်ကာဝတ်စုံ ဆုံးရှုံခဲ့ရ၏။ နို့ဆာနေသည့်အချိန်တွင် အနီးအနားမှ မွှေးကြိုင်သောနို့ရနံ့ကို ရုတ်တရက် ခံစားမိသည့်ကလေးငယ်ပမာ ကောင်းကင်သံချပ်ကာဝတ်စုံသည်လည်း ကုချိန်းလွှာ၏ သွေးဗီဇစွမ်းအင်ကို ရုတ်တရက် ခံစားမိလိုက်၏။ ထို့နောက်တွင်တော့ ၎င်းက ကုချိန်းလွှာ၏ သွေးဗီဇစွမ်းအင်ကို စုပ်ယူနိုင်ရန် ကြိုးစားလိုက်တော့သည်။

ဖြစ်ပျက်ပုံအကြောင်းချင်းရာကို နားလည်သွားပြီးနောက် ကုချိန်းလွှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာ၏။ ထို့နောက် သူမက မိမိ၏သွေးဗီဇစွမ်းအင်ကို မစားသုံးရန် စတင်စည်းရုံးလိုက်လေသည်။

သို့သော် ကောင်းကင်သံချပ်ကာ၏ စိတ်ဝိညာဥ်သည် ကလေးငယ်တဦးကဲ့သို့ ပြုမူနေ၏။ ဆာလောင်မွတ်သိပ်ပြီး လက်ထဲသို့ စားစရာရောက်နေသော ကလေးငယ်တဦးနှင့် သင် မည်သို့ညှိနှိုင်းနိုင်မည်နည်း။

သို့သော် စုချန်း၏ အသိစိတ်မှတဆင့် သူမ လုပ်ရမည့်အရာကို ကုချိန်းလွှာအတိအကျပင် သိလိုက်၏။

“မင်းမှာ ကိုယ်ပိုင်ညဏ်ရည်ညဏ်သွေး မရှိသေးဘူးမလား ဒီတော့ ငါ့ရဲ့ဉာဏ်ရည်ဉာဏ်သွေး မင်းကို ပေးလိုက်မယ်"

တခနအကြာမှာပင် စိတ်စွမ်းအင်တခုက သံချပ်ကာထဲသို့ စီးဝင်လာပြန်သည်။ အကယ်၍ ထိုစိတ်ဝိညာဥ်ကသာ သံချပ်ကာ၏စိတ်ဝိညာဥ်ကို ဖျက်ဆီးရန်ရည်ရွယ်ထားလျင် သံချပ်ကာအနေနှင့် ပြန်လည်တိုက်ခိုက်ပေလိမ့်မည်။ သို့သော် သူ့ကိုယ်ထဲသို့ တိုးဝင်လာသည့် ဧည့်သည့်စိတ်စွမ်းအင်က ဖြည့်စွက်စာသဘောမျိုးကို ဆောင်နေလေရာ သံချပ်ကာ၏စိတ်ဝိညာဥ်က ၎င်းကို အပြည့်အဝပင် ဆွဲယူလိုက်တော့၏။

ဤနည်းအားဖြင့် စုချန်းနှင့် ကုချိန်းလွှာတို့၏ လူသားဆန်သောစိတ်ဝိညာဥ်သည် ကောင်းကင်သံချပ်ကာစိတ်ဝိညာဥ်နှင့် အောင်မြင်စွာပေါင်းစပ်သွားပြီး ဆင့်ကဲဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်လာကာ ကောင်းကင်သံချပ်ကာသည်လည်း စုချန်းနှင့်ကုချိန်းလွှာတို့၏ ကိုယ်ပွားသဖွယ် ဖြစ်သွားတော့၏။

ကိုယ်ပွားက မူလပိုင်ရှင်ကို မထိခိုက်စေလိုသည်မှာ သဘာဝ​ကျပါသည်။ ထို့နောက်တွင်တော့ ကောင်းကင်သံချပ်ကာ၏ သိုင်းကြိုးများ ပြုတ်ကျသွားပြီး ကုချိန်းလွှာတယောက် ဝတ်စုံကို အောင်မြင်စွာ ချွတ်ချနိုင်ခဲ့တော့၏။

ကုချိန်းလွှာ သက်ပြင်းတချက် ရှည်လျားစွာ ချလိုက်သည်။

အချိန်တိုအတွင်း သူမ၏ သွေးဗီဇစွမ်းအင် ၈၀ ရာခိုင်နှုန်းခန့် စုပ်ယူခံလိုက်ရကြောင်း တွေ့လိုက်၍ ကုချိန်းလွှာက ရေရွတ်လိုက်သည်။

“တော်သေးတာပေါ့ နည်းနည်းသာပိုကြာသွားရင် ဒီကောင် ကျွန်မကို ခြောက်ကပ်သွားအောင် စုပ်ယူသွားမလားပဲ"

“ဒါက ကျုပ်အမှားပါကွာ မင်းကို အန္တရာယ်ဖြစ်စေခဲ့ပြီ”

သို့သော် ကုချိန်းလွှာက စုချန်းကို နှစ်သိမ့်လိုက်လေသည်။

“ဒါတွေဖြစ်လာမယ်ဆိုတာ ရှင်မှမသိခဲ့တာပဲ ပြီးတော့ အဆိုးထဲက အကောင်းလဲ ရှိပါသေးတယ်ရှင့် အခုဆိုရင် ဒီကောင်းကင်သံချပ်ကာဝတ်စုံဟာ ကျွန်မတို့အပိုင် ဖြစ်သွားပြီ နောက်နောင် ကျွန်မရဲ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ ဒါကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး”

မှန်ပါသည်။ ကောင်းကင်သံချပ်ကာသည် သခင်အသစ်ကို တရားဝင်အသိအမှတ်ပြုခဲ့လေပြီ။ နောင်တွင် စုချန်းနှင့် ကုချိန်းလွှာတို့၏ အမိန့်ကိုသာ သူ လိုက်နာတော့မည်ဖြစ်သည်။

ထိုအချိန်မှာပင် အခန်းပြင်မှ ကုချင်းရုံ၏ အသံထွက်ပေါ်လာပြန်၏။

“စုချန်း အခု ငါ ဝင်လို့ရပြီလား”

စုချန်း မျက်မှောင်ကုတ်လိုက်သည်။

"အတော်ကို ပြဿနာရှာတဲ့အဖွားကြီးခင်ဗျားသာ စောစောက ဒီလိုငြိမ်ငြိမ်နေခဲ့ရင် ကျုပ်တို့ ဒီလောက် ဒုက္ခမရောက်ဘူး"

အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်အဆင့် ချီစွမ်းအား ပညာရှင်နှင့် မူလသားရဲသွေးဗီဇပိုင်ရှင်မျိုးနွယ်စု၏ ဘိုးဘေးတဦးကို စူးချန်က “ပြဿနာရှာတဲ့အဘွားကြီး” ဟု ခေါ်ချပစ်လိုက်၏။

ထိုစကားကို ကြားလိုက်ရသော ကုချင်းရုံမှာကား သွေးအန်လုမတတ် ခံစားလိုက်ရလေသည်။

All Chapters