မိတ်ဆွေဟောင်းများနှင့် ဆုံဆည်းခြင်း
Vol. 92 Ch. 915
ကုအိမ်တော်တွင် ဖြစ်သည်။
နောက်ဆုံးကျမှ အခြေအနေအားလုံးကို သိရှိလိုက်ရ၍ ကုချင်းရုံ အကြီးအကျယ် နောင်တရသွား၏။
“ဒါ ငါ့ရဲ့ အမှားပဲ ငါ အရမ်းစိတ်လောသွားတယ်”
စိတ်ပျက်ရှာနေသောအဖွားအိုမှာ အထက်ပါအတိုင်း တတွတ်တွတ် ရေရွတ်နေ၏။ တနည်းအားဖြင့် သူမ၏ နောင်တတရားကို အထက်ပါနည်းနှင့် ဖော်ထုတ်ပြသနေခြင်းလည်း မည်ပေသည်။
ထို့ပြင် သူမသည် အမှားကို ရိုးရိုးကျူးလွန်မ်ိခြင်းမဟုတ်။ စုချန်းအပေါ် တိုက်ရိုက်ကျူးလွန်မိခြင်း ဖြစ်သည်။
စုချန်းဟူသည်မှာ ကျိန်စာသုံးမျိုးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့်အပြင် လူသားမျိုးစိတ်ကြီးတရပ်လုံး၏ မဟာပညာရှိလည်း ဖြစ်နေ၏။ ထိုမျှသာမကသေး သူမ၏ စိတ်ဝိဉာဉ်ဖိအားကိုပင် ခုခံနိုင်လောက်သည်အထိ သန်မာလွန်းသူလည်း ဖြစ်နေသည်။
မည်သို့ဆိုစေ ကုချင်းရုံမှာ အသက်အရွယ်ကြီးရင့်လှသူဖြစ်နေ၍ စုချန်းကတော့ ပြုံးပြုံးရွှင်ရွှင်နှင့်ပင် ခွင့်လွှတ်လိုက်၏။
တဖန် ကုချိန်းလွှာ၏ လက်ထဲသို့ မိခင်နတ်ဘုရားမဂိုဏ်း၏ ကောင်းကင်သံချပ်ကာဝတ်စုံ ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူမ ပို၍ပင် အံ့ဩသွား၏။
နတ်ဘုရားအဆင့်လက်နက်။
နှစ်ပေါင်းတထောင်နီးပါး အသက်ရှင်နေခဲ့ပြီးသည့်တိုင် သူမ၏ ဘဝတွင် ဤအဆင့်ရတနာမျိုးကို ကုချင်းရုံ တခါမျှ မကိုင်တွယ်ဖူးချေ။ ယခုတော့ သူမ၏ မျိုးဆက်သစ် ကုချိန်းလွှာသည် နတ်ဘုရားအဆင့် လက်နက်ကိရိယာတပါးကို ပိုင်ဆိုင်နိုင်ခဲ့လေပြီ။ ထိုအခါ ကုချင်းရုံ ဝမ်းသာအားရဖြစ်နေသည်မှာကား ဆိုဖွယ်ရာပင် မရှိ။
အချိန်အတော်ကြာမှ ကုချင်းရုံက သက်ပြင်းတချက်ချရင်း ကုချိန်းလွှာကို အောက်ပါအတိုင်း ပြောလိုက်၏။
“ချိန်းလွှာ မင်းဟာ ပါရမီရှင် လင်သားတယောက်ကို လက်ထပ်နိုင်ခဲ့ပြီ"
ထို့နောက် ကုချင်းရုံက အသက်ရင်းမြစ်ဖယောင်းတိုင်နှစ်ချောင်းကို ချက်ချင်းဆွဲထုတ်ပြီး စုချန်းကို လှမ်းပေးကာ ပြောလိုက်၏။
"ရော့ ဒါကိုယူလိုက် ချိန်းလွှာကို ကောင်းကင်သံချပ်ကာဝတ်စုံ လက်ဆောင်ပေးလို့ ငါက မင်းကို မြှောက်ပြောနေတယ် မထင်လေနဲ့"
အသက်ရင်းမြစ်ဖယောင်းတိုင်မှာ သူ့အတွက် များစွာ အသုံးဝင်သည်ဖြစ်၍ စုချန်းကလည်း ဝမ်းသာအားရပင် လက်ခံလိုက်၏။
“ဖွားဖွားကြီးကို ကျေးဇူးအများကြီး တင်ပါတယ်”
စုချန်း၏ ရိုကျိုးမှုကြောင့် ကုချင်းရုံ အလွန်ပင် ကျေနပ်သွား၏။
“စုချန်း မင်းလဲ ဒီမှာ ခနတဖြုတ်နားပြီး ငါတို့နဲ့ ရက်နည်းနည်းလောက် အချိန်ဖြုန်းပါအုံးလား"
စုချန်း ပြုံးစေ့စေ့ ဖြစ်သွား၏။
“ကျုပ်ကိုယ်တိုင်လဲ အဲဒီအတိုင်း တွေးနေတာပဲ ဖွားဖွားကြီး"
သို့သော် ကုချိန်းလွှာကတော့ အံ့ဩသွား၏။
“ရှင် ရေအလျင်နိုင်ငံကို သွားရအုံးမှာ မဟုတ်ဘူးလား”
နိုင်ငံသုံးနိုင်ငံကြား စစ်ပွဲကို ရပ်တန့်လိုပါက စုချန်းအနေနှင့် ရေအလျင်နိုင်ငံကိုလည်း စည်းရုံးရန်လိုအပ်မည်မှာ အမှန်ပင်။
စုချန်း ရယ်မောလိုက်၏။
“ကိုယ်တိုင်ကိုယ်ကျ သွားစရာ မလိုတော့ပါဘူးကွာ"
ဟင်...
ကိုယ်တိုင် ကိုယ်ကျ သွားစရာ မလိုဘူးတဲ့...
ဒါက ဘာကို ဆိုလိုတာလဲ...
သို့သော် ရက်အနည်းငယ်အကြာတွင် စုချန်း ဘာကိုဆိုလိုမှန်း သူတို့အားလုံး သဘောပေါက်သွားကြ၏။ အကြောင်းမှာ ရေအလျင်နိုင်ငံမှ ကိုယ်စားလှယ်များကိုယ်တိုင် စုချန်းကို လာရောက်တွေ့ဆုံသောကြောင့်ပေတည်း။
ကျန့်စီချွေ့။
ထို့နောက် ဂျီဟန်းယင်။
ထိုအချိန်တွင် ကျန့်စီချွေနှင့်ဂျီဟန်းယင်တို့နှစ်ယောက်မှာ ဇနီးမောင်နှံများ ဖြစ်နေကြလေပြီ။
တချိန်က ကြည်လင်မြစ်မြို့တော်၏ ရေလမ်းကြောင်းများကို တစ်ဦးတည်းချုပ်ကိုင်ထားနိုင်ခြင်းကြောင့် ကျန့်စီချွေ့၏ ဂုဏ်သတင်းမှာ များစွာ ထင်ပေါ်ကျော်ကြားလာခဲ့၏။ ထိုအချက်ကြောင့် ဂျီဟန်းယင်ကိုယ်တိုင်သည်လည်း ကျန့်စီချွေ့ကို အထင်ကြီးသွားခဲ့လေသည်။ ဤနည်းအားဖြင့် သူတို့နှစ်ဦး ရင်းနှီးခင်မင်သွားရာမှတဆင့် အကြင်လင်မယားအဆင့်ထိတိုင် တက်လှမ်းနိုင်ခဲ့တော့သည်။
စုချန်းတယောက် ကြည်လင်မြစ်မြို့တော်မှ ထွက်ခွာပြီး သိပ်မကြာမီ ကျန့်စီချွေ့သည်လည်း ရေအလျင်နိုင်ငံသို့ ပြန်သွားခဲ့၏။ ယခုတော့ သူသည် လက်ရှိအချိန်တွင် ရေတပ်၏ လက်အောက်ပင်လယ်အဖွဲ့ခွဲတွင် ဒုတိယစစ်ဦးစီးချုပ်ပင် ဖြစ်နေခဲ့လေပြီ။ လွန်ခဲ့သည့် သုံးနှစ်က ဂျီဟန်းယင်၏ ကလေးသုံးနှစ်ပြည့်မွေးနေ့အတွက် စုချန်းကိုယ်တိုင်ပင် ဂုဏ်ပြုလက်ဆောင်တခု ပို့ပေးခဲ့သေး၏။
စုချန်းကိုတွေ့သည်နှင့် ကျန့်စီချွေ့က အားရပါးရပင် ဖက်ယမ်းနှုတ်ဆက်လိုက်ပြီး အောက်ပါအတိုင်း မေးလိုက်လေသည်။
“ပြောစမ်းပါအုံး မင်း အခု ဘာလုပ်ဖို့ ကြိုးစားနေပြန်တာတုန်း”
“ဘာလုပ်ဖို့ ကြိုးစားနေတယ်လို့ထင်သလဲ အရှင်မင်းသားပဲ ပြောကြည့်စမ်း”
စုချန်း ပြုံးစေ့စေ့နှင့် ပြန်မေးလိုက်သည်။
“ဘာလဲ ခုချိန်ထိ ဟန်ဆောင်ပန်ဆောင်လုပ်နေတုန်းပဲလား”
ကျန့်စီချွေ့က ဒေါသထွက်ဟန်ဆောင်ရင်း ပြောလိုက်သည်။
"မင်းဟာ လျောင်ယဲ့နိုင်ငံနဲ့ ဟာလာဟင်းလင်းတောင်ကိုတော့ ရောက်အောင်သွားတယ် ကျုပ်တို့ဆီတော့ လုံးဝမလာဘူး ပြောစမ်းပါအုံး ဒါကဘာသဘောလဲ"
“ဒါဆို အရှင်မင်းသားက ကျုပ်ကို အချိန်တိုင်း စောင့်မျှော်နေခဲ့တယ်ပေါ့လေ”
ကျန့်စီချွေ့က စူပုပ်ပုပ်မျက်နှာဖြင့် ပြောလိုက်ပြန်သည်။
"ကျုပ်တို့ မစောင့်ပဲ ဘယ်နေနိုင်တော့မှာတုန်း လျောင်ယဲ့နိုင်ငံနဲ့ ဟာလာဟင်းလင်းတောင်နိုင်ငံတို့ နောက်ဆုတ်ကုန်ကြပြီဆိုတော့ ကျုပ်တို့တနိုင်ငံတည်း လူပျံတော်တွေကို စစ်မက်သွားပြုလို့မှ မရတော့တာပဲ"
“ဒါ့ကြောင့်လည်း ကျုပ် ကိုယ်တိုင် မလာတော့တာပေါ့”
စုချန်း ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။
လူပျံတော်များသည် အဆိပ်တထောင်ဖားကြီး ၏ ကျူးကျော်မှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့သည်ဆိုသည့်တိုင် မိုးပျံခံတပ်မြို့များကို ရင်ဆိုင်ရန်မှာ ထင်သလောက် မလွယ်သေးချေ။ ထို့ကြောင့်လည်း လူသားများဖက်မှ သုံးနိုင်ငံ မဟာမိတ်ဖွဲ့ရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် နှစ်နိုင်ငံက နောက်ဆုတ်သွားပြီဖြစ်ရာ ရေအလျင်နိုင်ငံအဖို့လည်း ရှေ့ဆက်ရန် အတော်ခက်ခဲသွားလေပြီ။
မင်းတို့တွေ မကစားတော့ဘူးပေါ့ဟုတ်လား...
ငါကော တယောက်တည်း ကစားပြီး ဘာအကျိုးရှိမှာလဲ...
ထို့ကြောင့် ရေအလျင်နိုင်ငံအနေနှင့်လည်း ဆက်လက်တိုက်ခိုက်ရန် စိတ်မဝင်စားတော့။ ထို့ကြောင့် စုချန်းက ၎င်းတို့အား နောက်ဆုတ်ရန် ဆွဲဆောင်ရခြင်းမှာ များစွာ လွယ်ကူသွားလေပြီ။
သို့သော် စုချန်းကတော့ ကိုယ်တိုင်ကိုယ် မသွားတော့ပဲ ထိုင်စောင့်နေရန်သာ ရွေးချယ်လိုက်၏။ အကြောင်းမှာ ရေအလျင်နိုင်ငံ၏ ခက်ခဲသောအခြေအနေကို သူ သိထားသောကြောင့်ပင်။
သို့သော် ဤအချက်က ရေအလျင်နိုင်ငံ၏ ဧကရာဇ်ကို အတော်လေး မကျေမနပ်ဖြစ်သွားစေ၏။ ဤအနေအထားက ကျန့်စီချွေ့ကို စုချန်းနှင့် လာတွေ့ဖို့ ဖြစ်စေခြင်းပင်တည်း။
စုချန်း၏ အဖြေကို ကြားလိုက်သောအခါ ကျန့်စီချွေ့ ရယ်ချင်စိတ်ပေါက်သွား၏။
“ကျုပ် သိသားပဲ မင်းဟာ အင်မတန် ကပ်စေးနဲတဲ့ကောင် မလိုအပ်ရင် ချူးတပြားတောင် စိုက်ထုတ်မဲ့လူစားမျိုးမဟုတ်ဘူး တွေ့လား ဟန်းယင် ကျုပ်ပြောတာ မှန်ပါတယ်ဆိုနေ"
ထိုအခါ ဂျီဟန်းယင်က ရှင်းပြလိုက်၏။
"စီချွေ့နဲ့ကျွန်မနဲ့က ဒီကို လာတဲ့လမ်းမှာ လောင်းခဲ့ကြသေးတယ် သူက ရေအလျင်နိုင်ငံဘက်က ဘာအရေးယူမှုမှ မလုပ်နိုင်ဘူးဆိုတာကို ရှင် ကြိုသိထားလို့ အဲဒီကို မလာတာတဲ့ ကျွန်မကတော့ ရှင့်အနေနဲ့ စီချွေ့ကို ကျဥ်းထဲကြပ်ထဲ အခြေအနေမျိုးမှာ ထားခဲ့လိမ့်မယ်လို့ မထင်ထားဘူး”
စုချန်း ရယ်မောလိုက်၏။
“မင်းတို့ နှစ်ယောက်ကတော့ တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ မင်း ဒီလိုပြောလိုက်မှ မင်းတို့ဧကရာဇ်က သူ့သူငယ်ချင်းတွေကို နည်းနည်းမှသြဇာမညောင်းတဲ့အတွက် စီချွေ့ဟာ နဂါးကျောင်းတော်မှာ နှစ်တွေအကြာကြီး ကျောင်းတက်ခဲ့တာ အလကားပဲလို့ ထင်သွားလိမ့်မယ်"
ဂျီဟင်းယင် မခိုးမခန့်နှင့် ပြုံးလိုက်၏။
"တကယ်လဲ အဲဒီလိုထင်မှာပဲလေ ဒီတော့ ဒီလိုမထင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ရှင်ပဲပြောကြည့်ပါအုံး"
“ကျုပ်ဘက်က စီချွေ့ကို အကူအညီတခု ပေးချင်တယ်လို ပြောရင်ရော ဘယ့်နှယ်လဲ"
စုချန်းက ပြန်မေးလိုက်သည်။
ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့နှစ်ယောက် တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။
ကျန့်စီချွေ့က မေးလိုက်ပြန်၏။
“ညီလေးစု မင်း ဘာကို ဆိုလိုတာလဲ”
“သိုးတစ်အုပ်နဲ့ နှစ်အုပ်ကို ထိန်းရတာဟာ ဘာမှမကွာပါဘူးလေ ပြီးတော့ လျူယုရဲ့သွေးဗီဇဟာ ကျုပ် ပထမဆုံး မြင်ဖူးတဲ့ ကမ္ဘာဦးမတိုင်မီသားရဲကြီးရဲ့သွေးဗီဇပဲ ကျုပ်ရဲ့ကမ္ဘာဦးသွေးပုံရိပ်ကလဲ ဒီအပေါ်မှာပဲ အခြေခံထားတာဖြစ်တယ် ဒါကြောင့် ဒီသွေးဗီဇရဲ့ ဂုဏ်သတ္တိတွေကို ကျုပ် ကောင်းကောင်းကြီး နားလည်ထားတယ်"
ထို့နောက် သူက စာလိပ်တလိပ်ကို ဆွဲထုတ်လိုက်၏။ အထဲမှအကြောင်းအရာများကို မြင်လိုက်သည်နှင့် ကျန့်စီချွေ့ ဝမ်းသာအားရ ဖြစ်သွား၏။
“ဒါ လျူယုသွေးဗီဇကို အဆင့်မြှင့်တင်မဲ့ နည်းလမ်းပဲ”
ထိုစကားကို ကြားသည်နှင့် ဂျီဟန်းယင် ဝမ်းသာအားရ ထအော်လိုက်လေသည်။
“ဒါဆို စီချွေ့က ကျွန်မကို ရှုံးသွားပြီ”
“ဒီလိုလဲမဟုတ်သေးဘူး ဘာလို့လဲဆိုတော့ ကျုပ်ဘက်က အကူအညီတောင်းစရာတခု ကျန်နေသေးတယ်”
“ဘာအကူအညီလဲ”
“စီချွေ့ဟာ ရေတပ်ရဲ့ လက်အောက်ပင်လယ်အဖွဲ့ခွဲမှာ ဒုတိယ စစ်ဦးစီးချုပ် ဖြစ်နေပြီး ဒီအဖွဲ့ကလဲ တနိုင်ငံတစ်ခုလုံးမှာ အင်အားအကြီးဆုံးတပ်ဖွဲ့ဖြစ်တယ်လို့ ကျုပ် ကြားတယ်”
စုချန်းက စကားကို အစပျိုးလိုက်သည်။
“မှန်တယ်”
“ကျုပ်က စီချွေ့ကို လက်အောက်ပင်လယ်အဖွဲ့ခွဲရဲ့ စစ်ဦးစီးချုပ် ဖြစ်စေချင်တယ်”
“ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး”
ဂျီဟန်းယင်နှင့် ကျန့်စီချွေတို့ ချက်ချင်း ငြင်းဆိုလိုက်ကြသည်။
အခြားနိုင်ငံများနှင့် မတူဘဲ ရေအလျင်နိုင်ငံ၏ ရေတပ်မှာ ၎င်းတို့၏ အင်အားအကြီးဆုံး တပ်ဖွဲ့ ဖြစ်သည်။ ရေတပ်တွင် စုစုပေါင်း အဖွဲ့ခွဲ သုံးခုရှိ၏။ ၎င်းတို့မှာ လက်အောက်ပင်လယ်၊ တည်ငြိမ်ပင်လယ် နှင့် လှုပ်ရှားပင်လယ်တို့ဖြစ်ပြီး ထိုသုံးဖွဲ့အနက် လက်အောက်ပင်လယ်အဖွဲ့ခွဲသည် အင်အားအကြီးမားဆုံး ဖြစ်၏။
ရေတပ်သည် နိုင်ငံတော်အတွက် အလွန်အရေးကြီးလှ၍ ဤအဖွဲ့ခွဲများကို တာဝန်ယူရသူများသည်လည်း ဧကရာဇ် အထူးယုံကြည်စိတ်ချရသူများသာ ဖြစ်နေတတ်သည်။
ကျန့်စီချွေ့သည် အိမ်ရှေ့မင်းသား မဟုတ်လေရာ ဒုတိယစစ်ဦးစီးချုပ် ဖြစ်လာခြင်းမှာပင် အထင်ကြီးစရာ ကောင်းနေခဲ့လေပြီ။ အကယ်၍ သူသာ ရေတပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပါက အိမ်ရှေ့မင်းသားရာထူးကို ခြိမ်းခြောက်လာနိုင်ဖွယ်ရာရှိနေပေရာ နိုင်ငံရေးအရကြည့်လျင် ကျန့်စီချွေ့ကို စစ်ဦးချုပ်ရာထူးတိုးပေးရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
ထို့ပြင် ကျန့်စီချွေ့သည် လူအများ၏ အာရုံစိုက်မှု မခံရစေရန် နဂါးကျောင်းတော်သို့ သွားရောက်ပညာသင်ကြားခဲ့၏။ ဤသည်မှာ သူသည် ရည်မှန်းချက်ကြီးသူမဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သလို လက်ရှိ အိမ်ရှေ့မင်းသားကျန့်ရှောက်ချွန်နှင့်ဆက်ဆံရေး ကောင်းမွန်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
သို့သော် ကောင်းမွန်သည်ဆိုခြင်းမှာ ကောင်းမွန်သည်သာဖြစ်သည်။ ကျန့်စီချွေ့ ဘယ်တော့မှ ရာထူးမတိုးမည်မှာလည်း သေချာနေ၏။
စုချန်း မပွင့်တပွင့် ရယ်မောလိုက်သည်။
“ဒီအခြေအနေကို ကျုပ် သိပါတယ်လေ ဒါပေမဲ့ ခနတဖြုတ်ပဲဆိုရင်ရော ဘယ့်နှယ်လဲ"
ကျန့်စီချွေ့ အံ့ဩသွားသည်။
“လက်အောက်ပင်လယ်အဖွဲ့ခွဲကနေ ကူညီပေးဖို့ လိုအပ်နေတဲ့ တခုခုများ ရှိလို့လား”
စုချန်း ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ ကျုပ်ရဲ့ စစ်ဦးစီးချုပ်နဲ့ စကားပြောကြည့်လို့ရတယ် သူက…”
“မလုပ်နဲ့”
စုချန်း ခေါင်းခါလိုက်၏။
“ဒါက အတော်လေးကို နူးညံ့သိမ်မွေ့တဲ့ ကိစ္စဖြစ်နေတယ် ကျုပ်အပေါ် အပြည့်အဝ ယုံကြည်ပြီး ကျုပ်အတွက် ဆုံးရှုံးမှုတွေ ကြံ့ကြံ့ခံနိုင်မယ့် လူတယောက်ကို လိုအပ်နေတယ်"
ကျန့်စီချွေ့ တစုံတရာကို သဘောပေါက်သွားဟန်တူသည်။
"စစ်ဆင်ရေးလား”
စုချန်း ခေါင်းညိတ်လိုက်သည်။
"ရေအလျင်နိုင်ငံဟာ စစ်ပွဲတပွဲ ဆင်နွှဲဖို့ အသင့်အနေအထား ဖြစ်နေတယ် လူပျံတော်တွေဟာလဲ မဖြစ်နိုင်တဲ့ ပစ်မှတ် ဖြစ်သွားပြီဆိုတော့ တခြားအုပ်စုတစုကို ဘာကြောင့် မရွေးချယ်ပဲ နေရမှာတုန်း"
သို့သော် ကျန့်စီချွေ့က ခေါင်းတချက်ခါရင်း ပြောလိုက်၏။
“ညီလေးစု မင်း ဒါကို သိမသိတော့ မသေချာဘူး အမှန်အတိုင်းပြောရရင် လူသားတွေနဲ့ပင်လယ်လူသားမျိုးစိတ်တွေအကြား ဆက်ဆံရေးဟာ မဆိုးလှဘူး နှစ်ပေါင်းထောင်ချီကာလတလျှောက် ကျုပ်တို့ကြားမှာ ပဋိပက္ခတချို့ရှိပေမဲ့ အချိန်အများစုမှာတော့ ကျုပ်တို့ဟာ မိတ်ဆွေတွေပဲ”
စုချန်း ခေါင်းညိတ်လိုက်လေသည်။
“ဒါကို ကျုပ် သိပါတယ်လေ ကျုပ်ကလဲ မင်းတို့ကို ပင်လယ်လူသားတွေနဲ့ တိုက်ခိုက်ခိုင်းနေတာ မဟုတ်ပါဘူး သူတို့နယ်မြေထဲက သားရဲတွေကို တိုက်ခိုက်ခိုင်းနေတာ”
ထိုစကားကိုကြားလိုက်မှ ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့ စိတ်သက်သာရသွားဟန်တူသည်။
“ဒီလိုဆိုရင်တော့ ပြသနာမရှိလောက်ဘူး ဒီအတွက်လဲ ကျုပ်တို့အရင်က ပူးပေါင်းဖူးကြတယ်"
ပင်လယ်လူသားမျိုးစိတ်များနှင့် ရေအလျင်နိုင်ငံတို့တွင် ပင်လယ်ပြင်ကြီး၌ လှည့်လည်ကျက်စားနေကြသော ပင်လယ်သားရဲကြီးများဟူသည့် ဘုံရန်သူကြီး ရှိနေကြ၏။အဆိုပါ ပင်လယ်သားရဲများ၏ ခန္ဓာကိုယ်များမှာ ကြီးမားပြီး အများအားဖြင့် အုပ်စုဖွဲ့ နေထိုင်တတ်ကြ၏။ ထို့ပြင် ၎င်းတို့သည် ကုန်းပေါ်တွင် လှည့်လည်နေသည့် သားရဲများထက် အဆများစွာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကုန်းပေါ်တွင်ကား ပင်လယ်သားရဲကြီးများ၏ အရွယ်အစားကို သားရဲ အနည်းငယ်သာ ရောက်ရှိနိုင်၏။ သို့သော် အဆိပ်တထောင်ဖားကြီးကဲ့သို့အရွယ်အစားရှိသည့် သားရဲများကား ရေထဲတွင် အမြောက်အမြားပင် ရှိနေကြလေသည်။
ဤနေရာတွင် အရွယ်အစားကြီးရုံနှင့် ကမ္ဘာဦးမတိုင်မီသားရဲကြီးထက် ပိုအားကောင်းသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ချေ။ အကြောင်းမှာ ၎င်းတို့အားလုံး၏ အဆင့်အတန်းမှာ နတ်ဆိုးသားရဲအဆင့်သာ ဖြစ်နေကြသောကြောင့်ပင်။
မည်သို့ဆိုစေ ပင်လယ်ထဲတွင် နေထိုင်ကြသော ပင်လယ်သားရဲကြီးများသည် ကုန်းပေါ်ရှိ မည်သည့်သားရဲထက်မဆို ပိုမိုအားကောင်းနိုင်ခြေရှိနေသည်ကတော့ အမှန်ပင်။
ထို့ကြောင့် ပင်လယ်ထဲတွင်ရှိသော နတ်ဆိုးအရှင်သခင်အဆင့်သားရဲများသည် ကုန်းပေါ်ရှိ နတ်ဆိုးဘုရင်အဆင့်သားရဲများ၊ နတ်ဆိုးဘုရင်အဆင့်သားရဲများသည် နတ်ဆိုးဧကရာဇ်အဆင့်သားရဲများ၊ နတ်ဆိုးဧကရာဇ်အဆင့်သားရဲများသည် နတ်ဆိုးမဟာဧကရာဇ်အဆင့်သားရဲများ၊ နတ်ဆိုးမဟာဧကရာဇ်အဆင့်သားရဲများသည် ကမ္ဘာဦးမတိုင်မီသားရဲကြီးများတို့နှင့် အသီးသီး ညီမျှနေကြသည်။
ထို့ကြောင့် ပင်လယ်သားရဲများကိုတိုက်ခိုက်ရမည်ဆိုလျင် ကျန့်စီချွေ့အတွက် မည်သည့် ပြဿနာမျှ မရှိချေ။
“ဒါဆို ကျုပ်က နတ်ဆိုးမဟာဧကရာဇ်အဆင့် သားရဲတွေကို တိုက်ခိုက်မယ်ဆိုရင်ကော”
စုချန်းက မေးလိုက်သည်။
“ဒါက… အစီအစဉ်က ကောင်းမယ်ဆိုရင် ကျုပ်တို့ စဥ်းစားပေးလို့ရတယ်”
ကျန့်စီချွေ့က ပြန်ဖြေလိုက်၏။
စုချန်းက ထပ်ပြောလိုက်ပြန်သည်။
“ဒါဆို ကျုပ်တို့တိုက်ခိုက်မှာက နတ်ဆိုးမဟာဧကရာဇ်အဆင့်သားရဲအုပ်စုလိုက် ဆိုရင်ရော ဒီကောင်တွေရဲ့အသိုက်ကို ပစ်မှတ်ထားမယ်ဆိုရင်ရော”
ထိုစကားကြောင့် ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့ မျက်လုံးပြူးကုန်ကြ၏။