ခွေးတစ်ကောင် အစပျိုးခဲ့တဲ့ တိုက်ပွဲ
Vol. 3 Ch. 29
တိုက်ပွဲမြေပြင်ကို လွှမ်းခြုံထားသည့် အကာအကွယ်၏ အပေါ်တွင် ဘူးသီး တစ်လုံးပေါ်တွင် ထိုင်နေသည့် အင်မော်တယ် တစ်ယောက်ရှိသည်။ ထိုအင်မော်တယ်သည် အန်လင်း၏ တိုက်ပွဲ တစ်ခုလုံးကို မျက်မြင် တွေ့လိုက်ရသည်။
“ကျွတ် … ကျွတ် … ကျွတ် … ငါထင်နေသလိုပဲ … အစစ်အမှန် နတ်ဘုရားရဲ့ ထောက်ခံစာ ရထားတဲ့ ကလေးတွေအားလုံးက တစ်ခုခုတော့ ထူးချွန် နေကြမယ်ဆိုတာ … ငါထင်တာသာ အမှန်ဆိုရင် အန်လင်းက စပြီး ကျင့်ကြံတာ လေးလလောက်ပဲ ရှိဦးမယ် … ဘယ်လိုတောင် ကြောက်ဖို့ကောင်းနေတာတုန်း …”
အကြီးအကဲက ခေါင်းခါ လိုက်ပြီးနောက် မုတ်ဆိတ်ဖြူများကို အသာသပ် နေသည်။ ညာဘက်လက်တွင် စုတ်တံ တစ်ချောင်းကိုင်ကာ လေထဲတွင် ရေးခြစ်ပြီး အချက်အလက် များကို မှတ်တမ်း တင်လိုက်သည်။
စုတ်ချက်များက လေထဲတွင်ပင် စာလုံးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအထဲတွင် အန်လင်း၏ အချက်အလက်များသည် နောက်တစ်ဖန် ပြောင်းလဲ သွားပြန်သည်။
အန်လင်း …
တိုက်ခိုက်နိုင်စွမ်း : ၁၈၀
ရမှတ် : ၁၉၀
ယေဘုယျအားဖြင့် ဆိုလျှင် တာအိုခန္ဓာ အဆင့်၁၀ရှိ ကျောင်းသား တစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းသည် အများအားဖြင့် ၂၀၀ပတ်လည်တွင်သာ ရှိသည်။
ထိုအချက်ကြောင့် အန်လင်း၏ တိုက်ခိုက်နိုင်စွမ်း ၁၈၀သို့ ရောက်ရှိ နေခြင်းသည် သူ့ခွန်အားမှာ တာအိုခန္ဓာ အဆင့်၁၀နှင့် နီးကပ်နေပြီဟု ရည်ညွှန်း နေသည်။ ဝေ့ကျိလို တာအိုခန္ဓာ အဆင့်၉ရှိသူ တစ်ယောက်ကို အထိအခိုက်မရှိဘဲ အနိုင်ရရှိခဲ့ခြင်းက အန်လင်း၏ ခွန်အားကို လုံလောက်သည်ထက် ပိုလျှံစွာ သက်သေပြပြီး ဖြစ်သည်။
ထို့အပြင် သူအသုံးပြုလိုက်သည့် တောင်ခွင်း လက်သီးတွင် မဟာတာအို အငွေ့အသက် ပါဝင်နေသည်။ ထိုသည်က အန်လင်း၏ တိုက်ခိုက်နိုင်စွမ်းကို တိုးတက် လာစေရန် အထောက်အပံ့ ပေးသည်ကြောင့် အကြီးအကဲက အလွန်အမင်း အံ့အားသင့် မိသည်။
အန်လင်းက ဆက်လက်ပြီး အမဲလိုက်လျက် ရှိသည်။ ဝေ့ကျိနှင့် တိုက်ပွဲပြီးသည့် နောက်တွင် သူက ယုံကြည်မှု ပိုရှိလာပြီ ဖြစ်သည်။ အနည်းဆုံးတော့ တာအိုခန္ဓာ အဆင့်၉ ပြိုင်ဘက်နှင့် တွေ့မည်ဆိုပါက ကြောက်ရွံ့နေစရာ မလိုတော့ချေ။ ထို့အပြင် အကြောက်အရွံ့ ကင်းစွာဖြင့် ထိုသူများအား အပြေးအလွှား ထိုးကြိတ်နိုင်ပြီ ဖြစ်သည်။
တဖြည်းဖြည်း ညဦးမှောင်စ ပျိုးလာပြီ …။
အန်လင်းအတွက် ချောမွေ့သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ပြောက်ကျား နည်းဗျူဟာကို အသုံးပြုကာ ဒဏ်ရာ အပြင်းအထန် ရနေသူများကို အဆုံးသတ် စေခြင်းဖြင့် တာအိုခန္ဓာ အဆင့်၉ ပြိုင်ဘက် ၆ယောက်ကို ထပ်မံအနိုင် ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူ့ထက် အဆင့်မြင့်သည့် ရန်သူ ၁၀ယောက်ကို သတ်ဖြတ်ရမည့် စစ်ဆင်ရေး အတွက် နှစ်ယောက်သာလျှင် ကျန်ရှိတော့သည်။
အန်လင်းက ညလုံးပေါက် ဆက်ပြီး အမဲလိုက်ကာ တာအိုခန္ဓာ အဆင့်၉သို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် ကြိုးစားသင့်သလားကို အချိန်ယူပြီး စဉ်းစားနေမိသည်။
ကန့်သတ်မဲ့ ပြိုင်ပွဲသည် တစ်ဝက်ခန့် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် တာအိုခန္ဓာ အဆင့်၈အောက် ကျောင်းသားများကို ဖယ်ထုတ် ရှင်းလင်းပြီး ဖြစ်သည်။ ကျန်ရှိ နေသေးသည့် ကျောင်းသားများ အားလုံးသည် အလွန်အား ကောင်းသည့် ပါရမီရှင်များသာ ဖြစ်သည်။ အကယ်၍ မြန်မြန်ဆန်ဆန် အဆင့်မတက်နိုင်ပါက မကြာမီတွင် ကျောင်းသား တစ်ယောက်ကိုမျှ အနိုင်ရရှိဖို့ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
ရိုးရှင်းသည့် မီးမန္တန် တစ်ခု အသုံးပြုကာ အကောင်ငယ် တစ်ကောင်ကို ကင်လိုက်ပြီးနောက် အန်လင်းက အငမ်းမရ စားသောက်လိုက်သည်။ ထို့နောက်တွင် တရားထိုင်ကာ ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ထိန်းညှိလိုက်သည်။
တောင်ထွတ်တစ်ထောင် တောအုပ်၏ ညအချိန်သည် ငြိမ်သက် တိတ်ဆိတ်လျက် ရှိသည်။ ထို့ကြောင့် တိုက်ပွဲများသည် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းလာကာ အဝေးမှ တိုက်ပွဲ ဖြစ်ပွားသံများကို ကျယ်လောင်စွာ ကြားနေရပြီး အင်မော်တယ် မန္တန်များ၏ အလင်းရောင် များသည်လည်း ညကောင်းကင်တွင် ထင်းလင်းလျက် ရှိသည်။
ထို့ကြောင့် ကျောင်းသား များစွာတို့သည် တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ ဆွဲဆောင်ခြင်းခံရပြီး အံ့မခန်းသည့် တိုက်ပွဲများ ပေါ်ပေါက် လာနိုင်ပေသည်။
သူမသိလိုက်ခင်မှာပင် အချိန် တစ်နာရီ ကုန်လွန်သွားသည်။
ဘုန်း ...။
အန်လင်း တရားထိုင်နေသည့် နေရာနှင့် မဝေးသည့် နေရာမှနေ ရုတ်တရက် ဆိုသလို ကျယ်လောင်သည့် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။ ညအမှောင်ထဲတွင် ထွက်ပေါ်လာသည့် မီးတောက်များသည် တောက်ပလျက် ရှိနေကာ တိုက်ပွဲ ဖြစ်ပွားရာ နေရာအား အချက်ပြ နေသကဲ့သို့ပင်။
အန်လင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုက မျက်နှာအနှံ့ ဖုံးလွှမ်းနေသည်။
တစ်နေ့တာအတွင်း အသုံးပြုလိုက်သည့် စွမ်းအင် များကိုလည်း ပြန်လည် ဖြည့်တင်းပြီး ဖြစ်တာကြောင့် စတင် လှုပ်ရှားဖို့အချိန် ရောက်လာပြီ ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ အန်လင်း ရောက်ရှိသည့် အချိန်တွင် တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် ဒဏ်ရာများစွာဖြင့် လဲလျောင်းနေသည့် လူတစ်ယောက်ကို ရွှေရောင် အကာအကွယ် တစ်ခုက လွှမ်းခြုံ သွားသည်။ ထိုလူဘေးတွင်တော့ ခွေးဖြူ တစ်ကောင် ရှိနေသည်။
“ကျောက်ဟွိုင်ရင် …” အန်လင်းက ထိုလူကို မြင်လိုက်သည့်အခါ အံ့အားသင့်စွာ ရေရွတ်မိသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသူမှာ ကျောက်ဟွိုင်ရင်မှလွဲ အခြားမရှိချေ။ သူက မမှတ်မိနိုင်တော့ လောက်သည်အထိ အရိုက်ခံထားရသော်ငြား သူ့နံဘေးရှိ ခွေးသည်တော့ မှတ်မိလွယ်နေတုန်းပင် ဖြစ်သည်။
အန်လင်းကို မြင်လိုက်ရသည့်အခါ ကျောက်ဟွိုင်ရင်က အလွန် အံ့အားသင့်မိသည်။ အန်လင်းက သူ့ဘေးတွင် ဝန်းရံနေသည့် ကျောင်းသားများကို ဖြတ်သန်း နိုင်လိမ့်မည်ဟု သူတွေးမထင်ခဲ့မိပေ။
“အန်လင်း … မင်းပျော်ပျော်ရွှင်ရွှင် နေသွားရမယ်နော် … ဒီပြိုင်ဘက်က အရမ်းကို ကြောက်ဖို့ကောင်းတယ် … မင်းရဲ့ အစ်ကိုကြီး ဖြစ်တဲ့ ငါက မင်းကို မကယ်တင်ပေးနိုင်တော့ဘူး …” ကျောက်ဟွိုင်ရင်က မျက်ရည်အပြည့်နှင့် အန်လင်းအား နှုတ်ဆက် စကားဆိုသည်။ ထို့နောက်တွင်တော့ သူ့ပုံရိပ်သည် ရွှေရောင် အလင်းတန်းများနှင့်အတူ ပျောက်ကွယ် သွားတော့သည်။
“အန်လင်း …”
ကျောက်ဟွိုင်ရင်သည် ဖုန်တစ်တန်းနှင့်အတူ သူ့ကိုထားခဲ့ပြီး ပြေးထွက်သွားသည့် ပုံရိပ်သည် အန်လင်း စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ်ကြီး စွဲထင်နေတုန်းပင်။
ကျောက်ဟွိုင်ရင်သာ ရှိနေသေးမည် ဆိုလျှင် သူက သေချာပေါက်ကို ဒီနေရာမှနေ ပထမဆုံး ထွက်ပြေးသွားမည့်သူ ဆိုသည်ကို အန်လင်းက သိနေသည်။
“ဝုတ် … ဝုတ် …” တပိုင်က သူ့ရှေ့တွင် ရှိနေသည့် တစ်ဖက်လူဆီသို့ ဒေါသတကြီးဖြင့် ပြေးဝင်သွားသည်။
ပါးစပ်ဟကာ ခုန်လိုက်ရင်း ထိုလူဆီသို့ ပြေးဝင်ကာ ကိုက်တော့သည်။
တပိုင်သည် ထိုအချိန်ထိ တိုင်အောင် သစ္စာရှိနေတုန်းပင်။ ပိုင်ရှင် အရိုက်ခံရသဖြင့် လက်တုံ့ပြန်ခြင်း …။
ထို့နောက်တွင် မီတာရာပေါင်းများစွာ လွင့်စင်သွားအောင် ကန်ခံလိုက်ရသည်။ တပိုင်က ဧရာမ ကျောက်တုံးကြီးသို့ ဒုံးကျည် တစ်စင်းကဲ့သို့ ဝင်ဆောင့်မိပြီးနောက် ထိုကျောက်တုံးကို စိစိညက်ညက် ကျေစေသည်။
“ဟွန့် … မင်းလိုမျိုး အဆင့်နိမ့်တဲ့ လူတစ်ယောက်က ငါ့ကို စိန်ခေါ်နိုင်ဖို့ အိပ်မက် မက်နေတာလား … ငါဒဏ်ရာ ရနေတယ် ဆိုရင်တောင်မှပဲ တာအိုခန္ဓာ အဆင့်၁၀ ဆိုတဲ့ ငါ့ရပ်တည်မှုက ပြောင်းလဲသွားမှာ မဟုတ်ဘူး …” ထိုလူက အထင်အမြင် သေးသည့်ပုံနှင့် ပြောပြီးနောက် ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။
အန်လင်းက သူ့အာရုံကို ထိုလူထံသို့ ပို့လိုက်ပြီး ထိုလူသည် ဒဏ်ရာများအပြည့် ရထားသည်ကို တွေ့လိုက်ရသည်။ သူ့အငွေ့အသက်မှာတော့ လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲဖြစ်ပြီး ကျောက်ဟွိုင်ရင်သည် သူ့ပြိုင်ဘက် မဟုတ်ကြောင်း သိသာလွန်းလှသည်။
ထို့အပြင် ကျောက်ဟွိုင်ရင် မရောက်ခင်ကပင် ထိုနေရာတွင် တိုက်ပွဲ ဖြစ်ပွားနေခဲ့ဟန် ရှိသည်။
ကျောက်ဟွိုင်ရင်က သေလုမျောပါး ဒဏ်ရာ ရနေသည့် ထိုလူအား အနိုင်ရလောက်မည်ဟု မျှော်မှန်းခဲ့သော်လည်း ထိုလူသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းမည်ဟု ထင်မှတ်မထားခြင်း ဖြစ်ရမည်။ ထို့ကြောင့် ယခုကဲ့သို့သော မြင်ကွင်းက အန်လင်းအား ဆီးကြို နှုတ်ဆက်နေခြင်းပင်။
အန်လင်းက တပိုင်ဆီသို့ ပြေးသွားကာ ဒဏ်ရာများအား စစ်ဆေးလိုက်သည်။
တပိုင်က အားနည်းနေကာ ခန္ဓာကိုယ်တွင် ဒဏ်ရာများက ဇကာပေါက်များ သဖွယ် ဖြစ်လို့နေသည်။ သူက မလှုပ်ရှားနိုင်တော့ချေ။
အရမ်းကို သန်မာလွန်းတယ် … အဲဒီအပြင် တပိုင်မှာက ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြား မရှိဘူး … သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်သာ မဟုတ်ဘူးဆိုရင် အဲဒီကန်ချက်ကြောင့် သေသွားနိုင်တယ် …
ထိုလူက ဖြည်းဖြည်းချင်း လျှောက်လှမ်း လာသည်။ အန်လင်းကို တွေ့သည့်အခါ သူက လှောင်ပြုံး ပြုံးလိုက်သည်။ “မအေပေး … ဒီခွေးကို သတ်ပြီးရင် မင်းအလှည့်ပေါ့ကွာ …”
အန်လင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ မတ်တတ်ရပ်ကာ တပိုင်အား သူ့အနောက်သို့ ဆွဲခေါ်လိုက်ပြီးနောက် ခြေတစ်လှမ်းမျှ မရွေ့ရှားပဲ ရှိနေသည်။
ထိုအမျိုးသားသည် သူမြင်လိုက် ရသည်ကြောင့် ခေတ္တမျှ တွေဝေသွားသည်။ မကြာမီမှာပင် ရက်စက်သည့် အပြုံးတစ်ခုက သူ့မျက်နှာတွင် ပေါ်ထွက်လာသည်။ “ဪ … မင်းက အရင်သေချင်တယ်ပေါ့ … ကူညီပါ့မယ်ဗျာ … ဟဟ …”
“ပထမနှစ် … တန်းခွဲ၁ … အန်လင်း … သင်ပြပေးပါဦး …” အန်လင်းက အေးစက်စက်ဆိုသည်။
“ဘယ်လို … ဘယ်လို … အဲတော့ မင်းက နောက်ခံအကောင်းဆုံး မရိုးသားတဲ့ ကျောင်းသားဆိုတဲ့ အန်လင်းပေါ့ …”
ထိုလူက ရုတ်တရက် ဆိုသလို စိတ်ဝင်စားလာကာ အန်လင်းအား သေချာ ကြည့်လိုက်သည်။ “ဟဟ … မင်းက ကောလဟာလ တွေလိုမျိုး အသုံးမကျတဲ့ ပုံမပေါ်ပါ့လား … အနည်းဆုံးတော့ ငါ့ကို ရင်ဆိုင်ဖို့ သတ္တိ ရှိနေသေးတယ် …” ထိုသို့ပြောကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
အန်လင်းက ဖြတ်ခနဲ ပြုံးလိုက်သည်။ “အေးကွ … ငါ့မှာ မင်းနဲ့ရင်ဆိုင်ဖို့ သတ္တိ ရှိရုံတင် မကဘူး မင်းကို မင်းအမေဗိုက်ထဲ ပြန်ရောက်သွားအောင် ရိုက်နိုင်တဲ့ အစွမ်းလည်း ရှိသေးတယ် …”
အန်လင်းက လိမ္မာပါးနပ်စွာဖြင့် ထိုလူအား စကားအရာဖြင့် မခံချိ မခံသာ ဖြစ်စေလိုက်သည်ကို ဝန်ခံရပေမည်။ သူ့မှတ်ချက် စကားကို ကြားလိုက်ရသည့်အခါ တစ်ဖက်လူ၏ သွေးကြော များသည်ပင်လျှင် ထောင်ထလာသည်။ သူ့ရန်ဘက်သည် ဒေါသတကြီး ဖြစ်နေပြီမှာ သိသာ လှပေသည်။
“အရမ်းတွေ သတ္တိရှိနေတယ်ပေါ့ … ဒုတိယနှစ် … တန်းခွဲ၁ … ကျန်းချန် … သင်ပြပေးပါဦး …”
ထိုလူက ပြောပြီးသည်နှင့် သူ့အငွေ့အသက်များကို ထုတ်လွှတ် လိုက်သည်။
အခုမတိုင်ခင်အထိ အန်လင်း ဖြတ်ကျော်ခဲ့သမျှ ရန်သူ အားလုံးထဲတွင် ဒီတစ်ကြိမ်သည် ဖိနှိပ်အား အကောင်းဆုံးသော အငွေ့အသက် ဖြစ်သည်။
တုံ့ဆိုင်းခြင်း မရှိဘဲနှင့် အန်လင်းသည် တောင်ခွင်း လက်သီးကို အသုံးပြုလိုက်သည်။
သုံးမီတာ လုံးပတ်ရှိသည့် ရွှေလက်သီးက ကျန်းချန်ဆီသို့ ပြေးဝင်သွားသည်။ ရွှေလက်သီးမှ ကြောက်မက်ဖွယ် ပြင်းအားကို အာရုံခံမိသဖြင့် ချက်ချင်းဆိုသလို သိုလှောင် လက်စွပ်ထဲမှနေ ကြက်သွေးရောင် ဒိုင်းတစ်ခု ထုတ်ကာ သူ့ရှေ့တွင် ကာလိုက်သည်။
ဘုန်း …
ရွှေလက်သီး၏ ပြင်းအားကြောင့် ကျန်းချန်သည် အနောက်ဘက်သို့ မီတာ သုံးဆယ်ကျော် လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသည့် ချိုင့်တွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ကြက်သွေးရောင် ဒိုင်းသည်လည်း အနည်းငယ် ကွဲအက် သွားသည်။ ထို့အပြင် ကျန်းချန်၏ လက်များသည် ဒိုင်းကို ဖြတ်သန်းလာသည့် ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် အလျားလိုက် ပြဲစုတ်ကာ ကွဲထွက်သွားသည်။
ကျန်းချန်က အန်လင်းအား စူးစိုက်ကာ ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် လုံးဝကို တုန်လှုပ် ချောက်ချားသည့် ခံစားချက်များ ဖြစ်ပေါ်နေသည်။ ထိုအင်မော်တယ် မန္တန်၏ ကြောက်မက်ဖွယ် သဘာဝသည် သူမျှော်မှန်း ထားသည်ထက်ပင် ပိုမိုပြင်းထန် နေသေးသည်။
အလားတူပင် အန်လင်း သည်လည်း အံ့ဩလျက် ရှိနေသည်။ သူ၏ တောင်ခွင်း လက်သီးအား အခြားသောသူ တစ်ဦးမှ တားဆီး နိုင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုလက်သီးသည် သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်လည်း ဖြစ်သည်။
သူက စိတ်ပျက်ခြင်း အလျဉ်း မရှိသည့်အပြင် စိတ်ထဲတွင် ခံညားသည့် ကတုံးကောင်၏ လက်သုံး စကားကိုပင် သတိရ လိုက်မိသည်။ “ကမ္ဘာကြီးမှာ လက်သီး တစ်ချက်နဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ မရှိသေးဘူး … အေးရှိခဲ့ရင် နောက်ထပ် နှစ်ချက်လောက် ပစ်ကျွေးလိုက် …” (ခံ့ညားသည့် ကတုံးကောင် = Saitama from One-Punch Man)
“တောင်ခွင်းလက်သီး …” အန်လင်းက ထိုသို့ အော်ဟစ်လိုက်ပြီး ကျန်းချန်ဆီသို့ လက်သီးတစ်ချက် ပစ်လွှတ် လိုက်ပြန်သည်။
သုံးမီတာပတ်လည်ရှိ ရွှေလက်သီးသည် ကျန်းချန်ဆီသို့ ရုတ်ခြည်းဆိုသလို ရောက်ချလာသည်။
ကျန်းချန်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “အေပေးရေ … နောက်တစ်ခါလား ဟ …”
***