ချိုးဖြတ်ခြင်း
Vol. 3 Ch. 30
ဒုတိယမြောက် ရွှေလက်သီးကို တားဆီးဖို့ရာ ကျန်းချန်တွင် ဒိုင်းကာ မရှိတော့ချေ။ ဘာလုပ်သင့်သလဲ … ငါဘာလုပ်သင့်လဲ …။
ထိုရွှေလက်သီးတွင် ကြောက်မက်ဖွယ် ပြင်းအားများ ပါဝင်နေသည့် အပြင် ရူးလောက်အောင် မြန်ဆန် လွန်းသည်။ ချက်ချင်းဆိုသလို သူ့ရှေ့သို့ ရောက်ရှိလာသည်။
ကျန်းချန်က သူ့ခါးမှ ဓားကို ဆွဲထုတ် လိုက်ပြီးနောက် သူ၏ ဓားမီးလျှံ တောင်တန်း နည်းစနစ်ကို အသုံးပြုလိုက်သည်။ အလွန်မြင့်သည့် အပူချိန်နှင့် မီးလျှံများသည် ဓားပေါ်တွင် ကခုန်နေကာ ရွှေလက်သီးဆီသို့ ဒေါသတကြီး ပြေးဝင်ကာ ခုတ်ပိုင်း လိုက်သည်။
ဘုန်း …
ရွှေလက်သီးနှင့် မီးလျှံဓားတို့ ထိပ်တိုက် တွေ့ဆုံရာမှ ကြီးမား ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
မြေပြင်ပေငါးဆယ်တစ်ဝိုက် မီးလျှံများ ဖုံးလွှမ်း သွားပြီးနောက် ချက်ချင်း ဆိုသလို လောင်ကျွမ်း မည်းနက်သွားသည်။ ထို့အပြင် ဧရာမ ရွှေလက်သီးသည် မြေပြင်ကို နှစ်ပိုင်း ပိုင်းလိုက်ကာ ကြီးမားသည့် လျှိုမြောင်တစ်ခု ဖြစ်ပေါ်စေသည်။
ပေါက်ကွဲမှု ဗဟိုချက်တွင် ရှိနေသည့် ကျန်းချန်သည် ခက်ခက်ခဲခဲနှင့်ပင် တောင်ခွင်း လက်သီးအား တားဆီး လိုက်နိုင်သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းများသည့် ခန္ဓာကိုယ်အား တိုက်မိသဖြင့် ဒယိမ်းဒယိုင်ဖြင့် အနောက်သို့ ဆုတ်လိုက် ရသည်။
ချက်ချင်း ဆိုသလိုပင် ဒဏ်ရာများကို ဆုတ်ဖြဲမိသလို ဖြစ်ကာ သွေးများ အတောမသတ် နိုင်အောင် စီးကျလာသည်။
အန်လင်းသည် သူ့အား ထိုမျှလောက်အထိ တွန်းအား ပေးနိုင်လိမ့်မည်ဟု ကျန်းချန် တစ်ခါလေးမျှပင် စိတ်ကူးမယဉ်ဖူးချေ။
သူ့ဆီကနေ ထွက်လာတဲ့ အငွေ့အသက်အရ သူ့ကျင့်ကြံခြင်း အဆင့်က တာအိုခန္ဓာ အဆင့်၈ပဲ ရှိသေးတယ်ဆိုတာ သံသယ ဖြစ်စရာကို မလိုဘူး … အဲဒါတောင် သူ့ရဲ့ အင်မော်တယ် မန္တန်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြောက်ဖို့ ကောင်းနေတာတုန်း … သောက်ကျိုးနည်း …
ကျန်းချန်မှာ အံ့ဩလွန်းသဖြင့် ကျောက်ရုပ် ဖြစ်နေစဉ်မှာပင် သူ့မြင်ကွင်းတွင် နောက်ထပ် ရွှေလက်သီး တစ်လုံး ပေါ်လာပြန်သည်။
“တောင်ခွင်းလက်သီး …”
အန်လင်းက အော်ဟစ်လိုက်ပြီး ဆယ်ပေ ပတ်လည်ရှိ ရွှေလက်သီး တစ်လုံး တစ်ရှိန်ထိုး ပြေးလာပြန်သည်။
“အေပေး အင်မော်တယ်တွေ … ဒီကောင်က မန္တန်သုံးပြီးရင် အနားယူဖို့ မလိုဘူးလားဗျ … ဟမ် …” ကျန်းချန်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
ကုလားအုတ် အကောင် တစ်သောင်းလောက်၏ တက်နင်းခြင်း ခံရသလို ခံစားလိုက်ရသည်။ အားကိုးရာမဲ့ကာ မျှော်လင့်ချက် ပျက်သုဉ်း စိတ်ဓာတ်ကျခြင်း …။
အန်လင်း သည်လည်း အနားယူဖို့ရန် လိုအပ်သည်။
တောင်ခွင်းလက်သီးအား နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့သည့် အတွက် သူ့စွမ်းအင် အားလုံး ကုန်ဆုံးသွားပြီ ဖြစ်သည်။
သို့ပေမဲ့လည်း ယခုလို သေရေးရှင်ရေး အနေအထားတွင် သူရပ်တန့်လို့ မရသည်ကို သိနေသည်။ တစ်ဖက်လူအား အခွင့်အရေး နည်းနည်းလေးတောင် မပေးနိုင်ချေ။
ထို့ကြောင့် ကျန်နေသေးသည့် စွမ်းအင် အကြွင်းအကျန် အားလုံးကို စုစည်းလိုက်ပြီး တောင်ခွင်းလက်သီးအား တတိယအကြိမ် အသုံးပြု လိုက်သည်။
တတိယမြောက် ရွှေလက်သီးသည် ကျန်းချန်အား မျှော်လင့်ချက် ကင်းမဲ့စေသည်။
သူ့ခွန်အား အကုန်ကို လက်သီးချက်အား ကာကွယ်ရန် ဓားတွင် ထည့်လိုက်သော်လည်း အားပြင်းသည့် လက်သီးချက်သည် ဓားအားဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်။
ဘုန်း …
ကျန်းချန်မှာ သူ့ခန္ဓာကိုယ်အား တစ်စစီ ဆုတ်ဖြဲ သကဲ့သို့ ခံစားနေရသည်။ လက်သီးချက်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး စိစိညက်အောင် ထောင်းချေခံရသလို ဖြစ်ပြီး နာကျင်မှုကြောင့် တုန်ခါ မနေသည့်နေရာ တစ်နေရာမှပင် မရှိချေ။
ခွပ် …
ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် မြင်ကွင်းများက မှုန်ဝါးလာပြီး ရွှေရောင် အကာအကွယ်သည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ထွက်ပေါ် လာသည်။
ဖြစ်ခဲ့သမျှ အရာအားလုံးသည် ကျန်းချန် အတွက်တော့ အဓိပ္ပာယ်ကင်းမဲ့သည် ချည်းသာ။ မီးလျှံ တောင်တန်းဂိုဏ်းမှ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ပြိုင်ဘက်ကင်းသည့် အရည်အချင်းကြောင့် မြှောက်စား ပေးခံထားရသူ ဖြစ်သဖြင့် သူက ဂိုဏ်းအတွင်းရှိ ထိပ်တန်းအဆင့် ကျင့်ကြံနည်း စနစ်များကို အသုံးပြုကာ ကျင့်ကြံခဲ့ရသည်။ ထို့အတွက်ကြောင့် အဆင့်တူနှင့် အဆင့်နိမ့် သူများအကြား သူက ပြိုင်ဘက်ကင်းမဲ့သူ ဖြစ်သည်။ မည်သည့် အချိန်မှစကာ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသူက အနိုင်ယူ သွားနိုင်ရတာလဲ …။ သူမသိချေ …။
ယနေ့မှာတော့ သူ့ထက် အဆင့်နိမ့်သည့် သူထံမှ အနိုင်ယူ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ထို့အပြင်ကို သူ့အား ရိုက်နှက်ခဲ့သည့် ကျောင်းသားသည် တာအိုခန္ဓာ အဆင့်၈ သာလျှင် ရှိနေသေးပြီး အဆင့်ကွာခြားချက်မှာ အဆင့်သေး နှစ်ဆင့် ဖြစ်သည်။
တောင်ခွင်းလက်သီးအား သုံးကြိမ်မြောက် အသုံးပြုပြီးသည့် နောက်တွင်တော့ အန်လင်းမှာ ခြေကုန်လက်ပန်း ကျနေပြီ ဖြစ်သည်။
ကျန်းချန်အား ရွှေရောင် အကာအကွယ်များ ဖုံးလွှမ်း သွားသည်ကို မြင်လိုက်ရသည့် အခါတွင်တော့ စိတ်သက်သာရာရစွာ သက်ပြင်းချမိပြီး သူ့မျက်နှာတွင် ပျော်ရွှင် ဝမ်းမြောက်သည့် အပြုံး ထွက်ပေါ်လာသည်။
“တပိုင်ရေ … ငါမင်းအတွက် လက်စားချေ လိုက်ပြီကွ …” အန်လင်းက ထိုသို့ အော်ဟစ်ကာ တပိုင်ဆီသို့ ပြေးသွားသည်။
ကွဲကြေနေသည့် ကျောက်တုံးများ အပေါ်တွင် လဲလျောင်းနေရင်း တပိုင်က သူ၏ ကြီးမားသည့် မျက်လုံး နက်နက်များဖြင့် အန်လင်းအား တအီအီ အသံပြုကာ ကြည့်နေသည်။
တပိုင်ရဲ့ အခြေအနေက ပုံမှန် မဟုတ်သည်ကို အန်လင်းက သတိပြုမိ လိုက်သည်။ သူ့အခြေအနေက ဆိုးဝါးကာ ပါးစပ်မှနေ သွေးများ စီးကျနေသည်။
“တပိုင် … မင်းအဆင်ပြေရဲ့လား …” အန်လင်းက တပိုင်အား ပွေ့ချီလိုက်ပြီးနောက် သူ့ဒဏ်ရာများကို ဂရုတစိုက် ကြည့်လိုက်သည်။
အန်လင်းက တပိုင်၏ ခန္ဓာကိုယ်ထံ သူ့အာရုံဖြင့် ကြည့်လို့မရဘဲ ရှိနေသည်။ တပိုင်၏ ခန္ဓာကိုယ်အား တစ်ခုခုက ဖုံးလွှမ်း ထားသကဲ့သို့ပင်။
ဘာလုပ်ရမလဲ … ငါဘာလုပ်နိုင်မလဲ …
တပိုင်သည် မျက်စိရှေ့တွင်ပင် ပိုပို၍ အားနည်း လာနေသည်။ ထိုသို့သာ ဆက်ဖြစ်နေမည် ဆိုပါက သူက သေဆုံးသွားမည် ဖြစ်သည်။
အန်လင်းက အလွန်အမင်း စိုးရိမ်လျက် ရှိသည်။ သူက ဒဏ်ရာ ကုသသည့် မန္တန်အား မည်သို့ အသုံးပြုရမည်ကို မသိပေ။ ထို့ကြောင့် တပိုင်၏ ဒဏ်ရာများအား အဝတ်စများ ဖြဲကာ ချည်နှောင် ထားပေးဖို့ရန်သာ တတ်နိုင်သည်။
သို့ပေမဲ့လည်း တပိုင် ဒဏ်ရာများသည် ခန္ဓာကိုယ်တွင်း အင်္ဂါများ ထိခိုက်သွားခြင်း ဖြစ်သည်။ အန်လင်း ပြုလုပ်သမျှသည် တပိုင် ဒဏ်ရာများအား အနည်းငယ်မျှသာ သက်သာစေသည်။
“ဆရာတို့ … ဒီခွေးက သေမင်းနဲ့ စစ်ခင်း နေရတယ်ဗျ … ကူညီပြီး ကယ်တင် ပေးနိုင်မလား ခင်ဗျာ … ဒါမှမဟုတ် သူ့ကို ပြန်ခေါ်ပြီး ကုသပေးနိုင်မလား …”
အန်လင်းက သူ့အပေါ်ဘက်တွင် ရှိနေသည့် အတားအဆီးအား ကြည့်ကာ အော်လိုက်သည်။ တိုက်ပွဲ ကွင်းပြင်ကို ကြည့်ရှုနေသည့် ဆရာတစ်ယောက် ရှိနေမှန်း သူသိသည်။ ထို့ကြောင့် မျှော်လင့်တကြီးဖြင့် အကူအညီ တောင်းမိခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် မည်သည့် တုံ့ပြန်ချက်မှ မရှိပေ။
အန်လင်းက အကြီးကြီး စိတ်ပျက်မိသည်။ တပိုင်အား ပွေ့ချီထားလျက်နှင့် ဘာလုပ်ရမည်ကို မသိပေ။
“တပိုင်ရေ … မင်းတစ်ခုခုများ ပြောချင်တာ ရှိသေးလား …” အန်လင်းက စိုးရိမ်တကြီး မေးသည်။
သူ့လက်မောင်းကို မှီတွဲထားသည့် ဒဏ်ရာဗလပွနှင့် တပိုင်အား ကြည့်လိုက်သည်။
တပိုင် …
“ဝုတ် …”
“အန်လင်း …”
အန်လင်းက နောက်ထပ် အကောင်ငယ် တစ်ကောင်အား ဖမ်းဆီးကာ တပိုင်ကို ပေးလိုက်သည်။
“တပိုင် … ရော့ ရော့ … စားလိုက် … အားရှိ လာအောင်လို့ …”
“တပိုင် …”
တပိုင်က မျက်နှာမဲ့ကာ ခေါင်းကို တစ်ဖက် လှည့်လိုက်သည်။ သူမသေခင် အချိန်ထိ အန်လင်းအား နောက်တစ်ဖန် မမြင်ချင်တော့ပေ။
ကြောင်တွေကပဲ ရှဉ့်တို့ ကြွက်တို့ကို စားတာဗျ … ကျုပ်ကို အဲအကောင်တွေ ပေးတော့ ခင်ဗျားက ခွေးတွေကို အရှက်ခွဲနေတာလား …
***
ကောင်းကင်တွင် ရှိနေသည့် ဆရာမှာ ဓားအင်မော်တယ် ဖြစ်သည်။ ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားပြီး ဝတ်စုံဖြူက တလှပ်လှပ် လွင့်နေသည်။
ထိုလူအား ကြမ္မာဓား အင်မော်တယ်ဟုခေါ်ပြီး အရာအားလုံးသည် သက်ဆိုင်ရာ ကံတရားကြောင့် ဖြစ်လာခြင်းဟု ယုံကြည်သည်။ တစ်ခုခု ပြုလုပ်ရန်အတွက် တွန်းအား မရှိဘူးဆိုလျှင် ပြောင်းလဲနိုင်မည် မဟုတ်ဟု သူယုံကြည်သည်။
ကြမ္မာဓား အင်မော်တယ်က အန်လင်း၏ အကူအညီ တောင်းသံကို ကြားသည်။ သို့ပေမဲ့လည်း အဆိုပါခွေးသည် တောင်ထွတ် တစ်ထောင် တောအုပ်သို့ ထူးဆန်းစွာ ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် ထိုသည်က သူ့ကံတရားသာလျှင် ဖြစ်သည်။ သတ်မှတ်ပြီးသား ထိုကံတရားအတွက် သူက ပြောင်းလဲဖို့ရန် ကြိုးစားမည် မဟုတ်။
“ဒါတွေကို ကံအကြောင်းတရားလို့ ခေါ်တာပေါ့ကွယ် …” ကြမ္မာဓား အင်မော်တယ်က လေးလေးနက်နက်ဖြင့် ခေါင်းညိတ် လိုက်သည်။
သူ့နံဘေးတွင် ရှိနေသည့် အန်လင်း၏ အချက်အလက်များသည် အသစ်ပြင်ဆင်ပြီး ဖြစ်သည်။
အန်လင်း …
တိုက်ခိုက်နိုင်စွမ်း : ၂၀၅
ရမှတ် : ၃၈၀
***
အန်လင်းက နောက်ထပ်တစ်ဖန် တာအိုခန္ဓာ အဆင့်၉ ကျောင်းသားအား အနိုင်ယူ လိုက်နိုင်ပြန်ပြီ ဖြစ်သည်။
တုန်လှုပ်ဖွယ် တိုက်ပွဲကို ရင်ဆိုင်ပြီး သူ့လမ်းကို ကိုယ်တိုင် ဖောက်လိုက်ပြီ ဖြစ်သည်။ အန်လင်းက ထိုကျောင်းသားအား တောင်ခွင်းလက်သီး နှစ်ချက် ဆက်တိုက် အသုံးပြုကာ အနိုင်ယူ လိုက်သည်။
ဒင် …
သူ့စိတ်ထဲတွင် ရင်းနှီးနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် စစ်ဆင်ရေး အောင်မြင်စွာ ပြီးမြောက်သွားသည်ကို အချက်ပြသည့် အသံဖြစ်သည်။
တစ်အောင့် ကြာပြီးနောက် အန်လင်း၏ အရိုးများ အက်ကွဲလာပြီး အလွန်အမင်း နာကျင်လာသည်။
နာကျင်မှုက သူ့ခန္ဓာကိုယ်အား တစစီဆုတ်ဖြဲ နေသကဲ့သို့ ဖြစ်ကာ အန်လင်းက အမှန်တကယ်ကို သည်းမခံ နိုင်လောက်အောင်ပင်။ မြေပြင်တွင် လှဲလိုက်ပြီး ခန္ဓာကိုယ်အား တင်းကြပ်စွာ ဖက်ထားမိသည်။
စွမ်းအင်များက အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သူ့ခန္ဓာကိုယ်နှင့် ရောနှော သွားသည်။
အာ … နာလိုက်တာ … ဘယ်လိုဖြစ်ပြီး အဲလောက်တောင် နာကျင်ရတာလဲ …
အန်လင်းက အနည်းငယ် ပျာယာခတ် လာသည်။ တာအိုခန္ဓာ အဆင့်၇မှ အဆင့်၈သို့ အဆင့်တက်စဉ်ကပင် ထိုမျှလောက် မနာကျင်ခဲ့ရချေ။
ထိုအချိန်မှာပင် ကောင်းကင်၌ ကြီးမားသည့် စွမ်းအင် လေဝဲကြီးတစ်ခု ပေါ်လာသည်။ ပေတစ်ရာ ပတ်ပတ်လည်ကို လွှမ်းခြုံထားပြီး စွမ်းအား အမြောက်အများ ပါဝင်သည့် မီးခိုးခေါင်းတိုင်ကြီးနှင့် တူနေသေးသည်။
ကောင်းကင်တွင် ကြမ္မာဓား အင်မော်တယ်သည် ထိုကြီးမားလွန်းသည့် စွမ်းအင် လေဝဲကြီးကို ကြည့်ကာ အံ့အားလွန်းသဖြင့် ငေးငိုင်နေမိသည်။
“ဒီလိုမျိုး တည်ငြိမ်မှုမရှိဘဲ အတက်အကျ ဖြစ်နေတဲ့ စွမ်းအင် အစုအဝေးကြီး … စိတ်ဝိညာဉ် သဘော သဘာဝကိုတောင် မခံစားရဘူး … ဒီတည်ငြိမ်မှု ပျက်ယွင်းခြင်းက တာအိုခန္ဓာ အဆင့်ကနေ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို တက်မှပဲ ဖြစ်လာတတ်တာ …”
“မ … မဖြစ်နိုင်တာ … မပြောနဲ့နော်… ကျောင်းသားအန်လင်း အဆင့်တက် နေတာလို့ ငါ့ကိုမပြောနဲ့ …”
ကြမ္မာဓား အင်မော်တယ်က နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လှိမ့်နေသည့် လူငယ်လေးအား ငုံ့ကြည့်လိုက်သည်။
စွမ်းအင် လေဝဲ၏ ဗဟိုချက်သည် အန်လင်း ရှိနေသည့် နေရာအပေါ်ဘက်တွင် သိသိသာသာကို ရှိနေသည်။
“ခဏလေး … အန်လင်းရဲ့ အဆင့်တက်နေတာက တာအိုခန္ဓာ အဆင့်၈ ကနေ တာအိုခန္ဓာ အဆင့်၉ ကိုလေ … အဲဒါကို စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို တက်ရောက်သလိုမျိုး ဖြစ်ရက်တွေက ဘယ်လိုဖြစ်ပြီး ပေါ်လာရတာတုန်း …”
ကြမ္မာဓားအင်မော်တယ်သည် ဦးနှောက်ခြောက်နေရပြီ ဖြစ်သည်။
ဒီစွမ်းအင်လေဝဲက နားလည်ရ ခက်လွန်းတယ် …
အေး … တစ်ခါတည်းနဲ့ နှစ်ကြိမ်ဆက်တိုက် အဆင့်တက်နိုင်တဲ့ သောက်ရူးကောင်တွေ ရှိနေတယ်လို့ ငါ့ကိုလာမပြောကြနဲ့ …
စွမ်းအင်လေဝဲကြီး သို့မဟုတ် စိတ်ဝိညာဉ် စွမ်းအင်များသည် အန်လင်းရှိရာသို့ လာနေသည်။
စွမ်းအင် ပေါက်ကွဲအားသည် အလွန်ဆူညံပြီး ကြီးမားလွန်းသည်။ သံသယဖြစ်စရာ မလိုလောက်အောင်ပင် ထိုထူးခြားသည့် ဖြစ်ရပ်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖောက် ဝင်ရောက်သည့် ကျင့်ကြံ သူကြောင့်သာလျှင် ဖြစ်ရမည်။
ကြမ္မာဓား အင်မော်တယ်က ရုတ်တရက် ဆိုသလို သူ့အာရုံကို မြေပြင်ပေါ်ရှိ မြင်ကွင်းဆီသို့ ပို့လိုက်သည်။ “မ … မဖြစ်နိုင်ဘူး …”
ထိုစွမ်းအင်သည် အန်လင်းနံဘေးသို့ ဦးတည်လျက် ရှိသည်။ ထိုနေရာတွင်တော့ နာကျင်မှုကြောင့် လှိမ့်နေသည့် တပိုင်သာလျှင် ရှိနေလေသည် …။
***