← Chapters

သွားကြစို့ ပီပီခွေးလေး…

Vol. 3 Ch. 31

သွားကြစို့ ပီပီခွေးလေး…

Vol. 3 Ch. 31

အန်လင်း တာအိုခန္ဓာ အဆင့်၉သို့ ချိုးဖြတ် ဝင်ရောက်ပြီးသော်လည်း လျှို့ဝှက် စွမ်းအင်များသည် တပိုင် ခန္ဓာကိုယ်အား နှိုးဆွနေတုန်းပင် ဖြစ်သည်။

ထို့နောက်တွင်တော့ တပိုင်သည် ခန္ဓာကိုယ်အနှံ့ နာကျင် ကိုက်ခဲ လာတော့သည်။

အေပေးကောင် အန်လင်း … ငါ့ကိုဘာတွေ လုပ်လိုက်တာတုန်းကွ …

တပိုင်က စိတ်ထဲမှနေ အော်ဟစ် လိုက်သည်။ သူက စကားမပြောနိုင်သည့် အတွက် အလွန် သနားဖို့ ကောင်းလွန်းသည်။ သူလုပ်နိုင်သည့် အရာမှာ ဒေါသတကြီး ဟောင်ရုံသာ ဖြစ်သည်။

ကောင်းကင်တွင် စုဆုံနေသည့် စွမ်းအင်လေဝဲကြီးသည် တပိုင် ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

တပိုင် မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ ယခုလို နာကျင်မှုမျိုး တစ်ခါလေးမှ မခံစားရဖူးပေ။ ယခုနာကျင်မှုနှင့် ယှဉ်လျှင် ကျန်းချန်၏ ကန်ချက်သည် အလွန်တရာ နူးညံ့ညင်သာ သည်ဟု ပြောရမည်။

တပိုင် ခန္ဓာကိုယ်ထဲတွင် စုစည်းနေသည့် စွမ်းအင်ပမာဏ အများအပြားသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် စိတ်စွမ်းအင်များနှင့် ပေါင်းစပ် သွားသည်။

ထိုစွမ်းအင်စီးကြောင်း နှစ်ခုသည် ဖြည်းညင်းစွာဖြင့် အတူတကွ ပေါင်းစပ်ကာ သိပ်သည်း လာကြသည်။ အဆုံးတွင်တော့ ထိုနှစ်ခုပေါင်းစပ်ကာ တလက်လက် တောက်ပနေသည့် ရွှေရောင် သားရဲအမြုတေ ဖြစ်ပေါ်လာသည်။

ထိုအခိုက်အတန့်မှာပင် တပိုင်သည် အတားအဆီးမဲ့သည့် စွမ်းအားများ သူ့ခန္ဓာကိုယ် အတွင်းသို့ ဖြတ်သန်း ဝင်ရောက် လာကြသည်ကို အာရုံခံမိလိုက်သည်။

နာကျင်မှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ မျက်လုံးများ ဝင်းလက်ကာ မတ်တတ်ရပ် လိုက်သည်။

အန်လင်းသည်လည်း ချွေးများ စိုရွှဲလျက် မတ်တတ်ရပ် လိုက်သည်။ ခန္ဓာကိုယ်ကို အညောင်းဆန့်ပြီးနောက် “ဒီတစ်ကြိမ် အဆင့်တက်ရတာ အရမ်းကို ခက်ခဲလွန်းတယ် …”

“အင်း … ငါလည်း သိနေတယ် … ငရဲပြည်ရောက်နေတဲ့ အတိုင်းပဲ …” ထောက်ခံသည့် အသံတစ်သံကလည်း ထွက်ပေါ်လာသည်။

ထိုသည်ကို ကြားလိုက်သဖြင့် အန်လင်းသည်လည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ် လိုက်သည်။ “ဟုတ်တယ် … ငရဲပြည် ရောက်နေသလိုပဲ …”

ချက်ချင်းဆိုသလို မူမမှန်သည့် အရာကို သတိပြု မိလိုက်သည်။

“သောက်ခွေးနဲ့မှ … ဘယ်ကောင်က ငါ့ကို စကားပြောနေတာတုန်း …”

အန်လင်းက ကြက်သီးများပင် ထလာသည်။ ဘယ်လိုလုပ်ပြီး တခြားသူက တိတ်တဆိတ် ချဉ်းကပ် လာတာတုန်း …။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများလား …။

“ဒီမှာလေ … ငါဒီမှာ …” ထိုအသံက သူ့နံဘေးမှနေ ထွက်ပေါ်လာပြန်သည်။

အန်လင်းက ပတ်ဝန်းကျင်အား စိတ်လှုပ်ရှားစွာ လှည့်ပတ် ကြည့်လိုက်ပေမဲ့လည်း မည်သူတစ်ဦး တစ်ယောက်ကိုမှ ရှာမတွေ့ချေ။ “ဒီသောက် … သရဲခြောက်နေတာလား …”

“ငါလေ … သခင်ကြီးက ဒီမှာလေ … မင်းက ဇီဇာကြောင်နေတာလား … ဝုတ် …”

အန်လင်းမှာ မဝံ့မရဲ ဖြစ်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ တပိုင်က လျှာထုတ်ကာ အမြီးနံ့ရင်း သူ့အား အားရဝမ်းသာစွာ ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

“တပိုင်လား …” အန်လင်းက မချင့်မရဲ မေးလိုက်သည်။

“သေချာပေါက် ဒီသခင်ကြီးပဲပေါ့ … ဝုတ် …” တပိုင်က ခပ်ညစ်ညစ် ပြုံးလိုက်သည်။

အန်လင်း မြင်တွေ့နေရသည့် တပိုင်၏ အပြုံးသည် အဘယ်ကြောင့် ညစ်ကျယ်ကျယ် ဖြစ်နေရသည်ကို မိုးကောင်းကင်မှပဲ သိနိုင်လိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ထိုအပြုံးသည် အရမ်းကို ညစ်ကျယ်ကျယ်နိုင်လွန်းသည်။

“တပိုင် … မင်းက လူစကား ပြောတတ်တာလား … မဟုတ်မှလွဲ မင်းဝိညာဉ် ဖြစ်သွားတာလား …” အန်လင်းက တည်ငြိမ်မှု မရှိတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်တော့သည်။

“ဗြဲ … ဝိညာဉ်တွေ နတ်ဆိုးတွေဆိုတာ သောက်အဓိပ္ပာယ်ကို မရှိဘူး … ငါက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ချိုးဖြတ်သွားတာကွ …” တပိုင်က အထင်သေးသည့်ပုံဖြင့် ပြောသည်။

အန်လင်းမှာ အံ့အားသင့်လျက် ရှိသည်။ တပိုင် ဝိညာဉ် ဖြစ်သွားခြင်းထက် ထိုသတင်းသည် ပိုလို့တုန်လှုပ်ဖွယ် ကောင်းလွန်းသည်။

လာနောက်နေတာလား … ဟမ် …

ဒီအားနည်းလွန်းတဲ့ တပိုင်က ရုတ်တရက် ဆိုသလို စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားတယ်တဲ့လား …

အန်လင်း မျက်နှာတွင် အံ့ဩကာ ရှုပ်ထွေး နေမှုများကို မြင်လိုက်ရသဖြင့် တပိုင်က စကားပြောရန် ပါးစပ် ဟလိုက်သည်။ “သားရဲတွေရဲ့ အဆင့်တက်တဲ့ နည်းလမ်းက မင်းတို့ လူသားတွေနဲ့ မတူဘူးကွ … ဘာပဲဖြစ်ဖြစ် မင်းကိုကျေးဇူးရမှာပဲ … ငါ့ခန္ဓာကိုယ်ထဲက အချုပ်အနှောင်က ကျိုးပြတ်သွားလို့သာ သားရဲအမြုတေ ဖြစ်တည်လာပြီး စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ရောက်လာနိုင်တာ …”

“သားရဲအမြုတေ ဖြစ်တည်လာတာနဲ့ ငါက စိတ်ဝိညာဉ်သားရဲ ဖြစ်သွားပြီး စကားပြော လာနိုင်တာပဲ …”

တပိုင်၏ သူ့ကိုယ်သူ ကျေနပ်နေမှုကို ကြည့်ကာ အန်လင်းက ရှင်းပြချက်ကို လက်ခံလိုက်ပြီး သူ့စိတ်ထဲရှိ ဝန်ထုတ်ကြီး ဖယ်ရှင်းလိုက်နိုင်ပြီ ဖြစ်သည်။

တပိုင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရာတွင် သူက မည်သည့်နည်းဖြင့် ကူညီပေးခဲ့သည်ကို မသိချေ။

သေမင်းနှင့် စစ်ခင်းပြီး နောက်တွင် တပိုင်ရဲ့ အသွင်အပြင်မှာ ပိုကြည့်ကောင်း လာသဖြင့် အန်လင်းက ကျေနပ်နေမိသည်။

တပိုင်က ရုတ်တရက် ဆိုသလို အလွန် အံ့အားသင့်ဖွယ်ရာ ကောင်းစွာပင် ပြင်းထန်သည့် အငွေ့အသက်ကို ထုတ်လွှတ် လိုက်သည်။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှာ အလျင်အမြန် ကြီးထွားလာပြီး ဆယ်ပေ အရွယ်အစားရှိသည့် ခွေးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဘုရားရေ … တပိုင် မင်းက ထွားကျိုင်း လိုက်တာကွာ …” တပိုင်၏ ပြောင်းလဲမှုကို ကြည့်နေရင်း အန်လင်း မျက်လုံးများက တလက်လက် တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် တပိုင်၏ အမွှေးများသည် ဖြူဖွေး တောက်ပြောင်လာပြီး နူးညံ့ ချောမွေ့လာသည်။ ကြီးမားသည့် မျက်လုံးကြီး များသည် တောက်ပ စူးရှလျက် ရှိသည်။ ချွန်ထက်သည့် သွားများသည် လူအများအား စွမ်းအားကြီးပြီး နှစ်လိုဖွယ် ကောင်းသည့် ခံစားမှုကို ပေးနေသည်။

“ဟွန့် … သေချာတာပေါ့ …” တပိုင်က အမြီးကို ဝှေ့ယမ်းပြီး အားရ ကျေနပ်စွာ ပြုံးလိုက်သည်။ “မင်းက ငါ့ကိုအများကြီး အကူအညီပေးခဲ့တယ် … အဲတော့ တခြား ကျောင်းသားတွေကို သမဖို့ မင်းနဲ့အတူ လိုက်ခဲ့မယ် …”

ထိုသို့ ကြားလိုက်ရသဖြင့် အန်လင်းက အလွန်ပျော်ရွှင်သွားပြီး မကြာမီမှာပင် တွန့်ဆုတ်သည့် အမူအရာ ဖြစ်လာသည်။ “ဒါပေမဲ့ တခြားသူတွေနဲ့ အဖွဲ့ဖွဲ့ပြီး တိုက်ခိုက်တာမျိုး ခွင့်မပြုဘူးဆိုတဲ့ စည်းမျဉ်းရှိနေတယ် မဟုတ်လား … အဲလိုလုပ်လိုက်ရင် ငါတို့က စည်းကမ်း ချိုးဖောက်ရာ ကျမှာပေါ့ …”

“အန်လင်း … အန်လင်း … မင်းရဲ့ ဉာဏ်ရည် ဒီထက်ပိုမြင့်ဖို့ လိုနေပြီ …”

“ဒီပြိုင်ပွဲရဲ့ စည်းကမ်းက လူတွေ အတွက်ပဲလေ … ငါက ခွေးလေကွ … ဝုတ် …”

တပိုင်က ပြောပြီးနောက် လျှာထုတ် လိုက်သည်။

ခွေးတစ်ကောင်က သူ့ဉာဏ်ရည်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်လာသည့် အတွက် အန်လင်းမှာ စိတ်မကျေနပ်မှုများ ရှိမနေပါ။ ထို့အပြင် သူ့မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့လိုက်သလို ဖြစ်ပြီးနောက် တပိုင်ဆီသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ “တပိုင်လေးရေ… ငါ့ကိုမင်းနဲ့အတူ ယှဉ်တွဲပြီး ပျံသန်းခွင့်ပြုပါကွာ …”

“ဟ … ဘယ်လိုတောင် ပြောတတ်နေတာတုန်း … မင်းနဲ့အတူ ပျံသန်းကြတာပေါ့ …” တပိုင်က မြေပြင်တွင် ဝပ်လိုက်သည်။ “တက်လေ … ဝုတ် …”

သောက်ကျိုးနည်း … တပိုင်က တကယ်ကြီး ပျံနိုင်တာလားဟ …

အန်လင်းက အနည်းငယ် အံ့ဩ သွားပေမဲ့လည်း တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် တပိုင်၏ ရှည်လျား မာကျောသည့် ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူက နူးညံ့သည့် အမွေးများကို ဆုပ်ကိုင်ကာ ပြုံးလိုက်ပြီး “သွားကြစို့ ပီပီခွေးကလေး …”

“ပီပီ ခွေးလေးက ဘာတုန်း … ငါက တပိုင်လေ … ဝုတ် …” တပိုင်က ဆန္ဒပြ လိုက်သည်။

သူ့ခန္ဓာကိုယ် အောက်မှနေ ရုတ်ချည်း ဆိုသလို လေစွမ်းအင် ထွက်ပေါ်လာသည်။

ထို့နောက်တွင် လေထဲသို့ ဆောင့်နင်းကာ ကောင်းကင်သို့ တစ်ဟုန်ထိုး ထိုးတက်သွားသည်။

***

အတားအဆီး အပေါ်ဘက်တွင်တော့ ကြမ္မာဓား အင်မော်တယ်သည် လူတစ်ယောက်နှင့် ခွေးတစ်ကောင် အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်ကို တိတ်တဆိတ် ကြည့်နေမိသည်။

အဆုံးတွင်တော့ သတိပြန်ဝင်လာကာ “ဒါက ကံကြမ္မာပဲလေ …” သူက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

ထိုသို့ ပြောပြီးသည့်နောက် ကြမ္မာဓားအင်မော်တယ်သည် သူ့စိတ်ထဲရှိ လှောင်ရယ်စရာ များအတွက် သင့်တော်သည့် ဖြေရှင်းချက်ကို တွေ့ရှိပြီး ဖြစ်သဖြင့် သူ့စိတ်က ငြိမ်းချမ်းပြီး တည်ငြိမ်လာသည်။

ကြမ္မာဓားအင်မော်တယ်က ခေါင်းအသာညိတ် လိုက်သည်။

ဒီစကားက အသုံးဝင်သားပဲ … သောက်အဓိပ္ပာယ် မရှိတာတွေ အားလုံးကို ဖြေရှင်းဖို့ သုံးလို့ရတယ် …

***

ကောင်းကင် တစ်နေရာ၌ …

အိုး … ဒီဟာက မိုက်တယ်ကွ … အန်လင်းက စိတ်ထဲတွင် ပျော်ရွှင်စွာ အော်ဟစ်နေသည်။

ထိုသည်က သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်စွာ ပျံသန်းနေရခြင်း ဖြစ်သည်။

တပိုင်၏ ကြီးမားသည့် ပုံရိပ် နွေးထွေးသည့် ခန္ဓာကိုယ်တို့က အန်လင်းအား လုံခြုံသည့် ခံစားချက်ကို ပေးစွမ်းသည်။

တပိုင်၏ နောက်ကျောပေါ်တွင် ထိုင်နေရင်း သူ၏ ခုန်ပျံကျော်လွှားခြင်းနှင့် အရှိန်ဖြင့် သွားလာခြင်းတို့ကို ကြောက်ရွံ့ခြင်း တို့သည် အလွယ်တကူပင် ပျောက်ကွယ် သွားသည်။

ဓားပျံတွေ အားလုံး ငရဲပြည်ကို ရောက်သွားပါစေလို့ မျှော်လင့် နေပါတယ်နော် …

နောင်လာမည့် ကာလများတွင်လည်း သူက ခွေးပျံကိုသာလျှင် စီးနင်းချင်မိသည်။

အန်လင်းက အလွန်ပျော်ရွှင်လျက် ရှိနေပြီး အနာဂတ်တွင် ပျံသန်းစီးနင်းနိုင်ရန် မည်သည့်သတ္တဝါကို မွေးမြူသင့်သည်ကို စဉ်းစားလျက်ရှိသည်။

မကြာမီတွင် သူ့စိတ်ထဲ၌ ချက်ခနဲ မြည်လာပြီး တပိုင် ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ် လိုက်သည်။

“တပိုင်လေး … မင်းက ဘာလို့ ငါ့ပိုင်ဆိုင်မှုလေး ဖြစ်မလာတာလဲ …” အန်လင်းက နူးညံ့ညင်သာစွာ မေးလိုက်သည်။

“တပိုင် …”

“အန်လင်း … မင်းခေါင်းက အဆံချောင်နေတာလား … မင်းကမှ ငါ့ပိုင်ဆိုင်မှု ဖြစ်လာသင့်တာ … ဟုတ်လား … ဝုတ် …” တပိုင်က ဟောင်လိုက်သည်။

ထိုသည်ကို ကြားလိုက်ရသည့်အခါ အန်လင်းမှာ အတော်လေး မကျေမနပ် ဖြစ်မိသည်။ “ကျောက်ဟွိုင်ရင်က မင်းလို ကောင်လေးကို ရထားတာ အရမ်းကို ကံကောင်းတာပဲ …”

တပိုင် မျက်နှာက ပြီးဖြီးဖြီး ဖြစ်ကာ “ဟမ့် … ကျောက်ဟွိုင်ရင်က ငါ့ပိုင်ရှင်ဖြစ်ဖို့ ထိုက်တန်တယ်လို့များ မင်းက ထင်နေတာလား … သူက ငါ့ချေးကျုံးဖို့အတွက် အစေခံသက်သက်ပဲ … ဝုတ် …”

“ဟင် …” အန်လင်းမှာ အလွန်အံ့အား သင့်သွားသည်။ တပိုင်၏ စကားသည် သူ့အား အမှန်တကယ်ကို ကြက်သေ သေသွားစေသည်။

“မင်းဒဏ္ဍာရီ သားရဲဂိုဏ်း ဆိုတာကို ကြားဖူးလား …” တပိုင်က မေးသည်။

အန်လင်းက ခေါင်းခါ လိုက်သည်။

“ဒဏ္ဍာရီ သားရဲဂိုဏ်း ဆိုတာ ကိုးပြည်ထောင် နိုင်ငံတော်မှာရှိတဲ့ သားရဲတွေ တည်ထောင်ထားတဲ့ ဂိုဏ်းကြီး တစ်ခုပဲ … အဲဒီဂိုဏ်းရဲ့ ဂိုဏ်းသားတွေကို သားရဲတွေနဲ့ အဓိက ဖွဲ့စည်းထားတာ …”

“သားရဲအမြုတေ ဖြစ်တည်ခြင်း မရှိသေးတဲ့ သားရဲပေါက်လေးတွေ အတွက် အစောင့်အရှောက် လိုတယ်လေ … ကျောက်ဟွိုင်ရင်က ငါ့ရဲ့ အစောင့်အရှောက်ပဲ … ငါတို့က အဲဒီ အစောင့်အရှောက် တွေကို ချေးကျုံးပေးတဲ့ အစေခံလို့ ခေါ်တယ်လေ … ဝုတ် …”

အန်လင်းမှာ သူကြားလိုက် မိသည်များကို မယုံကြည် နိုင်လောက်အောင် ဖြစ်မိသည်။ “အဲတော့ ဒီမှာ တကယ်တမ်း ကျောင်းလာ တက်တဲ့သူက …”

“ဒါပဲပေါ့ … ငါလေ … ငါက ဒီကျောင်းကို အတော်လေး စိတ်ဝင်စားမိတယ်ကွ … အဲဒါကြောင့် ကျောက်ဟွိုင်ရင်က ငါ့ကို ခေါ်လာပေးရတာ …”

“အခုတော့ အတော်လေး အကျိုးကျေးဇူး ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့ … အနည်းဆုံးတော့ ငါက သားရဲအမြုတေ ဖြစ်တည် လိုက်နိုင်ပြီလေ … ဝုတ် …”

တပိုင်က ထိုအကြောင်းနှင့် ပတ်သက်၍ အတော်လေး ကျေနပ်နေပုံရကာ ကြီးမား ဖြူဖွေးနေသည့် သူ့အမြီးကို ပျော်ရွှင်စွာဖြင့် လှုပ်ယမ်း နေသည်။

အန်လင်းက ခေါင်းညိတ် လိုက်သည်။ ကျောက်ဟွိုင်ရင်သည် တပိုင်၏ အစောင့်အရှောက်ဟု သူက မျှော်လင့် မထားမိချေ။

သို့ပေမဲ့လည်း တပိုင်၏ နှလုံးသားထဲတွင်တော့ ကျောက်ဟွိုင်ရင်ကို အစေခံ တစ်ယောက်ဟု မသတ်မှတ်ထားကြောင်း အန်လင်း ယုံကြည်လျက် ရှိသည်။ တပိုင်သည် ကျောက်ဟွိုင်ရင်အား သူငယ်ချင်း အဖြစ် မှတ်ယူထားပုံပင်။

ကျောက်ဟွိုင်ရင် သေလုမျောပါး အရိုက်ခံပြီး နောက်တွင် တပိုင်က သူ့ကိုယ်သူပင် ဂရုမစိုက်ဘဲ ကျန်းချန်အား လက်စားချေရန် ကြိုးစားခဲ့သေးသည် မဟုတ်ပါလား။

“ဝုတ် … အရှေ့မှာ လူတစ်ယောက် ရှိနေတယ် … သခင်ပိုင်ရဲ့ စွမ်းအားတွေ မြည်းစမ်း ခိုင်းလိုက်မယ် …” တပိုင်က စိတ်လှုပ်ရှားစွာ ပြောသည်။

အန်လင်း၏ အမူအရာ သည်လည်း အလေးအနက် ဖြစ်သွားသည်။ တိုက်ပွဲ တစ်ပွဲကတော့ စတင်ပြန်လေပြီ …။

(သွားကြစို့ ပီပီခွေးကလေးက တရုတ်ဗန်းစကား တစ်ခုပါ …။ တခြား ဘာအဓိပ္ပာယ်မှ မရှိဘဲ သွားကြစို့လို့ပဲ အဓိပ္ပာယ် ရပါတယ် …။)

***

All Chapters