လူတွေအကြား ယုံကြည်မှု ရှိသင့်သည်မဟုတ်လော ~
Vol. 18 Ch. 270
လင်းမို့က သူ့ခန္ဓာကိုယ်အား တိတ်တဆိတ် စစ်ဆေးကြည့်လိုက်၏ ။
မဟာသခင်က သူ့အား အသာအယာ ရိုက်သွားသော်လည်း သေလုမျောပါး ခံစားလိုက်ရသည် ။
' နာနိုဝတ်စုံကြောင့်သာ ..မဟုတ်ရင် နောက်ဘဝ ကူးနေရလောက်ပြီ.. '
လင်းမို့ သက်ပြင်းချလိုက်၏ ။ မဟာသခင်အဆင့်က ကြောက်စရာ ကောင်းလှပေသည် ။ တက္ကသိုလ်အတွင်းတွင် လုပ်ကြံရဲမည်ဟု သူတစ်ခါမှ မမျှော်လင့်မိ ။ ဝတ်စုံကို အမြဲ ဝတ်ထား၍ တော်သေးသည် ။
' ငါခွန်အားကို ဖုံးကွယ်ထားလို့သာ ဒီလို အသာလေး ရိုက်သွားတာ ..ဒါတောင် သေလုဆဲဆဲပဲ.. '
လင်းမို့ ကြက်သီးများ ထသွားသည် ။
' ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆို ခုချက်ချင်းပြန်ကောင်းအောင် ကုလို့ရတယ်.. ပြန်ကုလိုက်ရင် ကောင်းမလား.. '
တိုက်ခိုက်ရေးစွမ်းရည် အဆင့်၆ ရောက်လျှင် ပြင်ပဒဏ်ရာများက ချက်ချင်းပြန်လည်ကုသနိုင်သည် ။ အဘိုးကြီးကျစ်ထျန်း သတိထားမိသွားမည်ကို စိုး၍သာ သူပြန်လည် မကုသရဲခြင်းပင် ။
' သေနေတဲ့ လူတစ်ယောက်ကိုတော့ မတိုက်ခိုက်တော့လောက်ပါဘူး.. '
ဘေးနားတွင် ငိုကြွေးနေသော ဟောက်ရန်ရှိသဖြင့် သေချင်ယောင်ဆောင်နေသည်က ပိုပီပေသည် ။
လင်းမို့က ရဲဆေးတင်ပြီး သူ့ကိုယ်သူ ပြန်လည်ကုသလိုက်၏ ။
**
ကျစ်ထျန်းသည် မီတာတစ်သောင်းကျော် ပျံသန်းပြီးနောက် ဝိုင်းရံထားသော ငါးယောက်ကြားမှ လွတ်တော့မည်ဖြစ်သည် ။
သို့သော်လည်း သူ့စိတ်ထဲတွင် တစ်ခုခုကို မအီမလည် ခံစားနေရလေသည် ။ ထွက်ပြေးနေရချိန်ဖြစ်၍ စဥ်းစားရန် အချိန်မရ ။
သို့သော်လည်း ထိုအကြောင်းကို သူ့ခေါင်းထဲမှ ထုတ်မရဖြစ်နေသည် ။
' ဘယ်နားက မှားနေတာလား.. '
စဥ်းစားရင် သူရိုက်ခဲ့သော လက်ဝါးချက်ကို ပြန်သတိရလိုက်၏ ။
' ငါ လင်းမို့ကို ရိုက်လိုက်တုန်းက ကြားထဲမှာ အလွှာခြားနေသလိုပဲ.. '
ကျစ်ထျန်းတုန်လှုပ်သွား၏ ။ သူ့အမှားကို သိလိုက်လေပြီ ။ သူက လင်းမို့ရှိရာသို့ လှမ်းကြည့်လိုက်သည် ။
မဟာသခင်အဆင့်ဖြစ်၍ ဤကွာအဝေးအား ရှင်းရှင်းလင်းလင်း မြင်ရပေသည် ။
' လင်းမို့က လှုပ်လဲ မလှုပ်တော့ဘူး.. ငါ့စိတ်အာရုံနဲ့ စစ်ဆေးတုန်းကလဲ အသက်စွမ်းအား မရှိတော့ပါဘူး ..ဘေးက လူတွေလဲ ငိုနေတာဆိုတော့ ..သေလောက်ပါပြီ.. '
ကျစ်ထျန်း တွေးရင်း...
' သောက်ခွေး.. လင်းမို့ တကယ်သေရင် ဒီချိန်ဆို အရည်ဖြစ်နေပြီဟ.. သေချင်ယောင် ဆောင်နေတာပဲ.. '
" ဝှစ်.."
ကျစ်ထျန်းက သံမဏိအပ်ဖြင့် လင်းမို့ ထံသို့ လှမ်းပစ်လိုက်သည် ။ အပ်ဆိုသော်လည်း တစ်ထွာလောက်ရှိပြီး မဟာသခင်အဆင့်မှ အားကုန်ပစ်လိုက်သည်ဖြစ်၍ အသံထက် မြန်ပေသည် ။ ဤအပ်သာ လင်းမို့ကို ထိပါက တစ်စစီပေါက်ကွဲထွက်သွားပေမည် ။
" ဝှီးးးး..."
လေထုပွတ်တိုက်မှုကြောင့် အပ်တစ်ခုလုံး နီရဲလာ၏ ။
လင်းမို့ ချက်ချင်း သတိထားမိသွားသည် ။
' ချီး သောက်အဘိုးကြီး လူသေတောင် အလွတ်မပေးသေးဘူး..'
လင်းမို့သည် ချက်ချင်းခုန်ထလိုက်ပြီး ဟောက်ရန်ကို ဆွဲ၍ ထွက်ပြေးတော့သည် ။
" ဘုန်း.."
အပ်က လင်းမို့ လဲနေသည့် နေရာသို့ ထိမှန်သွားပြီး ဆယ်မီတာလောက်ကျယ်ဝန်းသည့် တွင်းကြီး ဖြစ်သွားသည် ။ ဟောက်ရန်သာ အနားရှိပါက လေဟပ်ရုံဖြင့် ဒုက္ခိတ ဖြစ်သွားနိုင်သည် ။
" အ...အကိုမို့.."
ဟောက်ရန်က ကြောက်လန့်သွားပြီး တုန်ရီနေ၏ ။ မဟာသခင် အဆင့်၏ တိုက်ခိုက်မှုက ကြောက်စရာ ကောင်းလှပေသည် ။
" ပြေး.. ပြေး.. ဆရာတွေ ဆီကိုပြေး.. "
လင်းမို့သည် ဟောက်ရန်ကို တွန်းလွှတ်ပြီး ချက်ချင်းထွက်ပြေးတော့သည် ။
လေပေါ်မှ ကျစ်ထျန်းက ပြန်လှည့်မလာဘဲ ဆက်ကြည့်နေ၏ ။
" လင်းမို့က မသေသေးဘူးလား.."
ရီကျန့်က ထိတ်လန့်စွာ ကြည့်နေ၏ ။ သူ ချက်ချင်း လင်းမို့ထံသို့ ပြေးဝင်သွားသည် ။
" မင်းကိုမင်း ဘာကောင်ထင်နေတာလဲ.. "
လင်းမို့က လှောင်လိုက်ပြီး ရီကျန့်အား လက်သီးဖြင့် ဆီးထိုးလိုက်သည် ။
" ဖောင်း.. "
ရီကျန့် လာရာလမ်းအတိုင်း ပျံသန်းသွားပြီး ဆဲလ်အမြောက်အများ သေဆုံးကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည် ။
' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်အဆင့်လဲ ငါ ရှောင်လို့တောင် မရလိုက်ဘူး.. Black Earth ထက်တောင် သာနေတာပဲ.. '
လင်းမို့က ဆက်လက် ပြေးသည် ။ လေပေါ်မှ ရန်သူကို ရင်ဆိုင်ရမည်ဖြစ်၍ မြေတွင်းတူးရန် နေရာကောင်း ရှာနေခြင်းပင် ။ မြေကြီးအား စိတ်အာရုံ ဖောက်မဝင်နိုင်၍ မြေကြီးထဲ ဝင်ပြေးသည်က အသင့်တော်ဆုံးပင် ။
လင်းမို့သည် သင့်တော်ရာနေရာ ရှာတွေ့သွားပြီး လေးဘက်ကုန်း တူးတော့သည် ။ သေရေးရှင်ရေးဖြစ်သဖြင့် ရှက်ချိန်မရ ။
' မြေတူး ပြေးမလို့လား.. '
ကျစ်ထျန်း ရယ်ချင်သွား၏ ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဝါရောင် အဆောင် တစ်ရွက် ထွက်ပေါ်လာသည် ။ အဆင့် ၇ စိတ်ထိန်းချုပ်သူ မစ္စတန့်ယွင် ပြင်ဆင်ပေးလိုက်သော အဆောင်စာရွက်ပင် ။ မစ္စတန့်ယွင်က Black Earth အားသတ်ရန် စိတ်စွမ်းအင်အဆီအနှစ် တဝက်လောက် ထုတ်သုံးခဲ့ရသလို ဤအဆောင်စာရွက်ပြုလုပ်ရန် ကျန်တဝက်ကို ထုတ်သုံးခဲ့ရသဖြင့် ပြန်လည်သက်သာရန် နှစ်ပေါင်းများစွာ ကုသရတော့မည် ။
' ဒီအဆောင်က နေအလင်းအဆင့်ကို အေးဆေးသတ်နိုင်တယ်.. '
ကျစ်ထျန်းသည် သူ့နောက်တွင် မဟာသခင် ငါးယောက်လိုက်လာသဖြင့် ပြန်မလှည့်ရဲပေ ။
" သေလိုက်တော့.. "
ကျစ်ထျန်းက စိတ်အာရုံဖြင့် လင်းမို့အား ပစ်မှတ်ထား၍ အဆောင်ကို အသက်သွင်းလိုက်လျှင် အဆောင်က မီးတောက်လောင်ပြီး ပြာဖြစ်သွား၏ ။
" ဝှစ်..."
ပြာများက လျှပ်စီးမြွေအသွင်ပြောင်းသွားပြီး လင်းမို့၏ စိတ်ပင်လယ် အတွင်းသို့ ချက်ချင်းရောက်ရှိသွားသည် ။
" ဝုန်း.."
လင်းမို့၏ အသိစိတ်သည် အမှောင်ထုအတွင်း ကျရောက်သွားပြီး ခန္ဓာကိုယ်က ပျော့ခွေကာ မြေပေါ်လဲကျသွားသည် ။