ဘာလုပ်ရမလဲဆိုတာ ကျုပ်တို့ သိပါတယ်
Vol. 62 Ch. 927
စားသောက်ဆိုင်၏ ဝင်ပေါက်တွင် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသောညီညွတ်ခြင်း အဆင့်ရှိ ကျင့်စဉ်ကျင့်သူတစ်စု ရပ်နေကြ၏။ ထိုဝတ်ရုံများက သူတို့သည် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်းမှ ခေါင်းဆောင်တပည့်ဖြစ်သူ ရှဖုန်းယွဲ့က အရက်မူးနေသော မျက်နှာနှင့်
“ပိုင်ကွမ်းယု။ ခင်ဗျားတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက ဒီကို အကြောင်းမရှိပဲ ဘာကိစ္စ လာရတာလဲ။”
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ခေါင်းဆောင်တပည့်က ပြုံးလျက်
“ဒီစားသောက်ဆိုင်က ခင်ဗျားတို့ မြူခိုးမှော်ဂိုဏ်းအတွက် သီးသန့် မဟုတ်ဘူးလေ။ ဒါကြောင့် ခင်ဗျားတို့လူတွေ လာလို့ရရင် ကျုပ်တို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းကလူတွေက ဘာလို့ လာလို့မရရမှာလဲ။”
ထိုအခါ ရှဖုန်းယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ လူများနှင့် ဆက်လက် စကားပြောမနေတော့ပေ။
ထိုအခိုက်တွင် ပိုင်ကွမ်းယုက စားသောက်ဆိုင် စားပွဲထိုးအား
“မင်းတို့ ဆိုင်ရှင် ဘယ်မှာလဲ။ ငါတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက စားစရာမှာချင်လို့။”
စားပွဲထိုးက အလျင်အမြန် ခေါင်းညိတ် အရိုအသေပြုကာ
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့။ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ။ တတိယထပ်မှာ သီးသန့်ခန်းတွေ ရှိပါတယ်။”
ထိုသို့ ကြားသောအခါ ဒုတိယထပ်နှင့် မြေညီထပ်ရှိ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ မကျေမနပ်ဖြစ်သွားကြပြီး သူတို့ထဲမှ တစ်ဦးက
“သီးသန့်ခန်း ဟုတ်လား။ ဘာလို့ ငါတို့က အောက်ထပ်မှာ နေရပြီး သူတို့က အပေါ်ထပ်က သီးသန့်ခန်းကို တက်သွားရမှာလဲ။”
စားပွဲထိုးသည် အလျင်အမြန်ပင်
“တန်ခိုးရှင်တို့။ အပေါ်ထပ်မှာ သီးသန့်ခန်းတွေ အလုံအလောက် ရှိပါတယ်။ ဆရာတို့ သောက်ချင်တယ်ဆိုရင်လည်း အခန်းတစ်ခန်းမှာ ကြွရောက်သောက်သုံးနိုင်ပါတယ်။”
အစောကတည်းက မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် နေရာတစ်ခုလုံးကို ကြိုတင်ယူထားပြီးဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် သောက်စားနေကြခြင်း ဖြစ်၏။
သို့သော် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များလည်း ရောက်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ မြူခိုးမှော်ဂိုဏ်းသည် အခြားလူများကို မောင်းထုတ်နိုင်သော်လည်း တန်ခိုးရှင် တစ်သောင်းဂိုဏ်းကိုမူ ထိုသို့လုပ်၍ မရပေ။
သို့သော် တန်ခိုးရှင် တစ်သောင်းဂိုဏ်းသားများ အပေါ်ထပ်သို့ တက်၍ သူတို့၏ ခေါင်းပေါ်တွင် သောက်စားခွင့်တော့ မပြုနိုင်ပေ။ ထိုအရာက မြူခိုးမှော်ဂိုဏ်းကို အဆင့်နိမ့်သကဲ့သို့ ဖြစ်စေလိမ့်မည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ခေါင်းဆောင်တပည့် ပိုင်ကွမ်းယုက မြူခိုးမှော်ဂိုဏ်းမှ လူများကို အာရုံမစိုက်ပဲ သူ့လူများကို အပေါ်ထပ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ တတိယထပ်သို့ တက်သွားသည်ကို မြင်သောအခါ ရှဖုန်းယွဲ့က ညိုမှောင်သော မျက်နှာဖြင့်
“ငါတို့လည်း တက်မယ်။”
ချက်ချင်းပင် ရှဖုန်းယွဲ့ကလည်း မြူခိုးမှော်ဂိုဏ်းမှ တပည့်များကို တတိယထပ်သို့ ခေါ်ဆောင်သွားသည်။ မြူခိုးမှော်ဂိုဏ်းတွင် တပည့်များ ပိုများသောကြောင့် သီးသန့်ခန်းများထဲတွင် သူတို့အတွက် အနည်းငယ် ကျပ်တည်းနေမည်မှာ မလွဲဧကန်ပင် ဖြစ်၏။
အခြား ဧည့်သည်များ မရှိသော်လည်း ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ လူများစွာဖြင့် သီးသန့်ခန်းများထဲတွင်လည်း ဆူညံလာသည်။
မျက်နှာချင်းဆိုင် သီးသန့်ခန်းမှ ထွက်ပေါ်လာသော ဆူညံသံကို နားထောင်ရင်း ပိုင်ကွမ်းယု ခပ်ဖျော့ဖျော့ တစ်ချက်ပြုံးလိုက်၏။ ထိုအခိုက်တွင် စားသောက်ဆိုင် ဝန်ထမ်းတစ်ဦး သူထံသို့ ချဉ်းကပ်လာသည်။
ဝန်ထမ်းက မရိုကျိုး မထောင်လွှားသော အမူအရာဖြင့်
“တန်ခိုးရှင်တို့။ ဒါက ကျွန်တော်တို့ ဆိုင်ရှင်က ဆရာတို့အတွက် ပေးလိုက်တာပါ။”
စကားဆုံးသည်နှင့် ဝန်ထမ်းက စာရွက်တစ်ရွက်ကို ထုတ်ယူကာ ပိုင်ကွမ်းယုထံသို့ ပေးလိုက်သည်။ စားသောက်ဆိုင် ဆိုင်ရှင်တစ်ဦးက အဘယ်ကြောင့် သူ့အား လျှို့ဝှက်စာတစ်စောင် ပေးရသည်ကို နားမလည်စွာဖြင့် ပိုင်ကွမ်းယုလည်း စာကို လက်ခံလိုက်ကာ စာပါအကြောင်းအရာကို သိချင်စိတ် ဖြစ်လာသည်။
သို့သော် စာကို ဖွင့်ဖတ်လိုက်သည်နှင့် စာပါ အကြောင်းအရာ၏ အရေးပါမှုကို ပိုင်ကွမ်းယု ချက်ချင်း သဘောပေါက်သွား၏။
ဤခရီးစဉ်အတွက် သူတို့၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ ရှဧကရာဇ်နှင့် အဆက်အသွယ် ပြုလုပ်ရန် ဖြစ်သည်။ ရှဧကရာဇ်သည် မည်သူဖြစ်သည်ကို သူ မသိသော်လည်း ဧကရာဇ်၏ အဆင့်အတန်းက သူတို့၏ ဂိုဏ်းချုပ်ထက်ပင် သာလွန်သည်ကို သူ နားလည်သည်။
ရှဧကရာဇ်၏ အရှေ့တွင် သူတို့၏ ဂိုဏ်းချုပ်ပင်လျှင် သာမည ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်၏။ သူတို့ ဂိုဏ်းမှ မထွက်ခွာမီ သူတို့၏ ဂိုဏ်းချုပ်က သူ့အား ကိစ္စများစွာကို ကိုယ်တိုင် ရှင်းပြခဲ့သည်။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များကို နဂါးနက်မြို့သို့ ခေါ်ဆောင်လာပြီးနောက် မြူခိုးဒေသရှိ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အခြေအနေကို ဆွမ်ဧကရာဇ်ထံ အစီရင်ခံရန် ဖြစ်သည်။
ဝန်ထမ်းထံမှ စာကို ဖတ်ပြီးနောက် ပိုင်ကွမ်းယုလည်း သူ့ကိုယ်သူ တည်ငြိမ်အောင် လျင်မြန်စွာ ပြန်လည် ထိန်းသိမ်းလိုက်သည်။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ရှဧကရာဇ်၏ ဆက်သွယ်မှုကို လူအများ မသိသောကြောင့် စာ၏ စစ်မှန်မှုအပေါ်
ပိုင်ကွမ်းယု သံသယ မရှိခဲ့ပေ။
သို့သော် စားသောက်ဆိုင်တစ်ခုကို ကျပန်း ရွေးချယ်လိုက်ခြင်းက ဆွမ်ဧကရာဇ်၏ လျှို့ဝှက်နေရာများထဲမှ တစ်ခုသို့ အမှန်တကယ် ရောက်ရှိသွားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဧကရာဇ်၏ ဤကမ္ဘာအပေါ် ထိန်းချုပ်မှုသည် မယုံနိုင်လောက်အောင် အားကောင်းပုံရသည်။
ထို့နောက် ပိုင်ကွမ်းယုက ဝန်ထမ်းအား
“ဘာလုပ်ရမလဲဆိုတာ ငါတို့ သိပါတယ်လို့ မင်းတို့ ဆိုင်ရှင်ကို ပြောလိုက်။”
ချက်ချင်းပင် ဝန်ထမ်းက
“နားလည်ပါပြီ”
ထိုသို့ဆိုပြီးနောက် ဝန်ထမ်းလည်း လှည့်ထွက်သွား၏။
…….
တစ်ချိန်တည်းမှာပင်။
မျက်နှာချင်းဆိုင် သီးသန့်ခန်းထဲတွင်။
ရှဖုန်းယွဲ့နှင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် သီးသန့်ခန်းထဲတွင် ကျပ်ကျပ်တည်းတည်း ထိုင်နေကြပြီး အတော်လေး မကျေမနပ် ဖြစ်နေကြကာ မျက်နှာများညိုလျက် ရှိကြသည်။
စားသောက်ဆိုင် ရောက်နေသော မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ အရေအတွက်က အတော်များသဖြင့် တတိယထပ်ရှိ သီးသန့်ခန်းများကို တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ခွဲဝေလိုက်သောအခါ လူအလွန်ပြည့်ကျပ်သွားသည်။
ရှဖုန်းယွဲ့ ရှိနေသော သီးသန့်ခန်းပင်လျှင် အလွန်ကျပ်တည်းသည်ဟု ခံစားရ၏။ ထိုစဉ် သူ၏ဘေးရှိ တပည့်တစ်ဦးက
“အောက်ထပ်မှာ သောက်တာက ပိုကောင်းလိမ့်မယ်။ ဒီအပေါ်မှာ လူအရမ်းကျပ်တယ်။”
ရှဖုန်းယွဲ့ ရယ်မောကာ
“ဒီလောက်သေးတဲ့ နေရာကို နှစ်ပိုင်းခွဲလိုက်တော့ ကျပ်မှာပေါ့ကွ။”
ရှဖုန်းယွဲ့၏ စကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း သူ၏ စကားထဲ၌ ဝှက်ထားသော အဓိပ္ပာယ်ကို ခံစားလိုက်မိသည့်အလား အတွေးနက်သွားကြသည်။
ထိုအခိုက်တွင် စားပွဲထိုးတစ်ဦး ဝင်လာပြီး “ခဏစောင့်ပါ ဂုဏ်သရေရှိ ဧည့်သည်တော်တို့။ ဟင်းပွဲတွေကို ချက်ချင်း တည်ခင်းပေးပါ့မယ်။”
စားပွဲထိုး စကားမဆုံးမီမှာပင် ရှဖုန်းယွဲ့က ဓားတစ်ချောင်းကို စားပွဲထိုး၏ လည်ပင်းသို့ တိုက်ရိုက် ထောက်လိုက်ရာ စားပွဲထိုး ကြောက်လန့်တကြား ဒူးထောက်ကျသွားပြီး
“တန်ခိုးရှင်။ ဒါက ဘာသဘောပါလဲ။ ကျွန်တော် ဆရာတို့ကို မပြစ်မှားမိပါဘူး။”
ထို့နောက် ရှဖုန်းယွဲ့က အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာ စားပွဲထိုး၏ နားနားကပ်၍
“ဒီပစ္စည်းကို မျက်နှာချင်းဆိုင်က လူတွေရဲ့ အစားအသောက်ထဲကို ထည့်လိုက်။ မဟုတ်ရင်တော့ ဒီစားသောက်ဆိုင် ဆက်ရှိနေတော့မှာ မဟုတ်ဘူး”
ဟု တိုးတိုးလေး ပြောလိုက်သည်။
ထိုစကား ကြားသောအခါ စားပွဲထိုးလည်း တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်နှာတွင် ချွေးစေးများပြန်လာသည်။
“ဆရာ ဒါက…”
စားပွဲထိုး၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ရှဖုန်းယွဲ့က
“မင်း မလုပ်ဘူးဆိုရင် ငါ တခြားစားပွဲထိုးတွေကို ခိုင်းလို့ရတယ်။ သူတို့က ဒီအကူအညီကို ပေးဖို့ ဆန္ဒရှိကြလိမ့်မယ်လို့ ငါယုံကြည်တယ်။”
စားပွဲထိုးက လျင်မြန်စွာ ခေါင်းညိတ်ကာ
“ရပါတယ်။ ရပါတယ်။ ကျွန်တော် လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။”
ထို့နောက် ရှဖုန်းယွဲ့က ဓားကို စားပွဲထိုး၏ လည်ပင်းမှ ဖယ်လိုက်ပြီး
“ကောင်းပြီ။ သွားလုပ်တော့”
စားပွဲထိုးလည်း ရှဖုန်းယွဲ့၏ လက်ထဲမှ အထုပ်ကို ယူကာ တုန်တုန်ယင်ယင်ဖြင့် သီးသန့်ခန်းမှ ထွက်သွားသည်။
သို့သော် ထိုစားပွဲထိုး ထိုသီးသန့်ခန်းမှ ခြေတစ်လှမ်း လှမ်းထွက်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်မှ မူလက ကြောက်လန့်နေသော အမူအရာက အစကတည်းက ကြောက်ရွံ့ခြင်း မရှိခဲ့သကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်။
သိချင်စိတ် ဖြစ်လောသော ရှဖုန်းယွဲ့ဘေးမှ တပည့်တစ်ဦးက
“ရှအစ်ကိုကြီး။ အစ်ကိုကြီး စားပွဲထိုးကို ခုနက ပေးလိုက်တဲ့ ပစ္စည်းက ဘာလဲဗျ။”
ရှာဖုန်းယွဲ့သည် မထူးဆန်းသလိုဖြင့်
“ဘာမှမဟုတ်ပါဘူး။ စိတ်ဝိညာဉ်စွမ်းအား ဖိနှိပ်ဆေးထုပ်ပါ။”
ထိုသို့ ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း ရှဖုန်းယွဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်သော ပစ္စည်းအများစုသည် အရောင်နှင့် အနံ့ မရှိပေ။ သာမန်လူများ ၎င်းတို့ကို လုံးဝ မခွဲခြားနိုင်ပေ။ သို့သော် တစ်စုံတစ်ဦးသည် စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်သော အရာတစ်ခုခုကို စားသုံးမိပါက ကျင့်စဉ်စွမ်းအား အသုံးပြုနေစဉ်အတွင်း သူတို့၏ အတွင်းပိုင်း စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှု သိသိသာသာ နှေးကွေးသွားမည်ဖြစ်ပြီး သူ၏ စွမ်းဆောင်ရည်များကိုလည်း ကြီးမားစွာ ထိခိုက်စေမည် ဖြစ်သည်။
ပမာဏများများ စားသုံးမိပါက ထိုသူ၏ အင်အားတစ်ဝက်ကိုပင် ထုတ်သုံးနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ရှဖုန်းယွဲ့က အခြားတပည့်တစ်ဦးကို
“ အဲ့ဒီစားပွဲထိုးကို မင်းသွားပြီး စောင့်ကြည့်လိုက်။”
“ဟုတ်ကဲ့”
ထို့နောက် ထိုတပည့် သီးသန့်ခန်းမှ ချက်ချင်း ထွက်သွားသည်။
စားသောက်ဆိုင်ထဲတွင် အထူးကိုယ်ရံတော်များ ရှိနေ၏။ သူတို့အတွက် ပစ္စည်းတစ်ခုကို လဲလှယ်ခြင်းသည် အလွန် လွယ်ကူလှ၏။ ထိုသို့သော အလုပ်မျိုးက စိန်ခေါ်မှုတစ်ခုပင် မဟုတ်ပေ။
ထို့ပြင် ရှဖုန်းယွဲ့ စေလွှတ်လိုက်သော တပည့်သည် သူတို့မြူခိုးမှော်ဂိုဏ်း၏ အရှိန်အဝါကို အလွန်ယုံကြည်သူဖြစ်သည်။ သူတို့ရှေ့တွင် ဘယ်စားပွဲထိုးကမှ လှည့်ကွက်သုံးရဲလိမ့်မည်မဟုတ်ဟု မထင်သောကြောင့် သေသေချာချာ အနီးကပ် မစောင့်ကြည့်ခဲ့ပေ။ ဤသို့ဖြင့် ရှာဖုန်းယွဲ့ ပေးလိုက်သော ဆေးများသည် သူတို့ မသိလိုက်ပဲ သူတို့စားမည့် အစားအသောက်များထဲသို့သာ ရောက်ရှိသွားခဲ့တော့သည်။
ထိုအချိန်တွင် ရှဖုန်းယွဲ့နှင့် သူ၏ အဖွဲ့ကတော့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဟု ထင်နေကြဆဲ ဖြစ်သည်။
……
တစ်ချိန်တည်းမှာပင်။
ပိုင်ကွမ်းယု ရှိနေသော သီးသန့်ခန်းထဲတွင်။
စားပွဲထိုးတစ်ဦးသည် ဟင်းပွဲများကို ယူဆောင်လာပြီး ပိုင်ကွမ်းယုထံသို့ စာရွက်တစ်ရွက်ကိုလည်း ပေးလိုက်သည်။
ဖတ်ပြီးနောက် ပိုင်ကွမ်းယု၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးတက်သွား၏။ သူတို့ မြူခိုးမှော်ဂိုဏ်းကို စတင်လှုပ်ရှားရန် ပြင်ဆင်ခြင်းပင် မပြုရသေးမီ ထိုဂိုဏ်းမှ လူများက အရင် မငြိမ်မသက် ဖြစ်လာခဲ့ကြသည်။