← Chapters

အင်မော်တယ်အဆင့်ဇယားပေါ်မှ ပါရမီရှင်များ တိုက်ပွဲ

Vol. 3 Ch. 33

အင်မော်တယ်အဆင့်ဇယားပေါ်မှ ပါရမီရှင်များ တိုက်ပွဲ

Vol. 3 Ch. 33

ယနေ့သည် ကန့်သတ်မဲ့တိုက်ပွဲ၏ နောက်ဆုံးနေ့ဖြစ်ပြီး ကျောင်းသား လေးသောင်းကျော် တို့သည် ဒဏ်ရာကိုယ်စီဖြင့် ကျောက်စိမ်းဖြူ ရင်ပြင်တွင် စုစည်းလျက် ရှိကြသည်။

ထိုကျောင်းသားများသည် ထိုပြိုင်ပွဲတွင် ပါဝင်ပြီး ရှုံးနိမ့်ခဲ့ကြသူများ ဖြစ်သည်။

ရင်ပြင်တစ်ခုလုံးကို ကုသရေး မန္တန် ဝင်္ကပါကြီး တစ်ခုက လွှမ်းခြုံ ထားသည်။ ထိုမန္တန်ဝင်္ကပါမှ ကြွယ်ဝပေါများသည့် အသက်စွမ်းအင်များ ထုတ်လွှတ်လျက် ရှိနေပြီး ဒဏ်ရာ ရထားသည့် ကျောင်းသားများအား အဆက်မပြတ် ကုသပေးလျက် ရှိသည်။

ထို့အပြင် ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည့် ကျောင်းသား များအားလည်း ဆရာများက သက်ဆိုင်ရာ ကုသနည်း အလိုက် ကုသပေးလျက် ရှိနေသည်။

နေရာ ရွှေ့ပြောင်းခြင်း ခံရကာ အပြင်သို့ ရောက်လာချိန်တွင် အသက်ရှူနိုင် နေသေးသရွေ့ သေဆုံးမှာကို စိုးရိမ်စရာ မလိုတော့ဟု ပြောနိုင်ပေသည်။

ကျောက်စိမ်းဖြူ ရင်ပြင်ရှိ ကျောင်းသားများတွင် ရည်မှန်းချက် နှစ်ခုသာလျှင် ရှိကြသည်။ ပထမ တစ်ခုသည် ကုသခံယူရန် ဖြစ်ပြီး ကျန်တစ်ခုမှာ ကန့်သတ်မဲ့ ပြိုင်ပွဲ၏ နောက်ဆုံး တိုက်ပွဲကို ကြည့်ရှုဖို့ရန် ဖြစ်သည်။

ပေထောင်နှင့်ချီသည့် ဖန်သားပြင် တစ်ခုသည် ရင်ပြင် အထက်ရှိ လေပေါ်တွင် တန့်နေသည်။ ဖန်သားပြင်တွင်တော့ မည်သည့်အရာမှ ပြသခြင်း မရှိသေးချေ။

ထို့ကြောင့် ကျောင်းသားများသည် တက်ကြွစွာဖြင့် ဆွေးနွေးလျက် ရှိနေကြသည်။

“ဒီဖန်သားပြင်က ဘယ်လိုဖြစ်ပြီး အခုထိ ဘာမှမပြသေးတာလဲ …”

“စိုးရိမ်မနေနဲ့ … နောက်ဆုံးကျန်တဲ့ ကျောင်းသား ၂၀၀ရဲ့ တိုက်ပွဲကိုမှ ပြမှာလေ … ပြီးခဲ့တဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ နောက်ထပ် လေးနာရီလောက် စောင့်ရဦးမှာဗျာ …”

“ဟိဟိ … နယ်နိမိတ် စည်းတွေက တဖြည်းဖြည်း ကျုံ့လာနေပြီ … တောင်ထွတ် တစ်ထောင် တောအုပ်ရဲ့ စတုရန်းမိုင်တစ်ရာ ပတ်လည်ရှိတဲ့ နယ်ပယ်ကနေ သုံးစတုရန်းမိုင် နယ်ပယ် ဖြစ်တဲ့အထိ ကျုံ့သွားမှာ … အချိန်ကျပြီ ဆိုရင်တော့ တိုက်ပွဲတွေက သေချာပေါက်ကို ပြင်းထန်တော့မှာ …”

“ဒီနှစ်ရဲ့ အင်မော်တယ်အဆင့် ဇယားမှာ ဘယ်သူက ထိပ်ဆုံးမှာ ရှိနေမယ်လို့ ခင်ဗျားတို့ ထင်သလဲ …”

“သေချာပေါက် ဝမ်ရွှမ်ကျန့်ပဲပေါ့ … သူတတိယ နှစ်မှာတောင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံး အဆင့်ကို ရောက်နေပြီလေ … အဲတုန်းက အင်မော်တယ် အဆင့် ဇယားရဲ့ ထိပ်ပိုင်းမှာ ရှိခဲ့တယ် မဟုတ်လား … အခု တစ်နှစ် ကုန်သွားပြီ ဆိုတော့ သူက ပိုပြီး အင်အားကြီးလာဖို့ပဲ ရှိတော့တယ် … အဲတော့ သူကလွဲ တခြားသူ ဘယ်သူမှ မဖြစ်နိုင်ဘူး …”

“ကျုပ်ကတော့ ယန်ချန်းဝူပဲလို့ ခံစားမိနေတယ်ဗျ … သူကလည်းပဲ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံး အဆင့်မှာလေ … ပြီးခဲ့တဲ့ အင်မော်တယ်အဆင့် ဇယားမှာတုန်းက ဝမ်ရွှမ်ကျန့်ကို ရှုံးနိမ့်ပြီး အဆင့်သုံး ဖြစ်ခဲ့တာ … အခု သူက နောက်ဆုံးနှစ် ရောက်နေပြီဆိုတော့ သေချာပေါက်ကို နံပါတ်၁ ဖြစ်ဖို့ ကြိုးစားမှာပဲ …”

“ဟွန့် … ကျုပ်ကတော့ နတ်ဘုရားမလေး လျှိုပဲဗျို့ … သူမရဲ့ လှုပ်ရှားမှုတွေက အရမ်းကို ထူးဆန်းပြီး မှင်တက်စေတယ် … သူမက အံ့ဩဖွယ် ဖြစ်ရပ်တွေကို လုပ်ပြလိမ့်မယ် …”

***

ကျောက်စိမ်းဖြူ ရင်ပြင်တွင် လူပေါင်းများစွာက ဆွေးနွေး နေကြသည်။ တောင်ထွတ် တစ်ထောင် တောအုပ် အတွင်းတွင် ပြင်းထန် ရက်စက်သော သွေးသံရဲရဲ တိုက်ပွဲများ စတင်နေပြီ ဖြစ်သည်။

အပြာရောင် မန္တန်ဝင်္ကပါသည်လည်း ဆက်လက်ကျုံ့နေပြီး ကျန်ရှိနေသည့် ကျောင်းသားများသည် တိုက်ပွဲ ကွင်းပြင်၏ ဗဟိုချက်ဖြစ်သည့် အင်မော်တယ် မင်းကြီး တောင်ထွတ်သို့ ဦးတည်လျက် ရှိနေကြသည်။ ကျောင်းသားများအကြား တိုက်ပွဲ များသည်လည်း အချိန်နှင့်အမျှ ပြင်းထန်လျက် ရှိသည်။

ကောင်းကင်တွင်တော့ ခွေးတစ်ကောင်ကို စီးနင်းထားသည့် အန်လင်းသည် ခြေကုန် လက်ပန်းကျသည့်ပုံ ပေါ်နေသည်။

သူက တစ်နေ့တည်းမှာပင် ပြင်းထန်သည့် တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ ခဲ့ရသည်။ သူကျော်လွှားခဲ့သည့် အားအနည်းဆုံး ကျောင်းသားသည် တာအိုခန္ဓာ အဆင့်၁၀ ဖြစ်ပြီး အသန်မာဆုံးသည် ပြီးခဲ့တဲ့ အင်မော်တယ် အဆင့်ဇယားတွင် နံပါတ်စဉ် ချိတ်ခဲ့သူ ဖြစ်သည်။

သူတို့နှစ်ယောက်သာ အဖွဲ့ဖွဲ့ပြီး ပြိုင်ဘက်တွေကို မတိုက်ခိုက်ခဲ့ဘူး ဆိုရင် ရှေးပဝေသဏီ လောက်ပင် တိုက်ပွဲပြင်ပသို့ တည်နေရာ ရွှေ့ပြောင်း ခံနေရပြီး ဖြစ်သည်။

အန်လင်းက စနစ်ကို ကြည့်လိုက်သည်။ တာအိုခန္ဓာ အဆင့်၉သို့ ရောက်ရှိပြီးသည့် နောက်တွင်တော့ ‘ကျင့်ကြံခြင်း အခြေခံ’ ကဏ္ဍ၏ စစ်ဆင်ရေး များသည် ပိုပိုပြီး အဓိပ္ပာယ် ကင်းမဲ့လာသည်။

“တာအိုခန္ဓာ ဒသမအဆင့် … သတ်မှတ်ချက်: စနစ်မှ ထောက်ပံ့ ပေးထားသည့် ကျင့်ကြံခြင်း နည်းစနစ် သုံးမျိုးတွင် ကျွမ်းကျင်ရမည် …”

‘ကျင့်ကြံခြင်း နည်းစနစ်’ ကဏ္ဍ၏ သွင်ပြင်သည် အသစ်ဖြစ်နေပြီး လေအမျိုးအစား ကျင့်ကြံခြင်း နည်းစနစ် အသစ်တစ်မျိုး ရောက်ရှိနေသည်။

“အဆင့်၁ လေစိတ်ဝိညာဉ် … သတ်မှတ်ချက်: ပေတစ်သိန်း အမြင့်ရှိ ချောက်ကမ်းပါးမှ တစ်ကြိမ်ခုန်ချပါ …”

လျှပ်စီးပစ်ခတ်ခြင်း ခံဖို့ရန် လိုအပ်သည့် မိုးကြိုးလျှပ်စီး အမျိုးအစား ကျင့်ကြံခြင်း နည်းစနစ်ကိုပါ ထည့်သွင်း တွက်ချက်မည် ဆိုလျှင် ကျင့်ကြံခြင်း နည်းစနစ် သုံးမျိုး ရှိလာပြီ ဖြစ်သည်။

ဆိုလိုသည်မှာ အန်လင်းတွင် အသက် သုံးချောင်း ရှိပါက စနစ်ကို မှီခိုပြီး တာအိုခန္ဓာ အဆင့်၁၀သို့ ချိုးဖြတ် ဝင်ရောက်နိုင်မည် ဖြစ်သည်။

အိုး … နောက်ထပ် ကျင့်ကြံခြင်း နည်းစနစ် တစ်မျိုး ရှိနေပါရော့လား …။ နတ်ဘုရား အမျိုးအစားတွင် ဖြစ်သည်။

“နတ်ဘုရားခွန်အား … သတ်မှတ်ချက်: လူတစ်သောင်း၏ အရိုအသေပြုခြင်းကို လက်ခံရမည် …”

အန်လင်း၏ လက်ရှိ အနေအထားနှင့်ဆိုလျှင် ကောင်းကင်ဘုံသို့ တက်ရောက်ရန် ကြိုးစားသည့်နည်းတူ ခက်ခဲပေလိမ့်မည်။

သတ်မှတ်ချက်က ‘လူတစ်သောင်း၏ အထင်သေးခြင်းကို ခံရမည်’သို့ ပြောင်းလဲသွားမည် ဆိုလျှင် ထိုအချက်နှင့် ပတ်သက်ပြီး သူက အနည်းငယ် ယုံကြည်ချက် ရှိပေသည်။

သူက စနစ်နှင့် ပတ်သက်သည့် အရာများအား တွေးတောနေခြင်းမှ ရပ်တန့်လိုက်ပြီး မျက်လုံးများကို မြေပြင်သို့ ကြည့်ကာ တိုက်ခိုက်ရန် သားကောင်ကို ရှာလျက်ရှိသည်။

ဘုန်း …

မီးလျှံဓားချက်သည် လေကိုဖြတ်ကာ မြေပြင်ကို အက်ကွဲ စေသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ လွင့်ပျံလာကာ ကြီးမားသည့် ပျက်စီးမှုများ ဖြစ်ပေါ်စေသည်။

“စွမ်းအင်တွေက မတည်မငြိမ် ဖြစ်နေလိုက်တာ … အင်မော်တယ်အဆင့် ဇယားက ပါရမီရှင်တွေရဲ့ တိုက်ပွဲပဲ ဖြစ်ရမယ် … ပြီးတော့ အဆင့်မြင့်ပိုင်းတွေ နေမယ် … သွားကြည့်ကြရအောင် …”

အန်လင်းက စိတ်လှုပ်ရှားစွာဖြင့် တပိုင်ခေါင်းကို ပုတ်လိုက်ပြီးနောက် တိုက်ပွဲရှိရာသို့ ပျံသန်း သွားကြသည်။

နီးကပ်လာသည်နှင့်အမျှ တိုက်ခိုက်နေသည့် နှစ်ယောက်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

“စုရှောင်လန် …” အန်လင်းက တိုက်ခိုက်နေသူ နှစ်ယောက် အနက်မှ တစ်ယောက်အား မြင်လိုက်သည့်အခါ အလိုလို အော်မိလျက်သား ဖြစ်သည်။

အဝေးမှပင် ထိုရင်းနှီးနေသည့် ပုံရိပ်လေးကို သူက မှတ်မိနေသည်။

စုရှောင်လန်သည် ဓားနှင့် ပတ်သက်၍ အလွန် ပိုင်နိုင်လှသည်။ တိုက်ခိုက်နေစဉ် အတွင်း သူမ၏ ကောင်းကင် ဇာမဏီနတ်ဘုရား သွေးဆက်ကို သူမ၏ ဓားနည်းစနစ်နှင့် ပေါင်းစပ် အသုံးပြုလိုက်သည့်အခါ စွမ်းအားသည် အံ့အားသင့်လောက်အောင် တိုးမြင့်သွားသည်။

ဓားကို ဝှေ့ယမ်း လိုက်သည့်အခါ သန့်စင်သည့် မီးလျှံများ ပေါက်ကွဲ ထွက်လာပြီး သူမအား ကောင်းကင်ဇာမဏီနှင့် သဏ္ဍာန်တူစေသည်။ ခမ်းနားကြီးကျယ်ကာ မြင့်မြတ်သည့် ဟန်ပန်သာမက အံ့ဩတုန်လှုပ်ဖွယ် စွမ်းအားကိုပါ ပိုင်ဆိုင်ထားသည်။

စုရှောင်လန် စွမ်းအားကြီးပေမဲ့လည်း သူမပြိုင်ဘက် သည်လည်း အားနည်းသူ မဟုတ်။ သူမပြိုင်ဘက်သည် ဓားနှစ်လက်ကို ဝှေ့ယမ်းနေပြီး သန်မာကြံ့ခိုင်သူ ဖြစ်သည်။

သူ့ဓားများက ကခုန်နေသကဲ့သို့ ဖြစ်ကာ ဓားကွန်ချာများ ဖြစ်ပေါ်လာပြီး စုရှောင်လန်၏ တိုက်ခိုက်မှု များကို ကာကွယ် တားဆီးလိုက်နိုင်သည်။

ထိုမျှသာမက စုရှောင်လန်၏ အားနည်းချက် ကိုလည်း တွေ့ရှိကာ ကြောက်မက်ဖွယ် ကောင်းအောင် ထိုးစစ်ဆင်လျက် ရှိနေသည်။

တိုက်ပွဲက အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်သည်။ စုရှောင်လန် အနိုင်ရရှိ ခဲ့လျှင်တောင် သေချာပေါက် ခက်ခဲကြမ်းတမ်းသည့် နိုင်ပွဲ ဖြစ်ပေလိမ့်မည်။ သူမဒဏ်ရာ ရရှိဖို့ရန်လည်း သေချာသလောက်ပင်။

အန်လင်းမှာ သူငယ်ချင်းဖြစ်သူ ဒဏ်ရာ ရမည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရင်း အလွန်သောက ရောက်လျက်ရှိသည်။

“အန်လင်း … ဟိုနားကို ကြည့်စမ်း …”

တပိုင်က ရုတ်တရက် အော်လိုက်ပြီး သူ့အသံတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ အပြည့်နှင့် ဖြစ်သည်။

အန်လင်းက အသိပြန်လည် လာပြီးနောက် တပိုင် ညွှန်ပြသည့် နေရာအား ကြည့်လိုက်သည်။ ထိုနေရာတွင် လူတစ်ယောက် ရှိနေသည်။

ထိုလူသည် အတော်လေး အပုန်း တော်လွန်းသည်။ သူ့တည်ရှိမှုကို အသေးငယ်ဆုံး အဆင့်အထိ ဖိနှိပ် ထားနိုင်သည်။ ထို့အပြင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းစပ် ထားနိုင်သည်။

တပိုင်၏ စူးရှသည့် အမြင်နှင့် ကောင်းကင်ပေါ်မှ ရှာဖွေမှုကြောင့်သာ မဟုတ်ခဲ့လျှင် ထိုလူအား ရှာတွေ့ဖို့ရန် မဖြစ်နိုင်ပေ။

ထိုလူသည် စုရှောင်လန်၏ တိုက်ပွဲအား တိတ်တဆိတ် အကဲခတ်နေခြင်း ဖြစ်ပြီး သူ့ရည်ရွယ်ချက်မှာ ထင်ရှားလျက် ရှိသည်။

“သိပ်ကောင်းတယ် … သူက ကောက်စား အကွက်ကို သုံးချင်နေတာပဲ … ကောက်စား အကွက်ရဲ့ ဘိုးဘိုးအန်က ဒီမှာရောက်နေတာကို ဒီကောင် မသိဘူးလား …” (ဒီနေရာကစပြီး တစ်ချက်ထိုးကို ကောက်စားလို့ ပြောင်းလိုက်ပြီနော် …)

အန်လင်း၏ မျက်လုံးထဲတွင် ဒေါသများ တောက်လောင် လာသည်။ ထိုတိုက်ပွဲ အပြီးတွင် စုရှောင်လန် ဒဏ်ရာရမည်ကို သိနေသဖြင့် သူက အတော်လေးကို မပျော်မရွှင် ဖြစ်နေရသည်။

ဒီကောင်က တကယ်ကြီး ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြံစည်နေတာပဲ … သူ့အစီအစဉ်က ဒဏ်ရာရနေတဲ့ စုရှောင်လန်ကို တိုက်ခိုက်ဖို့လား …

“ဒီကောင်ကို ငါတို့နှစ်ယောက်ပေါင်း စွမ်းအားလေး ပြလိုက်ကြရအောင် … ဝုတ် …”

တပိုင်က တိုက်ပွဲတောင်းနေပြီ ဖြစ်ပြီး တိုက်ခိုက်ဖို့ရာ ရွစိတက်နေပြီ ဖြစ်သည်။

***

ကျောက်စိမ်းဖြူရင်ပြင် …

ဧရာမ ကျောက်သား မျက်နှာပြင်ပေါ်တွင် ပုံရိပ်များက စတင်ပေါ်လာပြီ ဖြစ်သဖြင့် ရင်ပြင်ရှိ အခြေအနေသည် ချက်ချင်း ဆိုသလို အလွန်အမင်း စိတ်လှုပ်ရှား လာကြသည်။

မျက်နှာပြင်ကို အကွယ်များစွာ ပိုင်းခြားလိုက်ပြီး မတူညီသည့် တိုက်ပွဲများကို ပြသနေသည်။

“မြန်မြန်ကြည့်စမ်း … ယန်ချန်းဝူနဲ့ လောင်ချန်းလုံ တို့ရဲ့ တိုက်ပွဲဟ …”

“ဘယ်သူက အဲဒါကို စိတ်ဝင်စားမှာတုန်း … အင်မော်တယ်အဆင့် ဇယားရဲ့ အဆင့်၃နဲ့ အဆင့်၃၆လေ … အသိသာကြီးကို …”

“ဟမ့် … ထင်တဲ့အတိုင်းပဲ ရှုံးသွားပြီမလား …”

သူပြောပြီးသည့် အချိန်မှာပင် ယန်ချန်းဝူ၏ တိုက်ပွဲမှာ ပြီးဆုံးသွားသည်။

ကျောင်းသား ထောင်ပေါင်းများစွာက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်များကို ကြည့်ရင်း ဆွေးနွေးလျက် ရှိနေကြသည်။

လူတချို့သည် တချို့ တိုက်ပွဲများကို သတိပြု မိလိုက်ကြသည်။

“မြန်မြန် ကြည့်လိုက် … ဓားနှစ်လက်ကိုင်ထားတဲ့ လူက အဆင့်၂၉ ချုံးရှ မဟုတ်လား … သူနဲ့တိုက်နေတဲ့ အမျိုးသမီးက ဘယ်သူလဲ … သူမကို မမြင်ဖူးပါဘူး …”

ထိုအချိန်မှာပင် စပ်စပ်စုစုရှိသည့် ကျောင်းသား တစ်ယောက်က “သူမက ဒီနှစ် လူသစ်တွေထဲက တစ်ယောက်လေ … စုရှောင်လန်တဲ့ …”

“တကယ်ကြီးလားဟ … သူမက ကျောင်းသူသစ်ပေါ့ …”

အံ့ဩတကြီး အော်ဟစ်သံများက ရင်ပြင်မှ ထွက်ပေါ် လာသည်။ ကျောင်းသူ အသစ်သည် အင်မော်တယ် အဆင့်ဇယား၏ အဆင့်၂၉တွင် ရပ်တည်နေသည့် ပါရမီရှင်ကို အမှန်တကယ်ကို ရင်ဆိုင် နေနိုင်သည်မှာ အလွန် အံ့ဩစရာ ကောင်းလွန်းသည် မဟုတ်ပါလား။

စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် အလွန်အမင်း ပါရမီမြင့်သည့် နှစ်ယောက်မှ လွဲကာ သူမ၏ ခွန်အားသည် ကျောင်းသား အသစ်တွေထဲ ထိပ်တန်းအဆင့်မှာ ရှိနေသည်။

ထိုလူတို့သည် လှပပြီး စွမ်းအားကြီးသည့် မိန်းမပျိုလေးကို မှတ်ဉာဏ်ထဲတွင် စွဲထင်လျက် ရှိကြသည်။ သူမသည် ကျောင်းတော်၏ ကြယ်ပွင့်သစ်ကလေး ဖြစ်လာမည်ပင်။ နောင်လာမည့် နှစ်များတွင် သူမသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ သေချာပေါက် ချိုးဖြတ် ဝင်ရောက် သွားနိုင်လိမ့်မည်။

ထိုအချိန်မှာပင် တိုက်ရိုက် ပြသသည့် ဖန်သားပြင်တွင် အကွက်တစ်ခု ပေါ်လာသည်။ နောက်ထပ် တိုက်ပွဲတစ်ပွဲ စတင်တော့မည် ဖြစ်သည်။

တိုက်ပွဲအသစ် စတင်သည့် အခါတွင် လူအများစု၏ အကြည့်များကို ဆွဲဆောင် ထားနိုင်သည်။

တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသည့် ကျောင်းသားများသည် သူတို့၏ အကြည့်ကို တိုက်ပွဲအသစ် ပြသမည့် အကွက်ဆီသို့ ပို့ထားကြသည်။

ဆူညံနေသည့် ရင်ပြင်သည် ကြောက်မက်ဖွယ် ကောင်းအောင် တဖြည်းဖြည်း တိတ်ဆိတ် သွားသည်။

ကျောင်းသား တစ်ယောက်ပြီး တစ်ယောက်သည် သူတို့၏ အာရုံကို တိုက်ပွဲ အသစ်ထံ ပို့လွှတ်ထားပြီး အားလုံးသည် ထူးခြားသည့် အမူအရာများ ဖြစ်လာကြသည်။

တချို့သည် အလွန်အံ့အားသင့်လျက်၊ တချို့သည် ကြောင်အလျက်၊ အချို့မူကား မယုံနိုင်စွာဖြင့် မျက်လုံးများကို ဆက်တိုက် ပွက်လျက်…။

တိုက်ပွဲသည် အလွန်ကို ထူးဆန်းလွန်းသည်။

သူတို့ မြင်လိုက်ရသည်မှာ  ကြီးမားသည့် ခွေးဖြူကြီး တစ်ကောင်သည် အင်မော်တယ် အဆင့်ဇယားပေါ်ရှိ အဖွဲ့ဝင် တစ်ဦးပေါ်တွင် ထိုင်ကာ ရက်စက်သည့် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

ကြီးမားသည့် သူ့ခြေဖဝါး များသည် ထိုပါရမီရှင်၏ လက်များကို မြဲမြံစွာ ချုပ်ထားသည်။

ထိုပါရမီရှင်မှာ လှုပ်ရှား၍ မရနိုင်သဖြင့် မျက်နှာတွင် ထိတ်လန့်သည့် အမူအရာများ ပေါ်နေသည်။

အခြား တစ်ယောက်မှာမူကား … သူ့လက်သီးများသည် ထိုပါရမီရှင်၏ မျက်နှာပေါ်သို့ မိုးစက်များသဖွယ် အရှိန်အဟုန်ဖြင့် ကျရောက်လျက် ရှိနေသည်…။

***

All Chapters