← Chapters

မျှော်လင့်ချက် ကင်းမဲ့ခြင်းအလယ်

Vol. 57 Ch. 785

မျှော်လင့်ချက် ကင်းမဲ့ခြင်းအလယ်

Vol. 57 Ch. 785

စိမ်းဖျော့ဖျော့ အငွေ့များသည် လေနှင့်အတူ လွင့်စင်သွားပြီး သင်္ဘောနှစ်စင်းနှင့်ကုန်တင်သင်္ဘောကို ဖုံးအုပ်ထားသည့် ပိုမိုကြီးမားသော ဧရိယာဆီသို့ ပျံ့နှံ့သွားသည်။ ဝမ်ယွီက အချိန်မီ သတိပေးခဲ့သော်လည်း တိုက်ပွဲဝင်အချို့သည် အသက်မအောင့်လိုက်နိုင်ဘဲ စိမ်းဖျော့ဖျော့ အဆိပ်ငွေ့အချို့ကို ရှူရှိုက်မိသွားကြသေးသည်။

အဟွတ် … အဟွတ် … အဟွတ် ...

အေးစက်နေသော ဓါးသွားများ ရိပ်ကနဲ ရိပ်ကနဲ လက်သွားပြီး အသွေးအသားများသည် အရပ်မျက်နှာတိုင်းကို ပျံ့လွင့်သွားခဲ့သည်။

တစ်မိနစ်သာသာတွင် လူ ၂၀လောက်ရှိသော ဝမ်ယွီ၏အဖွဲ့သည် ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူ၏ စွမ်းအားကြီးသော ညာလက်ရုံးသည်ပင် ပြင်းထန်စွာ ဒဏ်ရာရပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားရသည်။

ဗီဗီယန်နီ၏ပြာလဲ့လဲ့မျက်လုံးများအတွင်း၌ အမုန်းတရားများ တောက်ပနေပြီး အံကို တင်းတင်းကြိတ်ထားသည်။ အနက်ရောင် ဝတ်စုံဝတ်ထားသော လူနှစ်ယောက်အား သူမ၏မျက်ဝန်းများက စူးစိုက်ကြည့်နေသည်။ သူမ သက်သာလာပြီးနောက် ၂၀ရာခိုင်နှုန်းခန့်သာ စွမ်းအား ပြန်လည်ရသေးသဖြင့် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ဤလူနှစ်ယောက်၏ တရကြမ်းတိုက်ခိုက်မှုအောက်တွင် သူမသည် အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်နေသည်။

"မြင့်မြတ်အလင်း …  တောက်ပသွေး …"

သူမ ရုတ်ခြည်းပင် နောက်ပြန်ဆုတ်သည်။ သူမ၏ နောက်ကျောသည် အခန်းနံရံကို မှီမိသွားချိန်တွင် သူမ၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုအပြည့် ရှိနေသည်။ ချွန်ထက်သော ဓားမြှောင်ဖြင့် သူမ၏လက်ချောင်းကို ပြတ်ရှရာတစ်ခု ပေးလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ မှုန်ရီသော နို့နှစ်ရောင် ပျံ့ နှံ့လာကာ တစ်ဆက်တည်း ဒီရေတစ်ခုသဖွယ် သွေးကြိုးတစ်ချောင်း ပေါ်ထွက်လာပြီး ပတ်ပတ်လည်တွင် နို့ နှစ်ရောင်အလင်းတန်းတို့ ဖြာထွက်သွားတော့သည်။

တောက်ပသွေးအလင်းသည် ကြီးမားသည့် ပိုက်ကွန်တစ်ခုသဖွယ် ချက်ချင်းပင် ဝေ့ဝိုက်ကာ အနက်ရောင် ဝတ်စုံဝတ်ထားသော လူနှစ်ယောက်၏မျက်နှာများအား ပိတ်မိသွားစေသည်။ သည်အချိန်မှာပင် သူမ၏လက်များအား အပြင်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူနှစ်ယောက်သည် ကွက်ကနဲ မျက်နှာပျက်သွားသည်။ ဖြူဖျော့နေသော မျက်နှာများဖြင့် သူတို့သည် အတွင်းထဲသို့ ချုပ်နှောင်ခံမည့်အစား နောက်ပြန်ဆုတ်ရန် ကြိုးစားကြသည်။ သို့သော် နောက်အခိုက်အတန့်တွင် နီမြန်းသော မြင့်မြတ်အလင်းရောင်၏အထက်တွင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက် အသက်ရှုချိန်များစွာအတွင်း လောင်ကျွမ်းသွားခဲ့သည်။

လေထုထဲတွင် ရှိနေသော ကျိချွိမိန်၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် အံ့အားသင့်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အရှင် … ဗီဗီယန်နီမိန်းကလေးက တောက်ပတဲ့ တောင်ပံမျိုးနွယ်စုရဲ့မြင့်မြတ်အလင်းသွေးပညာရပ်ကို အသုံးပြုနေတယ်။ အဲ့ဒီမြင့်မြတ်အလင်းသွေးပညာရပ်က သူတို့ရဲ့သွေးအဆီအနှစ်နဲ့ အသက်စွမ်းအားကို အသုံးပြုရတာမို့ တားမြစ်ထားတဲ့ ပညာရပ်တွေထဲက တစ်ခုပဲ။ သွေးအဆီအနှစ်နဲ့ အသက်စွမ်းအားကို လောင်ကျွမ်းစေတဲ့အတွက် ရန်သူအတွက်ရော အသုံးပြုသူအတွက်ရော အတော်ဆိုးရွားတယ်။ ဒီပညာရပ်ကို အသုံးပြုခြင်းရဲ့ အရေးကြီးဆုံးအချက်က လူတစ်ယောက်ရဲ့အသက်ကို ကုန်ဆုံးစေတာပဲ။”

"မင်း ဆိုလိုတာက ဗီဗီယန်နီရဲ့ဘဝအစစ်အမှန်ကို မင်း ဆုံးဖြတ်ထားပြီးပြီပေါ့"။

ထန်ရှု မျက်ခုံးတွန့်သွားကာ မေးလိုက်သည်။

“သူမက ကမ္ဘာမြေပေါ် ဆင်းသက်နေထိုင်လာတဲ့ အင်မော်တယ်ကမ္ဘာက တောက်ပတောင်ပံ မျိုးနွယ်စုဝင်တစ်ဦးလား ဒါမှမဟုတ် ကမ္ဘာပေါ်က သီအိုရီအရ သူမက လူပြန်ဝင်စားပြီး သူမရဲ့သွေးမျိုးစက်နဲ့ အသိဉာဏ်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တာလား။”

“ဖြစ်နိုင်ချေတွေပါပဲ အရှင်။” ကျိချွိမိန်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

"ဒါပေမယ့် အင်မော်တယ်ကမ္ဘာက တောက်ပတောင်ပံ မျိုးနွယ်စုဝင်တစ်ယောက်အတွက် ကမ္ဘာမြေပေါ် ဆင်းသက်ချင်တယ်ဆိုရင်  သူမ ဒါမှမဟုတ် သူ့မှာ အတော်ကြောက်စရာကောင်းတဲ့ ခွန်အားရှိရမယ်။ အနည်းဆုံးတော့ ရွှေအင်မော်တယ်အဆင့်ပဲ။ ဒါပေမယ့် ငါသိသလောက်တော့ ပြီးပြည့်စုံတဲ့ တောက်ပတောင်ပံ မျိုးနွယ်ထဲမှာ ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားတဲ့သူတစ်ယောက်မှ မရှိသေးဘူး။ ရွှေအင်မော်တယ်အဆင့်ကို ရောက်ရုံလေးပဲ ရောက်သွားတဲ့သူ အနည်းအကျဉ်းပဲ ရှိတယ်။”

"ကြည့်ရတာ ဗီဗီယန်နီရဲ့ဘိုးဘေးက ရွှေအင်မော်တယ်အဆင့်ကို ရောက်ခဲ့တယ်ထင်တယ်။" ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။

“ဆိုတော့ သူမမှာ အရည်အချင်းကောင်းရှိပြီး လူသားသွေးလည်း ရှိတယ်။ သူမသာ ကောင်းစွာ ကျင့်ကြံလိုက်မယ်ဆိုရင် အနာဂတ်တစ်ချိန် ရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်ခြေ မြင့်မားတယ်။ ဒါပေမယ့် ငါ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ဗီဗီယန်နီသာ အင်မော်တယ်ကမ္ဘာကို တက်သွားတာနဲ့ သူ လူဝင်စားခဲ့တဲ့ မှတ်ဉာဏ်ကို ပြန်လည်ရဖို့ အလားအလာ များတယ်။ အရင်ဘဝက ကျင်ကြံမှုအတွေ့အကြုံအပေါ် အခြေခံပြီး ပြီးပြည့်စုံတဲ့ ရွှေအင်မော်တယ်အဆင့်လည်း ရောက်သွားနိုင်တယ်။”

"သူ့ကို အရှင့်ရဲ့လက်အောက်ခံတစ်ယောက်အဖြစ် စုဆောင်းချင်လို့လား။"

ကျိချွိမိန်က ထူးဆန်းသော အမူအရာဖြင့် မေးသည်။

"ငါ့မှာ အဲ့ဒီအကြံရှိတယ်။"

ထန်ရှု ခေါင်းညိတ်သည်။

“အဲ့ဒါဆိုရင် အရှင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုမယ်။ ငါတို့တွေ အင်မော်တယ်ကမ္ဘာကို ပြန်လာတဲ့အခါ တောက်ပတောင်ပံ မျိုးနွယ်စုတစ်ခုလုံးကို အရှင့်ရဲ့ကာကွယ်မှုအောက်ထဲ ထည့်ထားရလိမ့်မယ်။” ကျိချွိမိန်က ပြောလိုက်သည်။

ထန်ရှုက ပေါ့ပေါ့ပါးပါး ရယ်ပြီး

“ငါ့ရဲ့ အကာအကွယ်အောက်မှာ တောက်ပတောင်ပံ မျိုးနွယ်စုကို ထားရတာ ဘာကြောင့် ပြဿနာတစ်ခု ဖြစ်စရာရှိလဲ။ ဒါက အသေးအဖွဲကိစ္စလေးတစ်ခုပဲလေ။"

"အရှင့်ရဲ့ကာကွယ်မှုအောက်မှာ တောက်ပတောင်ပံ မျိုးနွယ်စုကို ထားတာက အရှင့်ရဲ့စွမ်းရည်နဲ့ဆို  သဘာဝအတိုင်း လွယ်ကူတဲ့ကိစ္စပါ။" ကျိချွိမိန်က အပြုံးဖြင့် ဆိုလိုက်သည်။

"ဒါဆိုရင် သူမကို ကယ်တင်ဖို့ အခုပဲ လုပ်ဆောင်တော့မှာလား။"

ထန်ရှုက ခေါင်းခါပြပြီး

“မလုပ်သေးဘူး..။ လူတွေက ရေနစ်ပြီး အကယ်ခံရတဲ့အခါ အရမ်းကို ကျေးဇူးတင်ကြမယ်။ ဥပမာအားဖြင့် ဝမ်ယွီကို ကြည့်နိုင်တယ်။ ဗီဗီယန်နီက အန္တရာယ်တစ်ခုကနေ ထွက်ပြေးလာတာမို့ သူ့အကူအညီရလိုက်တော့ သူမထံကနေ ကျေးဇူးတင်စကား အနည်းငယ် ထွက်ပေါ်လာတယ်။ စိတ်ပျက်အားငယ်နေတဲ့အချိန် မျှော်လင့်ချက်အလင်းကို ပေးစွမ်းနိုင်တဲ့ အကူအညီကို ရတာက တခြားအချိန်မှာ ရတာနဲ့ယှဉ်လို့မရဘူး။”

“မှန်ပါတယ် အရှင်။”

ကျိချွိမိန် ဟူးကနဲ သက်ပြင်းတစ်ချက် ချသည်။

ပင်လယ်ထဲက သင်္ဘောပေါ်တွင်…

မြင့်မြတ်အလင်းသွေးပညာရပ်ကိုအသုံးပြုပြီး ဗီဗီယန်နီသည် သူမ၏ခဏတာ ပြန်လည်ကောင်းမွန်မှုမှ ရရှိလာသောစွမ်းအားအားလုံးကို လက်တွေ့ကျစွာပင် အသုံးပြုလိုက်သည်။ သူမ၏သွေးအနှစ်သာရကိုပင် လောင်ကျွမ်းစေခဲ့ပြီး သူမ၏အသက်စွမ်းအားကို ကုန်ဆုံးစေလိုက်သဖြင့် အကျိုးဆက်မှာ သူမ၏ ဆက်လက်တိုက်ပွဲဝင်နိုင်စွမ်း လုံးဝဆုံးရှုံးသွားခဲ့ခြင်းပင်။

“ဒါက သေဆုံးခြင်းအဆုံးသတ် တစ်ခုပဲ။”

သူမ၏သွယ်လျသော ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ်ခန့် တုန်ရီသွားသောကြောင့် သူမသာ အခန်းနံရံကို မမီထားခဲ့ပါက ကြမ်းပြင်ပေါ်သို့ လဲကျသွားနိုင်ဖွယ်ရှိပေသည်။ ဤအခိုက်အတန့်တွင် ဗီဗီယန်နီတစ်ယောက် ဝမ်ယွီ၏ သင်္ဘောပေါ် တက်လာမိသည့်အတွက် နောင်တရနေမိသည်။ သူမသာ သင်္ဘောပေါ် မတက်ဘဲ ပင်လယ်ထဲတွင် ငါးဖမ်းလှေဖြင့် ဆက်လက် လွင့်မျောနေပါက ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏လူများက သူမကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သူမ ပိုပြီး စိတ်ဆင်းရဲနေရရင်တောင် အနည်းဆုံးတော့ အသက်ပိုရှည်နိုင်ပါသေးသည်။ ထို့ပြင် အရေးကြီးဆုံးအချက်သည် ဝမ်ယွီနှင့်သူ့လူများကို ပါဝင်ပတ်သက်နေစေမည် မဟုတ်ပေ။

“သေလိုက်တော့…”

သင်္ဘောပေါ်ရှိလူတိုင်း၏နားထဲတွင် အသံတိမ်တိမ်ဖြင့် စူးရှသော အသံတစ်သံအား ကြားလိုက်ရသည်။

ရုတ်တရက် အော်ရာတစ်ခု မြင့်တက်လာပြီး ရွှီကနဲအသံနှင့်အတူ ဓားရှည်တစ်လက်သည် ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ အနက်ရောင် ဝတ်စုံဝတ်အမျိုးသားနှစ်ဦး၏လည်ပင်းကို ပိုင်းဖြတ်ကာ တစ်ချက်တည်း သတ်လိုက်ပြီး သွေးများ ပန်းထွက်သွားစေသည်။ ဓားရိပ်များသည် အဆက်မပြတ် ဖြစ်ပေါ်လာပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားများဆီသို့ ဓားချက်များ ကျရောက်လာကာ သေဆုံးခြင်းဆီသို့ တယောက်ပြီး တယောက် ပို့ပေးလိုက်သည်။

ရန်သူ၏တိုက်စစ်ကို တွန်းလှန်နေရသော ဝမ်ယွီသည် သူ့အပေါ် ကျရောက်နေသော ဖိအားများ ရုတ်ခြည်း ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူ့ရန်သူများစွာ တစ်ခါတည်း အသတ်ခံနေရသည်ကို မြင်သည့်တိုင် နည်းနည်းလေးမှ သူ မပျော်ပါချေ။ ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏လူများကို လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့လျှင်ပင် ဆုံးရှုံးမှုသည် သူ့အတွက် လွန်စွာ ပြင်းထန်လွန်းကြောင်း သူ ကောင်းစွာ သိပေသည်။ သူ သည်နေရာကို ခေါ်ဆောင်လာသူများ အားလုံးသည် သာမန်အားဖြင့်ပြောရမည်ဆိုပါက ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်သည်။ ထိုသူတို့ထဲက အတော်များများသည် သိုင်းဆရာကြီးအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပြီး အသတ်ခံလိုက်ရပြီဖြစ်သည်။

“စိတ်ဝင်စားစရာပဲ။”

သင်္ဘောဦးပိုင်းပေါ်ရှိ အဘိုးအိုတစ်ယောက်ထံမှ အက်ကွဲကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ ငွေရောင်ဆံပင်အဘိုးအိုသည် အနက်ရောင်ဝတ်ရုံဖြင့် လူများကို သတ်ခဲ့သော ကျွမ်းကျင်သူအဘိုးအိုရှေ့တွင် ရုတ်တရက် ရိပ်ကနဲ ပေါ်လာသည်။ သူ၏အကြောများမှ ၁၀စင်တီမီတာကျော် ရှည်လျားသော ချွန်ထက်သော အကြေးခွံများသည် အဝတ်အစားများကို ဖောက်ကာ ထွက်ပေါ်လာသကဲ့သို့ ဦးခေါင်းမှလည်း ချွန်ထက်သော အနက်ရောင်ဦးချိုနှစ်ချောင်းသည် ပေါက်လာသည်။ သူ့အရှေ့က ဓားသမားအဘိုးအိုဆီ တိုးတိုးလာစဉ်တွင် သူ၏အော်ရာသည် တဟုန်ထိုး မြင့်တက်လာလေသည်။

"ဒီကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးက ဘယ်က ရောက်လာတာလဲ။"

ချင်ချန်းတောင်အဘိုးအို၏မျက်လုံးများထဲတွင် အေးစက်သော အလင်းရိပ်တစ်ခု လက်သွားသည်။ သူ၏ဓားရှည်သည် ရွေ့လျားသွားပြီး ဓားရိပ်အထပ်ထပ် ဖြစ်ပေါ်စေကာ ငွေရောင်ဆံပင်အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်ထားသည်။

ငွေရောင်ဆံပင်အဘိုးအိုက ရူးသွပ်သွားသည့်အလား ရယ်မောလိုက်ရင်း အကြေးခွံများ ဖုံးအုပ်ထားသော လက်နှစ်ဖက်ကို မြှောက်ကာ သူ့ကို ဖုံးအုပ်ထားသော ဓားရှည်၏တိုက်ခိုက်မှုအား ခုခံလိုက်သည်။ သို့သော် ယခုအချိန်တွင် ငွေရောင်ဆံပင်အဖိုးအို၏ ရယ်မောသံသည် အဆုံးသတ်သွားပြီး သူ၏လက်မောင်းပေါ်ရှိ အကြေးခွံများ ကွဲအက်ကာ နက်ရှိုင်းသော ပြတ်ရှဒဏ်ရာနှစ်ချက်အောက်တွင် အရိုးများကို ပေါ်လွင်စေပြီး သွေးများစီးကျလာသည်။

"ထွက်သွား…"

သူ၏လက်များ ဒဏ်ရာရသွားချိန်တွင် ငွေရောင်ဆံပင်အဘိုးအို၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်ရိပ်များ ဖုံးသွားသည့်တိုင် မင်သက်ဖွယ် ဆွဲဆောင်မှု ရှိနေပေသည်။ သူက ချင်ချန်းတောင်အဘိုးအိုဆီသို့ နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ ကြီးမားလှသော တိုက်ခတ်မှုအင်အားသည် ချင်ချန်းတောင်အဘိုးအိုဆီ ရုတ်တရက် ကျရောက်လာသဖြင့် မရှောင်နိုင်တော့ဘဲ  သူ့ခန္ဓာကိုယ်ကို ထိခိုက်သွားစေပြီး အဝေးသို့ လွင့်စဉ်ကာ ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ ချင်ချန်းတောင်အဘိုးအို၏မျက်နှာသည် သိသိသာသာ ပျက်သွားပြီး သူ၏ဓားကို ကိုင်ထားကာ ငွေရောင်ဆံပင်အဘိုးအိုကို နောက်သို့ ပြန်တွန်းထုတ်လိုက်ကာ ဝမ်ယွီ၏အရှေ့တွင် ပေါ်လာသည်။

"မင်း ရူးနေပြီကောင်လေး။ ဒီလိုမွန်းစတားတွေကို ဘယ်အချိန်က ဘယ်နေရာမှာ နှိုးဆွခဲ့တာတုန်း။"

ဝမ်ယွီသည် အဘိုးကြီးနှစ်ယောက်ကြားက တိုက်ပွဲကို အဝေးမှ ကြည့်နေခဲ့သည်။ သူ့မိသားစုအကြီးအကဲ ဒဏ်ရာရသွားကြောင်း သိလိုက်ရပြီးနောက် သူ၏ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ အဘိုးအိုသည် သိုင်းဆရာကြီးအဆင့်ကို ချိုးဖြတ်ကာ ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားသောအခါတွင် မည်မျှ ခွန်အား ကြီးမားသည်ကို သူ ကောင်းစွာ သိရှိထားသည်။

"အဲ့ဒီလူတွေက သားရဲတွေရဲ့ မျိုးဗီဇတွေကို သူတို့ကိုယ်သူတို့ ထိုးသွင်းပြီး သက်ဆိုင်ရာ သားရဲတွေရဲ့ အစွမ်းအစနဲ့ ဗီဇပြောင်းထားတဲ့ လူသားတွေ ဖြစ်လာကြတာ။"

ချင်ချန်းတောင်အဘိုးအိုသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ဝမ်ယွီကို ဆုပ်ကိုင်ဆွဲခေါ်သွားပြီး သင်္ဘောအခန်းထဲသို့ လျှပ်တပြက် ပြေးဝင်သွားသည်။ ဝမ်ယွီကို အခန်းတွင်းသို့ ပစ်သွင်းခဲ့ပြီးနောက် အခန်းပေါက် အဝင်ဝတွင် ဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး

"ဟေ့ အဘိုးကြီး။ ငါတို့ စကားပြောရအောင်။"

"မင်းက ငါနဲ့ ညှိနှိုင်းချင်တာလား။"

ငွေရောင်ဆံပင်အဘိုးအို၏မျက်လုံးများအတွင်း၌ မုန်းတီးမှုနှင့်အတူ ဒေါသရိပ်များ လက်သွားကာ

“မင်းက ငါနဲ့ ညှိနှိုင်းဖို့ ဘာအရည်အချင်းတွေ ရှိလို့လဲ။”

"ဟမ့်။ မင်းက အရမ်းကြောက်စရာကောင်းပြီး ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်ထက် အနည်းငယ် ပိုသန်မာတယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် ငါ မင်းနဲ့အတူ အတူတူ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် ဒီနေ့ မင်းလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို မင်းလည်း သတိထားသင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ရန်ငြိုးတွေရှိမှန်း မသိပေမယ့် နှစ်ယောက်စလုံး ဒီနေရာမှာပဲ ရပ်သင့်တယ်လို့ ငါ ထင်တယ်။ ဆိုတော့ … ငါတို့ကြားက နားလည်မှုလွဲမှားမှုတွေကို ပွင့်ပွင့်လင်းလင်း ရှင်းရအောင်။”

ငွေရောင်ဆံပင်အဘိုးအိုသည် တိတ်ဆိတ်သွားသည်။ သူ့ပြိုင်ဘက်၏ကြောက်စရာကောင်းသော ခွန်အားကို သူလည်း ကောင်းစွာ သိလေသည်။ အရေးကြီးဆုံးသည် သူ့တွင် ခန္ဓာကိုယ်ကို ပြောင်းလဲခြင်းသည် အချိန်အကန့်အသတ်နှင့် ဖြစ်သည်။ အများဆုံးသည် ၁၀မိနစ်သာ ရှိပြီး သည်အချိန်အတွင်း ရန်သူကို သတ်ရန် နည်းလမ်းကို မရှာနိုင်ပါက သူ ဖိနှိပ်ခံရမည်ဖြစ်သည်။

"သူ့ကို သေစေချင်တယ်။" ငွေရောင်ဆံပင်နှင့် အဘိုးအိုသည် ဗီဗီယန်နီဘက်သို့ ရုတ်တရက် လှည့်ကာ လက်ညှိုးထိုးပြသည်။

ချင်ချန်းတောင်အဘိုးအိုသည် ဗီဗီယန်နီကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ယွီဘက်သို့ ချက်ချင်း လှည့်၍ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ပြောပါဦး … ဒီနိုင်ငံခြားသူက မင်းနဲ့ပတ်သက်မှု ရှိလား။"

"သူက ကျွန်တော့်မိတ်ဆွေပါ။"

ဝမ်ယွီ၏နှလုံးသားသည် မွန်းကျပ်နေသည်။ သူ့မိသားစု၏အကြီးအကဲ လှုပ်ရှားခဲ့သည့်တိုင် ရှေးဟောင်းဆင်ရိုင်း၏လူများကို လုံးဝချေမှုန်းပစ်ရန် မည်သည့်နည်းလမ်းမှ ရှိလိမ့်မည်မဟုတ်ကြောင်း သူ မထင်ခဲ့မိပေ။ သူ့တွင် ရွေးချယ်စရာနည်းလွန်းသဖြင့် ရန်သူနှင့်ဆက်ဆံရန် နောက်ဆုံးမျှော်လင့်ချက်အပေါ် အားကိုးခဲ့ရသည်။

သူ ကတိပေးထားသည့်အတိုင်း ဗီဗီယန်နီကို ကာကွယ်ရန် နည်းလမ်းမရှိသည်ကို သူ နားလည်လိုက်သည်။

ချင်ချန်းတောင်အဘိုးအိုသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ဗီဗီယန်နီကို ချက်ချင်း တစ်ချက်ကြည့်လိုက်ပြီး

“ဒီအမျိုးသမီးက ငါတို့လူမျိုး မဟုတ်ဘူး။ မင်း ကြိုက်သလို သတ်လို့ရတယ်။ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခု ရှိတယ်။ ငါတို့သင်္ဘောပေါ်မှာ မင်း သူ့ကို သတ်လို့မရဘူး။"

"ပြဿနာမရှိပါဘူး။" ငွေရောင်ဆံပင်အဘိုးကြီးက ခေါင်းညိတ်သည်။

ထိုစကားပြောပြီးနောက် အနက်ရောင် ဝတ်စုံဝတ်ထားသော လူနှစ်ယောက်ဆီသို့ လက်ပြလိုက်သည်။ ထိုလူနှစ်ဦးသည် ဗီဗီယန်နီ၏အရှေ့သို့ ပြေးသွားကာ သူမ၏ပခုံးများကို ချွန်ထက်သော လက်သည်းများဖြင့် ထိုးပြီးနောက် ငါးဖမ်းလှေပေါ်သို့ လျင်မြန်စွာ ဆွဲတင်လိုက်သည်။

ထို့နောက် ငွေရောင်ဆံပင်အဘိုးကြီးသည် ချင်ချန်းတောင်အဘိုးအိုထံ ခေါင်းညိတ်ပြကာ

“မင်းက အလွန်ကြောက်စရာကောင်းပါတယ် လူကြီးမင်း။ နောက်တစ်ကြိမ် မင်းနဲ့ထပ်တိုက်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ငါတို့ကို တားမြစ်ထားတဲ့ နယ်မြေမို့ ဥရောပကို အလည်အပတ် လာကြည့်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။”

“အခွင့်အရေးရရင် ငါ ဥရောပကို သေချာပေါက် သွားမှာပါ။ ဟိုမှာ စိတ်ပူမနေပါနဲ့။”

ချင်ချန်းတောင်အဘိုးအိုက မထီတထီ ပြောလိုက်သည်။

ငွေရောင်ဆံပင်အဘိုးအိုက ထူးထူးဆန်းဆန်း နှစ်ကြိမ်တိတိ ရယ်မောလိုက်ပြီး ဗီဗီယန်နီအား ငါးဖမ်းလှေပေါ်သို့ အမြောက်ဆန်ခွံအလား ပစ်ချလိုက်သည်။ အသံဝါကြီးဖြင့် သူ ဖမ်းထားသော ဗီဗီယန်နီကို မကြည့်ဘဲ ပြောလိုက်သည်။

"ပြန်သွားတော့…"

ထိုအချိန်တွင် ဗီဗီယန်နီ၏နှလုံးသားမှာ အသက်မဲ့သွားရပြီး သူမ၏မျှော်လင့်ချက်များအားလုံး ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ သူမ လုံးဝ စွန့်ပစ်ခံခဲ့ရသော်လည်း သူမသည် စိတ်ဆိုးခြင်းနှင့် ညည်းညူခြင်း မရှိပါပေ။ ဝမ်ယွီနှင့် ချင်ချန်းတောင်အဘိုးအိုနှစ်ဦးစလုံးက သူမကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိကြောင်း သူမ သဘောပေါက်ပေသည်။

'ဒါက အကောင်းဆုံး ဇာတ်သိမ်း ဖြစ်နိုင်တယ်။ သူနဲ့ထပ်မတွေ့ရတာကတော့ စိတ်မကောင်းစရာပဲ ဟူး။ ငါ့ရန်သူတော်တော်များများကို သတ်ခဲ့ပြီးပြီလို့ သူ့ကို ငါကိုယ်တိုင် မပြောနိုင်တော့ဘူးပေါ့...'

All Chapters