မျှော်လင့်ချက်ကောက်ရိုးလေးတစ်မျှင် ဆုပ်ကိုင်ထားမိခြင်း
Vol. 57 Ch. 786
ဗီဗီယန်နီ၏နှလုံးသားထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှု ကြီးစိုးနေခဲ့သလို သူမတွင် စွမ်းအားလည်း မကျန်တော့ပါပေ။ မြင့်မြတ်သွေးအလင်းပညာရပ်သည် တားမြစ်ထားသော ပညာရပ်တစ်ခုဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေသည်။ ယခု လှုပ်ရှားရန်မဆိုထားဘိ နောက်သုံးရက်အတွင်း မည်သည့်စွမ်းအားမှ သူမ မသုံးနိုင်တော့ပေ။ လက်ရှိတွင် ဗီဗီယန်နီသည် အားနည်းနေပြီး ဤအခိုက်အတန့်တွင် ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏ ကျွမ်းကျင်ပညာရှင်တစ်ဦး မဆိုထားနှင့် သာမန်လူသားတစ်ဦးပင် သူမ၏အသက်အား အဆုံးသတ်ရန် လုံလောက်ပေသည်။
ဖြူဖျော့နေသော ဗီဗီယန်နီကို ကုန်တင်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ပစ်ချလိုက်သည်ကို မြင်လိုက်ရသဖြင့် ဝမ်ယွီ၏မျက်နှာထက်တွင် အမုန်းတရားများ ဖုံးလွှမ်းသွားသည်။ ချင်ချန်းတောင်အဘိုးအိုဘေးတွင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ သူ ရပ်နေသည်။ တစ်ချိန်တည်းမှာပင် ဗီဗီယန်နီ၏ မျက်နှာ ပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး 'ကျေးဇူးတင်ပါတယ်' ဟူသောစကားအား ပါးစပ်လှုပ်ရုံမျှဖြင့် ပြောလိုက်သည်။
"ခွေးမသား…"
ဝမ်ယွီသည် ပထမအကြိမ် ဆိုင်ပန်တွင် ထန်ရှု၏လက်အောက်ငယ်သားကို ရှုံးနိမ့်ခြင်းအပြင် ယခုအကြိမ်သည် ဒုတိယအကြိမ်အဖြစ် သူ့တွင် စွမ်းအားမဲ့သည်ဟု ခံစားနေရပြီး သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ချင်ချန်းတောင်အဘိုးအို၏မျက်နှာသည် အေးစက်စက် အမူအရာ ဖြစ်နေသည်။ သူက ဝမ်ယွီကို အမူအရာကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး
"မင်းနဲ့အတူ အပန်းဖြေခရီးထွက်ရတာ ဒါ ငါ့ရဲ့ ပထမဆုံး အကြိမ်ပဲ။ ဒါပေမယ့် ငါ မြင်တာကတော့ မင်းက မရင့်ကျက်သေးဘူး … စိတ်မြန်တယ်။ ငါ ပြန်ရောက်ရင်တဲ့အခါ မင်းရဲ့အဘိုးကို ငါ သေချာ ပြောပြရမယ်။ ဘယ်လို ပြစ်ဒဏ်မျိုး ပေးမလဲဆိုတာတော့ သူ့အပေါ်မှာ မူတည်တယ်။”
ရုတ်ခြည်းပင် ဝမ်ယွီသည် ခံပြင်းစိတ်ဖြင့် လှည့်ကြည့်ကာ
“ခင်ဗျားမှာ သူ့ကို ကယ်ဆယ်ဖို့ သေချာပေါက် အရည်အချင်းရှိရဲ့သားနဲ့ ဘာဖြစ်လို့ လက်လျှော့လိုက်တာလဲ။ သူက ကျွန်တော့်မိတ်ဆွေလို့ ပြောခဲ့ရက်သားနဲ့။"
“ဒီကမ္ဘာပေါ်မှာ အမြဲတမ်း ဘယ်သူကမှ လုံးဝမိတ်ဆွေရယ်လို့ မရှိပါဘူး။” ချင်ချန်းတောင်အဘိုးအိုက လှောင်ပြောင်လိုက်သည်။ “မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ သူတစ်ပါးကို ကာကွယ်ဖို့ဆိုတဲ့ကြားမှာ မိမိကိုယ်ကို ကာကွယ်ဖို့က ပထမဦးစားပေးပဲ။ ငါ့ဝှက်ဖဲကို သုံးပြီး အဲ့ဒီအဘိုးကြီးကို သတ်နိုင်တယ်ဆိုပေမယ့် အဲဒီ့နောက်ဆုံးနည်းလမ်းကို ငါ ဆုံးရှုံးကောင်း ဆုံးရှုံးရလိမ့်မယ်။ မင်းရဲ့ … ဘာမှ အရေးမပါတဲ့ သူငယ်ချင်းကို ကူညီပေးဖို့ ငါ့အတွက် ဘာအကျိုးအမြတ်မှမရှိသလို တာဝန်လည်း မရှိဘူး။ မင်း မသေသရွေ့တော့ လုံလောက်ပြီ ဘာမှ ထပ်မလိုတော့ဘူး။”
'ဒါက အရမ်းကို လုံလောက်နေတာမဟုတ်ဘူးလား။'
ဝမ်ယွီက မျက်နှာပူနေသလို ခံစားနေရသည်။ အစောပိုင်းက သူ ကြွားဝါပြောခဲ့သည့် စကားအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ ဗီဗီယန်နီ ထွက်ခွာတော့မည်ကို တားမြစ်ပြီး သင်္ဘောပေါ်တွင် အနားယူခိုင်းသည့်အကြောင်းရင်းကို သူ ပြန်အမှတ်ရမိသည်။ သို့သော် ပြောရမည်ဆိုပါက သူမကို ထွက်ခွာမသွားစေရန် တားမြစ်လိုက်မိသောကြောင့် ဗီဗီယန်နီတစ်ယောက် ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု သူ တွေးနေမိသည်။
“ကျွန်တော် ဒါကို ဘယ်တော့မှ လက်မခံနိုင်ဘူး” ဝမ်ယွီက ခါးခါးသီးသီး ပြောလိုက်သည်။
"ဒါကို မင်း လက်မခံနိုင်ရင် မင်းစိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့ အတွေးတွေကို စွန့်လွှတ်ပြီး တောင်ပေါ်မှာ သီးသီးသန့်သန့်နဲ့ ကောင်းကောင်းလေ့ကျင့်ပါ။" ချင်ချန်းတောင်အဘိုးအိုက သရော်လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တစ်ရာက ချင်ချန်းတောင်ရဲ့ အကောင်းဆုံး ပါရမီရှင်အဖြစ် မင်း ချီးကျူးခံခဲ့ရနိုင်ပေမယ့် မင်း ဒီလိုသာ အချိန်တိုင်း လျှောက်လည်နေမယ်ဆိုရင် တခြားလူငယ်တွေ မင်းကို ဖြတ်ကျော်ပြီး မင်း ခေါင်းကိုနင်းဖို့ မျှော်လင့်ထားလိုက်တော့။ သူတို့ထဲက တစ်ယောက်က ချင်ချန်းတောင်ရဲ့အမွေဆက်ခံသူ ဖြစ်လာမှာပဲ။”
အတိတ်ကာလကသာ သည်လိုပြောခဲ့မည်ဆိုပါက သည်အဘိုးကြီး၏စကားကို ဝမ်ယွီ အာရုံစိုက်မည် မဟုတ်ပေ။ ဝမ်ယွီအနေဖြင့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အသက်၃၀မပြည့်ခင် သိုင်းဆရာကြီးအဆင့်ကို ရောက်ခဲ့သည်။ နောက်ထပ် ၈နှစ်မှ ၁၀နှစ်အတွင်း သူသည် သိုင်းဆရာကြီးအဆင့်၏ ကန့်သတ်ချက်ကိုကျော်ဖြတ်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်သွားနိုင်သည်ဟု သူ ယုံကြည်ခဲ့သည်။
သို့သော် ယခုအခါ သူ့တွင် ရှိနေသည့် မာနနှင့် မောက်မာမှုအားလုံးသည် လက်များ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ခဲ့သည့်တိုင် ဤကမ္ဘာပေါ်တွင် သန်မာသူများစွာ ရှိနေသေးသောကြောင့် သူသည် တွန်းလှန်မရနိုင်သော တည်ရှိမှုမျိုးအနေဖြင့် မည်သည့်အခါမှ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ကြမ်းတမ်းသော ဖြစ်ရပ်မှန်က သူ့အား ပြောပြနေပေသည်။
"ဟင် … အဲ့ဒါက ဘာလဲ။"
ချင်ချန်တောင်အဖိုးအို၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ကုန်တင်သင်္ဘောဆီသို့ သူ မျှော်ကြည့်မိသည်။ ကုန်တင်သင်္ဘောအထက် မီတာတစ်ရာကျော်တွင် လျှပ်စီးတန်းအထပ်ထပ် လင်းလက်နေသော စိမ်းပြာရောင်မျက်နှာပြင် ဝဲဂယက်တစ်ခုကို သူ မြင်လိုက်ရသည်။
ဝမ်ယွီလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်မိပေရာ ချက်ချင်းပင် အံ့အားသင့်သွားပြီး ထိတ်လန့်တုန်လှုပ်သွားတော့သည်။ လျှပ်စီးအလင်းများသည် ပိုမိုထူးခြားလာပြီး ကောင်းကင်ယံမှ ဆင်းသက်လာသည့်အလား ထင်မှတ်ရပြီး စိမ်းပြာရောင် မျက်နှာပြင်သည် သူ့မျက်စိရှေ့မှောက်တွင် အဆက်မပြတ် ကျယ်ပြန့်လာသည်။
အလားတူပင် ကုန်တင်သင်္ဘောပေါ်ရှိ ငွေရောင်ဆံပင်အဘိုးအိုသည်လည်း ကောင်းကင်ယံမှ ထူးခြားသောအခြေအနေကို ရိပ်စားမိသွားဟန်ရသည်။ သူ၏အမူအရာသည် တည်ငြိမ်နေပေသည်။ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေဟန်ဖြင့် သူ့ကိုယ်ပေါ်မှ အကြေးခွံများ ထပ်မံ ထောင်မတ်လာသည်။
ဘန်း...
လက်မောင်းအရွယ်ခန့် လျှပ်စီးတန်းများသည် လျှပ်ပန်းလျှပ်နွယ် ထောင်ချီစွာဖြင့် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။ လက်မောင်းအရွယ် လျှပ်စီးတန်းများသည် စိမ်းပြာရောင်အလုံးကို ဖြတ်သန်းလျက် အချိန်နှင့်အမျှ ပေါင်းစပ်ကြီးမားပျံ့နှံ့လာစဉ်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများသည်လည်း နားအူမတတ် ပိုမိုကျယ်လောင်လာသည်။ ဤဒေသတွင် ကောင်းကင်ဘုံတစ်ခု ဆင်းသက်တော့မည့်အလား ကြောက်မက်ဖွယ်ရာကောင်းနေပေတော့သည်။
မိုးကြိုးလျှပ်စီးကြောင်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး စိမ်းပြာရောင်အလုံးအား ဖြတ်သန်းထွက်ပေါ်လာကာ မီတာ ၁၀၀ မှ ၂၀၀ အထက်အကွာမှ ကုန်တင်သင်္ဘောပေါ်ရှိ အနက်ရောင် ဝတ်စုံဝတ်ထားသောလူများအား တိုက်ရိုက်ပစ်ခတ်လိုက်တော့သည်။
"သတိထား … မြန်မြန်ရှောင်ကြ။”
ငွေရောင်ဆံပင်အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျယ်လောင်စွာ သတိပေးအော်ဟစ်လိုက်သည်။ သူ၏သတိပေးသံသည် ကျယ်လောင်သော်လည်း အားကြီးသော မိုးကြိုးလျှပ်စီးကြောင်းသည် အလွန်ပြင်းထန်ကာ လျင်မြန်လွန်းသဖြင့် သူ့လူများသည် ၎င်းကို တိမ်းရှောင်ရန် အခွင့်အရေးနည်းပါးသည်ကို သူ ကောင်းစွာ သိပေသည်။
ရွှီ … ဘန်း …
ရွှီ … ဘန်း …
“…”
မိုးကြိုးများသည် တလက်လက်တောက်ပနေပြီး စိမ်းပြာရောင်အလုံးမှ ထွက်ပေါ်လာသည်။ ထိုမိုးကြိုးများသည် မျက်လုံးများ ပါနေသည့်အလား ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဝင်များကိုသာ တိကျစွာ ပစ်ခတ်ထိမှန်စေသည်။ ရှေးဟောင်းဆင်ရိုင်းအဖွဲ့မှ ကျွမ်းကျင်သူ အယောက်၃၀ကျော်သည် မိုးကြိုးထိမှန်ကာ ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။"
ကြောက်ရွံ့ထိတ်လန့်မှုများက ငွေရောင်ဆံပင်အဘိုးအိုကို ပိုပိုပြီး ဖုံးလွှမ်းလာခဲ့သည်။ သူ့အရှေ့မှ ရေသာ မဆိုးရွားခဲ့ပါက ဘေးဒဏ်မှ လွတ်မြောက်ရန် ပင်လယ်ထဲသို့ ခုန်ချမိပေလိမ့်မည်။ မိုးကြိုးလျှပ်စီးများက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ၎င်းတို့သည် အခြားမည်သည့်နေရာကိုမှ မသွားဘဲ သူ့လူများကို ထိမှန်စေသည့်အတွက် လွန်စွာ ကြောက်စရာကောင်းလှသည်။ ပြီးပြည့်စုံသော တိကျမှုသာ ဖြစ်တော့လေ၏။
သို့သော် ယခင်ဒါဇင်နှင့်ချီသောလူများတွင် အသက် ရှင်နေသေးသူ ဆယ်ယောက်သာ ကျန်သော ထိုကဲ့သို့သော အခြေအနေအတွက် အဖြေကို မည်သူမျှ ရှာမတွေ့နိုင်ပေ။ အရေးအကြီးဆုံးမှာ ကျန်သောလူများသည် သင်္ဘောအခန်းတွင်း၌ ပြေးဝင်ခိုလှုံခဲ့ကြပြီး အားနည်းနေသော ဗီဗီယန်နီသာလျှင် သူ့ဘေးရှိ ကုန်းပတ်ပေါ်တွင် ကျန်နေခဲ့သည်။
ဤနေရာမှ မီတာတစ်ထောင်အကွာတွင် ချင်ခန်းတောင်မှ အဘိုးအို၊ ဝမ်ယွီနှင့် သူ၏လူများသည် ကုန်တင်သင်္ဘောပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော ထူးခြားသည့် အဖြစ်အပျက်ဆိုးကို ကြည့်ရင်း ကျောက်ရုပ်ပမာ ဖြစ်နေကြသည်။
"ဒါ … ဒါက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသလား၊ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဝင်တွေ လုပ်ခဲ့တဲ့အရာအတွက် အမျက်ဒေါသဖြစ်စေခဲ့တာလား။"
ဝမ်ယွီ နှုတ်ခမ်းများ တုန်ရီသွားကာ တီးတိုးရေရွတ်လိုက်သည်။
ချင်ချန်းတောင်အဘိုးအို မျက်မှောင်ကြုတ်သွားရင်း အသက်ပြင်းပြင်းရှူကာ ခေါင်းယမ်းလိုက်သည်။ “အဲ့ဒါတော့ မဟုတ်ဘူး။ ဒါက ကောင်းကင်ဘုံရဲ့ အမျက်မဟုတ်ဘူး။ အဲ့ဒီမကောင်းဆိုးဝါးတွေကို ပစ်မှတ်ထားနေတဲ့ နတ်ဘုရားနဲ့တူတဲ့ အရာကြောင့် ဖြစ်နိုင်တယ်။”
"အဲ့ဒါ ဖြစ်နိုင်ပါ့ …"
ဝမ်ယွီ၏အသံကို ရုတ်တရက် ရေမြှုပ်ဖြင့် ပိတ်ဆို့လိုက်သည့်အလား သူ၏စကားများပင် မဆုံးလိုက်ပါပေ။ ဤအချိန်တွင် သူသည် ကောင်းကင်မှ ဆင်းသက်လာကာ ကုန်တင်သင်္ဘောပေါ် ခြေချလိုက်သော ပုံရိပ်နှစ်ရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူလား…
ဝမ်ယွီ၏မျက်လုံးများက ရင်းနှီးသော ပုံရိပ်ပေါ်တွင် စိုက်ကြည့်နေမိပြီး မယုံကြည်နိုင်ဟန်များက သူ့မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။
ထန်ရှုသည် သင်္ဘောဦးပိုင်းတွင် ခြေချလိုက်သည့်ခဏ၌ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ငွေရောင်ဆံပင်အဘိုးအိုကို နှစ်ကြိမ်တိတိ လှည့်ပတ်လိုက်သည်။ ထန်ရှုက အဘိုးအို၏ ကြောက်ရွံ့ပြူးကျယ်နေသော မျက်လုံးများကို သေချာကြည့်ရင်း သူ့မေးစေ့ကို ပွတ်ကာ “ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်တဲ့ အသွင်ပြောင်းလူသားလဲ။ သားရဲတွေရဲ့အစွမ်းသတ္တိကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်ရအောင် သားရဲဗီဇကို အသုံးပြုပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းထားတာပေါ့လေ။ ကံမကောင်းချင်တော့ ခန္ဓာကိုယ်ထဲက ငုပ်လျှိုးနေတဲ့ အလားအလာကို အလွန်အကျွံ နှိုးဆွခဲ့မိလို့ ရှေ့ဆက်တိုးတက်ရမယ့် အရေးကြီးဆုံး အခြေခံအုတ်မြစ်ကို နောက်ဆုံးတော့ ဆုံးရှုံးခဲ့ရတာပဲ။"
ငွေရောင်ဆံပင်အဘိုးအိုသည် လှုပ်ရှားချင်သော်လည်း ကြောက်မက်ဖွယ်အင်အားတစ်ခုက တောင်ကြီးတစ်ခုအလား သူ့အား ဖိနှိပ်ထားသည်။ မည်သို့ပင် ပင်ပင်ပန်းပန်း လွတ်မြောက်အောင် အစွမ်းကုန် အားထုတ်ခဲ့သော်လည်း လှုပ်ပင် မလှုပ်ဘဲ လက်ညှိုးကိုပင် မြှောက်ရန် ခွန်အားမရှိပေ။ သူ စကား ပြောရန်ကြိုးစားနေသော်လည်း သူ့ပါးစပ်က အချုပ်ခံထားရသလိုပင်။ သူ ပြောချင်သော စကားများသည် လည်ချောင်းဝတွင် တစ်ဆို့နေပြီး လေသံသဲ့သဲ့ပင် ထွက်မလာပါချေ။
အကြောက်တရား…။ အဆိပ်ရှိသော မြွေတစ်ကောင်က သူ့နှလုံးသားကို စိုက်ကြည့်နေသည့်အလား၊ ရေခဲတွင်းတစ်ခုထဲသို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှတ်ချလိုက်သည့်အလား ခံစားနေရသည်။
ထန်ရှုက ခေါင်းယမ်းကာ လှည့်ထွက်သွားပြီး ထရန် ခက်ခက်ခဲခဲ ကြိုးစားနေသော ဗီဗီယန်နီဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ကုန်းပတ်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့အပေါ် မှီခွင့်ပြုလိုက်သည်။ ထန်ရှုက သူမကို ပြုံးပြလိုက်ပြီး
“ဟေ့ … ငါ တစ်ခုလောက် အရမ်းသိချင်နေတယ်။ ကမ္ဘာမြေပေါ်မှာ မင်း ဘာတွေ လုပ်ခဲ့တာလဲ။ ဒီလူတွေက မင်းကို လိုက်သတ်ဖို့ သိပ်အားထုတ်စရာတောင် မလိုဘူးပဲ။”
အစောပိုင်းက မျှော်လင့်ချက်ကင်းမဲ့နေသော ဗီဗီယန်နီ၏မျက်လုံးများထဲတွင် နောက်ဆုံးတော့ ရှင်သန်ရာလမ်းကြောင်းတစ်ခု မြင်နေရသလိုပင်။ သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ မကြာသေးမီက သူမစိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပေါ်လာသည့် မျက်နှာကို ကြည့်ရင်း ထန်ရှုကို သူမဆီ တွန်းပို့လိုက်သလို ခံစားလိုက်ရသည်။ သူမသည် ဤတစ်သက်တွင် ထိုသူနှင့်ထပ်မတွေ့ရတော့ဟု တွေးကာ သူမ၏ရင်ထဲတွင် နောင်တကြီးစွာရနေခဲ့သည်။
ယခုမူ သူမ၏အရှေ့တွင် မမျှော်လင့်ဘဲ ပေါ်လာသည်။ ထန်ရှုသည် အစောပိုင်းက ကြောက်စရာကောင်းသည့် ဖြစ်ရပ်နှင့် ဆက်စပ်နေရပေမည်။
“နင်…” ဗီဗီယန်နီသည် အက်ကွဲနေသောအသံဖြင့် ပြောလိုက်သော်လည်း ရုတ်တရက် သူမ မည်သည့်စကားကို ဆိုရမည်မသိပေ။
“ဘာလဲ…” ထန်ရှု ရယ်လိုက်ပြီး
“ငါ ဒီနေရာမှာ ရုတ်တရက် ပေါ်လာပြီး မင်းကို အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးလာလိမ့်မယ်လို့ မင်း မထင်မိဘူးမလား။”
“ဟုတ်တယ်။”
ဗီဗီယန်နီ၏မျက်ဝန်းထဲတွင် ထန်ရှုသည် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက် ဖြစ်ရာ အသက်ရှင်ရန်အတွက် မျှော်လင့်ချက်လေး ရှိလာပြီဖြစ်တော့သည်။ သူမ ဆိုင်ပန်တွင် သူနှင့်တွေ့ခဲ့စဉ်အချိန်က သူ၏ခွန်အားသည် မသန်မာသေးချေ။ သို့သော် ယခု သူ့အား ပြန်လည်ဆုံတွေ့ချိန်တွင် သူ့ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ခွန်အားကို သူမ ခံစားမိနိုင်ပေသည်။
“အသက်ရှင်ဖို့ မျှော်လင့်ချက် မြင်နေရပြီဆိုမှတော့ ကောင်းကောင်း အသက်ရှင်နေထိုင်ပါ။”
ထန်ရှု ရယ်ရင်း ပြောလိုက်သည်။
“"ဘဝမှာ တစ်ခုတည်းသော အစစ်အမှန်အရာက သူ့ဘာသူ အသက်ရှင်နေထိုင်တာပဲ။"
ဗီဗီယန်နီ အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာ သူမ၏စိတ်ထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များကို ကြိုးစားဖိနှိပ်လိုက်ရင်း မေးလိုက်သည်။
“ရှင် ဘယ်လို ဒီနေရာကို ရောက်လာတာလဲ။ ဒီမိုးကြိုးတွေ ဖန်တီးတာ ရှင်လား။”
“ဘာရီး … ငါ့မှာ ဒီလိုအရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မင်း ထင်နေတာလား။” ထန်ရှုက အပြုံးယဲ့ယဲ့ဖြင့် ဆိုလိုက်သည်။
“ငါ မသိဘူး။” ဗီဗီယန်နီ ခေါင်းခါသည်။
“မင်း မသိဘူးဆိုရင် မမေးနဲ့လေ အိုကေလား။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့နောက်ကို လိုက်နေကြတာကို ငါ မြင်လိုက်လို့ ငါ့မိတ်ဆွေဟောင်းပဲဆိုပြီး ကူညီဖို့လာရုံပါ။ ဒါနဲ့ မင်း ငါ မေးတာကို မဖြေသေးဘူးနော်။ ကမ္ဘာမြေပေါ်မှာ မင်း ဘာတွေ လုပ်ခဲ့တာလဲ။ ဒီလူတွေက မင်းကို လိုက်သတ်ဖို့ သိပ်အားထုတ်စရာတောင် မလိုဘူးပဲ။”
ဗီဗီယန်နီ၏မျက်နှာလေးထက်တွင် အပြုံးတစ်ချက် ဖြစ်ပေါ်လာပြီး အသက်ရှင်လိုစိတ်ပြင်းပြလာလေ ထိုအပြုံးသည် ပိုမိုတောက်ပလာလေဖြစ်သည်။ တစ်စုံတစ်ခုသည် ဂုဏ်ပြုရန် ထိုက်တန်သည်ဟု သူမ တွေးနေရင်း ရွှင်မြူးသောလေသံဖြင့် ပြောလိုက်သည်။
“ငါရဲ့သေမျိုးရန်သူတွေနဲ့ အခြားသူတွေကို ငါ သတ်ပြီးသွားပြီ။ သူတို့တွေက ငါ့နောက်ကွယ်မှာ အစီအစဉ်တွေ ထောင်ချောက်တွေအမျိုးမျိုး ပြုလုပ်ပြီး ငါ့မိသားစုဝင်တွေကို တစ်ယောက်ပြီး တစ်ယောက် သတ်သွားခဲ့တဲ့သူတွေလေ။”
“ဒါ ကောင်းတယ်။” ထန်ရှု လက်မထောင်ပြလိုက်သည်။
ဗီဗီယန်နီ၏မျက်နှာလေး အနည်းငယ် နီရဲသွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ရသည်။
“ဒါပေမယ့် နောက်ဆုံးဖြစ်တဲ့ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဝင်တွေက ငါ့ကို ရှာတွေ့သွားလို့ စပြီးအလိုက်ခံရတော့တာပဲ။ သူတို့ ငါ့ကို ဒီနေရာမှာ မဖမ်းမိခင်တုန်းက လဝက်လောက် ပြေးနေရပြီးပြီ။ အစတုန်းက ရှေးဟောင်းဆင်ရိုင်းအဖွဲ့က ငါ့နောက်ကို လိုက်ဖို့ အားနည်းတဲ့သူတွေလောက်ပဲ လွှတ်တာ။ ငါ အဲ့ဒီလူတွေ အများကြီး သတ်ခဲ့တယ် ဘယ်လောက်သတ်ခဲ့မိမှန်း မမှတ်မိတော့ဘူး။ ဒါပေမယ့် လူ၁၀၀ကျော်လောက် ရှိမယ် အဲ့ဒီထက်တော့ မနည်းဘူး။ နောက်ပိုင်းကျတော့ ငါ့နောက်ကို လိုက်တဲ့သူတွေက ပိုပိုပြီး အစွမ်းထက်လာလိုက်တာ ကံကောင်းလို့ ရှင် ကျွန်မကို အချိန်မီ လာကယ်နိုင်ရုံလေးတင်ပဲ။ နို့မဟုတ်ရင် သူတို့တွေ ငါ့ကို သတ်ပြီးလောက်ပြီ။”