← Chapters

စိတ်ဝိညာဉ်နတ်ဆိုး ဖြစ်ပေါ်လာမှု

Vol. 57 Ch. 788

စိတ်ဝိညာဉ်နတ်ဆိုး ဖြစ်ပေါ်လာမှု

Vol. 57 Ch. 788

ထန်ရှုသည် ဒီဇင်ဘာလ၏နှင်းခဲများကဲ့သို့ အေးစက်စက် အမူအရာဖြင့် ဖုန်းချလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှု ရှိနေပေသည်။ သူသည် ဟန်ကျင်းဝူ သို့မဟုတ် ရွှဲ့ချင်းချန်နှင့် မည်သည့်ဆက်နွယ်မှုမှ မရှိတော့ဟု အကြိမ်ပေါင်းများစွာ ယုံကြည်ထားသည်။ ရှိသည်ဆိုပါလျှင်တောင် ၎င်းတို့ကြားက ထိုဆက်နွယ်မှုသည် ရန်သူများကြားတွင် ရှိသော မုန်းတီးခြင်းမျှသာ ဖြစ်သည်။

သို့သော် အင်မော်တယ်ကမ္ဘာရှိ ရွှဲ့ချင်းချန်ဖြစ်စေ ယခု ကမ္ဘာပေါ်ရှိ ဟန်ကျင်းဝူဖြစ်စေ သူတို့နှစ်ဦးစလုံးသည် ဤအချိန်တိုင်း သူ့အား သက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း သူ သတိမထားမိခဲ့ပါချေ။

"ရှန်ဟိုင်းကို ပြန်မယ့် နောက်လေယာဉ် လက်မှတ်ကို ငါ ဝယ်လိုက်မယ်။"

အစတော့ ထန်ရှုက ကျိချွိမိန်ကို သူ့အား ရှန်ဟိုင်းပို့ပေးရန် စိတ်ကူးလိုက်သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သည်အချင်းအရာသည် မသင့်တော်သောလုပ်ရပ်ဟု တွေးမိခဲ့သည်။ ဆိုးရွားလှသော ရာသီဥတုသည် ကျင်းမန်ကျွန်း ပတ်ဝန်းကျင် ပင်လယ်ပြင်ဒေသကို ဂြိုလ်တုစောင့်ကြည့်ခြင်းအား လွန်စွာ အဟန့်အတား ဖြစ်စေသောကြောင့် ကျိချွိမိန်က သူ့အား ကောင်းကင်ယံမှ ခေါ်ဆောင်လာရာတွင် ပြသနာ မရှိခဲ့ပေ။ သို့သော် ပြည်မကြီးကိုသာ ထိုကဲ့သို့ သွားမိပါက ဂြိုလ်တုကတဆင့် သူတို့ကို ဖမ်းမိမှာ သေချာပေါက်ပင်။

ရှန်ဟိုင်း…

သုခဘုံစံအိမ်၏အနက်ရှိုင်းဆုံးနေရာရှိ အနောက်တိုင်းပုံစံ အဆောက်အဦး၏ အခန်းအတွင်းရှိ ကုတင်ထက်တွင် ဖြူဖျော့နေသော ဟန်ကျင်းဝူသည် တင်ပျဉ်ခွေ ထိုင်လျက်ရှိသည်။ သူမ၏မျက်လုံးများသည် ခက်ထန်သော အကြည့်များဖြင့် ဖြစ်ပေါ်နေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ သူမတစ်ကိုယ်လုံး အဆင်မပြေမှုများ ဖြစ်ပေါ်နေသည်။ သူမအား သံမဏိကြိုးလေးကြိုးသည် တင်းကျပ်စွာ ချည်နှောင်ထားပြီး အခန်း၏ထောင့်လေးထောင့်တွင် တစ်ခုစီ ချိတ်ထားပေသည်။

၎င်းသည် ကျင့်ကြံသူတိုင်း ရင်ဆိုင်ရနိုင်ခြေ ရှိသော ချီဖောက်ပြန်ခြင်း အခြေအနေသို့ ဦးတည်စေသည့် စိတ်ဝိညာဉ်နတ်ဆိုးတစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော စိတ်ဝိညာဉ်နတ်ဆိုးနှင့် ကြုံတွေ့ရသော လေ့ကျင့်သူတိုင်းအတွက် လက္ခဏာများသည် စိတ်ကစင့်ကလျားဖြစ်မှုမှသည် ပြင်းထန်သော အတွင်းဒဏ်ရာများအထိ ရှိတတ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနှင့်ချီတို့၏တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်ကို ပေါက်ကွဲစေပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

အခန်းအပြင်ဘက်ရှိ အိုးရန်လူလူ၏ တင့်တယ်သော မျက်နှာလေးပေါ်တွင် နက်ရှိုင်းသော စိုးရိမ်မှုတစ်ခု ဖြစ်ပေါ်နေပေသည်။ သူမသည် ဟန်ကျင်းဝူကို သဘောမကျလို အချစ်ပြိုင်ဖက်တစ်ယောက်အဖြစ်ပင် မြင်ထားသော်လည်း ယခု ဟန်ကျင်းဝူ၏သွင်ပြင်ကို မြင်ရသည့်အခါ စိတ်မသက်မသာဖြစ်ကာ တည်တည်ငြိမ်ငြိမ် မနေနိုင်ပါချေ။ ထို့ပြင် သူမသည် ကျင့်ကြံရေးလမ်းကြောင်းကို စတင်လိုက်စားနေသည်ဖြစ်ရာ ဤကဲ့သို့သော စိတ်ဝိညာဉ်နတ်ဆိုးအခြေအနေမျိုးကိုလည်း ရင်ဆိုင်ရနိုင်သည်ကို သဘောပေါက်စေပြီး သူမအား ဤကျင့်ကြံမှုအပိုင်းကို ပိုမိုသတိထားစေခဲ့သည်။

"ဘယ်လိုလဲ။ ထန်ရှု ဘယ်တော့ ပြန်လာမှာတဲ့လဲ။"

ဟန်ကျင်းဝူ အိပ်ပျော်သွားပြီးနောက် ဟန်ကျင်းထုံသည် စိုးရိမ်သောကဖြင့် အိုးရန်လူလူ၏မျက်နှာကို ကြည့်ကာ မေးလာသည်။

"သူပြောတာတော့ ကျင်းမန်ကျွန်းကနေ ချက်ချင်း ပြန်လာမယ်တဲ့။ ဘာကိစ္စမှ မဖြစ်ရင် ရှန်ဟိုင်းကို နေ့လည် ၂ နာရီ မတိုင်ခင် ပြန်ရောက်လိမ့်မယ်။”အိုးရန်လူလူက ဖြေသည်။

"ငါ့မြေးလေးက အန္တရာယ်တစ်ခုခု ကြုံနေတာလားလို့ သူ ပြောခဲ့သေးလား။" ဟန်ကျင်းထုံက အလျင်အမြန် မေးလိုက်သည်။

"ငါ့မြေးရဲ့လက်ရှိပုံစံကို ငါ တကယ် စိတ်ပူနေတယ်။"

"သူ ဘာမှ အသေးစိတ် မပြောဘူး။" အိုးရန်လူလူ ခေါင်းယမ်းလိုက်သည်။

ဟန်ကျင်းထုံသည် သူ၏လက်ကိုင်ဖုန်းကို အမြန် ကောက်ကိုင်လိုက်ပြီး ထန်ရှု၏ဖုန်းနံပါတ်ကို ရှာလိုက်သည်။ သူ ဖုန်းဆက်ချင်သော်လည်း ထန်ရှု စိတ်အနှောင့်အယှက် ဖြစ်မည်ကိုတွေးမိပြီး ချီတုံချတုံ ဖြစ်သွားသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူ့လက်ချောင်းများက ဖုန်းနံပါတ်ကို မနှိပ်လိုက်မိပါချေ။

လက်ရှိတွင် သံကြိုးဖြင့်ချည်နှောင်ခံထားရသော ဟန်ကျင်းဝူသည် အင်မော်တယ်ကမ္ဘာတွင် ရှိခဲ့သော တိုက်ပွဲအတွင်း သူမ၏မှတ်ဉာဏ်များထဲသို့ ကျရောက်နေသည်ကို ဟန်ကျင်းထုံနှင့် အိုးရန်လူလူတို့ မသိခဲ့ကြပေ။ မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများသည် သူမ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။ သူမ၏ နောက်ဆုံးနှစ်၂၀အတွေ့အကြုံမှ သူမ၏လက်ရှိဘဝသို့ ဆက်တိုက်သွားနေသောကြောင့် အဆိုပါထူးခြားသော မြင်ကွင်းများသည် ရုပ်ရှင်တစ်ကား ရိုက်နေသည့်အလား ခံစားနေရပေသည်။

“အင်မော်တယ်ကမ္ဘာ…”

“ကောင်းကင်ဘုံ…”

“ဂိုဏ်း…”

“ချစ်သူ…”

“သစ္စာဖောက်…”

အချိန်အတော်ကြာအောင် ဟန်ကျင်းဝူသည် ငရဲသို့ ကျသွားသည့်အလား ဖြစ်နေရပေသည်။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများက သူမအား ရူးသွပ်စေလုနီးပါးဖြစ်ခဲ့သည်။ သူမ၏အသိစိတ်သည် မှတ်ဉာဏ်အပိုင်းအစများပင်လယ်ထဲတွင် စုံးစုံးနစ်မြုပ်နေခဲ့ပြီး ၎င်းတို့သည် ရောထွေးစွာ ရောယှက်နေသည်။ ထို့ကြောင့် သူမ၏ လက်ရှိလက်တွေ့ဘဝနှင့် အိပ်မက်ကဲ့သို့သော အခြေအနေတွင် ရှိနေသည့် အသိစိတ်တို့ ပေါင်းစပ်သောကြောင့် ဖြစ်ပေါ်လာသော အခြေအနေသည် သူမအား သံကြိုးဖြင့် ချည်ခံထားရစေသည်ကို သူမ မသိလိုက်ပေ။ ဟန်ကျင်းထုံနှင့် အိုးရန်လူလူတို့၏အကြည့်များတွင် သူမသည် ရူးသွပ်နေပြီဖြစ်သည်။

ကျင်းမန်ကျွန်းလေဆိပ်…

အိုးရန်လူလူသည် အလွန်အရေးတကြီးနှင့် စိုးရိမ်ပူပန်ဟန်ဖြင့် ဖုန်းဆက်လာသော်လည်း  စိတ်ဝိညာဉ်နတ်ဆိုးကြောင့် ချီဖောက်ပြန်သွားကာ စိတ်လွတ်သွားခြင်းဖြစ်ပြီး သူမ၏ခန္ဓာကိုယ် တစ်ခါတည်း မပေါက်ကွဲသေးကြောင်း လူလူမှ ပြောပြသောကြောင့် ထန်ရှု အနည်းငယ် စိတ်သက်သာရာရသွားရသည်။

သို့သော်လည်း မလိုလားအပ်သော အဖြစ်အပျက်များကို တားဆီးရန်အတွက် မိုအားဝူနှင့် ကျင်းရှီတို့အား ပုံမှန်အတိုင်း အဖော်လုပ်ကာ လေယာဉ်စီးလျက် ရှန်ဟိုင်းသို့ အမြန်ပြန်လာလိုက်သေးသည်။

"သူဌေး … ငါတို့လည်း အနာဂတ်မှာ ချီဖောက်ပြန်သွားနိုင်တဲ့ စိတ်ဝိညာဉ်နတ်ဆိုးနဲ့ ရင်ဆိုင်ရမှာလား။"

လေယာဉ်သည် ကောင်းကင်ပြာတွင် ပျံသန်းနေစဉ် ထန်ရှု၏ဘေးတွင်ထိုင်နေသော မိုအားဝူက စိုးရိမ်သောအမူအရာဖြင့် မေးလိုက်သည်။

"ကျင့်ကြံသူတိုင်း ချီဖောက်ပြန်စေနိုင်တဲ့ စိတ်ဝိညာဉ်နတ်ဆိုးအခက်အခဲကို ရင်ဆိုင်ရမှာပဲ။ ဒီလို စိတ်ဝိညာဉ်နတ်ဆိုးက သွင်ပြင်နှစ်မျိုးနဲ့ ပေါ်လွင်နေတယ်။ ပထမတစ်မျိုးက အမှားအချို့ကြောင့် မှန်ကန်တဲ့ ကျင့်ကြံမှုလမ်းကြောင်းကနေ လမ်းလွဲသွားသည့် အခြေအနေမျိုး ရှိတတ်တယ်။ ကျင့်ကြံနည်းစနစ်တွေမှာ ချို့ယွင်းချက်တွေ ရှိရင်လည်း ကျင့်ကြံနေချိန် ဆိုးရွားတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်။ ဒုတိယတစ်မျိုးကကျတော့ ကျင့်ကြံသူတွေရဲ့စိတ်အခြေအနေ ချို့ယွင်းချက်ပဲ။ ဥပမာပြောရရင် စိတ်ဝိညာဉ်နတ်ဆိုးအခြေအနေမျိုးက ကျင့်ကြံသူ ၁၀၀မှာ ၉၅ဦးက ဒီဒုတိယအမျိုးအစားနဲ့ သက်ဆိုင်တယ်။ သူတို့ရဲ့စိတ်နေစိတ်ထား ချို့ယွင်းချက်တွေကြောင့် သူတို့ရဲ့နှလုံးသားထဲမှာ စိတ်ဝိညာဉ်နတ်ဆိုးတွေ ပေါက်ဖွားလာစေတယ်။”

"သဘောပေါက်ပြီ။" မိုအားဝူက ခေါင်းညိတ်ရင်း "ဒီလိုအခြေအနေမျိုးမှာ ဖြေဖို့ နည်းလမ်းရှိလား သူဌေး…"

"သေချာရှိတာပေါ့။ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျင့်ကြံသူတစ်ယောက်အတွက် တည်ငြိမ်ခိုင်မာတဲ့ စိတ်ဓာတ်ကို ကျင့်ကြံထားရမယ်။ သန်မာတဲ့ စိတ်ဝိညာဉ်နတ်ဆိုးတွေတောင် မသက်ရောက်စေရဘူး။ ဒါ့အပြင် စိတ်နှလုံးကို ငြိမ်သက်စေပြီး စိတ်ကို အာရုံစူးစိုက်နိုင်စေဖို့အတွက် မှော်ပစ္စည်းအချို့လည်း ရှိပါသေးတယ်။”

မိုအားဝူ၏အမူအရာ ပြောင်းသွားပြီး မျှော်လင့်ချက်အချို့ဖြင့် မေးလိုက်သည်။ "ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းတွေကို သူဌေးက ဘယ်လိုရလာတာလဲ။ အဲ့ဒါတွေကိုရော ထုတ်လုပ်နိုင်တာလား။"

"ငါ သူတို့ကို သန့်စင်ပေးနိုင်တယ်"

ထန်ရှုက ဖြေသည်။

“ဒါပေမယ့် သန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ်။ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့သူတွေတောင်မှ ဒီပစ္စည်းတွေကို မရနိုင်ဘူး။”

မိုအားဝူ စိတ်ဓာတ်ကျသွားသည်။ သူကိုယ်တိုင် ကျင့်ကြံသူတစ်ယောက်ဖြစ်လာသော်လည်း နှစ်ထောင်ချီ၍ ကျင့်ကြံထားသူများကို ကြောက်ရွံ့နေသေးသည်။ တစ်စုံတစ်ယောက်သည် အသက်ကြီးလာပြီး သေခြင်းတရားမှ မကျော်လွှားနိုင်သည့်တိုင် ထူးခြားတာ တစ်ခုခု ရှိနေသည်ဟု ဆိုရိုးစကားတစ်ခုရှိသည်။ သာမန်လူများ အသက် ၁၀၀ကျော်သည့်အထိ နေနိုင်ပါက အသက်ရှည်သောသူဟု ခေါ်ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀အတွင်း အသက်ရှင်နေထိုင်နိုင်သူများကို လူ့ဂွစာများ၊ မွန်းစတားများဟု ခေါ်ဆိုကြသည်။ အနှစ်တစ်ထောင် အသက်ရှင်နိုင်ပြီး နေ့ကိုမြင်တွေ့နေရဆဲ ဖြစ်သော လူများအား သရဲများ သို့မဟုတ် ဝိညာဉ်များဟု ခေါ်ဆိုခြင်းက ပို၍သင့်လျော်သည်မဟုတ်တုံလော။

“ဒါဆို အဲ့ဒီစိတ်အခြေအနေက ဘယ်လိုမျိုးလဲ။”

"စိတ်ခံစားချက် ဒါမှမဟုတ် စိတ်အခြေအနေဆိုတာက နားလည်နိုင်ပေမယ့် ဖော်ပြဖို့ခက်တယ် … သိမ်မွေ့ပြီး ဆန်းကြယ်တဲ့ကိစ္စရပ်ပဲ။ မတိကျပေမယ့် လွယ်ကူတဲ့ နည်းနဲ့ ရှင်းပြရမယ်ဆိုရင် အဲ့ဒါကို စိတ်ပိုင်းဆိုင်ရာ ဇွဲလုံ့လ ဒါမှမဟုတ် ခိုင်မာမှုအခြေအနေလို့လည်း အဓိပ္ပာယ် ဖွင့်နိုင်တယ်။ ဘဝမှာ အတွေ့အကြုံတွေ များများရလေလေ … သူတို့ရဲ့ စိတ်နှလုံး ခိုင်မာလေလေ … အာရုံခံစားမှု အားကောင်းလေလေ … သူတို့ရဲ့ စိတ်နေစိတ်ထား မြင့်မားလေလေပါပဲ။ 'ရုတ်တရက် နားလည်ခြင်း ဒါမှမဟုတ် ရုတ်တရက် ဉာဏ်အလင်း' ဆိုတဲ့စကားကို ကြားဖူးလား။ ကျင့်ကြံသူတွေက အချို့သော နားလည်မှုတွေ ရရှိဖို့ အမြင်နဲ့ နားလည်မှု လိုအပ်တယ်။ ဒါကြောင့် ထိုးထွင်းသိမြင်နိုင်လေလေ … သူတို့ရဲ့စိတ်အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မြင့်မားလေပဲ။"

မိုအားဝူသည် ၎င်းအကြောင်းအရာနှင့်ပတ်သက်၍ မှုန်ဝါးဝါးသာ သိသော်လည်း ခေါင်းညိတ်လိုက်သည်။ ဤပြဿနာသည် ခံစားနားလည်နိုင်သည့် အရာ ဖြစ်သော်လည်း သူ့အနေဖြင့် ယခုအချိန်အထိ ထိုကဲ့သို့သောအခြေအနေမျိုးနှင့် မကြုံရသေးသဖြင့် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။ ကျင့်ကြံမှုနယ်မြေတွင် ပိုမိုမြင့်မားသော နယ်ပယ်သို့ ရောက်မှသာလျှင် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် စိတ်၏အခြေအနေကို နားလည်နိုင်ပေမည်။

လေယာဉ်သည် ၁၂နာရီခွဲတွင် ရှန်ဟိုင်းလေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ထန်ရှု၊ မိုအားဝူနှင့် ကျန်သူများသည် လေဆိပ်ထွက်ပေါက်မှ ထွက်လာကြသောအခါ  အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်နေသော အိုးရန်လူလူကို တွေ့လိုက်ရသည်။

"နင် ပြန်လာပြီလား ထန်ရှု … သုခဘုံစံအိမ်ကို အမြန်သွားရအောင်။”

သူတို့အနား ရောက်လာသော အိုးရန်လူလူက ချက်ချင်း ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး လမ်းလျှောက်လာသည်။ "ဟန်ကျင်းဝူရဲ့အခြေအနေ ဘယ်လိုလဲ။"

"သူမ ရူးသွားပြီ။" အိုးရန်လူလူက အားတင်းပြုံးပြပြီး "သူမက သုခဘုံစံအိမ်မှာ ရက်နည်းနည်း ကြာကြာနေလို့ ဟန်ကျင်းထုံ တည်းခိုတဲ့ အနောက်တိုင်းပုံစံ အဆောက်အဦးထဲမှာ နေဖို့ စီစဉ်ပေးခဲ့တယ်။ မနေ့က ညသန်းခေါင်မှာ ရုတ်တရက် ရူးသွပ်သွားပြီး အဆောက်အဦးတစ်ခုလုံး ပြိုကျသွားတယ်။ ကံကောင်းထောက်မလို့ အဲ့ဒီထဲမှာ ဟန်ကျင်းထုံတစ်ယောက်ပဲ နေထိုင်ခဲ့လို့သာပေါ့။ နို့မို့ဆို သာမာန်လူတွေ ကြေမွသွားလိမ့်မယ်။”

အိုးရန်လူလူသည် အကြောင်းအရာကနေ လွဲချော်သွားကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး အမြန်ပြောင်းလိုက်သည်။

"ဟန်ကျင်းဝူရဲ့လက်ရှိအခြေအနေက အရမ်းဆိုးတယ်။ သူမကို ကြည့်ရတာ စိတ်ဖောက်သွားတဲ့ပုံပဲ။ ဟန်ကျင်းထုံနဲ့ ရှင်းကျန်တို့ အတူတကွ သူမကို သံကြိုးနဲ့သော့ခတ်ပြီး မထိန်းချုပ်ခဲ့ဘူးဆိုရင် အကြီးအကျယ် ရှုပ်ထွေးမှာကို စိုးရတယ်။”

ထန်ရှု နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ စိတ်ဖောက်သွားခြင်းသည် အမှန်ပင် ရူးသွပ်မှုတစ်မျိုး ဖြစ်သည်။ ဒဏ်ရာရသွားလျှင်ပင် အချိန်မီ သူ ရောက်နိုင်သရွေ့ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း ရှိပါသေးသည်။

ထိုသို့သော စိတ်ကစင့်ကလျားရောဂါ သို့မဟုတ် ရူးသွပ်ခြင်းသည် ကိုင်တွယ်ဖြေရှင်းရန် လွန်စွာ ခက်ခဲပေသည်။ အကယ်၍ အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်ကဲ့သို့ ထိပ်သီးတစ်ယောက် ဖြစ်နေသေးပါက ဤပြဿနာကို ဖြေရှင်းရန် လက်တစ်ချောင်းသာ လှုပ်ရန် လိုသည်။ သို့သော် သူ၏လက်ရှိခွန်အားသည် ယခုချိန်တွင် အလွန်အားနည်းနေပြီး ထိုသို့သော လူတစ်ယောက်နှင့်တွေ့ပါက ဦးနှောက်၏ လျှို့ဝှက်ဆန်းကြယ်သော ပြဿနာများကို ဖြေရှင်းရန် နေသာသာ အစွမ်းထက်သော ရွှေအမြုတေကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။

နေ့လည် ၂ နာရီ …

သော့ခတ်ထားသော ဟန်ကျင်းဝူ၏အခန်းထဲသို့ ထန်ရှု ရောက်လာသည်။ ရှုပ်ပွနေသော ဆံပင်များနှင့်အတူ အရူးတစ်ယောက်သဖွယ် ရုန်းကန်နေရသော သူမ၏သွင်ပြင်ကို ကြည့်ရင်း သူသည် စိတ်တွင်းမှ သက်ပြင်းသာ ချနိုင်ခဲ့ပြီး ၎င်းသည် သူမ၏ယခင်ဘဝ မှတ်ဉာဏ်များနှင့်ဆက်စပ်နေမည်ဟု ဖျတ်ခနဲ မှန်းဆမိသော်လည်း ၎င်းအကြောင်းကို သူ သေချာ မသိပေ။

"လူလူ အပြင်မှာ စောင့်နေ။ ငါ့ခွင့်ပြုချက်မရှိဘဲ ဒီအခန်းထဲကို ဘယ်သူမှ ပေးမဝင်နဲ့။”

ထန်ရှုက အမိန့်ပေးပြီးနောက် အခန်းထဲမှ ပိတ်လိုက်သည်။

သိပ်မကြာခင်မှာပင် ထန်ရှုသည် အခန်းထောင့်နားက စားပွဲဆီသို့ ရောက်လာပြီး သူ့လက်စွပ်ထဲကာ ဟင်္သာပြဒါးရိုင်းမင်၊ အဝါရောင်စာရွက်နှင့် ဝက်မှင်စုတ်တံတစ်ချောင်းကို ထုတ်ယူကာ မှော်အဆောင်များကို ရေးဆွဲတော့သည်။

စိတ်ဝိညာဉ်ငြိမ်သက်အဆောင်နှင့် နှလုံးသားမီး သန့်စင်သော အဆောင်။

အဆောင်နှစ်ခုစလုံးသည် ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို သက်သာစေသည့် အံ့သြဖွယ် ဆန်းကြယ်သော အကျိုးသက်ရောက်မှု ရှိသည်။ ဟန်ကျင်းဝူ၏အခြေအနေ သိပ်မဆိုးဘူးဆိုပါက သူမသည် အချိန်တိုအတွင်း တည်ငြိမ်သွားပေမည်။

သို့သော်လည်း ထန်ရှုသည် အဆောင်နှစ်ခုကို ရေးဆွဲပြီး ဟန်ကျင်းဝူပေါ်တွင် အသုံးပြုလိုက်သောအခါတွင် ၎င်းတို့သည် သူမအပေါ် သက်ရောက်မှု မရှိရုံသာမက ဟန်ကျင်းဝူကိုပင် ပိုမိုစိတ်ဖောက်သွားစေကာ သူ့အား တိုက်ခိုက်ရန် ပစ်မှတ်အဖြစ် သဘောထားခဲ့သည်။ သူမသည် အတော်လေး သန်မာသည့်တိုင် သူမ၏စိတ်ဖောက်ပြန်မှုမှ ထွက်ပေါ်လာသော ခွန်အားသည် ပိုမိုမြင့်မားပေသည်။

"ကြည့်ရတာ ငါ ဒီပညာရပ်ကိုပဲ သုံးရတော့မယ်နဲ့တူတယ်။"

ထန်ရှု သက်ပြင်းချလိုက်သည်။ ထိုပညာရပ်သည် လွန်စွာ အစွမ်းထက်ပြီး ဟန်ကျင်းဝူ၏ပြဿနာအား ယခုအချိန်တွင် အနည်းဆုံး ဖြေရှင်းသွားနိုင်သည့်တိုင် သူ့ခန္ဓာကိုယ်အပေါ်တွင်လည်း သက်ရောက်မှုအချို့ကို ဆောင်ကြဉ်းလာပေလိမ့်မည်။

သူ၏လက်ချောင်းကို ကိုက်ကာ သွေးစက်များစွာ ညှစ်ထုတ်လိုက်ပြီး လေထဲတွင် ရှေးဟောင်းသင်္ကေတများကို စတင်ရေးဆွဲလေသည်။ ရွှေရောင်သင်္ကေတများတွင် အဆုံးမရှိသော လေးနက်မှုတို့ ပါဝင်နေဟန်ရပြီး သွေးထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ အနီရောင်သွေးများသည် ချက်ချင်းပင် ရွှေရောင်သို့ ပြောင်းသွားပြီး ၎င်းပတ်ပတ်လည်တွင် အလင်းစက်ဝန်းဖြင့် ဖုံးလွှမ်းထားပေသည်။

"သွေးဝိညာဉ် … နတ်ဆိုးနှိမ်နင်းရေး …"

ထန်ရှု၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ဟန်ကျင်းဝူ၏ မျက်ခုံးနှစ်ခုကြားထဲသို့ ရွှေရောင်သွေးများကို ရိုက်ထည့်လိုက်သည်။ ရုတ်ခြည်းပင် ဟန်ကျင်းဝူ၏ ခန္ဓာကိုယ်သည် အလင်းတန်း ရိုက်ခတ်ခံရပြီး အကြိမ်အနည်းငယ်ခန့် တွန့်လိမ်သွားကာ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။

ထန်ရှုသည် သံမဏိကြိုးကို ဆွဲကိုင်လျက် သူမကိုယ်ပေါ်ရှိ သံကြိုးများကို ချိုးဖြတ်လိုက်ပြီး သူမ၏နူးညံ့သော ခန္ဓာကိုယ်လေးကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် စောင်ကို သူမ၏ခန္ဓာကိုယ်ပေါ် ခြုံပေးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ကုတင်ဘေးတွင် ငြိမ်သက်စွာ အကြာကြီး ရပ်နေခဲ့သည်။ နာကျင်နေဟန်ဖြင့် ဟန်ကျင်းဝူ၏မျက်ခုံးလေးများ တွန့်ချိုးနေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူမ၏အသိစိတ်အတွင်း မတည်ငြိမ်မှုများနှင့် ပြင်းထန်သောအတက်အကျများကို ညွှန်ပြနေသည့်အလားပင်။

"သူမရဲ့အတိတ်ဘဝက မှတ်ဉာဏ်တွေက သူမကို ထိခိုက်သွားစေခဲ့တာလား။ အင်မော်တယ်ကမ္ဘာမှာ ရှိခဲ့ဖူးတဲ့နေ့ရက်တွေကို သူမ မှတ်မိလာမှာလား။

အချိန်အတော်ကြာပြီးနောက် ထန်ရှုသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း အခန်းတံခါးဖွင့်ကာ ထွက်လာခဲ့သည်။

"ငါ့မြေး ဘယ်လိုနေသေးလဲ ထန်ရှု …"

စိတ်မငြိမ်မသက်မှုများက သူ့မျက်နှာကို လုံး၀ ဖုံးလွှမ်းလျက် အခန်းပြင်မှာ စောင့်နေသည့် ဟန်ကျင်းထုံက ထန်ရှု၏အရှေ့သို့ အပြေးရောက်လာပြီး မေးလာသည်။

All Chapters