ပုံမှန်မဟုတ်သော အပြုအမူ
Vol. 57 Ch. 789
တခဏကြာမျှ ထန်ရှု တိတ်ဆိတ်သွားပြီး ဖြည်းဖြည်းချင်း ဖြေလိုက်သည်။
“သူ အန္တရာယ် မရှိတော့ပါဘူး။ ဒါပေမယ့် ဒီစိတ်ဝိညာဉ်နတ်ဆိုး ဖြစ်ပေါ်ပြီးသွားရင် သူ ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သူ့ကိုယ်သူပဲ အားကိုးရလိမ့်မယ်။ သူ အချိန်မီ နိုးလာပြီး ဒီပြဿနာကို လိုက်လျောညီထွေ ဖြစ်အောင်လုပ်မယ်ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ အရင်လို ပြန်ကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် သူ အချိန်မီ မနိုးထလာရင်တော့ အနာဂတ်မှာ ဆက်ပြီး မကျင့်ကြံနိုင်မှာကိုစိုးမိတယ်။"
ဟန်ကျင်းထုံ၏နှလုံးသားထဲ တုန်လှုပ်သွားကာ အေးစိမ့်စိမ့် ခံစားမှုတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်ယောက် မကျင့်ကြံနိုင်တော့ခြင်းသည် မည်သည့်အဓိပ္ပာယ် ဆိုလိုသည်ကို သူ ရှင်းလင်းစွာ သဘောပေါက်ပေသည်။ ထိုအရာသည် ပိုမိုသန်မာလာစေခြင်းတည်းဟူသော မျှော်လင့်ချက် ဆုံးရှုံးသွားသကဲ့သို့ပင်။
သူတို့ဘဝတလျှောက် လှုပ်လှုပ်ရှား ရှား တွန်းတွန်းတိုက်တိုက်ဖြင့် ဖြတ်သန်းခဲ့ကြသော ကျင့်ကြံသူတွေအတွက် နောက်ထပ်ကျင့်ကြံရန် မည်သည့်နည်းလမ်းမှ မရှိဘဲ သည်ကဲ့သို့ သာမန်ညောင်ည ဘဝမျိုးကို ဖြတ်သန်းရသည်မှာ သေသည်ထက် ဆိုးသောကံကြမ္မာ ဖြစ်ပေသည်။
သူ့မြေးမလေးက သည်ကဲ့သို့သော အဆုံးသတ်ကို ခံနိုင်ရည်ရှိပါ့မလားဟု သူ မသိချေ။
"အဲဒါနဲ့ ပတ်သက်ပြီး တခြားနည်းလမ်း ရှိလား။" ဟန်ကျင်းထုံ အမြန်မေးလိုက်သည်။
"ဒါက တကယ်တော့ တခြားနည်းလမ်း မရှိတာတော့ မဟုတ်ဘူး။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အချိန်တိုအတွင်း စိတ်ဝိညာဉ်နတ်ဆိုးကို သက်သာစေမယ့် ရှေးဟောင်းပစ္စည်းတွေကို ထုတ်လုပ်ဖို့ဆိုရင် ကောင်းကင်ဘုံပစ္စည်းတွေနဲ့ ရတနာတချို့ လိုအပ်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်မှာ ကောင်းကင်ဘုံပစ္စည်း မရှိသလို ဒီကမ္ဘာမြေမှာ ရှာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ကျွန်တော် လုပ်ပေးနိုင်တာကို လုပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့တွေ ဘာမှ ထပ်မလုပ်နိုင်တော့ပေမယ့် အခုချက်ချင်း သူ့ဘာသာသူ ဆွဲထုတ်နိုင်မလားဆိုတာပဲ ကြည့်ရတော့မယ်။"
တကယ်တမ်းတွင် အောင်မြင်ရန် အခွင့်အလမ်း တစ်သန်းပုံတစ်ပုံလောက်သာ ရှိသည့် နောက်ထပ်နည်းလမ်းတစ်ခုကို ထန်ရှု မပြောခဲ့ချေ။ ထိုနည်းလမ်းကို အသုံးပြုပါက စိတ်ဝိညာဉ်နတ်ဆိုး ဖြစ်ပေါ်လာသူများသည် အခွင့်အလမ်းရရှိနိုင်ပြီး ဉာဏ်အလင်းပင် ရနိုင်သည့် အခြေအနေမျိုးပင် ဖြစ်သည်။ ဉာဏ်အလင်းမှ သူတို့ ရရှိလာသော သိမြင်နားလည်မှုသည် စိတ်ဝိညာဉ်နတ်ဆိုး ဖြစ်ပေါ်ခြင်းကို အပြည့်အဝ ကုစားပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့ထံမှ အကျိုးကျေးဇူးအချို့ပင် ရရှိမည်ဖြစ်သည်။
ထိုနည်းလမ်းမှာ သူတို့၏စိတ်ဝိညာဉ်နတ်ဆိုးကို အောင်မြင်ကျော်လွှားပြီး ထိန်းချုပ်နိုင်၊ ဖျက်ဆီးပစ်နိုင်ရမည်ဖြစ်လေ၏။
သည်လိုအခြေအနေမျိုးကို ကျော်လွှားနိုင်သူများသည် သူတို့၏ကျင့်ကြံမှုလမ်းကြောင်း တိုးတက်လာနိုင်ရုံသာမက ပိုမိုကြောက်စရာ ကောင်းလာပေလိမ့်မည်။
“အားဝူ … မင်း ဒီမှာပဲ နေ၊ ဘယ်သူ့ကိုမှ ဒီနေရာကို မချဉ်းကပ်စေနဲ့။ ဟန်ကျင်းဝူ နိုးလာရင် ငါ့ကို ချက်ချင်းအကြောင်းကြားပေး။”
ထန်ရှုက ရှင်းလင်းသော အမိန့်ပေးကာ အိုးရန်လူလူနှင့် ထွက်ခွာလာခဲ့သည်။
အိုးရန်လူလူ၏နေအိမ်သို့ ရောက်သောအခါ ထန်ရှုသည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်ရင်း ခေါင်းကိုက်နေပေသည်။ ဟန်ကျင်းဝူတွင် မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။ ဟန်ကျင်းဝူ ဆက်လက် ကျင့်ကြံခဲ့မည်ဆိုပါက သူမသည် အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်လိမ့်မည်ဟု မူလက သူ ထင်ခဲ့ပေသည်။ ကမ္ဘာမြေပေါ်ရှိ သူမ၏အတိတ်ဘဝ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်ရယူနိုင်ခြင်းမရှိလျှင်ပင် အင်မော်တယ်ကမ္ဘာသို့ သူမ တက်သွားသည်နှင့် သေချာပေါက် ပြန်လည်မှတ်မိနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်ပါက အင်မော်တယ်ကမ္ဘာတွင် ၎င်းတို့ကြားရှိ စာရင်းကို သူ ဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူမသည် ဤအဆင့်တွင် ထာဝရ ရပ်တန့်နေမည်ဆိုပါက သံသရာစက်ဝန်းအတွင်းသို့ သူမ တစ်ဖန်ပြန်လည်ဝင်ရောက်ပြီး လူပြန်ဝင်စားကာ ကျင့်ကြံမှုလမ်းကြောင်းအပေါ် သူမ တစ်ဖန်ပြန်လည်ခြေချခြင်းကို စောင့်ဆိုင်းသင့်သလော။ သူမသည် ခါးသီးသော သံသရာပင်လယ်ကြီးမှ လွတ်မြောက်ပြီး လူသားတစ်ဦးအဖြစ် တစ်ဖန်ပြန်လည်ဝင်ရောက်ရန် အခွင့်အရေး ရလာခဲ့ပါကလည်း အတိတ်ဘဝ၏မှတ်ဉာဏ်အား ပြန်လည်ရရှိရန် အခွင့်အလမ်းသည် အလွန်သေးငယ်လွန်းပေသည်။
ထန်ရှု စိတ်အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် အိုးရန်လူလူသည် သူ့ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။ သူ၏စိတ်အခြေအနေ မကောင်းသည်ကို ထိန်းညှိရန် ကြိုးပမ်းသောအားဖြင့် အကြောင်းအရာကို ချက်ချင်းပင် ပြောင်းလဲလိုက်သည်။ "ထန်ရှု ဟိုရက်တွေက နင် ဘာတွေ လုပ်နေတာလဲ။ နင့်ရဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းက မကြာသေးခင် ကျင်းပသွားခဲ့တဲ့ တင်ဒါလိုမျိုး အရေးကြီးတဲ့ပွဲကိုတောင် နင် မတက်ဘူးမလား။ ခန်းရှရဲ့ စိတ်ထဲ ဘာရှိနေလဲဆိုတာ ငါ မှန်းဆလို့ကို မရဘူး။ ဗိသုကာပုံစံအသေးစိတ် ဒီဇိုင်းကိုတောင် ပြီးအောင်မဆွဲနိုင်သေးတဲ့ ကုမ္ပဏီကို ဒီလောက်ကြီးမားတဲ့ ပရောဂျက်ကြီး ဘာလို့ လွှဲပေးရတာလဲ။”
စန်းယွမ်အုပ်စု…
ထန်ရှု၏ အမူအရာ ပြောင်းသွားသည်။ သူသည် ချန်းကျီရွှဲ့၏နည်းလမ်းများနှင့် စွမ်းဆောင်နိုင်ရည်ရှိမှုကို တိတ်တဆိတ် သဘောကျမိသည်။ တင်ဒါပွဲတွင် သူတို့ထက် ပိုမိုသင့်လျော်သော အဖွဲ့မရှိပါက စန်းယွမ်အဖွဲ့ကို အခွင့်အရေးပေးလိုက်ရန်ပင် ခန်းရှအား ယခင်က သူ ပြောဖူးပေသည်။ သူမသည် တင်ဒါအတွက် နောက်ဆုံးမီးစိမ်းပြရန် ဆုံးဖြတ်ချက်ချမှတ်သူအဖြစ် ရှိနေသေးသည်။ သူ့အမြင်ကြောင့် ချန်းကျီရွှဲ့အား မျက်နှာသာပေးရန် လွယ်လွယ်ကူကူ လိုက်လျောမည် မဟုတ်သောကြောင့် သူ့ထက် ပိုကောင်းအောင် မည်သို့ ကိုင်တွယ်ရမည်ကို သူမ သိပေသည်။
“မကြာသေးမီက ငါ အရေးကြီးပြီး အလျင်လိုနေတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ အလုပ်ရှုပ်နေတာမို့ ကုမ္ပဏီရဲ့လုပ်ငန်းကို အချိန်အများကြီး အာရုံမစိုက်နိုင်ခဲ့ဘူး။ ခန်းရှက အရမ်းအရည်အချင်းရှိတဲ့သူဆိုတော့ စန်းယွမ်အုပ်စုကို ရွေးချယ်ဖို့ သူ့မှာ အကြောင်းပြချက် ရှိလိမ့်မယ်။ ငါ မသွားခင် စန်းယွမ်အုပ်စုရဲ့ပိုင်ရှင် ချန်းကျီရွှဲ့နဲ့လည်း တွေ့ခဲ့ပြီး မပြီးဆုံးသေးတဲ့ ဒီဇိုင်းကို ငါကိုယ်တိုင် ကြည့်ခဲ့ရတယ်။ လက်ရာတော်တော်ကောင်းပါတယ်။”
“ဒီတလောက ချန်းကျီရွှဲ့နဲ့ သူ့ရဲ့စန်းယွမ်အုပ်စုအကြောင်း ငါ လေ့လာခဲ့သေးတယ်။ ဒီကောင်က တကယ်ကို အရည်အချင်းရှိတယ် … တစ်ခါတရံ တော်တော် ရက်စက်တတ်တယ်ဆိုပေမယ့်လည်း … သူ လိုချင်တာ ရဖို့အတွက် စီးပွားရေးအသိုင်းအဝိုင်းက ရှောင်ဖယ်ထားတဲ့ တားမြစ်ချက်များစွာကို ကိုးကားဖို့တောင် သတ္တိရှိတယ်။"
အိုးရန်လူလူက ပြောလိုက်သည်။
"မဟုတ်သေးဘူး။ အဲ့ဒါက အသင့်တော်ဆုံး ရှင်သန်ခြင်းရဲ့ သဘာဝရွေးချယ်မှုတစ်ခုလို့ပဲ ဆိုရမယ်။ ဈေးကွက်ဆိုတာ စစ်မြေပြင်ပဲလို့ တချို့တွေက ပြောကြတယ် … ငါတို့ ဒါမှမဟုတ် ငါတို့ ရန်သူတွေ သေတဲ့ ပြိုင်ကွင်းပေါ့။ နည်းလမ်းတွေက ဘယ်တော့မှ အရေးမကြီးဘူး အဆုံးသတ်နဲ့ရလဒ်ပဲ အရေးကြီးတာလေ။ အောင်နိုင်သူဖြစ်လာပြီး နောက်တစ်နေ့ကို တွေ့ဖို့ ရှင်သန်ရခြင်းအတွက် ဘာကြောင့် လူတွေက အစီအစဉ်တွေနဲ့ လျှို့ဝှက်အကြံအစည်တွေကို ကြောက်ရွံ့နေသင့်လဲ။ အရှက်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူလို့ မြင်မှာကို ဘာကြောင့်ကြောက်တာလဲ။ မင်းမှာ လုံလောက်တဲ့ ခွန်အားနဲ့ ဆက်ပြီး အားကောင်းနေသရွေ့တော့ ပြဿနာတွေအားလုံးက ပြဿနာမဟုတ်တော့ဘူး။”
"နင့်ရဲ့အငြင်းအခုံက ဟာကွက်တွေနဲ့ ယုတ္တိတန်စွာ လှည့်စားနေတာ နင်သိလား။"
အိုးရန်လူလူက မြည်တွန်တောက်တီးလိုက်သည်။
“ဟားဟားဟား။”
ထန်ရှု မရယ်ဘဲ မနေနိုင်တော့ပေ။
“ဒီအငြင်းအခုံက ယုတ္တိကျကျ ဘယ်လို ကွဲလွဲသွားတာလဲ။ တော်ဝင်အာဏာအတွက် တိုက်ပွဲဝင်တာကို ဥပမာ ယူစမ်းပါ။ ရာဇပလ္လင်ပေါ်မှာ ထိုင်တဲ့ နောက်ဆုံးအနိုင်ရသူတွေမှာ သွေးမစွန်းတဲ့လက်၊ မရေမတွက်နိုင်တဲ့လူတွေရဲ့အရိုးပုံတွေကို မထိုင်တဲ့သူတွေရယ်လို့ ရှိလို့လား။ ရလဒ်က ဖြစ်စဉ်ထက် အရေးကြီးတယ်။ အခု ငါ မင်းကို မေးမယ်။ စန်းယွမ်အုပ်စုရဲ့လွန်ခဲ့တဲ့ ၁၀နှစ်က အခြေအနေနဲ့ အခုအခြေအနေကို နှိုင်းယှဉ်တာ ဘယ်လိုလဲ။"
"အခုက အဆပေါင်းများစွာ ပိုအားကောင်းနေတယ်။" အိုးရန်လူလူက ဖြေသည်။
"ဒါက သဘာဝပဲ မဟုတ်လား။" ထန်ရှုက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"အောင်မြင်တဲ့သူတိုင်းမှာ ရန်သူတွေ အများကြီးရှိမယ်၊ ဒါပေမယ့် စန်းယွမ်အုပ်စုက ပိုအားကောင်းလာနေပြီး ချန်းကျီရွှဲ့ကလည်း ပိုချမ်းသာလာတယ်ဆိုတာ မင်းကိုယ်တိုင်လည်း မြင်တယ် မဟုတ်လား။"
အိုးရန်လူလူ ဘာမှ စောဒကတက်စရာ မရှိပေ။ ထန်ရှု၏ငြင်းခုံမှုသည် တရားမျှတသည်ဟု သူမ ပြောနိုင်သော်လည်း လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။ သူမသည် ကျင်းမန်ကျွန်းတွင် ကာစီနိုတစ်ခု ဖွင့်ထားသောကြောင့် ဖြူစင်ပြီး အပြစ်ကင်းစင်သော လူတစ်ဦးမဟုတ်ကြောင်း သူမသည်လည်း ရူးသွပ်သည့်ဘက်အချို့ရှိကြောင်း ညွှန်ပြနေသည်။ သို့သော် ကာစီနိုဖွင့်ခြင်းသည် အရိပ်အချို့ဆီသို့ တူညီသော ဦးတည်ချက်ဖြင့် သွားနေရုံသာဖြစ်ပြီး သန့်စင်သောမြေအောက်ကမ္ဘာစီးပွားရေးတစ်ခုဟု ဆိုနိုင်သည်။ သို့သော် စန်းယွမ်အုပ်စုသည် အပေါ်ယံတွင် သင့်လျော်သောစီးပွားရေးတစ်ခုဖြစ်သော်လည်း အမှန်တကယ် လုပ်ငန်းလည်ပတ်ရာတွင် ဆိုးသွမ်းသော နည်းလမ်းများစွာကို အသုံးပြုခဲ့ရာ လွန်စွာ စက်ဆုပ်ဖွယ်ကောင်းသည်။
ထန်ရှုနှင့်ငြင်းခုံခြင်းသည် အိုးရန်လူလူအား အကြောင်းအရာကို ဆက်လက်ပြောဆိုရန် ရပ်တန့်သွားစေသည်။ သူမသည် လက်ဖက်ရည် ဖျော်စပ်ရန် ထလာပြီး ထန်ရှု၏အရှေ့တွင် လက်ဖက်ရည်အိုးတစ်လုံး တည်ခင်းလိုက်ကာ စကားဆိုလိုက်သည်။
“ဒါနဲ့ အဘိုးကြီးမိုရီက မကြာသေးခင်က ထူးထူးခြားခြား လုပ်လာတယ်။ နင် သူ့ကို သွားတွေ့ဦးမလား။ ကြည့်ရတာ ရှန်းကျန်က အဲ့ဒါကို သည်းမခံတဲ့ပုံပဲ။”
ထန်ရှုသည် တခဏမျှ တွေဝသွေားပြီး မိုရီ လေ့လာနေသော သုတေသနခေါင်းစဉ်ကို ချက်ချင်း သတိရသွားသည်။ သူ ချက်ချင်း မေးလိုက်သည်။ “ဘာတွေ ဖြစ်ခဲ့လို့လဲ။ သုတေသနက တစ်ဆို့နေတာ ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားတာလား။"
"ဟုတ်တယ်။ အလွန်ဆိုးရွားတဲ့ ပိတ်ဆို့မှုတစ်ခုပဲ။ မနည်းပါဘူး။” အိုးရန်လူလူက ရယ်လိုက်ရင်း
"ရှန်းကျန် ညည်းညူနေတာ နင် သိလား။ နင့်ဆီက ဆုလာဘ်အဖြစ် ဆေးလုံးကို မမျှော်လင့်ထားဘူးဆိုရင် သူမက နှုတ်ထွက်သွားပြီး သွေးထပ်ပေးတော့မှာ မဟုတ်ဘူး။"
“ဟားဟားဟား…”
အိုးရန်လူလူ၏နောက်ဆုံးစကားသည် ထန်ရှု၏ စိတ်ဓာတ်ကျနေခြင်းကို ချက်ချင်း ကြေမွသွားစေသည်။ ထိုစကားကြားပြီးနောက် သူ အားရပါးရ အော်ရယ်မိတော့သည်။ သူ့လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်ပြီးနောက် ထလိုက်ကာ
"ကောင်းပြီ။ ပါမောက္ခမိုနဲ့ ရှန်းကျန်ကို သွားကြည့်ရအောင်။"
၁၀မိနစ်အကြာတွင် ထန်ရှုသည် မိုရီနှင့် တွေ့ဆုံနေပြီဖြစ်သည်။ အဘိုးအိုသည် အဝေးကြည့်မျက်မှန်နှင့်အတူ အဖြူရောင် ဓာတ်ခွဲခန်းအင်္ကျီကို ဝတ်ဆင်ထားပြီး လက်ရှိတွင် သူ့ပတ်ဝန်းကျင်၌ သုတေသနကိရိယာများစွာဖြင့် အလုပ်ရှုပ်နေသည်။ သို့သော် ရှန်းကျန်သည် တံခါးနားရှိ ဆိုဖာတစ်ခုပေါ်တွင် စိတ်မပါစွာ ထိုင်နေပြီး ငိုက်မျဉ်းနေသည်။
"မင်းရဲ့လတ်ဆတ်တဲ့ သွေးကို ပြွန်တစ်ဝက် ထပ်ပြီး ပေးစမ်းပါရှန်းကျန်။ ငါ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီ။”
မိုရီက မော့မကြည့်ဘဲ ရုတ်တရက်ပြောလိုက်သည်။
ရှန်းကျန်၏မျက်နှာ ပျက်သွားသည်။ သူမ ချက်ချင်း ဆိုဖာပေါ်မှ ခုန်ဆင်းကာ ဒေါသတကြီး ကြုံးဝါးတော့သည်။
“ရှင်က ဘာလဲ မိုရီ။ ချီးပဲ … ဒီစကားတွေကို ကျွန်မ ကြားနေရတာ အကြိမ်၂၀လောက် ရှိနေပြီ။ ဒါပေမယ့် ရလဒ်က ဘာလဲ။ ရှင် ဘာရလဒ်တွေ ရလဲ ကျွန်မကို ပြောပြလိုက်စမ်းပါ။ ကျွန်မရဲ့သွေးမျိုးနွယ်စုသွေးက အရမ်းတန်ဖိုးရှိပြီး ထွက်သွားတဲ့ သွေးစက်တိုင်းအတွက် ပြန်လည်ရရှိဖို့က အချိန်အကြာကြီး လိုတယ်ရှင့်။ ဒါပေမယ့် ရှင် ... ရှင် ... ရှင်က ဒီရက်ပိုင်းထဲ ကျွန်မရဲ့သွေးတွေကို ယူခဲ့တာ ပြွန်၂၀လောက် ရှိနေပြီ လူယုတ်မာကြီးရဲ့။"
မိုရီ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်သည်။ ရှန်းကျန်ကို စိုက်ကြည့်ရင်း သူမ၏အနောက်တွင် ငြိမ်သက်စွာ ရပ်ကာ ပြုံးနေသော လူတစ်ချို့ ရှိနေသည်ကို သူ သိသွားသည်။ ထန်ရှုနှင့် အိုးရန်လူလူသည် စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် ရပ်နေသည်။
"အာ … ထန်ရှု မင်း လာပြီလား။"
မိုရီသည် အံ့သြဝမ်းသာသွားကာ လက်ထဲမှ ပစ္စည်းကို ချပြီး လာလိုက်သည်။
ထိုစကားကို ကြားသော ရှန်းကျန်သည် အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူမသည် ထန်ရှုကို မြင်သောအခါ အမှားယွင်းခံနေရသော အမူအရာဖြင့် သူ၏အရှေ့သို့ ချက်ချင်း ပြေးသွားကာ စောဒကတက်တော့သည်။
" ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ မစ္စတာထန်။ ဒီအဘိုးကြီးက ငါ့ကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်။ သူ့မှာ ဘာအရည်အချင်းမှ မရှိဘူး။ သူ့သုတေသနက ဆေးတစ်အောင်စတောင် မထွက်သေးပေမယ့် နေ့တိုင်း ငါ့သွေးကို ညှစ်ထုတ်ဖို့ တွန်းအားပေးတယ်။ ဒီအတိုင်းသာ ဆက်သွားနေရမယ်ဆိုရင် ငါက လူသားတစ်ယောက် ဖြစ်သွားလိမ့်မယ်။"
ထန်ရှုက ရယ်မိသော်လည်း သူမ၏ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူ့လက်စွပ်အတွင်းမှ ကြွေအိုးတစ်လုံးကို ထုတ်ယူကာ ရှန်းကျန်အား လွှဲပြောင်းပေးလိုက်သည်။
“ကောင်းပြီ။ ငါ ဒီတလော သန့်စင်ထားတဲ့ ဆေးလုံးတစ်လုံးပဲ။ ယူသွားပါ … မင်း အဲ့ဒီကနေ အကျိုးကျေးဇူး ရလိမ့်မယ်။ ဒါပေမယ့် အခုယူဖို့ အလျင်စလို မလုပ်ပါနဲ့။ ညနေစောင်းတဲ့အထိ စောင့်ပါ။"
“သိပ်ကောင်းတယ်။”
ရှန်းကျန်သည် ပျော်ရွှင်မှုအပြည့်နှင့် ကြွေအိုးကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ ဖော့ကို ချက်ချင်းဖြုတ်ပြီး ဆေးကို ပါးစပ်ထဲ ထည့်ရန် မစောင့်နိုင်တော့ပေ။
ထို့နောက် ထန်ရှုက မိုရီကို လှည့်ကြည့်ပြီး
"ပြဿနာတစ်ခုခု ကြုံနေလို့လား ပါမောက္ခမို။"
"အာ … ဟုတ်တယ်။" မိုရီက အားတင်းပြုံးပြပြီး “သွေးမျိုးနွယ်စုရဲ့သွေးက အရမ်းကို သက်ဝင်တက်ကြွလွန်းနေတယ်။ အဲဒါနဲ့ လိုက်ဖက်တဲ့ သင့်လျော်တဲ့ အစားထိုးပစ္စည်းကို ငါ အဖြေရှာလို့ မရသေးဘူး။”
ထန်ရှု ထိုအကြောင်းကို တွေးလိုက်ပြီး
"တချို့ဆေးပင်တွေကို အစားထိုးလို့ရတယ်လို့ တွေးမိလား။"
မိုရီသည် တခဏမျှ တွေဝသွေားပြီး ခေါင်းယမ်းကာ
"ငါ မသိဘူး။ သင့်တော်တဲ့ဆေးပင်တွေ ရှိရင်တောင်မှ ဆေးပင်တွေအကြောင်း ငါ ဘာမှ မသိဘူး။"
ခဏကြာသော် ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ ဖုန်းမြည်သံ ခုနစ်ကြိမ် မြည်ပြီးနောက်တွင် သူ၏ဖုန်းခေါ်ဆိုမှုအား လက်ခံခဲ့ပြီး အိုမင်းစူးရှသော အသံထွက်ပေါ်လာကာ
"တစ်ခုခု လိုအပ်တာ ရှိလို့လား ထန်ရှု…"
"စီနီယာ … ခင်ဗျား စိတ်ဝင်စားမလားဆိုတာ မသိတဲ့ အရာတစ်ခု ရှိတယ်။ အောင်မြင်တာနဲ့ လူသားတွေအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်မယ်လို့ ထင်ရတဲ့ ဆေးအချို့ကို ကျွန်တော် သုတေသန ပြုနေပါတယ်။”
ထန်ရှုက ပြုံးလျက် ပြောလိုက်သည်။
“စိတ်မဝင်စားဘူး။ ငါ လုပ်ရင်တောင်မှ ငါ့မှာ အချိန်မရှိဘူး။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ရှာဖွေတွေ့ရှိထားလို့ အဲဒါကို လေ့လာဖို့ အချိန်တစ်ခု လိုသေးတယ်။”
ကွေ့ချန်းချိုးက တုံ့ပြန်သည်။
"ဘာစိတ်ဝင်စားစရာတွေလဲဗျ။"
ထန်ရှု အမြန်မေးလိုက်သည်။
ကွေ့ချန်းချိုး တခဏမျှ တိတ်ဆိတ်နေပြီးနောက် "ဒီကမ္ဘာပေါ်မှာ လူနဲ့တိရစ္ဆာန်တွေအပြင် တခြားသက်ရှိတွေ ရှိသေးတယ်ဆိုတာ မင်း သိလား။"
"ကျွန်တော် သိပါတယ်။" ထန်ရှုက ပြန်ဖြေသည်။
"မင်း တကယ် သိတာလား။"
ကွေ့ချန်းချိုး အံ့အားသင့်စွာ မေးလိုက်သည်။
"ကျွန်တော် တကယ် သိတယ်။" ထန်ရှုက ဖြေသည်။
ကွေ့ချန်းချိုးက ထပ်ပြောသည်။
"ကောင်းပြီ။ မင်း နည်းနည်းပါးပါး သိတယ်ဆိုကတည်းက ငါ ပြောပြမယ်။ ဒီတလောတုန်းက ကျွန်းမှ လက်မောင်းရုပ်ကြွင်းအချို့ကို ငါ တွေ့ခဲ့တယ်။ အဲ့ဒီလက်မောင်းက လူ့လက်မောင်းနဲ့ ဆင်တူပေမယ့် ရွှေရောင်အမွှေးတွေနဲ့ ဖုံးအုပ်ထားတယ်။ သူ့ရဲ့မာကျောမှုနဲ့ သွေးခဲမှုအဆင့်ကို တိုင်းတာဖို့ ငါ ခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေမှုတွေ ပြုလုပ်လိုက်တော့ အဲ့ဒီအရာနဲ့ပတ်သက်ပြီး အလွန်ထူးခြားတဲ့ အရာတစ်ခုကို ငါ တွေ့ခဲ့တယ်။”
"ခင်ဗျား ရထားတဲ့ ရုပ်ကြွင်းကို ကျွန်တော် သိမယ်ထင်တယ်။ အဲ့ဒါက သားရဲတစ်ပိုင်းလူရဲ့ လက်တစ်ဖက် ဖြစ်လိမ့်မယ်။ ကျွန်တော် ထင်တာတော့ ခင်ဗျားရဲ့သုတေသနကို စွန့်လွှတ်ပြီး ကျွန်တော့်ရဲ့ သုတေသနမှာ ပါဝင်သင့်တယ်။ ကျွန်တော့်ရဲ့ သုတေသနက လူမျိုးတစ်မျိုးရဲ့ ထူးဆန်းတဲ့ မျိုးနွယ်တစ်မျိုးနဲ့သက်ဆိုင်တယ်လို့ပဲ ဆိုရမှာပဲ။”
"မင်း အသေးစိတ် ပြောလို့ရမလား။"
ကွေ့ချန်းချိုး၏ စိတ်ဝင်စားမှု မြင့်တက်လာပြီး သူ ထပ်မေးလိုက်သည်။
"အဲ့ဒါက ငါ့ကို စိတ်ဝင်စားစေရင် မင်းနဲ့လက်တွဲဖို့ သဘောတူမယ်။"
"ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူမက သာမန်လူတွေ ဗန်ပိုင်းယားလို့ ခေါ်ကြတဲ့ သွေးမျိုးနွယ်စုဝင်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့သုတေသီတွေက သူ့သွေးကို သုံးပြီး ဆေးတွေကို သုတေသနလုပ်နေတယ်။”
"ဗန်ပိုင်းယား…"
ဖုန်းထဲမှ ကွေ့ချန်းချိုး၏အော်သံကို ကြားလိုက်ရသည်။