← Chapters

ငါ့အသက်က မင်းတစ်ယောက်တည်းအတွက်ပဲ

Vol. 57 Ch. 790

ငါ့အသက်က မင်းတစ်ယောက်တည်းအတွက်ပဲ

Vol. 57 Ch. 790

ကွေ့ချန်းချိုးအတွက် သက်ရှိဗန်ပိုင်းယားက သားရဲတစ်ပိုင်းလူရုပ်ကြွင်းထက် အများကြီး ပိုမိုဆွဲဆောင်မှု ရှိသည်ဟု ထန်ရှု ယုံကြည်ထားသဖြင့် သူ၏ယုံကြည်ချက် မြင့်မားနေသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ကွေ့ချန်းချိုး၏လေသံက ပိုမိုလေးနက်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

"ငါ့ကို နေရာလေးပြော။ ငါ ချက်ချင်း လာခဲ့မယ်။ မင်း အမှန်တိုင်း ပြောနေတာဆိုရင် ငါ မင်းရဲ့ သုတေသနမှာ ပါဝင်မယ်။"

"ရှန်ဟိုင်းရဲ့ သုခဘုံစံအိမ်။ ကျွန်တော် ခင်ဗျားကို အဲ့ဒီမှာ စောင့်နေမယ်။''

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

သူ ဖုန်းချလိုက်စဉ်မှာပဲ ရှန်းကျန်၏လှပသော မျက်နှာလေးထက်တွင် အကြောက်တရားတစ်ခု ဖြစ်ပေါ်နေပေသည်။

“နင် တခြားတစ်ယောက်ကို ဖိတ်လိုက်တာလား မစ္စတာထန်။ ဘာလို့လဲ။ သူ ... သူက နှလုံးသားနက်တဲ့ အဘိုးအိုမိုလို ငါ့သွေးတွေကို နေ့တိုင်းယူနေမှာတော့ မဟုတ်ပါဘူးနော်။"

"ကောင်းပြီ။ သူ လုပ်ကောင်းလုပ်ဖြစ်လိမ့်မယ်။" ထန်ရှုက ပြုံးစစဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ချက်ချင်းပင် ရှန်းကျန်သည် သံကုန်ဟစ်ကာ အော်တော့သည်။

"ငါ ငြင်းတယ်။ သွေးမျိုးနွယ်စုရဲ့သမိုင်းထဲမှာ သွေးတွေ အများကြီး အယူခံလိုက်ရလို့ သေဆုံးသွားတဲ့ ပထမဆုံး ဗန်ပိုင်းယား ငါ မဖြစ်ချင်ဘူး။"

သွေးမျိုးနွယ်စုသည် အသက်ရှင်ရန် အခြားသူများ၏သွေးကို စုပ်ယူရုံမှတပါး အခြားနည်းလမ်း မရှိချေ။

အကယ်၍ သမိုင်းတစ်လျှောက်တွင် သူမသည် အခြားသူများမှ သွေးကို ယူဆောင်သွားခြင်းကြောင့် သေဆုံးခဲ့ရသည့် ပထမဆုံးသော ဗန်ပိုင်းယား ဖြစ်လာပါက ကြီးမားသော မုန်တိုင်းသည် သွေးမျိုးနွယ်စုတစ်ခုလုံးကို လှုပ်ခတ်သွားစေမည်မှာ သေချာပါသည်။ ဗန်ပိုင်းယားသမိုင်းကြောင်းတွင် ရှက်စရာကောင်းသော အဖြစ်အပျက်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရလိမ့်မည်ဖြစ်သည်။ သူမ၏အမည်သည်လည်း သေချာပေါက်ရှိနေပြီး ထိုကဲ့သို့သော 'ခေါင်းစဉ်' သည် ဂုဏ်ယူစရာတစ်ခု မဟုတ်ပေ။

"အဲ့လောက်လည်း မဆိုးပါဘူးကွာ။ မင်းရဲ့စိတ်ပူပင်မှုကို လျှော့လိုက်စမ်းပါ။"

ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အခုချိန်က သိပ်မနောက်ကျသေးပေမယ့် ပြန်သွားပြီးတော့ အနားယူချင်လား။ ငါပေးလိုက်တဲ့ ဆေးလုံးကို သောက်ကြည့်ပြီး သူ့ရဲ့အာနိသင်ကို မြင်နိုင်တယ် မဟုတ်လား။”

ရှန်းကျန် အူကြောင်ကြောင် စိုက်ကြည့်လာပြီးမှ ချက်ချင်း ခေါင်းညိတ်ကာ

“ဒါအမှန်ပဲ။ ဟုတ်တယ် … ငါ အဲ့ဒါကို အရင်လုပ်ရမယ်။ နင်လည်း ကိုယ့်အလုပ်ကို လုပ်ပါ။"

ထိုစကားကို ပြောပြီးသည်နှင့် သူမသည် လျှပ်တပြက်အတွင်း ပြေးထွက်သွားကာ အခန်းတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

မိုရီက လျှောက်လာကာ စိုးရိမ်သောအကြည့်ဖြင့် မေးလိုက်သည်။

"မင်းရဲ့ဆေးလုံးတွေက ရှန်းကျန်အပေါ် ကောင်းကောင်း အကျိုးသက်ရောက်စေမှာလား ထန်ရှု။ ဆိုလိုတာက သူမ မကျေနပ်လို့ နှုတ်ထွက်သွားရင် အတော် ဒုက္ခရောက်သွားမယ်။ အရင်ကြိုးစားမှုအားလုံးကို ပျက်စီးယိုယွင်းသွားစေလိမ့်မယ်။”

"စိတ်အေးအေးထားပါ။ သူမ မနုတ်ထွက်ဘူးလို့ ကျွန်တော် အာမခံပါတယ်။”

ထန်ရှုက ယုံကြည်မှုရှိသော အပြုံးနှင့် ပြောလိုက်သည်။

မိုရီက ခေါင်းညိတ်ပြပြီး စိတ်သက်သာရာရသွားဟန် ရှိနေသော်လည်း သူသည် ချီတုံချတုံ ဖြစ်နေဆဲဖြစ်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သေးသည်။

“မင်း ဖိတ်ခေါ်လိုက်တဲ့ တရုတ်တိုင်းရင်းသမားတော်ရဲ့ ဇာစ်မြစ်ကို ကြိုပြောပြနိုင်မလား။ စမ်းသပ်မှုပြုလုပ်ဖို့ သူက ငါနဲ့ ပူးပေါင်းနိုင်လား။”

"သူက နတ်ဆေးသမားတော် ကွေ့ချန်းချိုးပါ။"

ထန်ရှုက ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။

မိုရီသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် အသိလွတ်သွားပြီးမှ စိတ်လှုပ်ရှားနေသည့် အမူအရာသို့ ပြောင်းသွားကာ တုန်တုန်ယင်ယင်လေသံဖြင့်

“မင်း … မင်း … နတ်ဆေးသမားတော် ကွေ့ချန်းချိုးကို ဖိတ်နိုင်ခဲ့တာလား။ သောက်ကျိုးနည်း … သူက အမြီးနဲ့ ဦးခေါင်းကို ဖမ်းဖို့ မဖြစ်နိုင်လုနီးပါးရှိတဲ့ နတ်နဂါးလို နတ်ဆေးသမားတော်တစ်ဦးပဲ။ သူ့နာမည်နဲ့ ကျော်ကြားမှုအကြောင်း ငါ ကြားဖူးနေတာကြာပြီ။”

"ကောင်းပြီ။ ခင်ဗျားရဲ့စိတ်လှုပ်ရှားမှုကို ကျိုးကြောင်းဆီလျော်တဲ့အဆင့်မှာ ထားလိုက်ပါဦးဗျာ။" နတ်ဆေးသမားတော် ဟုတ်ဟုတ် မဟုတ်ဟုတ် သူလည်း လူသားတစ်ယောက်ပါပဲ။ သူရောက်လာတာက ခင်ဗျားအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပြီး ကျွန်တော် လိုအပ်တာတွေကို မြန်မြန်ရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"စိတ်မပူပါနဲ့။ ငါ လိုအပ်နေတဲ့အရာကို အစားထိုးနိုင်တဲ့ ဆေးပင်တွေရှိနေသရွေ့ မင်း လိုချင်တာတွေကို အချိန်တိုအတွင်း သုတေသနပြုနိုင်မယ်ဆိုတာ သေချာပါတယ်။” မိုရီက ခေါင်းတစ်ချက်ညိတ်ကာ တုံ့ပြန်သည်။

"ဒါဆိုလည်း ကောင်းပါပြီ။"

ထန်ရှု ခေါင်းညိတ်သည်။

****

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာရာ မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်ခဲ့ချေလေပြီ။

သုခဘုံစံအိမ်၏နက်ရှိုင်းသောနေရာရှိ အနောက်တိုင်းပုံစံ အဆောက်အဦးတွင် ဟန်ကျင်းဝူသည် ကျယ်ဝန်းသောအိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူမ၏မျက်တောင်များ အကြိမ်အနည်းငယ်ခန့် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး သူမ၏မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ သူမ၏အမြင်အာရုံ ပြန်လည်ကောင်းမွန်လာသည့်အချိန် မျက်ဝန်းလှလှများဆီမှ မျက်ရည်စက်များ တဖြည်းဖြည်း ကျဆင်းလာသည်။ ရွှန်းလက်သော မျက်ရည်စများသည် နာကျင်မှုနှင့်နောင်တတို့ ရောယှက်နေသော ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ဝေ၀ဝေါးဝါးဖြင့် သူမ၏အရိုးထဲတွင် နက်ရှိုင်းစွာ ရေးထိုးထားခဲ့သော ချစ်ခြင်းမေတ္တာသည် သူမ၏အတွင်းကျဆုံး စိတ်ခံစားချက်များအဖြစ် နှလုံးသားအတွင်း၌ တည်ရှိနေပေသည်။

'စိတ်ဝိညာဉ်ပြန်လာမြက်'

ဟန်ကျင်းဝူ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ ဆေးပင်၏အမည်သည် သူမစိတ်ထဲတွင် ပေါ်လာသောအခါတွင် တပေါက်ပေါက် ကျဆင်းနေသော မျက်ရည်စများသည် သူမ၏အမြင်အာရုံအား ဝဝေါးနေဆဲဖြစ်သည်။ သူမသည် တစ်ချိန်က အတိတ်ကိုယုံကြည်ခဲ့ပြီး ထိုစိတ်ဝိညာဉ်ပြန်လာမြက်ကို ယူရန် လုံးဝလိုအပ်သည်ဟုပင် အခိုင်အမာယုံကြည်ခဲ့သည်။ ယခုတော့ သူမသည် ဤအပင်ကို မုန်းစပြုလာကာ ဖြစ်နိုင်ပါက နောက်တစ်ကြိမ် ထပ်သောက်ရန် မစဉ်းစားချင်တော့ပေ။

၎င်းသည် သူမ၏ယခင်ဘဝက အကြွေးဖြစ်ပြီး ယခုလက်ရှိဘဝတွင် သူမ ပေးဆပ်ရမည့် အကြွေးတစ်ခုလည်း ဖြစ်သည်။

သူမ၏ရင်ထဲတွင် ခံစားရသော ဒဏ်ရာသည် နက်ရှိုင်းလွန်းပြီး နာကျင်လွန်းလှသဖြင့် ဘယ်တော့မှ မပေးဆပ်နိုင်တော့မည်ကို သူမ ကြောက်ရွံ့နေခဲ့မိသည်။

သူမ အဝတ်အစားလဲပြီး တံခါးဆီသို့ တိတ်ဆိတ်စွာ လျှောက်လာကာ အပြင်ဘက်တွင် တောက်ပနေသော နေရောင်ခြည်ကို ကြည့်ရန် ထွက်လာခဲ့သည်။ သူမသည် သက်ပြင်းတစ်ချက် ရှိုက်ကာ အပြင်ဘက်တောအုပ်ဆီသို့ ဆက်လျှောက်သွားလိုက်ပြီး ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်လိုက်သည်။

သူမတွင် အတွင်းဒဏ်ရာများ ရှိနေဆဲဖြစ်သော်လည်း ယခုချိန်တွင် ထိုဒဏ်ရာများသည် ပြဿနာတစ်ခု မဟုတ်တော့ပေ။ သူမ၏ အတိတ်ဘဝမှတ်ဉာဏ်များကို ပြန်လည်ရရှိလာခဲ့ပြီး ထိုမှတ်ဉာဏ်များသည် ယခင်တုန်းကနှင့် မတူတော့သည့် စိတ်အခြေအနေအမျိုးမျိုးကို သယ်ဆောင်လာခဲ့သည်ကို သူမ သဘောပေါက်ခဲ့ပေသည်။ သူမသာ ဆန္ဒရှိပါက ဒဏ်ရာများသည် အချိန်တစ်ခုကြာလျှင် ပြန်ကောင်းလာနိုင်ပေသည်။

သို့သော်လည်း သူမ၏အကြောင်းအား ထန်ရှု အမှန်အတိုင်း ခံစားသိရှိနိုင်မည်ကို စိုးရိမ်သောကြောင့် သူမသည် ရှောင်ဖယ်ခဲ့သည်။ သူမ၏မှတ်ဉာဏ် ပြန်ကောင်းလာကြောင်းကို သူ သိသွားမည်ကို ကြောက်ရွံ့သောကြောင့် သူမသည် ထန်ရှု၏အတန်းပိုင်ဆရာမ ဟန်ကျင်းဝူအဖြစ်ကိုသာ ရွေးချယ်မိခဲ့ပေသည်။

"ဟေး … နိုးလာပြီလား။"

သူမ မည်မျှကြာအောင် အချိန်ဖြုန်းမိမှန်း မသိလိုက်ချိန်တွင် အိုးရန်လူလူသည် တောအုပ်ဆီသို့ လာသောလမ်းလေးအတိုင်း လျှောက်လာသည်။ တင်ပျဉ်ခွေထိုင်နေသော ဟန်ကျင်းဝူကို မြင်သွားသည့်အခါ အံအားသင့်သွားပြီး သူမထံသို့ အမြန်ရောက်လာသည်။

ဟန်ကျင်းဝူ မျက်လုံးဖွင့်လိုက်သည်။ အိုးရန်လူလူအား အချိန်အနည်းငယ်ယူကာ ဂရုတစိုက်ကြည့်ပြီးနောက် “ငါ တကယ်တောင်းပန်ပါတယ်။ နင့်ကို ဒုက္ခများစေခဲ့မိပြီ။"

အိုးရန်လူလူသည် အမြဲတမ်း အကြောက်အရွံ့ ကင်းမဲ့သူဖြစ်ပြီး အခြားသူများ၏ဖိအားပေးသည့် အော်ရာကို ခံနိုင်ရည်ရှိသော်လည်း သူမအား ခဏတာ အကဲခတ်ကြည့်သွားသည့် ဟန်ကျင်းဝူ၏ အကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်ကာ ထိတ်လန့်စရာကောင်းသောခံစားချက်ကို ခံစားရမိစေသည်။ ဟန်ကျင်းဝူ နိုးလာပြီးနောက် အခြားသူတစ်ဦးက အစားထိုးဝင်လိုက်သည့်အလား အထူးသဖြင့် သူမကို ထွင်းဖောက်မြင်နေရသလို ခံစားရစေသည့် ဟန်ကျင်းဝူ၏မျက်ဝန်းများပင်။

"နင် ... နင် ဘာဖြစ်သွားတာလဲ။"

လှည့်ထွက်ပြေးလိုသောစိတ်ကို ဖိနှိပ်ပြီး အိုးရန်လူလူက ရဲစိတ်မွေးကာ မေးလိုက်သည်။

ဟန်ကျင်းဝူသည် တခဏ မင်သက်စွာ ကြည့်နေရင်း သူမ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ၏နဖူးရှေ့ရှိ ဆံနွယ်များကို အသာသပ်တင်လိုက်ချိန်တွင် အရာအားလုံးကို မြင်နိုင်စွမ်းရှိပုံရသော သူမ၏မျက်ဝန်းများသည် တဖြည်းဖြည်း မှိန်ဖျော့သွားကာ ထိုထူးခြားသော အော်ရာသည် သူမ၏ခန္ဓာကိုယ်မှ မထွက်ပေါ်လာတော့ပေ။ သူမသည် ယခင်ဟန်ကျင်းဝူအဖြစ် ပြန်ရောက်သွားဟန်ရပြီး ခေါင်းယမ်းပြကာ

“ငါ နေကောင်းပါတယ်။ ဒါပေမယ့် ငါ့မှာ အတွင်းဒဏ်ရာတွေ ရပြီး နေမကောင်းတဲ့ ခံစားချက်မျိုး ရှိနေတယ်။ ဒါနဲ့ ငါ့မှာ စိတ်ဝိညာဉ်နတ်ဆိုးဖြစ်လာတော့ နင် ငါ့ကို ကယ်ခဲ့ပေးတာလား။"

အိုးရန်လူလူ၏နှလုံးသား ပေါ့ပါးသွားရသည်။ အစောပိုင်းက အရာအားလုံးကို မြင်နိုင်သည်ဟု ထင်ရသည့် ဟန်ကျင်းဝူ၏မျက်ဝန်းများကို သူမ သတိထားမိလိုက်သည်။ သူမ ခံစားလိုက်ရသော ခံစားချက်အား ပုံရိပ်ယောင်တစ်ခုဟု သူမ ချက်ချင်း ထင်သွားခဲ့မိသော်လည်း သူမ၏ သံသယကို ဆက်လက်ထိန်းသိမ်းထားပြီး ဟန်ကျင်းဝူအား အကဲခတ်ကာ ပြန်ဖြေသည်။

"ငါ့မှာ ဒီလောက်ကြီးကျယ်တဲ့စွမ်းရည်မရှိဘူးဆိုတာ နင် သိပါတယ်။ နင့်ကို ကယ်ခဲ့တာ ထန်ရှုပါ။ ကျင်းမန်ကျွန်းကနေ အမြန်ပြန်လာပြီး နင့်ကို ကယ်ဖို့ သူ ဘယ်လို နည်းလမ်းတွေ သုံးခဲ့လဲတော့ ငါ မသိဘူး။ ဒါနဲ့ နင် ဗိုက်ဆာနေလား။ ခုနစ်ရက်ကျော် သတိမေ့နေတော့ နင့်အတွက် တစ်ခုခုလုပ်ပေးဖို့ တစ်ယောက်ယောက်ကို ငါ ပြောပေးရမလား။"

ဟန်ကျင်းဝူက သူမ၏ဗိုက်ကလေးကို ကိုင်လိုက်ပြီး ခေါင်းညိတ်ကာ

"နင် အခု အဲ့ဒါကို ပြောတော့မှပဲ ငါ တကယ် ဆာနေတာပဲ။ နင့်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။"

အိုးရန်လူလူ မျက်လုံးသာ လှိမ့်ပြလိုက်တော့သည်။

"နင် ဗိုက်မဆာဘူးဆိုရင်သာ တစ်ခုခု မှားနေလို့ပဲ။ သာမန်လူတွေက တစ်ပတ်လောက် မစားမသောက်ဘဲ နေနိုင်ပါ့မလား။ ကောင်းပြီ … နင့်မှာ ဒဏ်ရာတွေ ရှိနေသေးလို့ အခန်းထဲ ပြန်သွားပြီး အနားယူလိုက်ဦး။ အစားအသောက်ချက်ဖို့ တစ်ယောက်ယောက်ကို ငါ ပြောပြီး နင့်ဆီ ပို့ခိုင်းပေးမယ်။"

"ကျေးဇူးတင်ပါတယ်။" ဟန်ကျင်းဝူ ကျေးဇူးတင်စကား ဆိုလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် အိုးရန်လူလူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး တောအုပ်ထဲသို့ အမြန်လိုက်သွားသည်။ ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဟန်ကျင်းဝူကို သူ မြင်သောအခါ ရုတ်ခြည်းပင် မျက်မှောင်ကြုတ်သွားကာ သူမ၏အရှေ့သို့ လျှောက်လာပြီး သူမ၏မျက်နှာအား အကြိမ်အနည်းငယ် ဂရုတစိုက် စစ်ဆေးပြီးနောက်

“နိုးလာပြီလား။”

“အင်း … ကျေးဇူးတင်ပါတယ်။ နင် ကယ်ပေးခဲ့တာလို့ လူလူဆီက ငါ ကြားတယ်။"

ဟန်ကျင်းဝူ ရယ်ရယ်မောမော ပြောလိုက်သည်။

"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မသေစေချင်ဘူး။" ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"စကားမစပ် … မင်း... မင်းရဲ့စိတ်ဝိညာဉ်နတ်ဆိုးကို ဖြစ်ပေါ်စေခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပေးနိုင်မလား။ မေ့နေတာကနေ လန့်နိုးလာတော့ တခြားဘာကို မှတ်မိသေးလဲ။”

"အမ် … နင် ဘာကို ဆိုလိုတာလဲ။"

ဟန်ကျင်းဝူက ပဟေဠိဆန်စွာ ပြန်ဖြေလိုက်သည်။

ထန်ရှု မျက်မှောင်ကြုတ်သွားပြီး

"မင်း ဘာမှ မမှတ်မိဘူးလား။ မင်းရဲ့စိတ်ထဲမှာ အရင်က ပေါ်လာတဲ့ အပိုင်းအစတွေလိုမျိုးလေ။"

"ဟင့်အင်း။" ဟန်ကျင်းဝူက ခေါင်းယမ်းပြီး

“ငါ့မှာ အတွင်းဒဏ်ရာတချို့ ရနေတယ်လို့ ခံစားရတယ်။ တော်တော်ပြင်းထန်နေသလိုပဲ။ အချိန်တိုအတွင်း ပြန်ကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါနဲ့ ထန်ရှု … ငါ့ရဲ့ကျင့်ကြံမှုမှာ တစ်ခုခု မှားသွားသလား။ ကျင့်ကြံလိုက်တာနဲ့ ငါ့ရဲ့ အစစ်အမှန်အဆီအနှစ်ကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်မှု လွတ်သွားတာလဲ။ ငါ့ရဲ့ မရီဒျာန်အပြင်ဘက်က ကျင့်ကြံမှု လှည့်ပတ်တဲ့ လမ်းကြောင်းအပြင်ဘက်ကို လမ်းလွဲသွားသလိုပဲ”

ထန်ရှုက သူမကို လေးလေးနက်နက် တစ်ချက်စိုက်ကြည့်လိုက်ရင်း ခေါင်းယမ်းလိုက်ကာ "အဲ့ဒါတော့ ကျွန်တော်လည်း မရှင်းဘူး။ ဘာပဲဖြစ်ဖြစ် အခု မင်းနိုးလာပြီဆိုတော့ ကျွန်တော် ဒီမှာ ဘာမှ လုပ်စရာမလိုတော့လို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကျွန်တော့်ကိစ္စတွေကို သွားလုပ်ဖို့ လိုနေသေးတယ်။”

ဟန်ကျင်းဝူက ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ သည်လူ့အပေါ် သူမ ထားသော နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာသည် တောက်ပသော နေရောင်ခြည်ထက်ပင် ပိုမိုအားကောင်းနေခဲ့ပြီဖြစ်သည်။ သူမ လူဝင်စားသည့် ဘဝများတွင် ထန်ရှုနှင့် နောက်တစ်ကြိမ် ပြန်မဆုံနိုင်ဟု သူမ ယခင်က ထင်ခဲ့မိသည်။ ထူးဆန်းသော အခြေအနေများ ပေါင်းစပ်ထားသော်လည်း ပြန်လည်မွေးဖွားလာမည်ဟု သူမ မမျှော်လင့်ခဲ့သည့်အပြင် အသက်ရှင်နေဆဲ ထန်ရှုနှင့် တွေ့ဆုံခဲ့သည်။

'ငါက နင့်တစ်ယောက်တည်းအတွက်ပဲ ထာဝရ အသက်ရှင်မှာကို နင် စိတ်ချထားလိုက်ပါ။'

ဟန်ကျင်းဝူ၏နှုတ်ခမ်းလေးများ အကြိမ်အနည်းငယ် လှုပ်ရှားသွားကာ  သူမတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံဖြင့် ဟန်ကျင်းဝူ တီးတိုးရေရွတ်လိုက်သည်။

****

ထန်ရှုတွင် လုပ်စရာများ ရှိနေသောကြောင့် သုခဘုံက ထွက်သွားတော့မည့်ဆဲဆဲတွင် အိုးရန်လူလူ ဖုန်းဆက်လာသည်။ သူ လိုချင်သော အဖြေကို မရသောကြောင့် အတော်လေး စိတ်ဓာတ်ကျမိသည့်တိုင် သူ့စိုးရိမ်မှုတွေကို စိတ်ထဲ ပြန်သိမ်းပြီး အောက်ပါပြဿနာကို ရင်ဆိုင်ရန် ပြင်ဆင်နေဆဲဖြစ်သည်။

မလက္ကာရေလက်ကြားရှိ ကြယ်သုံးပွင့်အကြွင်းအကျန်များကို စူးစမ်းလေ့လာမည့်ရက်သည် နီးကပ်သည်ထက် နီးကပ်လာနေပြီး နိုင်ငံမှ တာဝန်ပေးထားသော စွမ်းရည်ရှင်များသည် ရှန်ဟိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ တရုတ်အာဏာပိုင်များသည် ဤကြယ်သုံးပွင့်အကြွင်းအကျန်ကို ရှာဖွေရန်အတွက် နိုင်ငံကိုယ်စားပြုအဖြစ် စုစုပေါင်းလူငါးဦးကို တာဝန်ပေးအပ်ထားကြောင်း ထန်ရှု သိခဲ့သည်။ အသင်းခေါင်းဆောင်အပြင် အခြားသုံးဦးလည်း ရောက်ရှိလာသည်။

ရှန်ဟိုင်း ကျင်းနင်ဒေသတွင်ရှိသော လမ်းကြားဟောင်းတစ်ခုနှင့် ကပ်လျက် အတော်လေး သီးခြားဖြစ်နေသော လူနေအဆောက်အဦးတစ်ခု တည်ရှိသည်။ လမ်းဟောင်းသည် ဝိုင်ဆိုင်တစ်ဆိုင်နှင့် ၎င်း၏သက်တမ်းရင့်ဝိုင်အိုးကြောင့် နာမည်ကြီးသည်။

ဆိုရိုးစကားရှိသည့်အတိုင်း အနံ့မွှေးသောဝိုင်သည် အမှောင်ကို မကြောက်ပေ။

ဖုန်းဝိုင်ဆိုင်အား လွန်ခဲ့သောဆယ်စုနှစ်များက စတင်တည်ထောင်ခဲ့သည်။ ဆိုင်ပိုင်ရှင် တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး ခေတ်ကာလနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာသော်လည်း ၎င်းသည် တည်ရှိနေဆဲဖြစ်ကာ လူများစွာ၏အမြင်တွင် ကောင်းမွန် ကျော်ကြားသော ဝိုင်ဆိုင်တစ်ဆိုင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။

“ကြိုဆိုပါတယ်။”

လူငယ်တစ်ဦးသည် ချဉ်းကပ်လာကာ စားသောက်ဆိုင်အဝင်ဝတွင် နှုတ်ဆက်လာသည်။

ထန်ရှု ခေါင်းညိတ်ပြပြီး ဖုန်းဝိုင်ဆိုင်ထဲ ဝင်သွားပြီးနောက် သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် ပြတင်းပေါက်ဘေးရှိ ထောင့်စားပွဲတွင် သူ တွေ့ဆုံရမည့်လူကို တွေ့ရှိသွားသည်။ ထိုလူက … သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ကြက်သိုက်ထက် မသာလွန်သော ရှုပ်ပွနေသည့် မုတ်ဆိတ်မွေးရှိပေသည်။ ထိုအမျိုးသားသည် ယခုအခါ ၎င်း၏ဝိုင်ကို နှစ်သက်စွာ သောက်သုံးရင်း အသားနှင့်အသီးအရွက် ဟင်းလျာများကို မြိန်ရည်ယှက်ရည် စားသောက်နေပေသည်။

"ကျူးလုံလား။" ထန်ရှု မေးလိုက်သည်။ သက်လတ်ပိုင်းလူဆီမှ  ထူးခြားသောတစ်စုံတစ်ရာကို သူ ဝါးဝါးတားတား ခံစားမိလေသည်။

ကျူးလုံက ထန်ရှုကို မော့ကြည့်လာပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလာသည်။

"ကဲ … ငါတို့ ဒီမှာ ဆုံကြတာဆိုတော့ အရင်သောက်ကြရအောင်။ ကျန်တဲ့သူတွေက မကြာခင် ရောက်လာတော့မယ်။ ဒီတစ်ခေါက်မှာ ငါက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာပါ။ နောက်ပိုင်း ငါ့အမိန့်ကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ ပြဿနာ မရှိပါဘူး။”

အထက်ကလူများ ချမှတ်ထားသော အစီအစဉ်အကြောင်း တစ်လုံးမှ မသိသော်လည်း ထန်ရှုက အဆင်ပြေနေပြီး ကျူးလုံက အဖွဲ့ကို ဦးဆောင်မည်ဖြစ်သောကြောင့် တိတ်တိတ်နေရန်သာ သူ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူ့အတွက်လည်း ပြင်ဆင်ထားပြီးဖြစ်လေရာ ကြယ်သုံးပွင့် အကြွင်းအကျန်တွင် အန္တရာယ်များစွာမရှိပါက သူကိုယ်တိုင် ရတနာအချို့အတွက် အတွင်းကျကျနေရာအထိ ရှာဖွေရေးလုပ်ဆောင်နိုင်ရန် အဖွဲ့မှ ထွက်ခွာသွားရန် စီစဉ်ထားသည်။

All Chapters