ကြီးမြတ်သော ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်
Vol. 57 Ch. 791
ကျူးလုံသည် ထန်ရှု၏မူလဇစ်မြစ်နှင့် နောက်ခံသမိုင်းကြောင်းကို မသိသကဲ့သို့ သူ၏အထက်လူကြီးသည် လျှို့ဝှက်ရှာဖွေရေးမစ်ရှင်ဖြစ်သော ကြယ်သုံးပွင့်အကြွင်းအကျန်စီမံကိန်းတွင် ဤလူအား မည်သည့်အတွက်ကြောင့် ပါဝင်ခွင့်ပြုထားသည်ကို သူ မသိပေ။ သူက ဝိုင်ကို သောက်ရင်း ထန်ရှုအား တိတ်ဆိတ်စွာ အကဲခတ်နေသည်။ သည်လူ့တွင် မည်ကဲ့သို့သော ထူးခြားချက်မျိုး ရှိသည်ကို သူ မမြင်နိုင်သောကြောင့် အတော်ပင် မကျေမနပ် ဖြစ်နေသည်။
"ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား ထန်ရှု။"
“ကျေးဇူးပြုပြီး မေးပါ။ ငါ ဖြေဖို့ အဆင်ပြေရင် ဘာမှ ဖုံးကွယ်မထားဘဲ ဖြေမှာပါ။” ထန်ရှုက ပြန်ဖြေသည်။
"ငါတို့က တစ်ဖွဲ့တည်း ဖြစ်ပြီး ငါက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာ ဖြစ်လို့ အဖွဲ့ဝင်တစ်ယောက်ချင်းစီမှာ ဘယ်လိုစွမ်းရည်မျိုး ရှိလဲဆိုတာ သိဖို့လိုတယ်လေ။ အကြွင်းအကျန်တွေကို စူးစမ်းလေ့လာတဲ့အခါ အခြေအနေကို ထိန်းချုပ်ထားဖို့ လိုတယ်။ ဒါကြောင့် မင်းမှာ ဘယ်လို စူပါပါဝါအမျိုးအစားရှိလဲဆိုတာ ငါ့ကို ပြောပြပါဦး။"
ထန်ရှု တခဏလောက်စဉ်းစားပြီး
"ငါ့ရဲ့စွမ်းအားက အရမ်းသန်မာပြီး အရမ်းလည်း မြန်တယ်။ ဒါပေမယ့် ပြောဖို့က တော်တော် ရှုပ်ထွေးတယ်။ ဒါပေမယ့် ငါ ရှင်းရှင်းလင်းလင်း ပြောစရာတစ်ခု ရှိတယ်။ ဒီကြယ်သုံးပွင့်အကြွင်းအကျန်ထဲ မဝင်ခင် မင်းရဲ့အမိန့်ကို နာခံပါ့မယ်။ ဒါပေမယ့် ဝင်ပြီးသွားရင် အဖွဲ့က ခွဲပြီး မင်းရဲ့အချုပ်အနှောင် မခံဘူး။"
"အဓိပ္ပာယ် မရှိတာတွေ။"
ကျူးလုံက စားပွဲကို ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ကြယ်သုံးပွင့်အကြွင်းအကျန်က အန္တရာယ်ရှိတဲ့ နေရာတစ်ခု … မင်း စိတ်ကူးယဉ်နိုင်တာနဲ့အဝေးကြီးပဲ။ မင်း ငါ့အဖွဲ့ထဲ ဝင်ချင်ရင် ဟီးရိုးတစ်ယောက်လို ကစားဖို့ မကြိုးစားနဲ့။ ငါ့အမိန့်ကို အပြည့်အဝနာခံရင် နာခံ … မနာခံရင် ခုကတည်းက လက်လျှော့လိုက်။”
ထန်ရှု အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ ခဏလောက် စဉ်းစားပြီးမှ သူ၏ဖုန်းကို ထုတ်ကာ ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဖုန်းခေါ်ဆိုပြီးနောက် အသံချဲ့စက်ကို ဖွင့်ကာ
“စီနီယာသွမ့်မု…”
"အာ ထန်ရှု … ကျူးလုံကို မင်း တွေ့ပြီးပြီလား။" သွမ့်မုလင်း၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ကျွန်တော် သူနဲ့တွေ့ပြီးပါပြီ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေနဲ့ပတ်သက်ပြီး စီနီယာက သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုတယ်။"
ထန်ရှု ပြောလိုက်သည်။
"ဘာကိစ္စလဲ။" သွမ့်မုလင်းက မေးသည်။
"ဒီကြယ်သုံးပွင့်အကြွင်းအကျန်ကို ဝင်ပြီးရင် အဖွဲ့ထဲကထွက်ပြီး အကြွင်းအကျန်ကို ကိုယ်တိုင် စူးစမ်းဖို့ လိုတယ်လေ။ သူက အဲ့ဒါကို ကန့်ကွက်နေတယ်။ ဒါကြောင့် စီနီယာက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြဖို့လိုတယ်။"
ကျူးလုံ၏မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုကို ရှင်းလင်းစွာ မြင်နိုင်သည်။ သူ့သူဌေး၏ဒေါသကို တခြားသူတွေထက် သူက ပိုသိပေသည်။ သွမ့်မုလင်းသည် ဤသို့ရယ်စရာကောင်းသော တောင်းဆိုမှုကို မည်သည့်အခါမှ လိုက်လျောလိမ့်မည်မဟုတ်ပေ။ သူသာ ထိုသို့လုပ်လျှင် ထူးဆန်းပေလိမ့်မည် - သူသည် ထန်ရှု အဖွဲ့ထဲဝင်မည်ကို ချက်ချင်း ရုတ်သိမ်းသွားပေလိမ့်မည်။
"ကျူးလုံကို ဖုန်းပေးလိုက်ပါ။"
သွမ့်မုလင်း၏အသံသည် ထပ်မံ ထွက်ပေါ်လာသည်။
ထန်ရှုက လက်ကိုင်ဖုန်းကို စားပွဲပေါ်တင်ကာ ရှေ့သို့ တွန်းပေးလိုက်ပြီး
"စီနီယာသွမ့်မုက မင်းနဲ့ စကားပြောချင်လို့။ သူနဲ့စကားပြောလိုက်ဦး။”
ကျူးလုံက သရော်လိုက်ပြီး
"အကြီးအကဲသွမ့်မု … ထန်ရှုရဲ့အရည်အချင်းကို ရုပ်သိမ်းချင်ရင် ရှောင်ပင်းကို ဝင်ခွင့်ပြုပါ။ သူမက ဒီအကြွင်းအကျန်ရှာဖွေရေးမစ်ရှင်ထဲ ပါဝင်ဖို့ ပြင်ဆင်နေတာ ကြာနေပြီ။”
"ထန်ရှုရဲ့အရည်အချင်းကို ရုတ်သိမ်းမယ်လို့ ဘယ်သူပြောလဲ။ ကျူးလုံ … အကြွင်းအကျန်ထဲ ဝင်ပြီးသွားရင် အဖွဲ့ထဲက ထွက်သွားဖို့ သူရဲ့တောင်းဆိုချက်ကို မင်း သဘောတူရလိမ့်မယ်။"
"ဘာ…"
ကျူးလုံ အကျယ်ကြီး အော်လိုက်မိပြီး မယုံကြည်နိုင်မှုများသည် သူ၏မျက်လုံးများထဲတွင် ပြည့်နေသည်။ သူ နားကြားများ မှားလေလား ဘာလား။ အကြီးအကဲက ဒီလိုအဖြေမျိုးကို ဘယ်လို ပေးလိုက်တာလဲ။
သူ ... သူ စိတ်များ လွတ်သွားပြီလား။
"မင်း ရှင်းရှင်းလင်းလင်း မကြားရဘူးလား။ ဒါမှမဟုတ် ငါ ထပ်ပြောပေးရမလား။"
သွမ့်မုလင်းက အလေးအနက် ပြောလိုက်သည်။
ကျူးလုံသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ထန်ရှုကို နက်ရှိုင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးပြီး
“ကောင်းပါပြီ။ အကြီးအကဲ ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော် လက်ခံပါမယ်။ ဒါပေမယ့် သူ အသင်းကနေ ထွက်သွားပြီး ကြယ်သုံးပွင့်အကြွင်းအကျန်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ တာဝန်ယူမှာ မဟုတ်ပါဘူး။”
"အိုကေ…" သွမ့်မုလင်းက တိုတိုတုတ်တုတ် ဖြေကာ ဖုန်းတန်းချသွားသည်။
ကျူးလုံသည် အသက်ပြင်းပြင်းတစ်ချက် ရှူကာ ဖုန်းကို ထန်ရှုဆီသို့ ပြန်တွန်းပေးလိုက်ပြီး
"မင်းရဲ့ရယ်စရာကောင်းတဲ့ တောင်းဆိုမှုကို အကြီးအကဲက ဘာလို့ လက်ခံခဲ့တာလဲ ငါ မသိဘူး။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ နားခါးတဲ့စကားတွေကိုတော့ ငါ ထပ်ပြောရမယ်။ အကြွင်းအကျန်ထဲ မင်း ကြုံတွေ့ရမယ့် အန္တရာယ်က ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ မင်း အသက်ရှင်လျက် ထွက်လာနိုင်မလားဆိုတာ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်။”
"ငါ အဆင်ပြေပါတယ်။"
ထန်ရှုက သူ့ဖုန်းကို ပြန်ယူရင်း ဘာမှ မထူးခြားဟန်ဖြင့် တုံ့ပြန်သည်။
ထန်ရှု၏ခံစားချက်ကင်းမဲ့သော အမူအရာကို မြင်ပြီးနောက် ကျူးလုံ၏နှလုံးသားထဲတွင် မခံချိမခံသာ ဖြစ်သွားသည်။ ထန်ရှုသည် မောက်မာပြီး သူ့အား အကြီးအကျယ် စိတ်အနှောင့်အယှက်ပေးသူတစ်ဦး ဖြစ်ကြောင်း သူ ခံစားမိသည်။ ထန်ရှုသည် သူ၏မူလလူငါးယောက်အဖွဲ့မှ တစ်နေရာအား ယူထားရုံသာမက အကြွင်းအကျန်ထဲ ဝင်လာပြီးနောက် လူလေးယောက်သာ ကျန်တော့မည်ဖြစ်သည်။ အကြွင်းအကျန်ထဲတွင် အခြားနိုင်ငံများ၏ စူးစမ်းရှာဖွေသူများနှင့်ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ ဖြစ်သည့်အခါတွင် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအား တစ်စိတ်တပိုင်းတစ်ခု ဆုံးရှုံးနေမည်ဖြစ်လေသည်။
'ချီးထုပ် အမွှေစိန်…'
သူ့ရင်ထဲမှ ဒေါသတရားကို မျိုသိပ်ထားရင်း နောက်ဆုံးမှာတော့ ကျူးလုံက ထန်ရှုအား ထိုကဲ့သို့ မှတ်ချက်ချလိုက်သည်။
ထန်ရှုက ထရပ်ပြီး အသာမေးလိုက်သည်။
"ငါတို့ ကြယ်သုံးပွင့်အကြွင်းအကျန်ကို သွားရမယ့် အချိန်က ဘယ်တော့လဲ။"
“နောက်သုံးရက်ကြာရင်…”
ကျူးလုံသည် ထန်ရှုကို နောက်တစ်ကြိမ် ထပ်မကြည့်ချင်တော့ဘဲ ငုံ့ကာသောက်နေသည်။
"ဒါဆို နောက်သုံးရက်လောက်ကြာမှ ပြန်တွေ့မယ်။ မင်းမှာ ငါ့ဖုန်းနံပါတ်ရှိလို့ ငါတို့မသွားခင် စုဝေးတဲ့နေရာကို စာပို့လိုက်ရုံပဲ။”
ထို့နောက် ထန်ရှုသည် ချာကနဲ လှည့်ကာ အပြင်သို့ ထွက်သွားသည်။ ကျူးလုံသည် သူ့အား မထီမဲ့မြင်ပြုကာ အထင်သေးနေသည်ကို ရှင်းရှင်းလင်းလင်း သိပြီးနောက် မျက်နှာအပူခံ၊ ဖင်အအေးခံပြီး သည်နေရာတွင် သူ မနေချင်တော့ပေ။
"ချီးပဲ … ခွေးမသား။"
တံခါးအပြင်ဘက်တွင် ပျောက်ကွယ်သွားသော ထန်ရှု၏ကျောပြင်ကို စိုက်ကြည့်ရင်း ကျူးလုံ စားပွဲကို ထိုးလိုက်သည်။ သွမ့်မုလင်းသည် သည်ကဲ့သို့သော အရူးကောင်၊ အမွှေစိန်ကောင်အား မည်သည့်အတွက်ကြောင့် သူ့အဖွဲ့ထဲသို့ ထည့်ခဲ့သည်ကို သူ အဖြေရှာမရနိုင်ပါချေ။
နာရီဝက်အကြာတွင် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားပြီး ဆံပင်အနီရောင်ရှိသော လူရွယ်တစ်ယောက်သည် လက်ထဲတွင် ငှက်လှောင်အိမ်တစ်လုံးကို ကိုင်ဆောင်လျက် ဝိုင်ဆိုင်ထဲသို့ ဝင်လာသည်။ သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ပြတင်းပေါက်ဘေးတွင် သုန်သုန်မှုန်မှုန် အမူအရာဖြင့် ကျူးလုံအား တိတ်ဆိတ်စွာ ဝိုင်သောက်နေသည်ကို တွေ့ရလေသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာကာ လေတစ်ချက်ချွန်လျက် ကျူးလုံနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း
"ယို့ … ကျူးလုံခေါင်းဆောင် … နောက်ဆုံး မှ ရောက်တဲ့ အရေးကြီးပုဂ္ဂိုလ်လို အမြဲတမ်းလုပ်ခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်နေတာလဲ။”
ကျူးလုံက မျက်ခွံလှန်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"သေခြင်းရှင်ခြင်းအကြောင်း ဘာမှမသိတဲ့ ဘဝင်မြင့်တဲ့ ခွေးမသားတစ်ကောင်ကို တွေ့ဖို့လို့သာ စိတ်ထဲ မှတ်ထား။"
ဆံပင်အနီရောင်လူရွယ်၏အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ထပ်မေးလိုက်သည်။
“ငါ သိသလောက် ကြယ်သုံးပွင့်အကြွင်းအကျန် ရှာဖွေရေးမစ်ရှင်အဖွဲ့ထဲမှာ ရေလူသားလေး၊ လျှပ်စစ်မိန်းကလေးနဲ့ နောက်ထပ် ထည့်လိုက်တဲ့ တစ်ယောက်ရယ်။ သေခြင်းရှင်ခြင်းအကြောင်း ဘာမှမသိတဲ့၊ ဘဝင်မြင့်တဲ့ ငတိက အဲ့ဒီတခြားအဖွဲ့ဝင်လို့ ငါ့ကို မပြောနဲ့နော်။”
"သူပဲလေ။" ကျူးလုံက ခေါင်းညိတ်သည်။
ဆံပင်အနီရောင်လူရွယ်၏စူးစိတ်လိုစိတ်က ပိုမိုမြင့်တက်သွားပြီး
"ခေါင်းဆောင်ရဲ့စိတ်အခြေအနေက ပုံမှန်ဆိုရင် ကောင်းပါတယ်။ မင်းကို ဒီလိုမျိုးဖြစ်အောင် ဒီကောင်က တကယ်လုပ်နိုင်တာကို တွေးကြည့်ရင် သူ့အကြောင်းကို အရမ်းသိချင်နေတယ်။ ပြောပါဦး … ဒီကောင်က ဘာနောက်ခံရှိတာလဲ။ ပြီးတော့ သူ့ရဲ့ အရည်အချင်းက ဘာလဲ။"
"ဒီချီးထုပ်ကောင်က ဘယ်ဥက ပေါက်လာလဲဆိုတာ ဘယ်သူ သိမှာလဲ။ သူ့ရဲ့ စွမ်းအား … ဟမ့်။ သူ့မှာ ခွန်အား နည်းနည်းရှိတယ် … နည်းနည်းမြန်တယ်။ အသုံးမကျတဲ့ စူပါပါဝါတချို့ပဲ။”
ဆံပင်အနီရောင်လူရွယ်က စိတ်ပျက်သွားဟန် ရှိသည်။ သူက ခေါင်းယမ်းပြီး
“အာ … ပျင်းစရာကြီး။ ငါတို့ထဲမှာ မသန်မာတဲ့သူ၊ မလျင်မြန်တဲ့သူ ဘယ်သူရှိလဲ။ အဲ့ဒီရှေးရိုးစွဲအဘိုးကြီး သွမ့်မုက ငါတို့ကို လှည့်စားနေတာလား။ ဒီလိုလူတစ်ယောက်ကို အသင်းထဲကို ထည့်တာ ဘာလဲကွာ။ ကြယ်သုံးပွင့်အကြွင်းအကျန်ကို စူးစမ်းလေ့လာတာက ကြိုးတန်းမျှင်မျှင်ပေါ် လျှောက်တာနဲ့အတူတူပဲ မဟုတ်လား။ ဂရုမစိုက်ရင်၊ အာရုံမစိုက်ရင် အံ့သြစရာတွေ ဖြစ်သွားမယ်။ မင်းရဲ့အရိုးတွေ ကြေမွသွားပြီး အရိုးတွေတောင်မှ ကျန်ခဲ့မှာမဟုတ်ဘူး။”
ကျူးလုံက သုန်မှုန်စွာ ပြန်ဖြေသည်။
“အကြီးအကဲသွမ့်မု ငါ့ကို ပြောတာတော့ ကြယ်သုံးပွင့် အကြွင်းအကျန်ထဲ ဝင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာနဲ့ အဲ့ဒီငတိကို ငါတို့အဖွဲ့ကနေ ထွက်ခွာခွင့်ပြုဖို့ သဘောတူထားတယ်။”
"ဘာပြောလိုက်တာ…"
ဆံပင်အနီရောင်လူရွယ်သည် ရုတ်တရက် ထကာ မယုံကြည်နိုင်ဟန်ဖြင့် အော်လိုက်သည်။
ကျူးလုံက ခေါင်းယမ်းလိုက်ပြီး ပန်းကန်လုံးထဲက ဝိုင်ကို မော့သောက်ကာ သူ့ဗိုက်ထဲသို့ စီးဝင်သွားစေသည်။
ကျူးလုံ၏စိတ်တိုနေသော အမူအရာကို ကြည့်ရင်း ဆံပင်အနီရောင်လူရွယ်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
“ဒီကောင်က တကယ့်ကို အစွမ်းထက်တဲ့ အရည်အချင်း ရှိနိုင်လား။ ဒါမှမဟုတ် အကြီးအကဲသွမ့်မုက ပြင်းပြင်းထန်ထန် ဖိအားပေးခံရတာ ဒါမှမဟုတ် တစ်ခုခု ဖြစ်ခဲ့သလား။ ကြယ်သုံးပွင့်အကြွင်းအကျန်က ဘာကိုဆိုလိုလဲဆိုတာ မင်း အသိပဲ။ အန္တရာယ်တွေ၊ သေမင်းထောင်ချောက်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုလေ။ ဒီကောင်က သူ့အိမ်အနောက်ဘက်က ဥယျာဉ်လိုထင်နေတာလို့ ငါ့ကို မပြောနဲ့။"
****
သုခဘုံစံအိမ် …
ရှန်းကျန်သည် သူမ၏ကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ဆေးလုံးသောက်ပြီးနောက် သူမ၏အော်ရာသည် ဆက်တိုက်တိုးလာခဲ့သည်။ ထန်ရှု ပေးခဲ့သော ကြွေအိုးထဲတွင် ဆေးလုံးနှစ်လုံးသာ ကျန်တော့သော်လည်း သည်ဆေးလုံးသည် သူမ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အရှိန်အဟုန်ပြင်းစွာဖြင့် မြှင့်တင်နေပြီး အဆက်မပြတ် တိုးတက်စေကြောင်း ကြည်လင်ပြတ်သားသည့် ခံစားချက်ကို ရရှိစေသည်။ အရေးကြီးဆုံးအချက်မှာ ထိုမြှင့်တင်ရေးလုပ်ငန်းစဉ်သည် ရပ်တန့်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။
ဝှစ်…
ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင် တောင်ပံတစ်စုံကြောင့် သူမ၏နောက်ကျောပေါ်ရှိ အဝတ်အစားများ ရုတ်တရက် စုတ်ပြဲသွားရသည်။ အနက်ရောင်တောင်ပံများသည် တောက်ပြောင်ချောမွေ့နေကာ အတွင်းမှ အုံ့ဆိုင်းနေသော သွေးများသည် အရောင်စိုကာ တောက်ပနေသည်။ အချိန်ကြာလာသည်နှင့်အမျှ တောင်ပံများသည် ပိုမိုကြီးမားလာကာ နီရဲသော သွေးအစင်းကြောင်း နှစ်ခုသည် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
"အယ် … ငါ အခု အဲ့ဒါကို ချိုးဖြတ်သွားတာလား။"
ရှန်းကျန်သည် ဝမ်းသာအားရဖြင့် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။ ထန်ရှုကို ပထမဆုံး စတွေ့ချိန်တွင် သူမသည် အနိမ့်ဆုံး မှူးမတ်အဆင့်သာ ရှိသေးသည်။ သို့သော် ယခုအချိန်တွင် သူမသည် မြို့စားငယ်အဆင့်သို့ မဖြတ်ဘဲ မြို့စားကြီးအဆင့်သို့ တစ်ခါတည်း ချိုးဖြတ်သွားခဲ့သည်။
မြို့စားကြီး … လွန်ခဲ့သော ထောင်စုနှစ်များတွင် မျိုးနွယ်စု၏အကောင်းဆုံး ပါရမီရှင်အဖြစ် လူသိများခဲ့သော သူမ၏အစ်ကိုကြီးသည် လက်ရှိတွင် မြို့စားကြီးအဆင့်သာ ရှိနေဆဲဖြစ်သည်။ ၎င်းသည် ၎င်းတို့၏သွေးမျိုးနွယ်စု၏အမွေအနှစ်ဖြစ်သော သွေးကန်၏ပံ့ပိုးမှုကြောင့်လည်း ဖြစ်သည်။
ဒါပေမယ့် သူမကရော …
သူမသည် မြို့စားကြီးအဆင့်သို့ ရောက်ရန် ဆေးလုံးနှစ်လုံးသာ လိုအပ်သည်။ သူမ၏မျိုးနွယ်စုသာ သည်အကြောင်းကို သိသွားပါက အောက်မေးရိုးများ ပြုတ်ကျကာ မျက်လုံးများ ပြူးကျယ်သွားနိုင်သည် မဟုတ်လော။
'ဒီအရှေ့တိုင်းနိုင်ငံက တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်တဲ့နိုင်ငံဖြစ်လို့ သူတို့ရဲ့ အရှေ့တိုင်းမြင့်မြတ်သူလို့ ခေါ်ကြတာပဲ။ ငါသာ ဆေးလုံးတွေ အများကြီး ရပြီးတော့ မျိုးနွယ်ဆီ ယူသွားနိုင်ခဲ့မယ်ဆိုရင် ငါ့မျိုးနွယ်စုဟာ အသန်မာဆုံး ဗန်ပိုင်းယားမျိုးရိုး ဖြစ်နိုင်လိမ့်မယ်မဟုတ်လား။'
ရှန်းကျန်သည် သူမ၏မျက်နှာလှလှလေးထက်မှ အတွေးများကို အပြည့်အ၀ ဖုံးအုပ်ရန် သူမ၏တောင်ပံများကို တဖျတ်ဖျတ် ခါလိုက်သည်။ မိုရီသည် မကြာသေးမီက သူမ၏သွေးများစွာကို ယူခဲ့သောကြောင့် သူမအား အတန်ပင် ထိခိုက်စေခဲ့သော်လည်း ယခုရရှိသော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ရိုးရှင်းစွာပင် နည်းပါးသွားချေပြီ။
'အခုစဉ်းစားကြည့်တော့ ဒီနေရာကနေ လွယ်လွယ်နဲ့ ထွက်သွားလို့မရဘူးပဲ။ သူ့မှာ ပိုလွန်ကဲတဲ့ တောင်းဆိုမှုတွေ ရှိနေရင်တောင် မစ္စတာထန်ရဲ့ တောင်းဆိုချက်ကို လိုက်နာရမယ်။ ငါလည်း မြို့စားကြီးတစ်ယောက် ဖြစ်မယ်။ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ဆေးလုံးတွေကို ငါ ရလေလေ နယ်စားအဆင့်ကို မြန်မြန် ချိုးဖြတ်နိုင်လေပဲ။
မိနစ်အနည်းငယ်ကြာပြီးနောက် သူမသည် လေပြင်းသဖွယ် မိုရီ၏ဓာတ်ခွဲခန်းတွင် ရိပ်ကနဲ ရောက်လာသည်။ ထို့နောက် သူမသည် မိုရီနှင့် ကွေ့ကျန်းချိုးတို့ သူမ၏သွေးအား လေ့လာနေသည်ကို စောင့်ကြည့်သည်။ သူမသည် အတောင်ပံများကို ပြန်မသိမ်းဘဲ မိုရီ၏နံဘေးသို့ ချက်ချင်း တိုးဝင်ကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း စိတ်အားထက်သန်စွာဖြင့်
“ပရော်ဖက်ဆာ … ရှင် မလုံလောက်သေးရင် ကျွန်မရဲ့သွေးတွေကို ဆက်ပြီး ထုတ်ယူနိုင်တယ်နော်။ ဒီနေ့ ရှင် ကျွန်မရဲ့သွေး ဘယ်လောက်ပဲ လိုအပ်နေပါစေ တောင်းဆိုမှုကို အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားတယ်။"
"ဟင် … မင်း ဘာပြောတာလဲ။"
ရှန်းကျန်၏မမျှော်လင့်ထားသော စိတ်ဓာတ်တက်ကြွနေသည့် အပြုအမူကို ကြည့်ရင်း မိုရီ လုံးဝအံ့အားသင့်သွားကာ တခဏတာမျှပင် စကားမပြောနိုင်လောက်အောင် ကျောက်ရုပ်ဖြစ်သွားခဲ့ပေသည်။
ကွေ့ကျန်းချိုး၏မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အမူအရာတစ်ခုကို မြင်တွေ့နိုင်သည်။ သူနှင့်မိုရီတို့သည် သူမ၏သွေးကို ယူလိုသောအခါတွင် သူမ ဒေါသတကြီး အော်ငေါက်သည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ဖူးသည်။
ဒါပေမယ့် အခု … သူမ ဘယ်လို ပြောင်းလဲသွားတာလဲ … ဒါမှမဟုတ် … သူမမှာ ဘာဖြစ်သွားတာလဲ။
ကွေ့ကျန်း၏အိုမင်းသောမျက်နှာပေါ်တွင် ချက်ချင်းဆိုသလို အပြုံးတစ်ခု ပေါ်လာပြီး မိုရီကို တစ်ချက်ကြည့်လိုက်သည်။
"ရှန်းကျန် … မင်း ပျော်ရွှင်စရာတွေ ဒါမှမဟုတ် တစ်ခုခုကို ကြုံခဲ့တာလား။ ဒီနေ့ ပါမောက္ခမိုနဲ့ ငါ့ကို ဘယ်လို မအော်တာလဲ။"
အဟွတ် … အဟွတ် …
ရှန်းကျန် အနည်းငယ် ရှက်ရွံ့သွားသည်။ ထန်ရှု၏အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ဆေးလုံးများ ပိုမိုရရှိစေရန်အတွက် သူမကိုယ်တိုင် မျက်နှာပြောင်ပြောင်ဖြင့် အရေထူရပေမည်။ “ကောင်းပြီ … သိပ္ပံပညာအတွက် ပံ့ပိုးကူညီဖို့ ထိုက်တန်တယ်လို့ ရုတ်တရက် ကျွန်မ တွေးမိလာတယ်။ ကြီးမြတ်တဲ့ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တယ်ဆိုသလိုပေါ့။”