ရယ်စရာကောင်းသော ပြသနာရှာသူ
Vol. 57 Ch. 793
သည်အချိန်တွင်တော့ ထန်ရှုသည် ဝမ်ယွီ၏ဖုန်းနံပါတ်ကို မယူထားမိသည့်အတွက် အနည်းငယ် နောင်တရနေခဲ့ပြီဖြစ်သည်။ နို့မဟုတ်ပါက ထိုလူကို မေးကာ ရလဒ်ကို အမြန်သိရှိနိုင်ပေမည်။ သို့သော် သူ့တွင် ထိုလူ၏ဖုန်းနံပါတ် မရှိသော်လည်း လုံးဝဆက်သွယ်ရန် နည်းလမ်းမရှိဟု မဆိုနိုင်ပေ။ ဖုန်းအချို့ကို ခေါ်ဆိုပြီး နောက်ဆုံးတွင် ထိုလူ၏ဖုန်းနံပါတ်ကို ရခဲ့လေသည်။
"မိတ်ဆွေခေါ်ဆိုသော ဖုန်းနံပါတ်ကို လတ်တလော ဆက်သွယ်မရနိုင်ပါရှင်။"
ဖုန်းသတိပေးချက်အသံသည် ထန်ရှုကို ပို၍ ကူကယ်ရာ မဲ့စေသည်။ သူ စိတ်တိုစွာဖြင့် ဖုန်းကို သိမ်းလိုက်ပြီး လုံကျန့်လင်းကို ကြည့်ကာ
"မင်း အလုပ်များနေလား အလုပ်များစရာရော ရှိနိုင်လား။ မရှိရင် မင်း ငါ့ကို ကူညီပြီး ချင်ချန်းတောင်ကို သွားပေးနိုင်မလား။"
"ဒီပိုးနီပန်းက မင်းအတွက် တကယ် အရေးကြီးတာလား။"
လုံကျန့်လင်းက ထူးဆန်းသော အမူအရာဖြင့် မေးသည်။
"ဒါပေါ့…" ထန်ရှုက ချက်ချင်း ပြန်ဖြေသည်။ "ဈေးဘယ်လောက်ပဲ မြင့်နေပါစေ ငါ ဝယ်မယ်။"
လုံကျန့်လင်းက အသက်ပြင်းပြင်းတစ်ချက် ရှူပြီး
"ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား အစ်ကိုကြီးထန်။ ကောင်းပြီ … မင်း တကယ် လိုအပ်နေတယ်ဆိုမှတော့ ငါက လုပ်ပေးရ မှာ သဘာဝပဲလေကွာ။ ငါ့ကို ပိုက်ဆံပေး … ငါ မနက်ဖြန် သွားလိုက်မယ် ... မဟုတ်ဘူး ဒီနေ့ပဲ။ ငါ ဒီနေ့ နေ့လည်စာစားပြီးရင် အဲ့ဒီကို သွားမယ်။ သူ့ဆီက ပိုးနီပန်းကို ဝယ်ဖို့အတွက် ဘယ်လိုနည်းပဲသုံးရသုံးရ ဝမ်ထောင်ဆိုတဲ့ချာတိတ်ကို ငါ သေချာပေါက် ရှာမှာပါ။”
ထန်ရှုက ဘဏ်ကတ်တစ်ကတ်ကို ထုတ်ကာ လုံကျန့်လင်းကို ပေးလိုက်ရင်း
“ဒီထဲမှာ ပိုက်ဆံအချို့ရှိတယ်။ အဲ့ဒါကို မင်း အရင်သုံးထားလို့ရတယ်။ ပိုးနီပန်းကို ဝယ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် မရရင် အဲ့ဒီပန်း ရှိသေးလားဆိုတာ ရှာကြည့်ပါ။ အာ ဟုတ်သားပဲ။ အရေးကြီးတာတစ်ခုဖြေရှင်းဖို့ ငါ မနက်ဖြန် ကျင်းမန်ကျွန်းကို သွားရမယ်။ ဟိုမှာ ကိစ္စပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်။"
လုံကျန့်လင်းက ဘဏ်ကတ်ထဲတွင် ပိုက်ဆံ မည်မျှရှိလဲ မမေးချေ။ သူက ရန်ချီကို ဖုန်းဆက်ပြီး သူ့ဆီ လာခိုင်းလိုက်သည်။ ထို့နောက် သူက လက်ကိုင်ဖုန်းကို သိမ်းပြီး
“အစ်ကိုကြီး … ဒီတလော မင်း ဘာတွေ အလုပ်များနေတာလဲ။ မင်းအကြောင်းစုံစမ်းဖို့ မင်းရဲ့ကျောင်းဝင်းကို ငါ သွားခဲ့သေးတယ်။ ဒါပေမယ့် မင်း ရှန်ဟိုင်းတက္ကသိုလ်မှာ စာရင်းသွင်းပြီးကတည်းက အတန်းတက်တာနည်းတယ်ဆို။"
ထန်ရှုက သူ့လက်တွေကို ဖြန့်ပြီး ပြောလိုက်သည်။ "ဟူး… အရည်အချင်းက ပိုရှိလေ တာဝန်ပိုကြီးလေပဲလို့ ငါ ပြောနိုင်တော့တယ် ညီအစ်ကို။ ဒီစွမ်းရည်နဲ့ အရည်အချင်း ရှိတဲ့သူလို့ ဘယ်သူက ပြောခဲ့လဲ အခုတော့ ငါကိုယ်တိုင် လုပ်စရာတွေ အမျိုးမျိုး ဖြစ်တော့မယ်။ ဒါပေမယ့် ကိုယ့်လူ … မင်းကို ကြည့်စမ်း။ တစ်စုံတစ်ယောက်က မင်းကို တွင်းထဲ တွန်းချလိုက်သလိုပုံ ဖြစ်နေတယ်။ မင်း ဘာတွေ ဖြစ်နေတာလဲ။"
"သောက်ကျိုးနည်း … အဲ့ဒီအကြောင်းကို မပြောလို့ ရမလားကွာ။"
လုံကျန့်လင်း ချက်ခြင်းပင် စိတ်ဓာတ်ကျသွားဟန်ရသည်။
“မနှစ်တုန်းက ထျန်းကျင်းမြို့ကို ရောက်ပြီးနောက်မှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ငါ ရခဲ့တယ်။ မူလက အဲ့ဒါနဲ့ ပျော်စရာလေးတွေ လုပ်ဖို့ စိတ်ကူးပြီး ကျွမ်းကျင်တဲ့ မန်နေဂျာတစ်ယောက်ကို ငှားလိုက်မိတယ်။ တစ်နှစ်ခွဲအတွင်းမှာပဲ သူက ယွမ်ငွေ မီလီယံဆယ်ချီပြီး ရနိုင်အောင် ကူညီပေးခဲ့လို့ ခမ်းနားသောထန်ကနေ ရတဲ့ အမြတ်ဝေစုကနေ အဲ့ဒီလုပ်ငန်းထဲကို ယွမ်မီလီယံရာနဲ့ချီပြီး ပုံအောခဲ့သေးတယ်။ မင်း ဘာသိလို့လဲ။ ခွေးမသားတွေက ငါ့ကို အတွင်းအပြင်ပေါင်းပြီး ကစားကြတယ်လေ။ သူက ငါ့ကို အပြင်လူတွေနဲ့တောင် ထောင်ချောက်ဆင်လို့ ငါ့ပိုက်ဆံတွေ အကုန်ကုန်သွားပြီ။ ရန်ချီကသာ ငါ့ကို တိတ်တဆိတ် မကူညီပေးရင် ငါ့အိတ်ကပ်က ငါ့မျက်နှာထက် အများကြီး ပိုရှင်းလင်းနေမယ်ဆိုတာ မင်း မြင်ရလိမ့်မယ်။”
"အဲ့ဒီလူကို မင်း တကယ် ရှာမတွေ့ဘူးလား။"
ထန်ရှုက မေးလိုက်သည်။
“ကမ္ဘာကြီးက ကြီးလွန်းတယ်ကိုယ့်လူရေ။ အဲ့ဒီခွေးကောင်တွေက ပိုက်ဆံတွေ အများကြီးယူပြီး အဝေးကြီးကို ထွက်သွားတာကြာပေါ့။ ကျယ်ပြောလှတဲ့ လူပင်လယ်ကြီးထဲမှာ ဒီလူယုတ်မာတွေကို ငါ ဘယ်နေရာ သွားရှာရပါ့။”
လုံကျန့်လင်းက ခါးခါးသီးသီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မေ့လိုက်ပါတော့။ မီလီယံနှစ်ရာလောက်ပဲ ရှိတာပါ သိပ်မများပါဘူး။ နှစ်သစ်ကူးမတိုင်မီ ငါ ထိန်းထိန်းသိမ်းသိမ်း နေရမှာပေါ့။ ဒီနှစ်ကုန် ခမ်းနားသောထန်လုပ်ငန်းစုကနေ အမြတ်ဝေစုကို ရရင် ငါ ပြန်ပြီး ဘီလီယံနာ ဖြစ်လာမှာ မဟုတ်ဘူးလား။"
"မင်းက တကယ့်ကို နှလုံးသားကြီးတဲ့လူပါ။"
ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
"သိမ်ငယ်စိတ်နဲ့ လုပ်လို့ရမလား ငါတော့ မထင်ဘူး။” လုံကျန့်လင်းက ပြောသည်။
"ငါ တစ်ခါတည်း အပြစ်တင်ခံရတာကို ဝုန်းဒိုင်းကြဲပြီး သတ်သေဖို့ ထပ်ခါတလဲလဲ ကြိုးစားနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား။"
စကားပြောနေစဉ်အတွင်း ပိန်ပါးသောလူရွယ်တစ်ဦး အပြင်ဘက်မှ ကမန်းကတန်း ရောက်လာသည်။ လုံကျန့်လင်းကို မြင်သော် ပြုံးပြလာပြီး
"ကျန့်လင်း … မင်းက အရမ်းအရေးတကြီးလေသံနဲ့ ငါ့ကို လာဖို့ ခေါ်တာ ဘာဖြစ်လို့လဲ။"
လုံကျန့်လင်းက တစ်ဖက်မှာ ထိုင်နေသော ထန်ရှုကို ညွှန်ပြပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ငါ့ရဲ့ အစ်ကိုကြီး ထန်ရှုနဲ့ မိတ်ဆက်ပေးပါရစေ။ သူက ရန်ချီပါ။"
ထန်ရှုက ထပြီး ရန်ချီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး "တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။"
"မင်းက လုံကျန့်လင်းရဲ့သူငယ်ချင်းဆိုတော့ မင်းလည်း ငါ့သူငယ်ချင်းပဲ။ ဒါပေမယ့် ညီအစ်ကိုထန်ကို နည်းနည်းရင်းနှီးနေသလို ခံစားနေရတယ်။ ငါ မသိကျိုးကျွံပြုခဲ့မိရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် မင်းက အရေးကြီးတဲ့သူတစ်ယောက်လို့ ငါ ထင်နေတယ်။"
“ငါက ကျောင်းသားတစ်ယောက်ပါပဲ။ ဒီနှစ်က လူသစ်တစ်ယောက်ပါ။”
ထန်ရှုက ဖြေသည်။
ရန်ချီက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီးနောက် လုံကျန့်လင်းကို ပြန်ကြည့်ကာ
"မင်းက ငါ့ကို ဒီကိုလာဖို့ အလောသုံးဆယ်ခေါ်တာ ညီအစ်ကိုထန်နဲ့ မိတ်ဆက်ပေးရုံလောက်တော့ မဟုတ်ဘူးမလား။ ဒါနဲ့ ငါ့မှာ ကိုင်တွယ်ဖြေရှင်းစရာ အရှုပ်အထွေးတွေ ရှိနေသေးလို့ ဖြေရှင်းဖို့ အချိန်နည်းနည်း ယူရဦးမယ်။ မာဆိုတဲ့ ကောင်ကို ရှင်းဖို့ မင်း ငါ့ကို အရင်ကူညီပေးရင်ရော ဘယ်လိုလဲ။"
"မာဝေ့ပေါ်လား။"
လုံကျန့်လင်း အံ့အားသင့်စွာ မေးလိုက်သည်။
"အဲ့ဒီလူယုတ်မာကလွဲရင် ငါ့ကို ဒုက္ခပေးမယ့်သူ ဘယ်သူရှိမှာလဲ။ မနေ့ညက သူ ဘာမူးယစ်ဆေးတွေ သောက်လာမှန်း ငါ မသိဘူး။ ငါ့ရဲ့ဒီနေရာက မိန်းကလေးတွေကို အခက်အခဲတွေ ဖြစ်အောင် လုပ်ဖို့ ဒင်းက စောက်ရမ်း သတ္တိရှိနေတယ်လေ။ ငါ သူ့ကို အတင်းအကြပ်မတားရင် သူတို့တွေကို အဲ့ဒီကောင်က သတ်ပြီးသားဖြစ်နေလိမ့်မယ်။”
ရန်ချီက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။
"အဲ့ဒီကောင်က အရူးပဲ။"
လုံကျန့်လင်းက ခေါင်းယမ်းလိုက်ပြီး
"ငါ သူ့ကို အများဆုံး ရိုက်နိုင်ရုံပဲ ရှိမှာ။ အဲ့ဒါကလွဲလို့ တခြားဘာမှ လုပ်နိုင်တာမရှိဘူး။ နောက်ပြီး ဒါက မင်းရဲ့နေရာဆိုတော့ အဲ့ဒီနည်းနဲ့ဆို မင်း ပိုပြီး ခေါင်းကိုက်လာရလိမ့်မယ်။ ငါ မင်းကို အကြွေးတင်နေတဲ့ ငွေကို ပေးချင်လို့ ဒီကို လာခဲ့ဖို့ ခေါ်လိုက်တာ။ မင်းရဲ့အကောင့် ငါ့ကို ပေး။ ငါ မင်းဆီကို အခုငွေလွှဲလိုက်မယ်။"
"မင်း ပိုက်ဆံရသွားပြီလား။"
ရန်ချီက အံ့သြစွာ မေးလိုက်သည်။
လုံကျန့်လင်းက ထန်ရှုကို ညွှန်ပြပြီး အပြုံးဖြင့်
"ငါ့ရဲ့ အစ်ကိုကြီးနဲ့ဆိုရင် ငါ စားချင်တာ သောက်ချင်တာ ဘာဖြစ်ဖြစ် အချိန်တိုင်း စားသောက်လို့ ရပြီ။ ငါ ဘယ်လို ငမွဲလေး ဖြစ်နေနိုင်မှာလဲ…။”
ရန်ချီက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်ပြီး "အဲ့ဒီအတွက် ဒုက္ခမရှာပါနဲ့ ဟုတ်ပြီလား။ ငွေကို အဖွဲ့ဝင်ကတ်ထဲ ထည့်ပြီး ငွေတကယ်ရှိတယ်ဆိုရင် အပန်းဖြေစခန်းရဲ့ဘယ်ငွေရှင်းကောင်တာမဆို ကတ်ဖြတ်လိုက်ရုံပဲ။ ညီအစ်ကိုထန် … ငါ အဲ့ဒီမှာ တကယ်ဖြေရှင်းစရာတစ်ခုရှိလို့ မင်းနဲ့ အဖော်မလုပ်နိုင်တော့ဘူး။ ငါ မင်းကို နေ့လည်ကျ အတူသောက်ပြီး ဧည့်ခံမယ်။"
"မင်းမှာ လုပ်စရာတွေရှိရင် သွားလုပ်ပါ။"
ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး
"ငါလည်း လုံကျန့်လင်းနဲ့ဆွေးနွေးစရာတွေ ကျန်သေးတယ်။ ပြီးတာနဲ့ ရှန်ဟိုင်းကို တန်းပြန်မှာပါ။"
“ကောင်းပြီလေ။ နောက်တော့ ထပ်ကစားဖို့ ဒီနေရာကို လာခဲ့ပါ။”
ရန်ချီက ကမန်းကတန်း ထွက်မသွားခင်မှာ ပြောခဲ့သည်။
ထန်ရှုက လုံကျန့်လင်းကို ကြည့်ကာ မေးလိုက်သည်။
"အဲ့ဒီမာဆိုတဲ့လူက ဘယ်သူလဲမေးတယ်။ ကြားရတာ သူက ပြသနာ ရှာတဲ့သူလို့ ထင်ရတာပဲ။"
"သူက ပြသနာရှာတာထက်ပိုတယ် ငါ့လူရေ…"
လုံကျန့်လင်းက မချိပြုံး ပြုံးလိုက်ပြီး "အဲ့ဒီလူယုတ်မာဟာ အရူးတစ်ယောက်လိုပဲ။ သူရဲ့တွေးပုံတွေးနည်းက သာမန်လူတွေနဲ့ လုံးဝမတူဘူး။ ငါ သူနဲ့ ရန်ဖြစ်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပြီး နှစ်ကြိမ်လုံးလုံး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ ရလဒ်ဟုတ်လား … မထင်မှတ်ပဲ အဲ့ဒီလူယုတ်မာက ငါနဲ့ ယှဉ်ပြိုင်ဖို့ ကျွမ်းကျင်သူတွေကို ဆက်ရှာနေတယ်။ ခွေးမသား ချီးပဲ။ ငါ နှစ်ကြိမ် အနိုင်ရခဲ့ပေမယ့် တတိယအကြိမ်ကျ ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတယ်။ ငါလည်း ဒေသခံမဟုတ်တဲ့သူတွေကို ဖိတ်ပြီး တစ်ဒါဇင်ကျော်တဲ့ ရန်ပွဲအချို့ ဖြစ်ခဲ့တယ်။ ရန်ချီတောင် နည်းနည်း ဝင်စွက်ဖက်ပြီး ခိုက်ရန်ဖြစ်ပွားတွေ ရှိခဲ့တယ်။
“အဲ့ဒီမာမိသားစုက စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်ပဲဖြစ်ဖြစ် ထျန်းကျင်းမြို့မှာ နံပါတ်တစ် မိသားစုပဲ။ မိသားစုဝင်တွေက အဲ့ဒီနေရာတွေမှာ အရမ်း ထူးခြားတဲ့ အခြေအနေ ရှိတယ်။ စီးပွားရေးနယ်ပယ်တစ်ခုတည်းမှာတောင် သင့်လျော်တဲ့ တရားဝင်စီးပွားရေးဖြစ်ဖြစ် ဒါမှမဟုတ် အရိပ်အာဝါသဖြစ်ဖြစ် ၎င်းတို့ရဲ့စက်ကွင်းတွေကို မင်း တွေ့နိုင်တယ်။ သူတို့က မင်းတို့ထန်မိသားစုနဲ့ ယှဉ်နိုင်မယ်ထင်တဲ့ မြို့တော်က အားကောင်းတဲ့ မိသားစုနဲ့လည်း ချိတ်ဆက်ထားသေးတယ်။ ငါကြုံဖူးတဲ့ မာကောင်က မာမိသားစုခေါင်းဆောင်ရဲ့ စတုတ္ထမြောက်သားပဲ။”
ထျန်းကျင်းသည် ရှန်ဟိုင်းနှင့်အလွန်နီးကပ်ပေရာ ထန်ရှုသည် မာမိသားစုအကြောင်း ကြားဖူးနေခဲ့သည်။ မာမိသားစုကိုယ်တိုင်က ထင်ရှားကျော်ကြားသည်။ ချန်ရှီမြို့မှ ကျိမိသားစုပင်လျှင် သူတို့ထက် အနည်းငယ် အားနည်းပေသည်။
မွန်းတည့်ချိန်ရောက်သည်နှင့် ထန်ရှုသည် မင်းယွမ်အပန်းဖြေစခန်းမှ ထွက်ခွာနီးဆဲဆဲတွင် ထန်ရှုအား ရှာမည့် ပြသနာများ ရောက်လာလေတော့သည်။ ပြသနာ၏ရင်းမြစ်မှာ မာမိသားစု၏စတုတ္ထမြောက်သားမှလွဲ၍ အခြားသူ မရှိပေ။
"ယီး … မင်းပဲ လုံကျန့်လင်း။ ရန်ချီရဲ့ဖင်ကို နမ်းပြီး သူ့နေရာမှာ အလကား စားသောက်နေနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မင်းမှာ ပိုက်ဆံမရှိရင် ဘာလို့ ကြယ်တာရာမြို့ကို ပြန်သွားပြီး မင်းအဘိုးကြီးဆီက ပိုက်ဆံ နည်းနည်းလောက် သွားမတောင်းရတာလဲ။ မင်း ဒီမှာ ဘာလို့ အလကား နေနေတာလဲ ဟမ့်။"
သွားကြားထိုးတံကို ကိုက်ထားသော မာရှောင်ရုန်သည် လုံကျန့်လင်းနှင့် ထန်ရှု၏လမ်းကို တမင်တကာ ရန်စပိတ်ဆို့လျက် လုံကျန့်လင်းအား မထီမဲ့မြင်ပြုကာ သရော်လိုက်သည်။
“စတုတ္ထမာ … မင်း ယားနေရင် မင်းကြိုက်သလို ကုတ်နေ။ ဒါပေမယ့် ဒီနေ့ မင်းနဲ့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး” လုံကျန့်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး “ငါ့အစ်ကို့ကို ခေါ်လာတာ မင်းဘာသာမင်း ကောင်းကောင်းနေ။ နို့မဟုတ်ရင် မနက်ဖြန် မင်း သနားစရာ အဆုံးသတ်မယ်လို့ ငါ အာမခံတယ်။”
"အိုး နိုး … ငါ သိပ်ကြောက်သွားပြီ။ ကတုံးလင်းက အမှန်တကယ်ကို ဒေါသတကြီး ဖြစ်နေတာပဲကွ။ ကိုယ့်လူတို့ … အနောက်အရပ်က နေထွက်တာကို ကြည့်လိုက်စမ်း။”
မာရှောင်ရုန်က သူ့ရင်ဘတ်ကို ဖိကာ ကြောက်ရွံ့ထိတ်လန့်သော အမူအရာအား တမင်တကာ လုပ်ပြလိုက်ပြီး
"ဒါပေမယ့် လုံကျန့်လင်း … ဒီဖေဖေက မင်းကို အကြိမ်ကြိမ် အနိုင်ကျင့်ရတာ အရမ်းကို ပျင်းစရာကောင်းလွန်းလို့ မင်းနဲ့လည်း မကစားချင်ပါဘူး။"
“မင်း…” လုံကျန့်လင်း ဒေါသထွက်သွားပြီး သူ့အင်္ကျီလက်များကို ခေါက်ကာ လက်သီးဖြင့် ထိုးရန် ဟန်ပြင်သည်။
ထန်ရှုက လုံကျန့်လင်းကို တားကာ မာရှောင်ရုန်ကို ကြည့်ရင်း
"မင်းက သင့်တော်လျောက်ပတ်တဲ့ပုံစံနဲ့ ပြုမူနေတာကို ကြည့်စမ်း။ ဒါပေမယ့် မင်းက ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး ဘယ်သူ့ကိုမဆို ပြစ်မှားရတာကို ကြိုက်တယ်ပေါ့။ ဒါက မာမိသားစုက သူ့သားကို ပညာသင်ပေးတဲ့ပုံစံလား။”
"မင်း ဘယ်အပေါက်က ထွက်လာတာလဲ ဘော်ဒါ။"
မာရှောင်ရုန်က မျက်လုံးများကို မှေးစင်းလျက် မထီတထီ ပြောလိုက်သည်။
"လုံကျန့်လင်းနဲ့ ငါ စကားပြောနေတာ မင်း ဘာကြောင့် ဝင်ရှုပ်နေတာလဲ။ ငါ ပြသနာရှာတာ ဘာများမှားနေလဲ။ ဒါဖြင့် ဒီအဖေက မင်းကို ပြစ်မှားရင်ရော ဘာဖြစ်လဲ။ မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် မင်း ငါ့ကို တစ်ခုခု လုပ်လိုက်ပေါ့ကွ။"
ဖျန်း…
ထို့နောက်မှာတော့ ထန်ရှုက မာရှောင်ရုန်၏မျက်နှာကို ရိုက်ပြီး ရင်ဘတ်ကို ဆောင့်ကန်ကာ ခြောက်မီတာအကွာသို့ လွင့်ထွက်သွားစေသည်။ "ပုတ်စော်နံနေတဲ့ ပါးစပ်နဲ့ပေါ့လေ။ ငါ အဲ့ဒါကို သန့်ရှင်းအောင် ကူညီရသေးတာပေါ့။ မင်းရဲ့ပါးစပ်ကို ထပ်ဟဝံ့ရင် မင်းတစ်သက်မှာ နောက်ထပ် စကားတစ်ခွန်းမှ မပြောနိုင်အောင် ငါ လုပ်မယ်။"
ရင်ဘတ်ကို အကန်ခံလိုက်ရခြင်းကြောင့် မာရှောင်ရုန်သည် အချိန်အတော်ကြာသည်ထိ အသက်မရှူနိုင်ပေ။ အနည်းငယ် နေသာထိုင်သာ ပြန်ရှိလာသော်လည်း သူ၏မျက်နှာသည် နီရဲနေပေသည်။
"မင်းက လုံကျန့်လင်းထက် ပိုအစွမ်းထက်သားပဲ ဘော်ဒါ။ မင်းက ငါ့ကို ရိုက်တယ်။ ကောင်းတယ် … သိပ်ကောင်းတယ်။ ဒါပေမယ့် ငါ လုံကျန့်လင်းကို သင်ခန်းစာတစ်ခု သင်ပေးပြီးပြီ။ ကြည့်ရတာ ငါက ဒီလိုတူညီတဲ့နည်းလမ်းတွေကို သုံးရင် မင်းကို ငါ့ရဲ့ အရည်အချင်း အစစ်အမှန် မပြနိုင်ဘူးလို့ ဆိုလိုနေသလိုပဲ။ မင်း ငါနဲ့ နေ့လည်စာ အတူတူလာစားရင်ရော ဘယ်လိုလဲ။ ငါနဲ့ထမင်းစားရင်း နောက်တစ်ခေါက်လောက် စကားပြောကြတာပေါ့။
"မင်း အရူးပဲ …"
ထိုလူ့ထံမှ လေးနက်သော စကားများကို ကြားလိုက်ရသော ထန်ရှုတစ်ယောက် ခေါင်းပင် အနည်းငယ် ကိုက်သွားရသည်။ သူသည် တကယ်ရူးသွပ်သူများကို မကြောက်သော်လည်း ရူးသွပ်ယောင်ဆောင်ကာ ရူးသွပ်သောအမူအရာများကို ပြုလုပ်သောသူများကိုမူ သတိထားပေသည်။ ထိုလူအမျိုးအစားများသည် များသောအားဖြင့် အစွန်းရောက်သွားမည့် လူမျိုးများဖြစ်သည်။
နောက်ဆုံးတွင် မာရှောင်ရုန်သည် အနည်းငယ် ဒေါသထွက်လာပြီး
“ဟေး … ငါ မင်းကို ပြောနေတာ သူငယ်ချင်း။ မင်း နားမကြားတာလား ဘာလားကွ။ ငါတို့ ဂိမ်းတစ်ခု ကစားရအောင်။ ဘယ်သူနိုင်နိုင် ရှုံးရှုံး မင်းပေးခဲ့တဲ့ ရိုက်ချက်တွေကို ငါ မေ့ပစ်လိုက်မယ်။"
"မင်းကလား … မင်းနဲ့ မထိုက်တန်ဘူး။" ထန်ရှုက ခေါင်းယမ်းပြီး
"မင်းက တဝီဝီနဲ့ စိတ်အနှောက်အယှက် ပေးတဲ့ ယင်ကောင်မဟုတ်ဘူးလို့ ထင်ရင် ဖြစ်နိုင်သမျှ ဝေးဝေး ထွက်သွား။"
မာရှောင်ရုန်သည် ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာပူလောင်နေသလို ရင်ဘတ်ဆီမှ နာကျင်မှုကြောင့် တခါတရံ အကြောဆွဲနေသော်လည်း သူ လွန်စွာ စိတ်လှုပ်ရှားနေသည်။ ပျော်စရာ ဂိမ်းတစ်ခုကို သူ တွေ့လိုက်သည့်အလား ထန်ရှုကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ပြီး ရိုင်းပြစွာ စိုက်ကြည့်နေရင်း သူ့ကို နှောင့်ယှက်ရန်ပင် ရည်ရွယ်ထားလေသည်။
"ငါ မထွက်သွားဘူးဆိုရင်ရော ဘာလုပ်မလဲ။ မဟုတ်ဘူး အခုပဲ စလိုက်ရအောင်။"
ထန်ရှုက သူ့လက်ကို မြှောက်လိုက်ပြီး ထိုသူအား ရိုက်ရန် ခြေလှမ်းပြင်လိုက်သည်။
မာရှောင်ရုန်သည် သူဖုန်းကို အလျင်အမြန် ထုတ်ကာ သူ့အနောက်မှ သက်တော်စောင့်တစ်ဦးထံ ပေးလိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး
“လာ … ငါ့ကို လာရိုက်ပါ ရောင်းရင်း။ ငါ ပိုနာကျင်ရလေလေ ပိုကောင်းလေပဲ။"