← Chapters

အထောင်းခံရရန် အိမ်ကို ပြန်မိခြင်း

Vol. 57 Ch. 795

အထောင်းခံရရန် အိမ်ကို ပြန်မိခြင်း

Vol. 57 Ch. 795

ထျန်းကျင်းတရုတ်တိုင်းရင်းဆေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သော ကျန်းကွမ်သည် တရုတ်တိုင်းရင်းဆေးပညာရပ်တွင် ထူးချွန်ပေသည်။ ထျန်းကျင်းမှာရှိသော လူတော်တော်များများက သူ့ဆီ သွားရောက်ကြသည်ဟု ပြောနိုင်ပြီး မာမိသားစုပင် ခြွင်းချက် မရှိပေ။ သူသည်လည်း မာမိသားစု၏ ခေါင်းဆောင်အကြီးအကဲ မာကျန်းဖုန်းနှင့် ရင်းနှီးပြီး အနှစ်၂၀ခန့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။

ထို့ကြောင့် ကျန်းကွမ်သည် မာကျန်းဖုန်း၏ အသုံးမကျသော သားအပါအဝင် သူ၏ အခြေအနေအကြောင်း ကောင်းစွာ သိထားသည်။ နဂါးများသည် နဂါးများကို မွေးဖွားလာပြီး ဖီးနစ်များသည် ဖီးနစ်များကို မွေးဖွားပေးလိမ့်မည် ဖြစ်သော်လည်း ကြွက်သည် စည်းစိမ်ဥစ္စာများကို ယိုစိမ့်ရန် တွင်းတစ်ခုသာ လုံလောက်သည်ဟု လူများကပြောကြသည်။ မာကျန်းဖုန်းကဲ့သို့ အစွမ်းထက်ပြီး စွမ်းရည်ပြည့်ဝသော အမျိုးသားတစ်ဦးမှ ဤကဲ့သို့ မည်သည့်နေရာမှ မထွန်းပေါက်သော သားတစ်ယောက် ပါလာသည့်အတွက် သူ အမှန်တကယ် အံ့ဩမိသည်။

ဟူးးး…

ကျန်းကွမ်သည် သက်ပြင်းချကာ နှုတ်ဆက်တော့မည့်ဆဲဆဲ သူ့စိတ်ထဲတွင် အလင်းတစ်ချက် လက်သွားသည့်အလား ခံစားလိုက်ရသည်။ ကြယ်တာရာနှင့် ထန်ရှုဆိုသော အမည်နှစ်ခုကြောင့် သူ့စိတ်ထဲတွင် လက်ကနဲဖြစ်သွားပြီး ရုတ်ခြည်းပင် အမူအရာ ပြောင်းလဲသွားသည်။

သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားရင်း မာရှောင်ရုန်အရှေ့သို့ ရောက်လာကာ ရှေ့မှာ ရပ်လိုက်ပြီး

"ဒီထန်ရှုက ဘယ်က လာတယ်လို့ မင်း ပြောလိုက်တာလဲ။"

သူ့မေးခွန်းကြောင့် မာကျန်းဖုန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသလို အနီးအနားတွင် ရပ်နေသော မာမိသားစု၏ ဆယ်ချီသော ပင်မအဖွဲ့ဝင်များ၏ မျက်နှာအမူအရာတို့သည်လည်း ပြောင်းလဲသွားသည်။

“ဒီကောင် ဘယ်ငရဲကလာတာမှန်း ဘယ်သူသိမှာလဲ။” မာရှောင်ရုန်က မကျေမနပ်ဖြင့် ပြန်ဖြေသည်။

"ပါးစပ်ပိတ်ထားစမ်း။ မင့်ဦးလေးကျန်းရဲ့မေးခွန်းကို ဖြေမှသာ ဖြေလိုက်စမ်းပါ။”

မာကျန်းဖုန်းက ဒေါသတကြီး အော်လိုက်သည်။

"အဲ့ဒီထန်ရှုရဲ့နောက်ခံက ဘာလဲ။"

"အဖေပဲ ကျွန်တော့်ကို ပါးစပ်ပိတ်ထားဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

မာရှောင်ရုန်က ပွစိပွစိ ရေရွတ်လိုက်သော်လည်း အသိစိတ်ရှိစွာ ပြန်ဖြေသည်။

“သူ့မူလဇာစ်မြစ်က ဘာလဲဆိုတာ ကျွန်တော် တကယ် မသိတာပါ။ သူက အခု ကြယ်တာရာလုံမိသားစုရဲ့ ဒုတိယသား လုံကျန့်လင်းနဲ့တော့ အတူရှိနေတယ်။"

ကျင်းကွမ် တစ်ချက်စဉ်းစားလိုက်ပြီး

"သူ့ အသက် ဘယ်လောက် ရှိပြီလဲ။ သူ ဘယ်လို ပုံစံလဲ။ သူ့မှာ ထူးခြားတဲ့ အင်္ဂါရပ်တွေ ရှိလား။"

“သူက အသက် ၂၁ နှစ်ဝန်းကျင်လောက်ရှိပြီး အရမ်းချောတယ်ဆိုပေမယ့် ကျွန်တော့်လောက်တော့ မချောဘူး။ ဒါပေမယ့် သူ့မှာပါတဲ့ တခြားထူးခြားချက်တွေတော့ ကျွန်တော် သတိမထားမိဘူး။”

မင်းက ရုပ်ချောတယ်ပေါ့ ဟုတ်လား။ ငါ့ဖင်ကြီးပဲ ချောနေလိုက်။ မင်းက အခုဆို ဝက်ထက်တောင် ရုပ်ဆိုးနေသေး။

ကျန်းကွမ်သည် သူ့စိတ်ထဲတွင် အကြိမ်အနည်းငယ်လောက် ကျိန်ဆဲပြီးမှ မာကျန်းဖုန်းဘက် လှည့်ကြည့်လိုက်သည်။

"ထန်ရှုရဲ့ဓာတ်ပုံကို ငါ မြင်ဖူးတယ်။ သူက ရုပ်ရည်ချောမောပြီး အသက်၂၀အရွယ်နဲ့ တူတယ်။ မင်းမှာ စမတ်ဖုန်းတစ်လုံး ရှိတယ်မဟုတ်လား။ အင်တာနက်မှာ ရိုက်ပြီး သူ့နာမည်ကို ရှာကြည့်ပါ။"

မာကျင်းဖုန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ၏လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ပြီး ထန်ရှု၏အချက်အလက်များကို အွန်လိုင်းတွင် ရှာဖွေလိုက်ရာ ထန်ရှု၏ဓာတ်ပုံကို အမြန် ရှာတွေ့ခဲ့သည်။ သူက ဖုန်းကို မာရှောင်ရုန်ကို ပေးပြီး “ဒီဓာတ်ပုံကို ကြည့်လိုက်။ သူလား။"

မာရှောင်ရုန် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ပြန်ဖြေသည်။

“ဟုတ်တယ်။ အဲ့ဒီကောင်ပဲ။ သူပဲ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ။"

ဖြန်း ...

မာကျန်းဖုန်းသည် မာရှောင်ရုန်၏မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ သူက မာရှောင်ရုန်ကို လူတိုင်း၏အရှေ့တွင် အကြိမ်ပေါင်းများစွာ ကန်ကျောက်ပြီး

“မင်း … လူမိုက်။ မင်းလို မိုက်မဲတဲ့သားမျိုးကို ငါ ဘယ်လိုများ ရခဲ့ပါလိမ့်ကွာ။ သူ ဘယ်သူလဲဆိုတာ မင်းသိလား သူက ထန်ရှုကွ … နတ်ဆေးသမားတော်လေး။ မင်းအဘိုးရဲ့အသက်ကို သူ ကယ်ဖို့ စောင့်နေရတာ။ မင်းက... ဒါတောင် မင်း သူနဲ့ ရန်ဖြစ်ခဲ့တယ်ပေါ့။ ငါ မင်းကို သတ်ပစ်မယ် ငမိုက်သား။"

မာမိသားစုမှ အကြီးအကဲအများအပြားက မာကျန်းဖုန်းကို ကမန်းကတန်း တားကြသော်လည်း တစ်ယောက်ကမူ ဤလူရွယ်၏ မသိနားမလည်သော အပြုအမူကြောင့် ဒေါသထွက်နေဆဲဖြစ်ပြီး

“ခွေးမသား … မင်းက နေရာတကာ ပြသနာရှာနေတဲ့ ကောင်းကျိုးမပေးတဲ့ လူတစ်ယောက်ပဲ။ မင်း ဒီနေ့ ပျားအုံကို တုတ်နဲ့ ထိုးလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားဘူး။ မင်းအဖေသာ အခု မရိုက်ရင် ငါ မင်းကို ရိုက်ရလိမ့်မယ်။"

မာရှောင်ရုန်တစ်ယောက် စိတ်ရှုပ်ထွေးသွားရသလို အဆဲခံလိုက်ရခြင်းကြောင့် ကြက်သေ သေသွားရသည်။

"အမ် ... အဘိုးက ဘာ … ဘာဖြစ်တာလဲ။"

မာရှောင်ရုန်က မြေပြင်ပေါ်တွင် ပျော့ခွေစွာ ထိုင်နေရင်း နီရဲနေသော ပါးကို ဖုံးအုပ်ကာ မေးလိုက်သည်။

သို့သော်လည်း သူ၏မေးခွန်းသည် မာမိသားစု၏ ဆယ်ချီသော ပင်မအဖွဲ့ဝင်များ၏ဒေါသမီးတောက်ထဲ လောင်စာထည့်လိုက်သည့်အလားပင်။ ၎င်းတို့ထဲမှ အချို့သည် သူ့အား သေအောင် ရိုက်ရန် စိတ်မထိန်းနိုင်လုနီးပါးပင် ဖြစ်ခဲ့ရတော့သည်။ ဘိုးဘေးကြီးသည် ရောဂါအသည်းအသန် ဖြစ်နေပြီး မာမိသားစု၏ပင်မအဖွဲ့ဝင်များအားလုံး အကြောင်းကြားစာ ရရှိကြပြီး မာရှောင်ရုန်ဆီသို့ပင် ထိုအကြောင်းနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှုများနှင့် သတင်းပို့စာအများအပြားကို ပေးပို့ထားပြီးဖြစ်သော်လည်း တစ်စောင်ကိုမှ သူ မမြင်လေရော့သလား။

အဲ့ဒါကို အခုလေးပဲ ... ဘိုးဘေးကြီး ဘာဖြစ်တာလဲလို့ မေးဖို့တောင် မျက်နှာရှိသေးတယ်ပေါ့။

မိသားစုဝင် အများအပြားက မာကျန်းဖုန်းကို ထိန်းကိုင်ထားသော်လည်း သူ၏မျက်နှာထက်ရှိ ဒေါသများ ပိုမိုပြင်းထန်လာသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီနေ့ကစပြီး အဲ့ဒီခွေးကောင်အတွက် စရိတ်အားလုံး ဖြတ်လိုက်။ သူ့ရဲ့ကားရော အပြင်ဘက်က ပိုင်ဆိုင်မှုအားလုံးကိုရော ပြန်သိမ်း။ သူ့ကို တိတ်တဆိတ် ကူညီရဲတဲ့ မိသားစုထဲက ဘယ်သူမဆို ဒီမိသားစုကနေ ထာဝရ နှင်ထုတ်ခံရမယ်။ အပြင်က သူ့ရဲ့မကောင်းတဲ့ သူငယ်ချင်းတွေဆီပါ သတင်းဖြန့်ပစ်လိုက် သူ့ကို အကြွေးပေးရဲတဲ့သူ၊ ငွေချေးရဲတဲ့သူကို မာမိသားစုရဲ့ရန်သူလို့ သတ်မှတ်ခံရလိမ့်မယ်။ ပြီးတော့ မာမိသားစုရဲ့အမျက်ဒေါသကို ရင်ဆိုင်ဖို့ပါ သူတို့ အဆင်သင့်ပြင်ထားကြလို့။”

"အစ်ကိုကြီး…" မာရှောင်ရုန်၏အဒေါ်ရင်းဖြစ်သူက အလျင်စလို အော်ဟစ်လိုက်သည်။

မာကျန်းဖုန်းကက ပြတ်ပြတ်သားသား ကြုံးဝါးနေဆဲဖြစ်သည်။

“ငါ့ကို စည်းရုံးဖို့ ယောင်လို့တောင် မစဉ်းစားနဲ့။ ဘယ်သူမဆို အဲ့ဒီလို လုပ်ရဲရင် မိသားစုထဲကနေ ထွက်သွားရမယ်။ ဒီကောင်က အမြဲတမ်း ဒုက္ခပေးနေတာ။ ငါတို့က သူ့ကို မဆုံးမထားရင် နောင်အနာဂတ်မှာ သူက ငါတို့မိသားစုအတွက် ဘေးဒုက္ခဖြစ်စေမယ့် အရင်းအမြစ်ဖြစ်လာလိမ့်မယ်။”

ထိုအချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ မာကျန်းဖုန်းသည် မိသားစုတွင် အကြွင်းမဲ့အာဏာ ရှိသောကြောင့် ယခုအချိန်တွင် သူ့ဒေါသအား မည်သူမျှ မစွန့်စားရဲပေ။

မာကျန်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ထပ်မံရှူလိုက်ရင်း ဘေးပတ်လည်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

"ထန်ရှုကို ချက်ချင်း ခြေရာခံပါ။ သူက ထျန်းကျင်းတွင် ရှိနေတာဆိုတော့ တတ်နိုင်သမျှ မြန်မြန်ရှာရမယ်။ သူ့ကို ရှာတွေ့ရင် သူ့ကို မလန့်သွားစေဖို့ သတိထား။ သူ့ကို ငါကိုယ်တိုင် တွေ့ပြီး တောင်းပန်မယ်။"

မာမိသားစု၏ပင်မအဖွဲ့ဝင်များသည် ချက်ချင်းပင် အလျင်အမြန် ထွက်ခွာသွားကြသည်။

****

ထန်ရှုနှင့် လုံကျန့်လင်းတို့သည် မင်းယွမ်အပန်းဖြေစခန်းမှ ထွက်ခွာပြီးနောက် လုံကျန့်လင်း နေထိုင်သည့် လူနေရပ်ကွက်သို့ အပြေးအလွှား သွားခဲ့ကြသည်။ လုံကျန့်လင်းသည် ပိုးနီပန်း၏နေရာကို ရှာဖွေရန် ချင်ချန်းတောင်သို့ အလျင်အမြန်သွားလိမ့်မည်ဟု ထန်ရှု မျှော်လင့်ထားသည်။

"ငါ ရှန်ဟိုင်းကို ပြန်ဖို့လိုတယ်။ မနက်ဖြန်မနက် ကျင်းမန်ကျွန်းကို အမြန်သွားရမယ်။ ပိုးနီပန်းရဲ့ဈေးနှုန်း ဘယ်လောက်ပဲရှိရှိ မင်း ရအောင်ဝယ်ခဲ့။ ဒါပေမယ့် အဲ့ဒီလူက တကယ်မရောင်းချင်ဘူးဆိုရင်တော့ သူ့ကို ဇွတ်မတိုက်တွန်းဘဲ သူ့နဲ့ နီးနီးနေပါ။ ငါ ပြန်လာတာနဲ့ မင်းကို ဆက်သွယ်လိုက်မယ်။ နောက်မှ ငါတို့တွေ တခြားနည်းလမ်းကို ရှာကြတာပေါ့။"

"နားလည်ပြီ။" လုံကျန့်လင်း ခေါင်းညိတ်သည်။

ထန်ရှုက သူ့ပခုံးကို ပုတ်လိုက်ပြီး

"ထျန်းကျင်းကနေ မြန်မြန် ထွက်သွားလိုက်ပါ။ အဲ့ဒီစတုထ္ထမာက မကောင်းဘူးဆိုတော့ အခုလောလောဆယ် သူ့ကို မနှောင့်ယှက်နဲ့ဦး။ ငါ့ကိစ္စတွေ လုပ်ပြီးရင် ငါတို့ ပြန်လာပြီး သူ့ကို ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့။"

“ဒါပေါ့။ မင်းရဲ့အစွမ်းအစကို ငါ ယုံတယ် အစ်ကိုကြီး။" လုံကျန့်လင်း ပြုံးလိုက်သည်။

“ကောင်းပြီ … ရှင်းတာကို လျှော့ပြီး ရှန်ဟိုင်းကို အမြန်ပြန်ပါ။ ငါ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ချင်ချန်းတောင်ကို အပြေးသွားလိုက်မယ်။"

“ကောင်းပြီ။”

ထန်ရှုက လှည့်ပြီး ကားထဲ ပြန်ဝင်ထိုင်လိုက်သည်။

နာရီဝက်အကြာတွင် မိုအားဝူသည် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းလာရင်း နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ကာ "ကားနှစ်စီးက ငါတို့နောက်ကို လိုက်နေတာ ဆယ်မိနစ်လောက် ကြာနေပြီ သူဌေး။"

ထန်ရှုက နောက်ပြန်လှည့်ကြည့်ပြီး အရေးမစိုက်စွာဖြင့် “သူတို့ကို အခုလောလောဆယ် လစ်လျူရှုထားလိုက်။ သူတို့တွေက မာမိသားစုကဖြစ်ပြီး အပြန်လမ်းမှာ ငါတို့ကို တိုက်ခိုက်ရဲရင် ရှောင်နေစရာ မလိုဘူး။”

"နားလည်ပြီ။" မိုအားဝူက ခေါင်းညိတ်လိုက်သည်။

သို့သော် ၎င်းတို့အနောက်မှ အနက်ရောင် ဆာ့ဖ်ကားနှစ်စီးသည် ရုတ်တရက် အရှိန်မြင့်လာပြီး မိုအားဝူ မောင်းနှင်သည့်ကားကို ကျော်တက်လိုက်ပြီးနောက် တဖြည်းဖြည်း အရှိန်လျှော့သွားခဲ့သည်။ ကားနှစ်စီးက သူတို့အရှေ့က လမ်းအား ညာဘက်နှင့် ဘယ်ဘက်ခြမ်းတွင် ပိတ်ဆို့ထားခဲ့သည်။ မိုအားဝူသည် လမ်းပြောင်းရန် ပြင်လိုက်စဉ် ကားပြတင်းပေါက် ရုတ်တရက် ပွင့်လာပြီး ခပ်၀၀ သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ဦးခေါင်း ထွက်လာကာ လက်ကို နောက်သို့ ဝှေ့ယမ်းပြရင်း သူတို့အား လမ်းဘေးတွင် ရပ်ရန် လက်ဟန်ပြလာသည်။

"ကားကို ရပ်လိုက်။"

ထန်ရှု ချက်ချင်း အမိန့်ပေးလိုက်သည်။

မိုအားဝူက ကားကို လမ်းဘေးချရပ်လိုက်ပြီးနောက် အနောက်တံခါးသို့ တန်းသွားကာ ရပ်လိုက်သည်။ သူတို့အရှေ့တွင် ရပ်ထားသော ကားနှစ်စီးအား သူ စောင့်ကြည့်နေစဉ် ခဏကြာသော် လူလတ်ပိုင်း လေးယောက် ရောက်လာသဖြင့် ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ။”

"တဆိတ်လောက် … ကားထဲမှာ နတ်ဆေးသမားတော်ထန် ရှိလား။" ပထမလူလတ်ပိုင်းက မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ။"

မိုအားဝူက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

“ငါက မာမိသားစုက မာကျန်းဒေါင်ပါ။” လူလတ်ပိုင်းအရွယ် အမျိုးသားက အပြုံးဖြင့် ပြန်ပြောသည်။

“မာမိသားစုရဲ့ အကြီးအကဲ မာကျန်းဖုန်းက ငါ့အစ်ကိုကြီးပါ။ သမားတော်ထန်ကို ငါတို့မိသားစုဆီ ယဉ်ယဉ်ကျေးကျေး အလည်ဖိတ်ကြားဖို့ သူ့ဆီက အမိန့်တစ်ခု ပို့လိုက်တယ်။ အစ်ကိုကြီးက အခုလမ်းမှာပါ နာရီဝက်အတွင်း သူ ဒီကို ရောက်လိမ့်မယ်။”

ထန်ရှုက မာကျန်းဒေါင်ကို ပြတင်းပေါက် ဖွင့်ကြည့်လိုက်ပြီး

“မာမိသားစုက နေအိမ်ကို အလည်လာဖို့ ဖိတ်ခေါ်တယ်။ ဟုန်မင်စားသောက်ပွဲကို ကျင်းပချင်တာလား။"

(ဟုန်မင်စားသောက်ပွဲ - ညစာဖိတ်ကျွေးပြီး လုပ်ကြံသောပွဲ)

မာကျန်းဒေါင်သည် ထန်ရှု၏စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်သောကြောင့်  ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"မင်း နားလည်မှု လွဲနေတာပါ နတ်ဆေးသမားတော်ထန်။ မာမိသားစုက ကိုယ်ဖိတ်ထားတဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ငါတို့တွေ မင်းကို ဖိတ်ရတဲ့အကြောင်းရင်းက ငါ့တူရဲ့အမှားတွေကို မင်း ခွင့်လွှတ်ပေးဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငါ့အစ်ကိုက မင်းကို လူကိုယ်တိုင် တောင်းပန်ချင်တာကြောင့်ပါ။"

ထန်ရှု၏မျက်လုံးများတွင် အရိပ်တစ်ခု လက်သွားသည်။

'ဖိတ်ထားတဲ့ ဧည့်သည်ကို သတ်မယ့်ပွဲ ကျင်းပဖို့ အစီအစဉ်မရှိရင် ဘာလို့ ငါ့ကို ဒီလို ဖိတ်ရတာလဲ။ မာမိသားစုမှာ ငါ့ဆီက လိုချင်တာတစ်ခုခုရှိလို့လား။ နောက်ပြီး ဒီလူက ငါ့ကို 'နတ်ဆေးသမားတော်ထန်' လို့ ခေါ်တယ်။ မာမိသားစုမှာ နေမကောင်းတဲ့လူ ရှိနေလို့ ဖြစ်နိုင်ရင် အဲ့ဒီလူကို ကုသပေးဖို့ ငါ့ကို လိုအပ်နေတာလား။’

"စိတ်မကောင်းပါဘူး။ ကျွန်တော် မာမိသားစုနဲ့ မပတ်သက်ချင်သလို ဖြစ်ပျက်ခဲ့တာတွေကိုလည်း ကျွန်တော် ဂရုမစိုက်ဘူး။ တောင်းပန်ရုံပဲဆိုရင် ကျွန်တော့်အချိန်တွေ မဖြုန်းပါနဲ့။"

“နတ်ဆေးသမားတော်ထန် … ငါတို့ မင်းဆီက တစ်ခုခု တောင်းဆိုချင်တာ ရှိပါတယ်။”

မာကျန်းဒေါင်က အလျင်စလို ပြောသည်။

“ဒါဆို ပြောပါ။ ကျွန်တော် ရှန်ဟိုင်းကို ပြန်ဖို့ အလျင်လိုနေတယ်။” ထန်ရှုက ဆိုလိုက်သည်။

မာကျန်းဒေါင်က ခဏတုံ့ဆိုင်းသွားပြီး ခါးသီးစွာ ပြောလိုက်သည်။

“တကယ်တော့ ဒါက ငါ့အဖေအကြောင်းပါ။ အဖေ အသည်းအသန် နေမကောင်းဖြစ်နေလို့ ကုသပေးဖို့ နတ်ဆေးသမားတော်ထန်ကို ဖိတ်ခေါ်ချင်တာပါ။ ထျန်းကျင်းတရုတ်တိုင်းရင်းဆေးပညာရှင်အသင်းရဲ့ ဒုတိယဥက္ကဌကျန်းကွမ်က အစ်ကိုကြီးရဲ့ သူငယ်ချင်းကောင်းတစ်ဦးပါ။ သူက အကြံပေးတာလေ။ မင်းရဲ့ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အဖေ့ကို မင်း ကယ်နိုင်မယ်လို့ သူ ထင်တယ်။"

"ကျွန်တော့်မှာ အချိန်မရှိပါဘူးဗျ။"

ထန်ရှု ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

"ကျေးဇူးပြုပြီး ငါတို့မာမိသားစုရဲ့ နှိမ့်ချတဲ့ တောင်းဆိုမှုတစ်ခုအနေနဲ့ ကြည့်ပေးပါ နတ်ဆေးသမားတော်ထန်။ ငါတို့ရဲ့သားသမီးဝတ် ကျေပွန်စေဖို့ရာ ကျေးဇူးပြုပြီး အဖေ့ကို ကယ်ပေးပါ။ ငါ့အစ်ကိုကြီးက အဖေ့ရဲ့ရောဂါကို မင်း ကုစားနိုင်သရွေ့ ငါတို့ ဘာမဆို ပေးဆပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားတယ်။”

“သဘောမတူရင် ဘာဖြစ်မလဲ။ ကျွန်တော့်ကို သွားခွင့်မပြုဘူးလား။"

ထန်ရှုက သရော်လိုက်သည်။

မာကျန်းဒေါင် အံ့အားသင့်သွားပြီး တခဏ ချီတုံချတုံ ဖြစ်သွားကာ ခါးသီးစွာ ပြုံးလိုက်သည်။

“နတ်ဆေးသမားတော်ထန် … ငါ့အစ်ကိုကြီးက ဘာပဲဖြစ်နေနေ မင်းကို ဒီမှာတားထားဖို့ ငါ့ကို အမိန့်ပေးထားတယ်။ ဒါပေမဲ့ မင်း သူ့ကို စောင့်ပေးနိုင်သရွေ့ ငါ မင်းကို ကန်တော့ဆို ကန်တော့ပါမယ်။"

ထန်ရှုက ခဏလောက် နှုတ်ဆိတ်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒီနေရာက အကြာကြီးနေရမယ့်နေရာ မဟုတ်ဘူး။ အရှေ့က ဝန်ဆောင်မှုဧရိယာကို သွားရအောင်။ ခင်ဗျားရဲ့ သားသမီးဝတ်ကို မြင်ရတဲ့အတွက် ခင်ဗျားကို စိတ်မပျက်စေရပါဘူး စိတ်ချပါ။"

"ကျေးဇူးတင်ပါတယ် … ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်ထန်…"

မာကျန်းဒေါင်သည် ဝမ်းသာလုံးဆို့သွားပြီး အခြားလူလတ်ပိုင်းသုံးယောက်နှင့်အတူ အရှေ့မှ ကားနှစ်စီးဆီသို့ ချက်ချင်း ပြန်သွားခဲ့သည်။ သူတို့က ကားကို စက်နှိုးပြီး အရှေ့ကို မောင်းသွားကြသည်။

ဟုန်ခန်း အဝေးပြေးဝန်ဆောင်မှုဧရိယာ …

မိနစ်၂၀လောက်စောင့်ပြီးမှ ကားများစွာသည် အလျင်အမြန် ရောက်လာသည်။ လူတစ်စုသည် ကားများဆီမှ ဆင်းလာပြီး မာမိသားစု၏ အကြီးအကဲ မာကျန်းဖုန်းသည် အရှေ့မှ ပြေးလာကာ ထန်ရှု စီးနင်းလာသည့် ကားနားသို့ ရောက်လာသည်။

"မင်းက ... နတ်ဆေးသမားတော်ထန်လား"

All Chapters