← Chapters

ဒါက ဘယ်လို နတ်ဘုရားဆန်တဲ့ နည်းပညာမျိုးလဲ

Vol. 71 Ch. 1403

ဒါက ဘယ်လို နတ်ဘုရားဆန်တဲ့ နည်းပညာမျိုးလဲ

Vol. 71 Ch. 1403

သို့သော် ယဲ့ဖန်၏ ကားမောင်းစွမ်းရည်သည် သူ စိတ်ကူးထားသည်ထက် များစွာသာလွန်လေသည်။

သူသည် ဤအဖြစ်ကို ကြိုတင်တွက်ဆထားပြီးသကဲ့သို့ ဖြစ်လေသည်။

Paramount Marauderသည် တိုက်ခံရခြင်းမှ ရှောင်လွှဲကာ အရှိန်မြှင့်လိုက်ပြီး အရှိန်ဖြင့် ဟော်ထုန်းကွမ်းဘက်ကို ကွေ့ချလိုက်သည်။

ဟော်ထုန်းကွမ်း နောင်တရသွားပြီး မည်သို့ တန်ပြန်ရမည်ကို အလျင်အမြန်တွေးနေသည်။

မကြာခင်မှာပင် ဆုံးဖြတ်ချက်တစ်ခုချကာ ပုံမှန်အရှိန်အတိုင်း ဆက်မောင်းနေတော့သည်။

ဤအမြန်နှုန်းဖြင့် သူ မရပ်တန့်ပါက ယဲ့ဖန်မှ သူ့အား တားနိုင်မည်မဟုတ်ပေ။

အမြန်လမ်းပေါ်ရှိ ထွက်လမ်းတစ်နေရာရောက်မှ သူ လွတ်လမ်းရှာလိုက်ပါလျှင် အဆင်ပြေပေလိမ့်မည်။

သူ့အကြံအစည်မှာ ကောင်းပါသော်လည်း ဆက်ဖြစ်လာမည်ကိုတော့ သူ စိတ်ကူးထားခြင်း မရှိပေ။

သူ့ကားအရှေ့သို့ ရောက်နေပြီဖြစ်သော Paramount Marauderသည် ရုတ်တရက် အရှိန်လျော့လိုက်သည်။

" ဒီကောင်က တကယ် ရူးနေတာပဲ "

ဟော်ထုန်းကွမ်း၏ အမူအရာမှာ အင်မတန် လန့်ဖြတ်ကာ ကြောက်ရွံ့သွားပြီး ယဲ့ဖန် ဘာလုပ်ချင်နေသည်ကို မသိဖြစ်နေသည်။

အရှေ့မှကားသည် ဤမျှများသောအရှိန်ဖြင့် မောင်းနေပြီး ရုတ်တရက် ရပ်လိုက်သည်။

ကားနှစ်စီးတိုက်မိပါက သေကြမည်မှာ သေချာသည်။

သို့သော် သူသည် ကားရပ်လိုက်ရန်မှာ နောက်ကျနေပြီဖြစ်သည်။

ရပ်လိုက်ပါကလည်း သေမည်ဖြစ်သည်။

ထို့ကြောင့် မောင်းနေသည့်အရှိန်အတိုင်း ဆက်သွားသည်။

ဘန်း

နောက်တခဏတွင် Audi၏ ကားအရှေ့ခြမ်းသည် Paramount Marauderကား အနောက်ခြမ်းကို တိုက်မိတော့သည်။

သို့သော် Paramount Marauderကားသည် ထင်ထားသလို အထိန်းအချုပ်မဲ့မသွားပေ။

ထိုအစား Audiကားနှင့်အညီ အရှိန်ထိန်းထားသည်။

ကားနှစ်စီးသည် ရထားတွဲနှစ်တွဲ ချိတ်ထားသကဲ့သို့ ချိတ်ဆက်နေတော့သည်။

ဟော်ထုန်းကွမ်း လုံးဝပင် ထိတ်လန့်သွားတော့သည်။

ဒါဘယ်လို နတ်ဘုရားဆန်တဲ့ ကားမောင်းနည်းလဲ။

အရှေ့မှ Paramount Marauderကားသည် အရှိန်လျော့လာသဖြင့် သူ၏ Audiမှာလည်း အတင်းအကြပ် ဖိအားပေးခံရကာ အရှိန်လျော့သွားတော့သည်။

ဟော်ထုန်းကွမ်း လန့်သွားသည်။

ဤသို့ဆက်သွားပါက သူသည် မကြာခင်မှာပင် ဖိအားပေး အရပ်ခံရမည်ဖြစ်သည်။

သူ၏ အမူအရာမှာ ထပ်တလဲလဲပြောင်းလဲနေတော့သည်။

အဆုံး၌ သူသည် အံကြိတ်ပြီး ဘရိတ်ကို အမြန်နင်းလိုက်သည်။

ကျွီ

တာယာနှင့်မြေကြီး ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကားသည် တစ်နာရီမိုင်၆၀နှုန်းသို့ ကျလာသောအခါ ဟော်ထုန်းကွမ်းသည် စတီယာတိုင်ကို လှည့်ပြီး ပြောင်းပြန်လှည့်ကာ မောင်းပြေးရန်ပြင်သည်။

သို့သော် ဤတစ်ခါတွင်လည်း ယဲ့ဖန်သည် သူ့အား အခွင့်အရေးမပေးချေ။

Paramount Marauderသည် ရုတ်တရက် လှည့်လာပြီး Audiကို တိုက်လိုက်တော့သည်။

ဒုန်း

Audiကားသည် ပြင်းထန်စွာ အတိုက်ခံရပြီးနောက် အဝေးပြေးလမ်းမပေါ်၌ ရှေ့နောက်လှိမ့်သွားတော့သည်။

ဘန်း

ကားထဲမှ လေအိတ်များ ထွက်လာသည်။

ဟော်ထုန်းကွမ်းသည် ကမ္ဘာကြီးလည်နေသလို ခံစားလိုက်ရပြီး ခဏတာ အသိလွတ်သွားသည်။

သတိပြန်မကပ်လာမီ ပုံရိပ်နှစ်ခု သူ့စီလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် Audi ကားတံခါးမှာ ဆွဲဖွင့်ခံလိုက်ရသည်။

လက်တစ်ဖက်ဝင်လာပြီး သူ့အား ကြက်တစ်ကောင်ကဲ့သို့ လည်ဂုတ်မှဆွဲကာ အပြင်သို့ ဆွဲထုတ်ခံရသည်။

" ခင်ဗျားက ဟော်ထုန်းကွမ်းလား "

ထိုသို့ ပြောလာသူမှာ အသက်၂၀အရွယ်ရှိ လူငယ်လေးတစ်ဦးဖြစ်သည်။

သူ၏ နှုတ်ခမ်းပေါ်၌ အပြုံးဖျော့တစ်ပွင့်ရှိနေသည်။

အသွင်အပြင်အရဆိုရလျှင် ထိုလူငယ်သည် တက္ကသိုလ်ကျောင်းသားတစ်ဦးပုံစံဖြစ်လေသည်။

သို့သော် တစ်ဖက်သူမှ ပြသခဲ့သော နတ်ဘုရားအဆင့် မောင်းနှင်မှုစွမ်းရည်ကို ကြည့်ခြင်းဖြင့် ဤလူငယ်သည် ရိုးရှင်းသည်မဟုတ်ကြောင်း ဟော်ထုန်းကွမ်း ရှင်းလင်းစွာ သိလိုက်သည်။

" ငါ ..... ငါက ဟော်ထုန်းကွမ်းပဲ။ မင်းတို့ .... ဘာလို့ ငါ့ကို ရှာတာလဲ "

ဟော်ထုန်းကွမ်းသည် နဖူးမှ ယားယံသည်ကို ခံစားလိုက်ရသည်။

ထိုသည်ကိုထိရန် လက်လှမ်းလိုက်သည့်အခါ သူ့လက်သည် သွေးများဖြင့် ပေကျံသွားတော့သည်။

" ဟော်လူကြီးမင်း၊ ခင်ဗျား ဘာတွေလုပ်ခဲ့လဲဆိုတာ ကောင်းကောင်း သိလောက်တယ်မဟုတ်လား "

ယဲ့ဖန်သည် သူ့ကို လွှတ်လိုက်ပြီး အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်ပြီး ဆေးလိပ်တစ်လိပ်အား ပါးစပ်ထဲ ထည့်လိုက်သည်။

ယဲ့ဖန်အနားရှိ ဖန်းကျန်းဝူသည် သူမ၏အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို အမြန်ထုတ်ကာ သူ့အတွက် မီးညှိပေးသည်။

သူမ၏ လှပသော မျက်လုံးများသည် မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်သည် လူတိုင်းထက်သာလွန်သော ကားမောင်းစွမ်းရည်ကို ပြသခဲ့ပြီး ဟော်ထုန်းကွမ်းကို ဖမ်းရန် သေခြင်းရှင်ခြင်းကို မမှုဘဲ လိုက်ခဲ့သည်။

သူမသည် ဖြစ်စဉ်တစ်ခုလုံးအား ဘေးမှ တွေ့လိုက်ရကာ သူမ၏ သခင်ဖြစ်သူကို ပို၍ပင် ကိုးစားချင်လာသည်။

" မင်းက ဇာမဏီသုံးကောင် အဖွဲ့အစည်းကလား "

ဟော်ထုန်းကွမ်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နာကျင်ကိုက်ခဲနေပြီး မတ်တပ်ရပ်ရန်ပင် အားမရှိပေ။

" ဇာမဏီသုံးကောင် အဖွဲ့အစည်းက မဟုတ်ဘူး။ လျုံမိသားစုက "

ယဲ့ဖန်သည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ပြီး သူ့ကို ကြည့်လိုက်သည်။

" လျုံမိသားစုလား "

ဟော်ထုန်းကွမ်း ကြောင်အသွားသည်။

သူသည် ယဲ့ဖန်မှာ ဇာမဏီသုံးကောင် အဖွဲ့အစည်းမှဟု ထင်သောကြောင့် လာဘ်ထိုးပြီး ညှိနှိုင်းရန် ကြံစည်နေခဲ့သည်။

သို့သော် တစ်ဖက်လူသည် လျုံမိသားစုမှ ဖြစ်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

" ဘာလို့ လျုံမိသားစုကို ကြံစည်ရတာလဲ "

ယဲ့ဖန်၏ မျက်နှာပေါ်၌ အပြုံးဖျော့ဖျော့ရှိနေသည်။

" အမှန်တိုင်းပြော။ အတင်းပြောထွက်လာအောင် မလုပ်ရစေနဲ့ "

ဟော်ထုန်းကွမ်း ခါးသီးစွာ ပြုံးလိုက်သည်။

" ငါလည်း ဆေးလိပ်တစ်လိပ်လောက် ရနိုင်မလား။ ငါ အလောကြီးနေတော့ ဆေးလိပ်မယူလာခဲ့မိဘူး "

ယဲ့ဖန်သည် သူ့အား ဆေးလိပ်ဘူးနှင့် မီးခြစ်ကမ်းပေးလိုက်သည်။

ဟော်ထုန်းကွမ်းသည် ဆေးလိပ်အား တုန်ရီစွာ ထုတ်ပြီး မီးညှိလိုက်သည်။

ထို့နောက် အရေးပေါ်ကားလမ်းကို ညွှန်ပြသည်။

" အဲ့ဒီမှာ ပြောရအောင်။ ဒီမှာက နည်းနည်းအန္တရာယ်များတယ် "

ယဲ့ဖန်သည် ငြင်းဆိုခြင်းမရှိဘဲ ထိုလမ်းဆီသို့ လိုက်လျှောက်သွားသည်။

" တကယ်တော့ ငါက အမိန့်လိုက်နာရုံပဲ။ အမိန့်ပေးတာက ငါတို့ဂိုဏ်းဥက္ကဌ "

ဟော်ထုန်းကွမ်းသည် ပြောပြီးနောက် ဆေးလိပ်တစ်ဖွာ ဖွာသည်။

" ချန်းရှောင်ရှုန်းလား "

ယဲ့ဖန် မေးလေသည်။

" ဟုတ်တယ်၊ ဒါတွေအားလုံးက သူ့အစီအစဉ်တွေပဲ "

ဟော်ထုန်းကွမ်း အမှန်တိုင်းဖြေလိုက်သည်။

" သူက ဘာလို့ အဲ့လိုလုပ်တာလဲ "

" ဘာလို့လဲဆိုတော့ ဇာမဏီသုံးကောင် အဖွဲ့အစည်းက ဒီနှစ်တွေအတွင်း တိုးတက်လာတာ အရမ်းမြန်တယ်။ တောင်နက်ဂိုဏ်းအတွက် ခြိမ်းခြောက်မှုပဲ။ အဲ့တာကြောင့်

ချန်းရှောင်ရှုန်းက လျုံမိသားစုကို သုံးပြီး ဇာမဏီသုံးကောင် အဖွဲ့အစည်းကို အားနည်းအောင် လုပ်ချင်တာ "

" အဲ့တာတင်ပဲတော့ မဟုတ်နိုင်ဘူးမလား။ ကျန်းကောပြည်နယ်ထဲမှာ လျုံမိသားစုထက် ပိုအားကောင်းတဲ့ ဂိုဏ်းတွေအများကြီးရှိတာပဲ။ ဘာလို့ လျုံမိသားစုကို ရွေးတာလဲ "

ယဲ့ဖန်၏ အကြည့်သည် စူးရှနေရာ ဟော်ထုန်းကွမ်းသည် သူ့နောက်ကျော၌ ဓားထောက်ခံထားရသလို ခံစားနေရသည်။

" အမှန်ပဲ။ ကျန်းကောပြည်နယ်ထဲမှာ လျုံမိသားစုထက် အင်အားကောင်းတဲ့ မိသားစုတွေ အများကြီးပဲ။ သတ်ကြေးဆို လျုံမိသားစုအလှည့်တောင် ရောက်မှာ မဟုတ်ဘူး "

ဟော်ထုန်းကွမ်း သဘောတူခေါင်းညိတ်လိုက်သည်။

" ငါတို့ လျုံမိသားစုကို ရွေးရတဲ့ အကြောင်းအရင်းနောက်တစ်ခု ရှိသေးတယ် "

" ဘာအကြောင်းအရင်းလဲ "

" လျုံမိသားစုက ယဲ့ဖန်လို့ခေါ်တဲ့သူနဲ့ အတော်လေးကောင်းတဲ့ ဆက်ဆံရေးရှိတယ်လို့ ကြားထားတယ် "

ဟော်ထုန်းကွမ်းသည် မမျှော်လင့်ထားသည့်အဖြေကို ပေးသည်။

" ယဲ့ဖန်လား "

ယဲ့ဖန် မျက်မှောင်ကြုတ်လျက် အေးဆေးစွာ ဆက်မေးသည်။

" ယဲ့ဖန်နဲ့ ဘာဆိုင်လို့လဲ "

ဟော်ထုန်းကွမ်းသည် ဆေးလိပ်အကုန်ကို မြေပြင်ပေါ်သို့ ပစ်ချကာ ခြေဖြင့် နင်းချေပြီး နောက်ထပ်ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

" အသေးစိတ်တော့ ငါလည်း မသိဘူး။ ငါတို့ဥက္ကဌက ဒီယဲ့ဖန်နဲ့ ရန်ငြိုးရှိထားလို့ ဖြစ်နိုင်တယ်။ သူက လျုံမိသားစုနဲ့ ဇာမဏီသုံးကောင်အဖွဲ့အစည်းကြား ပြဿနာဖြစ်အောင်လုပ်ပြီး အဲ့ဒီယဲ့ဖန်ကို ဆွဲထုတ်မှာ။ နှစ်ဘက်လုံးလည်း အကြီးအကျယ် ရှုံးမှာလေ "

သူ၏ ရှင်းပြချက်ကို နားထောင်ပြီး ယဲ့ဖန် ပိုလို့ပင် မျက်မှောင်ကြုတ်သွားသည်။

ဒီချန်းရှောင်ရှုန်းနဲ့ သူ အရင်က တစ်ခါမှ မမြင်ဖူးဘဲ သူတို့ကြားမှာ ဘယ်လိုလုပ် ရန်ငြိုးရှိနိုင်မှာလဲ။

သူတို့ကြားမှာ အငြှိုးမရှိဘဲ တစ်ဖက်က သူ့ကို ဘာလို့ ပစ်မှတ်ထားတာလဲ။

သူ့အရင်ရန်သူတွေထဲက တစ်ယောက်ယောက်က ချန်းရှောင်ရှုန်းနဲ့ ပတ်သက်နေတာလား။

" ခင်ဗျားပြောတာ အမှန်ပဲလား "

" အမှန်ပဲ၊ လိမ်ခဲ့ရင် ငါ အသေဆိုးနဲ့ သေပါစေ "

ဟော်ထုန်းကွမ်းသည် အလွန်ပင် ရိုးသားစွာ ဖြေလေသည်။

ယဲ့ဖန်သည် သူ့ကို ခဏကြာ စိုက်ကြည့်ပြီးနောက် အဝေးကို ကြည့်လိုက်သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖုန်းကိုထုတ်ကာ ယုဖန်းရှန်းစီ ထပ်၍ ဖုန်းခေါ်သည်။

ယုဖန်းရှန်းသည် ယခုအချိန်တွင် အိပ်ပျော်နေပုံရသည်။

အချိန်ခဏကြာပြီးမှ ဖုန်းကိုင်လာသည်။

သူမ၏ မပီပြင်သော အသံထွက်လာသည်။

" အခုကရော ဘာလဲ "

သူမ၏ အသံတွင် စိတ်မရှည်ခြင်း အရိပ်အမြွက်ပါနေသည်။

" ဟော်ထုန်းကွမ်းကို ဖမ်းထားပြီးပြီ "

ယဲ့ဖန်သည် အဓိကအချက်ကိုပြောပြီစ ရလဒ်ကို ပြောလိုက်သည်။

" အဲ့တော့ ငါ့ကို ဘာပြောစေချင်တာလဲ။ တော်လိုက်တာဆိုပြီး ဆုပေးစေချင်လို့လား "

" အဲ့လို မလိုအပ်ပါဘူး။ ဒါပေမယ့် အချက်အလက်တစ်ခု ရှာတွေ့ထားတယ်။ ခင်ဗျားကို အသိပေးရမယ် "

" ဘာသိထားတာလဲ "

" လျုံမိသားစုနဲ့ ခင်ဗျားရဲ့ ဇာမဏီသုံးကောင်အဖွဲ့အစည်းကို တောင်နက်ဂိုဏ်းရဲ့ ချန်းရှောင်ရှုန်းက ကစားနေတာ "

******

All Chapters