မင်းတို့က ပြင်ဆင်ပြီးလာတာပဲ
Vol. 71 Ch. 1407
" အား ..... "
" လူသတ်နေတယ်၊ လူသတ်နေတယ် "
ထောက်ရှင်းသည် ထိုမြင်ကွင်းကို အဝေးမှမြင်ပြီး ကြောက်လန့်၍ ခြေထောက်၌အားဖျော့သွားကာ မြေပေါ်သို့ လဲကျသွားသည်။
ထိုအချိန်တွင် ဒုန်းဟွမ်းအိမ်ခြံမြေမှ အခြားခေါင်းဆောင်များမှာလည်း သူမကို မကူညီနိုင်ပေ။ သူတို့ကိုယ်တိုင်၌လည်း ကြောက်လန့်နေ၍ ဆီးသွားချင်နေကြသည်။
သူတို့သည် ဤနေရာသို့ ယခင်က အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း အခြေအတင်ဖြစ်ပြီး နောက်ဆုတ်ရန်သာ ရွေးချယ်ခဲ့လိုက်ရသည်။
ဤနေရာတွင် ယဲ့ဖန် ၏ပထမဆုံးအကြိမ်သည် ဤမျှကြီးမားသောပေါက်ကွဲမှုကို ဖြစ်စေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဤလူအုပ်ကြီးအား ပြဿနာရှာရန်မှာ မလွယ်ကူလှချေ။
တစ်ရာကျော်သော လူရမ်းကားများနှင့် တိုက်ခိုက်ပါက လူကောင်းဘက်မှ တစ်ယောက်သေလျှင်ပင် အချည်းနှီးဖြစ်သည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်မည်မှာ လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်နေသည်။
သူတို့ ထင်ကြေးပေးထားသည့် ကြေကွဲစရာအဖြစ် မဖြစ်ခဲ့ပေ။
ယဲ့ဖန်သည် လဲကျမသွားဘဲ သူ့ဘက်မှ ပထမဦးစွာပက် တန်ပြန်တိုက်ခိုက်ခဲ့သည်။
မုတ်ဆိတ်မွေးဖြင့်လူ၏ လက်ထဲမှ ပေါက်စိန်ကို ဖမ်းကိုင်လိုက်ပြီး ရင်ဘတ်ကို ကန်လိုက်သည်။
ဖူး
မုတ်ဆိတ်မွေးဖြင့် ယောက်ျားသည် ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ လွင့်သွားကာ လူနှစ်ဦးကို ထိမိသွားသည်။
လူရမ်းကားများသည် စိတ်အားထက်သန်နေမှုကြောင့် ချက်ချင်းရပ်မသွားဘဲ ရှေ့သို့ ဆက်၍ ပြေးနေကြသည်။
ယဲ့ဖန်သည် မရပ်ဘဲ ထိုလူအုပ်ဆီသို့ ဆက်၍ လမ်းလျှောက်သွားသည်။
ယခင်က ရာမာဂူချီ-ဂူမီဂိုဏ်းမှ အဆင့်မြင့်ကိုယ်ခံပညာရှင်တစ်ရာကျော် ဝိုင်းရံခြင်းကို ခံရစဉ်ကပင် ယဲ့ဖန်သည် ဘေးကင်းစွာဖြင့် ထိုလူများကို သတ်နိုင်ခဲ့သေးသည်။
ယခုအခါ သူသည် သက်ကြီးရွယ်အိုများ၊ အားနည်းနေသူ၊ ကိုယ်ခံပညာရှင်မဟုတ်သူ တစ်ရာကျော်နှင့် ရင်ဆိုင်ရသောကြောင့် ပို၍ပင် အားစိုက်စရာမလိုပေ။
ချက်ချင်းပင် ပထမဆုံးပြေးလာသော လူရမ်းကားအချို့သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ငိုကြွေးနေကြတော့သည်။
ကျန်လူများမှာ ယဲ့ဖန် မည်မျှ အင်အားကြီးသည်ကို မြင်လိုက်ပြီးနောက် သူတို့အားလုံး ရပ်တန့်သွားကြသည်။
ယဲ့ဖန်အနောက်မှ လူများပင် နောက်ဆုတ်သွားကြသည်။
ဤသည်မှာ သူတို့ စိတ်ကူးထားသည်နှင့် မတူပေ။
သူတို့၏ စိတ်ကူးထဲ၌ ယဲ့ဖန်သည် အရင်ဆုံး မြေပြင်ပေါ်သို့ လဲကျသွားကာ အရိုက်နှက်ခံရမည် ဖြစ်သည်။
အသတ်ခံရပြီး အချည်းနှီး သေရပေလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် အဝိုင်းခံရခြင်းသည် စတင်ရုံသာရှိသေးချိန်မှာပင် ပြီးဆုံးသွားမည်ကိုဖြင့် မမျှော်လင့်ထားပေ။
ယဲ့ဖန်သည် ထိုနေရာတွင်သာ လုံခြုံစွာ ရပ်နေခဲ့သည်။
သူ့ခြေအောက်နား၌ နာကျင်စွာ ငိုကြွေးနေသည့် လူတချို့ရှိနေသည်။
ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေမှ အကျိုးဆောင်များသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။
ဤရလဒ်သည် သူတို့ စိတ်ကူးထားသည်နှင့် မတူနေချေ။
ဤလူကြီးလူကောင်းဆန်ပြီး ငယ်ရွယ်သော ယဲ့လူကြီးမင်းသည် အမှန်တကယ်၌ ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦး ဖြစ်နေမည်ဟုလည်း သူတို့ မထင်ထားပေ။
ယခုကဲ့သို့သော မြင်ကွင်းမျိုးကို အက်ရှင်ရုပ်ရှင်များတွင်သာ မြင်တွေ့ဖူးသည်။
လက်တွေ့တွင် ကြုံလာမည်ဟု မမျှော်လင့်ထားပေ။
" ယဲ့လူကြီးမင်းက အခု အရမ်းကို ဆွဲဆောင်မှုရှိတာပဲ "
အိမ်ခြံမြေကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းတစ်ဦးသည် မထိန်းနိုင်ဘဲ ပြောလိုက်ကာ သူမ၏မျက်နှာ၌ မက်မောမှုများဖြင့် ပြည့်နှက်နေသည်။
" ယဲ့လူကြီးမင်းက ကိုယ်ခံပညာ ကျွမ်းကျင်မယ်လို့ မမျှော်လင့်ထားဘူး။ သူက ဒီလူရမ်းကားတွေကို တကယ်ကြီး ထိန်းချုပ်နိုင်တာပဲ "
" ကောင်းလိုက်တာ၊ ဒီလူယုတ်မာတွေကို ငါတော်တော်လေး စိတ်ကုန်နေတာ။ ယဲ့လူကြီးမင်းက ငါတို့ကို ဒေါသပြေအောင် ကူညီပေးခဲ့တာ "
" ဒီလို ယုတ္တိမဲ့တဲ့ လူတွေနဲ့ ဆက်ဆံဖို့ ငါတို့က ပိုပြီးယုတ္တိမရှိတဲ့ နည်းလမ်းတွေကို သုံးရမယ် "
" ဒါပေမယ့် ဒီကိစ္စက မပြေလည်သေးဘူး။ ဒီလူယုတ်မာတွေက လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး "
နောက်ဆုံးစကားကို ထောက်ရှင်းမှ ပြောလိုက်ပြီး အကောင်းမြင်လွန်းနေသော ခေါင်းဆောင်အဖွဲ့ကို လက်တွေ့ဘဝသို့ ပြန်ဆွဲထုတ်လိုက်သည်။
အမှန်တွင်ပင် ယဲ့ဖန်သည် လူအနည်းငယ်ကို ဒဏ်ရာရစေခဲ့ပြီး ထိုလူရမ်းကားများကို ခဏတာ ခြိမ်းခြောက်နိုင်ခဲ့သည်။
သို့သော် ဤကိစ္စကို မဖြေရှင်းနိုင်သေးပေ။
မဖြေရှင်းနိုင်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် နှစ်ဖက်ကြားမှ အာဃာတကို ပိုတိုးလာစေပြီး ဖြေရှင်းရန်ပင် ပိုခက်လာစေသည်။
မုတ်ဆိတ်ဖြင့် ယောက်ျားကြီးသည် လူတစ်စု၏အကူအညီဖြင့် မတ်တပ်ထရပ်ကာ ယဲ့ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်သည်။
" ကောင်းပြီ၊ ဒါဆို မင်းတို့က ပြင်ဆင်လာတာပေါ့။ ငါတို့ သတိမထားမိလိုက်တာပဲ "
" ဒါပေမယ့် မင်းရဲ့ အလယ်အလတ် ကိုယ်ခံပညာလောက်နဲ့ ငါတို့ကို ဖယ်နိုင်မယ်လို့ ထင်နေရင် မင်းအတွေးမှားနေပြီ။ ငါတို့ သေရင်တောင် ငါတို့ ဒီမှာပဲ သေကြမယ် "
စိတ်အားထက်သန်မှု ပျောက်ဆုံးသွားသော လူရမ်းကားများသည် သူ့စကားကြောင့် ပြန်လည် အားတက်လာကြသည်။
" ဟုတ်တယ်။ ငါတို့သေရင်တောင် ဒီမှာပဲ သေမယ် "
" ဘူဒိုဇာ ခေါ်ထားတယ် မဟုတ်ဘူးလား။ မင်းမှာ သတ္တိရှိရင် ငါတို့ပေါ် ကြိတ်လိုက် "
" ဒီနေရာက ထွက်သွားမယ့်အစား ဒီမှာ သေပစ်လိုက်မယ် "
" ငါတို့နေရာပဲ "
မုတ်ဆိတ်ဖြင့်လူ၏ စကားကြောင့် လူတိုင်းမှာ အလွန်ပင် ကာကွယ်ချင်စိတ်များဖြစ်လာပြီး ဟစ်အော်နေကြသည်။
ထိုအချိန်၌ ယဲ့ဖန်သည် အခြားလူ၏အိမ်ကို ကျူးကျော်နေသော လူဆိုးတစ်ယောက်ကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဒီလောကကြီးက တကယ်ထူးဆန်းတာပဲ။
သူသည်သာ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်နေသူဖြစ်သော်လည်း အပြစ်သူအဖြစ် ခံစားလာရသည်။
ဒါက ဘယ်လိုကြီးလဲ။
ယဲ့ဖန်၏ အကြည့်များမှာ ထိုလူရမ်းကားများအပေါ် ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။
ထိုလူအုပ်စုကြီးထဲ၌ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်သာမက ကလေးငယ်များပင် ပါဝင်သည်။
၆နှစ်၊ ၇နှစ်အရွယ်သာ ရှိသေးသည့် ကလေးများဖြစ်သည်။
သူတို့သည် အပြစ်ကင်းစင်သည့် အရွယ်၌ ရှိကာ ပညာဆည်းပူးနေသင့်သော်လည်း အခုအချိန် လက်ထဲ၌ တုတ်များ ကိုင်ဆောင်ထားကာ ရမ်းကားဆိုးသွမ်းနေပြီး မျက်လုံးများမှာလည်း အနက်ရောင်အငွေ့အသက်များ ပြည့်နေသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချမိပြီး အသံနေအသံထား ပျော့ပြောင်းသွားသည်။
" ခင်ဗျားတို့ကို ဒီလိုပုံစံနဲ့ မောင်းထုတ်ရင် ခဏလောက်နဲ့ နေဖို့နေရာ ရှာနိုင်မှာ မဟုတ်ဘူးဆိုတာ သိတယ် "
" ဒါဆို ဘယ်လိုလဲ။ ခင်ဗျားတို့ကို နေစရာနေရာရှာဖို့ အချိန်တစ်ပတ်ပေးပြီး တစ်ယောက်ကို ယွမ် ၅၀၀၀ ပေးမယ်။ အဆင်ပြေလား "
မုတ်ဆိတ်ဖြင့်လူသည် ယဲ့ဖန်ဘက်မှ ကမ်းလှမ်းလာသော အခြေအနေများကို ကြားပြီး ချက်ချင်း လှောင်ရယ်သည်။
" ငါတို့ကို ငတုံးတွေလို့ မင်း ထင်နေလား။ ယွမ်ငါးထောင်နဲ့ ဘာလုပ်လို့ရမှာလဲ "
အခြားလူများကလည်း တစ်ယောက်ပြီး တစ်ယောက် တုံ့ပြန်လာကြသည်။
" ဟုတ်တယ်။ မြို့ထဲမှာ အိမ်ငှားခက တစ်လကို ယွမ် ၁၀၀၀ ကျော် ရှိတယ်။ ဒီငွေက တစ်နှစ်စာ အိမ်ငှားခတောင် မလောက်ဘူး "
" ငါတို့မှာ ဘာအလုပ်မှ မရှိဘူး။ ငါတို့ ဒီကနေ ထွက်သွားပြီးရင် ဘယ်က ပိုက်ဆံရမှာလဲ "
" ဒီကောင်က ရည်ရွယ်ချက်ကောင်း မရှိလောက်ဘူး။ ငါတို့ကို ပိုက်ဆံလေးနည်းနည်းပေးပြီး ခြယ်လှယ်လို့ ရလိမ့်မယ်လို့ သူ ထင်နေတာလား။ မင်း ဘယ်သူ့ကို လာနှိမ်နေတာလဲ "
" လူတိုင်းပဲ၊ သူ့စကားကို နားမထောင်နဲ့။ ငါတို့ဒီမှာနေပြီး ထွက်မသွားဘူး။ ငါတို့ကို သူဘာလုပ်နိုင်မှာလဲဆိုတာ ကြည့်ကြတာပေါ့ ....... "
ထိုလူများမှ ခေါင်းမာနေသေးသည်ကို ယဲ့ဖန် မြင်ပြီးနောက် သူ မတတ်ဘဲ ရယ်မိသည်။
" ခင်ဗျားတို့အတွက် အစွမ်းကုန် ညှိနှိုင်းပေးပြီးပြီ။ ကိုယ့်အတွက် ဘာကောင်းလဲဆိုတာကို မသိမှတော့ ကျုပ်ကို အပြစ်မတင်နဲ့ "
ထိုလူအုပ်စုသည် ယဲ့ဖန်၏ ခွန်အားကို မြင်တွေ့ပြီးဖြစ်ရာ ထိုစကားကို ကြားရ၌ တစ်ယောက်ပြီးတစ်ယောက် အနောက်သို့ ဆုတ်သွားကြသည်။
" လူတိုင်းပဲ မကြောက်ကြနဲ့။ ငါတို့အားလုံး စည်းလုံးနေသရွေ့ ငါတို့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး "
မုတ်ဆိတ်ဖြင့် ယောက်ျားသည် ထိုလူအုပ်စုကို အားပေးရန် မတ်တတ်ရပ်လိုက်သည်။
" လာပါ အားလုံးပဲ။ ငါနဲ့အတူ သံပြိုင်အော်ကြ။ ငါတို့နေရာ၊ ငါတို့စည်းလုံးရင် ဘယ်သူမှ မဖယ်နိုင်ဘူး။ ငါတို့အင်အား သံထက်မာတယ် "
" ငါတို့နေရာ၊ ငါတို့စည်းလုံးရင် ဘယ်သူမှ မဖယ်နိုင်ဘူး။ ငါတို့အင်အား သံထက်မာတယ် "
ထိုလူအုပ်ကြီးထဲမှ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ကလေးပါမကျန် အားလုံးသည် မကောင်းဆိုးဝါးများကို အဆုံးထိ တိုက်ထုတ်နေသကဲ့သို့ သံပြိုင်အော်ဟစ်နေကြသည်။
ကဗျာဆရာတစ်ဦးသာ ဖြတ်သွားပါက ဤအဖြစ်အပျက်ကို မှတ်တမ်းတင်ခံရနိုင်သည်။
သို့သော် ယဲ့ဖန်သည် လူကောင်းများကို အနိုင်ကျင့်နေသော လူဆိုးအဖြစ် ပုံဖော်ခံရမည်မှာ သေချာသည်။
သူသည် လူဆိုးဖြစ်နေပြီးဖြစ်သောကြောင့် အဆုံးထိ လူဆိုးအဖြစ် ဆက်သွားရပေတော့မည်။
ထိုလူအုပ်စုကို လှောင်ရိပ်ဖြင့်ကြည့်ပြီး ဖုန်းကို ထုတ်လိုက်သည်။
ဤတစ်ကြိမ်၌ သူသည် ချင်းဖန်ရှန်းကို မခေါ်ဘဲ ယုဖန်းရှန်းကို ခေါ်လေသည်။
ယုဥက္ကဌမှ ချက်ချင်း ဖုန်းကိုင်သည်။
" ယဲ့လူကြီးမင်း၊ ဘာလို့ ခေါ်တာလဲ "
ယုဖန်းရှန်း၏ အသံသည် ယခင်အတိုင်း ငြိမ်သက်နေဆဲ ဖြစ်သည်။
ယဲ့ဖန် သူ့လည်ချောင်းကို ရှင်းပြီးပြောပြသည်။
" ဥက္ကဌယု၊ ဒီလိုပါ။ ကျွန်တော် မြေကွက်တစ်ကွက် ဝယ်လိုက်တာ .... "
" ဘာဒလီဘာရီနဲ့ ဝယ်တာလား။ ဘယ်နေ့ရောက်မှာလဲ "
" အာ ..... ဒလီဘာရီ မဟုတ်ဘူး။ မြေကွက်ပဲ "
ယုဖန်းရှန်း အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။
သူ ဘယ်လိုလုပ်ပြီး စနောက်နေနိုင်ရတာလဲ။
ဒလီဘာရီယူခိုင်းဖို့တောင် ဖုန်းဆက်နေသေးတာလား။
******