သူက ဒီလောက်တောင် လုပ်နိုင်စွမ်း ရှိတာလား
Vol. 71 Ch. 1408
လက်ရှိအချိန်တွင် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ဌာနချုပ်ရုံး၌ ရှိနေသော ယုဖန်းရှန်းသည် စားပွဲပေါ်၌ သူမ၏ခြေထောက်ကိုတင်ကာ ကုလားထိုင်ကို မှီ၍ထိုင်နေသည်။
သို့သော် ယဲ့ဖန်မှ မြေကွက်ဝယ်လိုက်သည်ဟု ပြောသည်ကို သူမ ကြားသည့်အခါ ရုတ်တရက် ခြေကိုပြန်ချပြီး တည့်မတ်စွာ ထိုင်လိုက်မိသည်။
" ဘာပြောလိုက်တာလဲ။ မြေကွက်ဝယ်လိုက်တာလား။ ဘယ်မှာလဲ "
" မြို့အနောက်ဘက် ဆင်ခြေဖုံးမှာ "
ယဲ့ဖန်မှ ရိုးသားစွာ ပြန်ဖြေလေသည်။
" အဲ့တာဝယ်ဖို့ ဘယ်လောက်သုံးခဲ့လဲ "
ယုဖန်းရှန်း တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီး ဆက်မေးသည်။
" သိပ်မများပါဘူး။ နှစ်ဘီလီယံကျော်လောက်ပဲ "
ယုဖန်းရှန်းမှာ အတော်ကြာ ပါးစပ်မပိတ်နိုင်ဘဲ ဖြစ်သွားသည်။
မနေ့ညက ယဲ့ဖန်သည် သူမနှင့် အလုပ်တွဲလုပ်ချင်သည်ဟု ပြောခဲ့ရာ သူမ ချက်ချင်း သဘောတူခဲ့သော်လည်း အထူးတလည် အလေးအနက်ထားခြင်း မရှိခဲ့ပေ။
သူမသည် ယဲ့ဖန်အကြောင်း စုံစမ်းထားပြီးဖြစ်သည်။
သူသည် လျုံမိသားစု၏ အဖွဲ့ဝင်မဟုတ်ချေ။ အပြင်လူဖြစ်ပုံရသည်။
ပြင်ပလူတစ်ဦးအနေဖြင့် သူသည် မည်မျှပင် အင်အားရှိစေကာမူ ကျန်းကောပြည်နယ်တွင် သံချပ်ကာမပါသော စစ်သူကြီးမျှသာ ဖြစ်ပေလိမ့်မည်။
ထိုသို့သော လူသည် သူမနှင့် လက်တွဲရန် မထိုက်တန်ပေ။
သို့သော် တစ်ဖက်လူသည် ကျန်းကောပြည်နယ်အတွင်း မြေကွက်ဝယ်ရန် နှစ်ဘီလီယံကျော် အကုန်ကျခံခဲ့သည်ကို သိပြီးနောက် သူမ ငြိမ်မနေနိုင်တော့ပေ။
ဇာမဏီသုံးကောင်အဖွဲ့အစည်းအား ကျန်းကောပြည်နယ်အတွင်း၌ အဖွဲ့ဝင်သောင်းနှင့်ချီရှိသော ဒုတိယအကြီးဆုံးအဖွဲ့အကြီးအဖြစ် လူသိများသော်လည်း သူတို့၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ နှစ်ဘီလီယံလောက်သာရှိသည်။
အခြားအရာအားလုံးကို လျစ်လျူရှုပြီး ချမ်းသာကြွယ်ဝမှုအရဖြင့်ပင် ယဲ့ဖန်သည် သူမအား အမှိုက်တစ်စအဖြစ် ချက်ချင်း ပြောင်းလဲနိုင်သည်။
" ယဲ့ ..… ယဲ့လူကြီးမင်း၊ နားထောင်နေပါတယ်။ မြေကွက်ဝယ်ထားပြီးတော့ ဘာဖြစ်လို့လဲ "
သူမသည် ယဉ်ကျေးသည့် လူကြီးမင်းဟူသော အသုံးကိုပင် မသိစိတ်အရ သုံးလိုက်မိသည်။ ဤသူဌေးကြီးအား မလေးမစားပြုမိမည်ကို စိုးရိမ်သည်ဟုပင် ခံစားလာရသည်။
" ပြီးတော့ ပြဿနာတစ်ခု ကြုံလို့ပါ။ ဥက္ကဌယုရဲ့အကူအညီလိုနိုင်တယ် "
ယဲ့ဖန်သည် အကူအညီလိုနေပုံရသည်။
ထိုအချိန်တွင် ယုဖန်းရှန်း ဖုန်းထဲမှ အော်ဟစ်သံများကို ကြားလိုက်ရသည်။
လူရာနှင့်ချီ၍ သံပြိုင်အော်ဟစ်နေခြင်း ဖြစ်ပုံရသည်။
သူမသည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
" လူကြီးမင်း၊ အခုဘယ်မှာလဲ။ ဖျော်ဖြေပွဲ ကြည့်နေတာလား "
" ဟား၊ ဒါက တကယ် အံ့သြစရာကောင်းတဲ့ ဖျော်ဖြေမှုတစ်ခုပဲ။ ဒီလိုပါ ..... "
ယဲ့ဖန်သည် သူမကို ထိုထူးဆန်းသည့် ကိစ္စအကြောင်းအရာအား ချက်ချင်း ပြောပြီး သူ့ရည်ရွယ်ချက်ကို ပြောပြသည်။
" ဥက္ကဌယုရဲ့ အကူအညီနဲ့ လူတချို့ လွှတ်ပေးဖို့ လိုကောင်းလိုအပ်နိုင်တယ်။ သိပ်အများကြီး မဟုတ်ပါဘူး။ လူတစ်ဒါဇင်လောက်ပါပဲ။ ဘာလက်နက်မှလည်း ယူလာစရာ မလိုဘူး။ လာကြည့်ပြီး သူတို့ကို ခြောက်လှန့်ဖို့ သုံးမှာ "
" ကိစ္စမရှိပါဘူး။ ကျွန်မလူတွေကို ချက်ချင်းပို့လိုက်ပါ့မယ် "
ယုဖန်းရှန်း ဖုန်းကို ချပြီးမှသာ သူမ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှု ငြိမ်သက်သွားခဲ့သည်။
အဖွဲ့အစည်းကြီးတစ်ခုအား လက်တစ်စုံတည်းနှင့် တည်ဆောက်ခဲ့သော သန်မာသည့်အမျိုးသမီးတစ်ဦးအနေနှင့် ဤသည်မှာ ဇာမဏီသုံးကောင်အဖွဲ့အစည်းအတွက် အခွင့်အလမ်းကောင်းကြီးတစ်ခု ဖြစ်နိုင်သည်ကို သူမ ကောင်းစွာ သိသည်။
သူမသည် ဇာမဏီသုံးကောင်အဖွဲ့အစည်းနှင့် ပတ်သက်သည့် သူမ၏ ပုံရိပ်ဆိုးကြီးအား မည်သို့ရှင်းလင်းရမည်ကို သူမ တွေးနေခဲ့သည်။
သို့သော် ဤကိုယ်ခံပညာလောကထဲသို့ အဆုံးစွန်ထိဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကျန်ရှိသောဘဝတစ်လျှောက်လုံး ဤလောက၌သာ ကုန်ဆုံးသွားမည်ကို မိန်းမသားတစ်ဦးအနေဖြင့် အနည်းငယ် မပြတ်မသားဖြစ်နေခဲ့ရသည်။
ဒီလိုအခြေအနေမျိုးရဖို့ ဘယ်လိုလုပ် လွယ်ကူမှာလဲ။
သူမသည် ယခုတစ်ကြိမ် ယဲ့ဖန်၏ ခြေထောက်ကို အောင်မြင်စွာ တွယ်ကပ်နိုင်ခဲ့ပါက ဖြစ်နိုင်ခြေရှိပေမည်။
သူမ လက်ကို အားရပါးရ ပွတ်သပ်လိုက်သည်။
အချိန်ခဏကြာပြီးနောက် ယဲ့ဖန်မှ သူမကို ဘာလုပ်ရန် ညွှန်ကြားခဲ့သည်အား သတိရပြီး ရုံးခန်းတံခါးကို အမြန်ဖွင့်ကာ အပြင်ကို လှမ်းအော်လိုက်သည်။
" လိုက်ကျီချန်း၊ လိုက်ကျီချန်း ဘယ်မှာလဲ။ မြန်မြန် ဒီကိုလာ ...... "
အပြင်၌ ဖဲရိုက်ပြီး ကြွားလုံးထုတ်နေသည့် ဇာမဏီသုံးကောင်ဂိုဏ်းသား ဆယ်ယောက်ကျော်ရှိလေသည်။
သူတို့ဥက္ကဌကြီး၏ အော်သံကို ကြားပြီးနောက် အားလုံး အံ့ဩသွားကြသည်။
သူတို့၏ ဥက္ကဌသည် မိန်းကလေးတစ်ဦးဖြစ်သော်လည်း သူမအရှေ့၌ တောင်ပြိုလျှင်ပင် ဂရုမပြုသကဲ့သို့ အများသောအားဖြင့် အလွန်တည်ငြိမ်သည်။
ဒီနေ့ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ။
တစ်ယောက်ယောက်က ဒုက္ခရောက်အောင် လုပ်လိုက်တာ ဖြစ်နေမလား။
ထိုနေရာမှ ဂိုဏ်းသားတိုင်းသည် လုပ်နေသည်များကို ဘေးချကာ မတ်တပ်ရပ်လိုက်ကြသည်။
ထိုအချိန် လိုက်ကျီချန်းသည် ဘောင်းဘီကို ဆွဲတင်လျက် အိမ်သာထဲမှ အမြန်ပြေးလာသည်။
ဥက္ကဌကြီး၏ အော်ခေါ်သံကို ကြားချိန်၌ သူ အလေးစွန့်နေလျက်တန်းလန်းဖြစ်သည်။
သို့သော် ရွေးချယ်စရာမရှိဘဲ အတင်းအောင့်အီးသည်းခံကာ ထွက်လာခဲ့ရသည်။
" ဥက္ကဌ၊ ကျွန်တော့်ကို ဘာလို့ရှာတာလဲ "
" ချက်ချင်း လူဆယ် ..... လူအယောက်တစ်ရာခေါ်ပြီး မြို့အနောက်ဘက်ဆင်ခြေဖုံးကိုသွား။ လူတိုင်း လက်နက်တွေယူပြီး ယဲ့လူကြီးမင်းရဲ့အမိန့်ကို နားထောင်လိုက်ကြ "
အမှန်တကယ်၌ ယဲ့ဖန်သည် လူတစ်ဒါဇင်သာ လိုအပ်ပြီး လက်နက်များပင် မလိုအပ်ကြောင်း ပြောခဲ့လေသည်။
သို့သော် ယုဖန်းရှန်းသည် ထိုသို့လုပ်ပါက စိတ်ရင်းမှန်ပြရာ မရောက်မည်ကို စိုးရိမ်သောကြောင့် သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချကာ လူအရေအတွက်အား ဆယ်ဆထိ တိုးလိုက်တော့သည်။
ထိုသည်က လိုက်ကျီချန်းကို ထိတ်လန့်သွားစေသည်။
" ဥက္ကဌ၊ ဘာဖြစ်တာလဲ "
သူတို့၏ ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် လတ်တလော၌ အေးဆေးစွသာ နေလေသည်။
ဤသို့ လှုပ်ရှားမှုကြီး မရှိသည်မှာ အချိန်ပင်အတော်ကြာလေပြီ ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ်၌ ယုဖန်းရှန်းသည် လူတစ်ရာထွက်ရန် အမိန့်ပေးနေသည်။
" ယဲ့လူကြီးမင်းက မြေဝယ်ထားတယ် .... "
" ဒလီဗာရီလား။ ဘယ်တစ်ခုလဲ "
လိုက်ကျီချန်း နားမလည်ပေ။
" နင့်နားထဲ နားဖာချေးပိတ်နေလို့လား။ မြေဝယ်တာ၊ ပါဆယ်ဝယ်ထားတာ မဟုတ်ဘူး "
ယုဖန်းရှန်း သူမတပည့်ကြောင့် စိတ်ရှုပ်သွားသည်။
သို့သော် 'မြေဝယ်သည်'ဟူသော စကားစုမှာ သာမန်လူများ ရုတ်တရက် နားလည်ရန် ခက်ခဲနိုင်ပေသည်။
" ယဲ့လူကြီးမင်းက တကယ်ကို တစ်ခုခုပဲ။ သူ့ကို ခန့်မှန်းလို့ မရနိုင်ဘူး "
လိုက်ကျီချန်း အံ့ဩသွားသည်။
" တော်ပြီ၊ အပိုတွေပြောနေတာ ရပ်ပြီး မြန်မြန်သွား။ ယဲ့လူကြီးမင်းက ဘာပဲ အမိန့်ပေးပါစေ အကုန်လုပ်ခဲ့။ ဖြစ်လာတာ ငါ ရှင်းမယ် "
ယုဖန်းရှန်း အမြန်တိုက်တွန်းလိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဥက္ကဌကြီး "
လိုက်ကျီချန်း ခိုင်မာစွာ ဖြေပြီးနောက် လူစုရန် ထွက်သွားခဲ့သည်။
.............................
အနောက်ဘက်ဆင်ခြေဖုံး၌။
" ယဲ့လူကြီးမင်း၊ သူတို့လိုလူတွေနဲ့ တန်းမညှိပါနဲ့။ သွားကြရအောင်ပါ "
ထောက်ရှင်း သတ္တိမွေးကာ ယဲ့ဖန်ဘေးသို့ ရောက်လာပြီး ညှင်သာစွာ အကြံပြုသည်။
လက်ရှိအချိန်၌ ထိုအိမ်ခြေမဲ့များသည် လယ်ယာသုံးပစ္စည်းကိရိယာများကို ကိုင်ဆောင်ထားလျက် လောဘကြီးစွာ ကြည့်နေကြသည်။
ကြီးမားသည့် သွေးချောင်းစီး တိုက်ပွဲကြီး အချိန်မရွေး ဖြစ်သွားနိုင်သည်။
" ဘာလို့ တစ်ဝက်ရောက်မှ ရပ်ရမှာလဲ "
ယဲ့ဖန်သည် အလျင်မလိုဘဲ Mercedes-Benz C-Classကို မှီကာ ဆေးလိပ်ကို မီးညှိလိုက်သည်။
ထောက်ရှင်းသည် ဤအချိန်၌ ယဲ့ဖန် အမှန်တကယ်ပင် ခန့်ညားနေသည်ကို ဝန်ခံရပေမည်။
သို့သော် ရုပ်ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ သူမ သူ့ကို နားချရပေမည်။
" ယဲ့လူကြီးမင်း၊ ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးပါတယ်။ အချိန်တိုအတွင်း ဖြေရှင်းလို့ မရနိုင်ဘူး။ အဲ့တော့ ဒီကိစ္စကို သေချာ စဉ်းစားကြည့်ရမယ် ...... "
" ဒီနှစ်ထဲ ဥက္ကဌထောက် အသက် ဘယ်လောက်ရှိပြီလဲ "
ယဲ့ဖန် ရုတ်တရက် သူမကို ဖြတ်မေးသည်။
" ဘာလို့လဲ။ ဒီနှစ် ကျွန်မ ၃၂နှစ်။ ဘာဖြစ်လို့လဲ "
ထောက်ရှင်းသည် သူ့မေးခွန်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားသည်။
" သုံးဆယ့်နှစ်နှစ်လား။ ဒါဆို ခင်ဗျားက ချမ်းသာ ဒုတိယမျိုးဆက်အမွေဆက်ခံသူ မဟုတ်လား "
ယဲ့ဖန်သည် သူမကို ဆက်ပြောလေသည်။
" ဘယ်လိုလုပ် သိတာလဲ "
ထောက်ရှင်း ပိုလို့ပင် အံ့သြသွားသည်။
" ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ အရည်အချင်းနဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်အမွေဆက်ခံသူသာ မဟုတ်ရင် ဒီလောက် ငယ်ငယ်နဲ့ အိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဌဖြစ်လာမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် နှလုံးသားကို နာကျင်စေသော စကားများအား ရိုးသားစွာပင် ပြောလိုက်သည်။
" ယဲ့လူကြီးမင်း၊ ဘာကိုဆိုလိုတာလဲ "
ထောက်ရှင်း ရှက်သွားသလို ခံစားလိုက်ရသည်။
" ခက်ခဲတဲ့ ပြဿနာတစ်ခုကို ကြုံလာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ရမယ်။ ရှောင်ပြေးတာက ပြဿနာကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအစား ပိုဆိုးသွားစေလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ္တိမရှိနိုင်ရင် အိမ်မှာနေပြီးပဲ ကလေးထိန်းသင့်တယ် "
ယဲ့ဖန်သည် ထိုစကား ပြောပြီးသည်နှင့် သူမကို လျစ်လျူရှုလိုက်သည်။
ထောက်ရှင်း ဒေါသထွက်သွားလေသည်။
သူမသည် သူ့ကောင်းကျိုးအတွက် ပြောပေးနေခြင်းဖြစ်သည်။
သူမအား မလေးစားလျှင်ပင် ပြောစရာမရှိသော်လည်း ထိုကောင်လေးက သူမကို အရှက်ပင်ရစေသည်။
ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်တဲ့ခွေးပဲ။
အဲ့လောက် ထိပ်တိုက် ရင်ဆိုင်ချင်နေရင် ရှေ့ဆက်လိုက်ပေါ့။
အချိန်တန်ရင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိလာရမှာပဲ။
လက်ရှိအခိုက်အတန့်တွင် သူမသည် လက်စားချေလိုစိတ်များပင် ပေါ်လာကာ ယဲ့ဖန်အား ထိုအိမ်ရာမဲ့များမှ တိုက်ခိုက်မည်ကိုပင် စောင့်မျှော်နေမိသည်။
ယဲ့ဖန်သည် သူမ ဘာတွေးနေသည်လဲကို ဂရုမစိုက်ဘဲ ဆေးလိပ်သောက်ပြီးသည်နှင့် ဆေးလိပ်ကို မြေပြင်ပေါ်ပစ်ချကာ ခြေမွလိုက်ပြီး အိမ်ခြေမဲ့များကို ပြန်ကြည့်လိုက်သည်။
" အချိန်က နီးနေပြီ။ ခင်ဗျားတို့ စဉ်းစားပြီးပြီလား။ ကျုပ်ပြောတဲ့ အခြေအနေတွေကို အခု သဘောတူမယ်ဆို သိပ်နောက်မကျသေးဘူး။ လူတိုင်းကို ယွမ် ၅၀၀၀ပေးမယ်။ တစ်ပတ်အတွင်း ထွက်သွားကြ "
" ဟား၊ မင်း အိပ်မက်သာမက်နေလိုက် "
မုတ်ဆိတ်ဖြင့် ယောက်ျားသည် ယဲ့ဖန်ကို မကြောက်မရွံ့ ဆက်၍လှောင်ပြောင်နေသည်။
သူ့နောက်မှ လူအုပ်စုသည်လည်း ယဲ့ဖန်မှ ခြောက်လှန့်နေရုံသာဟုထင်၍ မကြောက်ကြပေ။
******