ကောင်းကင်ဘုံ ဧကရာဇ်၏ ကျဆုံးခြင်း ၊ နတ်ဘုရား လက်နက်တစ်စစီ ပျက်စီးသွားခြင်း ကောင်းကင်ဘုံနိုင်ငံတော်၊ ကောင်းကင်ဘုံနန်းမြို့တော်
Vol. 1 Ch. 1
ညဟာ အလင်းရောင်တစ်စတောင် မရှိပဲ မင်ရည်ကဲ့သို့ နက်မှောင်နေခဲ့သည်။ ပတ်ဝန်းကျင်သည် ခြောက်ခြားဖွယ်ရာကောင်းအောင် တိတ်ဆိတ်နေကာ စိတ်နှလုံး တုန်လှုပ်ဖွယ် ခံစားချက်ကိုပေးသည်။
ကမ္ဘာပေါင်း သန်းရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အစည်းအရုံးတွင် အင်အား အကြီးဆုံး ကမ္ဘာ ဖြစ်သောကြောင့် ကောင်းကင်ဘုံ နန်းမြို့တော်သည် ထူးကဲစွာ ငြိမ်သက်နေသည်။ ကောင်းကင် နိုင်ငံတော်တွင် ရှိသော အံ့သြစရာ အကောင်းဆုံး ဂုဏ်အရှိန်အဝါ အကြီးဆုံးသော ကောင်းကင်ဘုံနန်း မြို့တော်သည် ယနေ့ညတွင် အဘယ်သို့များ တိတ်ဆိတ်မှောင်မိုက် နေရပါသနည်း။
မြို့တော် မြောက်ဘက်ရှိ လေဟာနယ်ထဲတွင် ထူးဆန်းသော အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းမှ ရှည်လျားသော အရိုးစု လက်တစ်စုံ တိုးထွက်လာခဲ့ပြီး အက်ကြောင်းကို ပို၍ ကျယ်လာအောင် ဆွဲခွဲလိုက်သည်။
အက်ကြောင်း ကျယ်လာသည်နှင့်အမျှ အရိုးစု လက်အစုံ၏ ပိုင်ရှင်သည် တဖြည်းဖြည်း ထွက်ပေါ်လာကာ မတ်တတ်ရပ်လိုက်သည်။ ထူးဆန်းသော အနီရောင်အလင်းများသည် ၎င်းအရိုးစု၏ ဦးခေါင်းခွံအတွင်းရှိ အပေါက်မှ တောက်ပနေသည်။ ၎င်း၏ အဖြူရောင် အရိုးစုခန္ဓာကိုယ်မှာတော့ ပြာလဲ့လဲ့အရောင်မှ မီးခိုးရောင်သို့ တဖြည်းဖြည်းပြောင်းလာသည့် မရေမတွက်နိုင်သော ရှေးဟောင်းအက္ခရာတို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ပတ်ဝန်းကျင်လေထုကို အေးခဲသွားစေသည့် အသက်မဲ့သော ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
"တောက်" "တောက်" (အရိုးချင်း ထိခတ်သံ)
မရှေးမနှောင်းတွင်ပင် ပွက်လောရိုက်သံများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ မြို့တော်၏ အထက်တွင်ရှိသော အက်ကွဲကြောင်းသည် ဆက်လက်၍ ကြီးမားလာပြီး သေဆုံးပြီးသား လူတို့၏ အရိုးစု ခန္ဓာကိုယ်များ၊ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများ သွေးများနှင့် ဖုံးလွှမ်းနေသော သားရဲ တိရစ္ဆာန်များ ထွက်လာလေသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ထူးဆန်းပြီး ပြာလဲ့လဲ့ အရောင်တောက်နေသော သင်္ကေတ အချို့ဖြင့် လွှမ်းခြုံလျက် ရှိသည်။ ထို့အပြင် မရေမတွက်နိုင်သော မျက်လုံးအနီရောင် ယင်စွမ်းအင် (အမဓာတ်) ပြည့်ဝနေသော ရှေးဟောင်း အက္ခရာပါ အနက်ရောင် သံချပ်ကာဝတ် စစ်သား အများအပြားလည်း ထွက်ပေါ်လာကြသည်။ သူတို့သည် ကောင်းကင်ဘုံ နန်းမြို့တော် ပတ်လည်ရှိ လေဟာနယ်ထဲတွင် လျင်လျင်မြန်မြန် ပိတ်ဆို့ ဝန်းရံလိုက်ကြသည်။
မရေမတွက်နိုင်သော ဧရာမအရိုးစုကိုယ်များ၊ ဖုတ်ကောင်များ၊ ဖုတ်ကောင် သားရဲများ၊ ယင်ဓာတ် လွှမ်းသော စစ်သားများသည် ကောင်းကင်နှင့် လတွင် ဖုံးလွှမ်းကာ နေရာလပ် မကျန် ပြည့်နှက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်မှ ပြာလဲ့လဲ့ ရှေးဟောင်း အက္ခရာပုံစံများသည် လင်းတစ်လှည့် မှိန်တစ်လှည့်ဖြင့် အဆက်မပြတ် တလက်လက် တောက်ပလျက်ရှိသည်။ မြင်ကွင်းမှာကား အလွန် ကြီးကျယ်ခမ်းနား၍ အံ့သြဖွယ် ကောင်းလွန်းသဖြင့် နှိုင်းယှဉ်ရလျှင် ယနေ့ညတွင် မှောင်မိုက် တိတ်ဆိတ်နေသော ကောင်းကင်ဘုံ နန်းမြို့တော်မှာမူ မှိန်ဖျော့နေပေသည်။
"ဟား..ဟား... ဟား"
မူမမှန်သော ပတ်ဝန်းကျင် အနေအထားကို ရယ်သံစူးစူးက ဖြိုခွင်းလိုက်သည်။ ပိတ်ဆို့ သွားခါနီး အက်ကွဲကြောင်းဆီမှ သွေးရင့်ရောင် ဝတ်ရုံခြုံထားသော လူကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာသည် သွေးတစ်စမျှ မရှိအောင် ဖြူစွတ်နေပြီး အရေးကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ မျက်ခုံးမွေးရှည်ရှည်များမှာ နားရွက်ထိအောင် ညွတ်ကျနေသည်။ သူ၏ ချောက်ချားဖွယ်ရာ မျက်လုံးစူးစူး တို့မှာတော့ သွေးရောင်နက်နက် တောက်နေခဲ့သည်။
"ထာဝရ မြေအောက်လောက အရှင်သခင်"
ဝတ်ရုံနီခြုံထားသော လူကြီး ထွက်ပေါ်လာသောအခါ မကောင်းဆိုးဝါးအငွေ့အသက်လွှမ်းသော စစ်သားများ၊ ဧရာမအရိုးစုကြီးများ၊ ဖုတ်ကောင်များ၊ သားရဲများ အားလုံးသည် တညီတညွတ်တည်း သံပြိုင်အော်ကာ ဒူးထောက် အရိုအသေပေးကြသည်။
ထာဝရ မြေအောက် လောက အရှင်သည် သူ၏ အသိစိတ် ကင်းမဲ့နေသော အရာများကို လျစ်လျူရှုထားခဲ့သည်။ ၎င်းအစား သူ၏အကြည့်သည် ခမ်းနားလှသော မြို့တော် အရှေ့တွင်သာ မြဲမြံလျက်ရှိသည်။ သူ၏ သွေးနက်ရောင် မျက်လုံးများသည် တလက်လက် တောက်ပလျက်။
နှစ်ပေါင်း ၆၆၀၀..
သူ ဒီနေ့အတွက် ကောင်းကင်ဘုံနန်းမြို့တော်ကို သူဝင်ရောက်မည့်နေ့အတွက် နှစ်ပေါင်း ၆၆၀၀ ကြာ တိတ်တဆိတ် ကြံစည်ခဲ့ရသည်။ ကောင်းကင်ဘုံ ပလ္လင်မှာ ထိုင်ခဲ့တဲ့လူကြောင့် နှစ်ပေါင်း ၆၆၀၀ ကြာ ခါးသီးစွာ စောင့်ဆိုင်းနေခဲ့ရသည်။
ယန်ကိုးပါး ကောင်းကင်ဘုံ ဧကရာဇ်..
ထာဝရ မြေအောက်လောက အရှင်၏ ရှည်လျားသော ဆံနွယ်များသည် လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်နေသည်။ သူ့နှလုံးသားကို စီးဆင်းနေသော စိတ်ကျေနပ်မှုများကို ဖုံးကွယ်ထားခြင်းငှာ မစွမ်းနိုင်စွာ သူ၏ အသက်မဲ့သော မျက်လုံးထဲတွင် အနီရောင် အလင်းလေးက တလက်လက် တောက်ပနေသည်။ ရုတ်တရက်ပင် အဆုံးမရှိသော သတ်ဖြတ်လို စိတ်များသည် ထာဝရ မြေအောက်လောက အရှင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ စိတ်စေရာအတိုင်း သူသည် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ကောင်းကင်ဘုံခန်းမဆောင်ရှိရာသို့ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
"တက်ကြ ... တိုက်ကြဟေ့"
"တောက် ... .တောက်"
ထာဝရ မြေအောက်လောက အရှင်၏ အမိန့်အတိုင်း ဧရာမ အရိုးစုများ၊ ဖုတ်ကောင်များ၊ ဖုတ်ကောင်သားရဲများ၊ ဖုတ်ကောင်ဗိုလ်ချုပ်များသည် ရူးသွပ်စွာ အော်ဟစ်၍ ရှေ့သို့ချီတက်ကြသည်။ ပြင်းထန်သော လူမဆန်သော သွေးညှီနံ့များက အလုံးအရင်းနှင့် ချက်ချင်းထွက်ပေါ်လာသည်။
တစ်ခဏချင်းပင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် မြည်ဟည်းလာသည်။ လေများတိုက်ခတ်လာပြီး တိမ်တိုက်များက အရောင် ပြောင်းလဲသွားသည်။ မြေပြင်သည်လည်း တုန်ခါလာသည်။
"ဗုန်း ဗုန်း ဗုန်း"
ဧရာမ အရိုးစုများသည် ကောင်းကင်ဘုံ နန်းမြို့တော်ဆီသို့ ခြေလှမ်းကျဲကျဲ လှမ်းခဲ့ကြသည်။သူတို့၏ လေးလံသော ခန္ဓာကိုယ်များသည် တောင်တစ်လုံးကဲ့သို့ ကြီးမားသည်။ သူတို့ ခြေလှမ်း လှမ်းလိုက်တိုင်းတွင် စစ်ချီ ဗုံသံဟု ထင်မှတ်ရသော လှိုင်းဂယက် ပျံ့နှံ့ သွားသကဲ့သို့ အသံနက်နက်တို့က ပျံ့နှံ့နေသည်။
" ရွှစ် ရွှစ်"
ပြေးလွှားနေသော မကောင်းဆိုးဝါး အငွေ့အသက် လွှမ်းသော စစ်သားများ ဖုတ်ကောင်များ၏ ချပ်ဝတ် လက်နက်များ ပြာလဲ့လဲ့ရောင် တောက်နေသော ရှေးဟောင်း အက္ခရာပုံစံများသည် အရောင်အသွေး စုံလင်လှသော အလင်းတန်းများကို ထုတ်လွှင့်ရင်း တစ်ချိန်တည်းမှာပင် တလက်လက် တောက်ပနေကြသည်။ သူတို့သည် အရပ်လေးမျက်နှာဆီမှ ကောင်းကင်ဘုံ နန်းမြို့တော်ရှိရာဆီ အလောင်းစီးကြောင်းကြီး စီးဆင်းသွားသကဲ့သို့ ရွေ့လျားနေကြသည်။
" ဝူး... ဝူး"
ဖုတ်ကောင် သားရဲများသည် မရေမတွက်နိုင်သော အင်းဆက် ပိုးမွှားများကဲ့သို့ ရှေ့သို့ ခုန်လျက် တစ်မျိုး တွားလျက်တစ်သွယ် ပျံသန်းလျက် တစ်ဖုံဖြင့် ချီတက် တိုက်ခိုက်ကြသည်။ သူတို့သည် သူတို့၏လမ်းကြောင်းရှိ အရာမှန်သမျှကို ရက်ရက်စက်စက် ဝါးမျို ဖျက်ဆီးပစ်ကြသည်။
သို့သော် ကျူးကျော်သူတို့၏ တပ်များသည် ငြိမ်သက် တိတ်ဆိတ်နေသော ကောင်းကင်ဘုံ နန်းမြို့တော်၏ သုံးပေခန့် အကွာသို့ ရောက်သောအခါ... .
"ဝီ... "
တစ္ဆေမြို့တော် တစ်ခုကဲ့သို့ တည်ရှိနေသော ကောင်းကင်ဘုံ နန်းမြို့တော်သည် ရုတ်တရက် အသက်ဝင်လာခဲ့သည်။
နန်းမြို့ရိုးများ၊ နန်းတော်ခေါင်မိုးများ၊ ကောင်းကင်ဘုံ နန်းမြို့တော်၏ လမ်းထောင့်များ နေရာတိုင်းမှ လင်းထိန်လာကြပြီး မရေမတွက်နိုင်သော အရောင်အသွေးစုံ ရှေးဟောင်းအက္ခရာများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ရှေးဟောင်း အက္ခရာပုံစံများသည် မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။
တစ်ချိန်တည်းမှာပင် ထောင်ပေါင်း များစွာသော နွယ်မြက်သစ်ပင် ပန်းမန်များ၊ ငါးများ၊ အင်းဆက်များ၊ ငှက်များ၊ ကုန်းနေ သတ္တဝါများစွာတို့၏ ပန်းပုရုပ်တုများသည် ကောင်းကင်ဘုံနန်းမြို့တော် တည်ရှိရာနေရာမှ အသက်ဝင်လာကြသည်။ သူတို့သည် ရွေ့လျားလာကြပြီး ဖြန့်ချလိုက်ကာ ကောင်းကင်ဘုံ နန်းမြို့တော်ဆီမှ အစပြုသော ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှင့်လိုက်သည်။ တောက်ပနေသော ရှေးဟောင်း အက္ခရာများ၏ အလင်းရောင်အောက်တွင် ကောင်းကင်ဘုံနန်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံနေသော အကာအကွယ် စက်ခုံးသဏ္ဏာန်တစ်ခု လေထု အလယ်တွင် ဖြစ်ပေါ်လာသည်။
"ဘန်း"
ဧရာမ အရိုးစုကြီးများသည် မြင့်မြတ်သော ရှေးဟောင်းအက္ခရာများနှင့် ဖွဲ့စည်းထားသော အကာအကွယ်ကို ပေါင်တစ်သန်းခန့် ရှိသော အားနှင့် နင်းချေလိုက်ကြသည်။ မျက်စိတစ်မှိတ် အတွင်းတွင် နင်းချေမှုမှာ ဖုန်မှုန့်သဖွယ် ပျောက်ကွယ်သွားသော်ငြား အရံအတားမှာ အနည်းမျှပင် လှုပ်ခတ်မသွားပေ။
အလောင်းကောင် လွှမ်းသော လေထုဖိအားသည် အရံအတားကို လွှမ်းမိုးသွားသော်ငြား အကာအကွယ်အတွင်းမှ မရေမတွက်နိုင်သော အရောင်စုံ ရှေးဟောင်း အက္ခရာများ လင်းလက်သွားစေရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းဖိအားသည် ကောင်းကင်ဘုံနန်းမြို့တော်၏ အတွင်းဘက်နှင့် အပြင်ဘက်တွင် ဖြူလွှလွှ အလင်းများနှင့် ဖုံးအုပ်သွားစေသည်။ အလောင်းလွှမ်းသော လေထုမှာ ပေတစ်သိန်းခန့် ကျယ်ပြန့်သော အလင်းတန်းအောက်တွင် ပျောက်ကွယ်သွားချေသည်။
"ကောင်းကင်ဘုံ ကြယ်တာရာ ချိတ်ပိတ် အစီအရင်"
ချပ်ဝတ်တန်ဆာ ဆင်ထားသော မြေအောက်လောက စစ်ဗိုလ်ချုပ်တစ်ဦးသည် သက်ပြင်းချ ရေရွတ်လိုက်သည်။ သူသည် ဘေးတွင်ရှိသော မြေအောက်ကမ္ဘာ အရှင်ဘက်သို့ လှည့်ပြီးပြောခဲ့သည်။
"အရှင်၊ ဒီ ကောင်းကင်ဘုံ ကြယ်တာရာ ချိတ်ပိတ်အစီအရင်က ကောင်းကင်ကိုးဆင့်ကြယ်ဆီမှ စွမ်းအင်များကို စုပ်ယူပြီး ၎င်းစွမ်းအင်များကို ကောင်းကင်ဘုံ နန်းမြို့တော်၏ ထောင့်တိုင်း နေရာတိုင်းတွင် ဖြန့်ကျက်ထားပါတယ်။ သူ့ရဲ့ စွမ်းအားဟာလည်း အကန့်အသတ်မဲ့ပါတယ်။ ကျွန်တော်မျိုးတို့ စစ်တပ်တွေ တမလွန်လောကမှ စုဆောင်းထားသော စွမ်းအားများ မကုန်ဆုံးခင် အကာအကွယ်ကို မထိုးဖောက်နိုင်မှာ စိုးရွံ့မိပါတယ်။ "
"ဟမ့်"
မြေအောက်လောက အရှင်သည် မြေအောက်လောက ဗိုလ်ချုပ်အား အကြည့်တစ်ချက်မျှပင် မစွန့်ကြဲဘဲ အေးစက်စက် နှာမှုတ်လိုက်သည်။ ဗိုလ်ချုပ်၏ သွေးများသည် လေထုထဲတွင် ချက်ချင်းပန်းထွက်လာပြီး သူ၏အနက်ရောင် ချပ်ဝတ်သည်လည်း ပြာအဖြစ် အစိတ်စိတ် အမွှာမွှာ ပျံ့လွင့်သွားသည်။
"ဒါဟာ ငါ့စစ်သည်တွေရဲ့ စိတ်အားထက်သန်မှုကို လျော့ပါးအောင်လုပ်ရင် ဖြစ်လာမယ့်အရာဘဲ"
မြေအောက် လောကအရှင်၏ အေးစက်သော မျက်လုံးနီများသည် ဘေးရှိ ဗိုလ်ချုပ်များကို တစ်ချက် ကြည့်လိုက်သည်။ သူတို့တုန်လှုပ်နေသည်ကို တွေ့ရပြီး သူအေးစက်စက် ပြောလိုက်သည်။
"ကောင်းကင်ဘုံ ကြယ်တာရာ ချိတ်ပိတ်အစီအရင်ဟာ ရှေးဟောင်းယန်ကိုးပါးကို နှစ်ပေါင်းသုံးထောင်ကြာ လေ့လာပြီးမှ ရရှိလာတဲ့ အစီအရင် တစ်ခုမျှသာ ဖြစ်တယ်။ အခြားသော အနှစ် ၂၀၀၀စာ စွမ်းအားကို အစီအရင် တပ်ဆင်ဖို့ အသုံးပြုခဲ့ရတယ်။ အစီအရင် တပ်ဆင်ပြီးကတည်းက နှစ်ပေါင်း ၁၆၀၀ စာ စွမ်းအားဘဲ ရှိတော့တယ်။ အစီအရင် စွမ်းအားစက်ကွင်း ဖြစ်ပေါ်ဖို့ရန် ကြယ်တွေဆီက စွမ်းအင်ကို ဘယ်လောက်များများ စုပ်ယူနိုင်မှာမို့လဲ ။ အခု ကောင်းကင်ဘုံ နန်းမြို့တော်မှာ ကျန်နေတာဆိုလို့ ရှေးဟောင်းယန်ကိုးပါးဘဲ ရှိတော့တယ်။ ငါတို့ဘက်က ပေးဆပ်ရမယ့် အရင်းအနှီး ဘယ်လောက်ပဲ များပါစေ ဒီအစီအရင်ကို ဖျက်ဆီးဖို့ နှစ်ဆယ့်လေးနာရီ အချိန်ရတယ်။ "
ဘေးရှိ မြေအောက်လောက စစ်ဗိုလ်ချုပ်များသည် ဒူးထောက်လိုက်ကြပြီး သဘောတူညီကြောင်း ပြန်လည် ဖြေကြားကြသည်။ ပေထောင်ပေါင်းများစွာ ရှည်လျားသော အရိုးစု ဗိုလ်ချုပ်များထဲမှ တစ်ဦးသည် ပထမဆုံး မတ်တတ်ရပ်ခဲ့သည်။ သူ၏ အရိုးစု ခန္ဓာကိုယ်သည် ပြာလဲ့လဲ့ ရှေးဟောင်းအက္ခရာများနှင့် တောက်ပနေရာမှ အနက်ရောင် အလင်းအချို့ ထုတ်လွှင့်ရင်း ကောင်းကင်သို့ ပျံတက်သွားသည်။ သူ၏ ဦးခေါင်းခွံ ဟောင်းလောင်းပေါက်မှ ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဟစ်ကြွေးသံ ထွက်ပေါ်လာသည်။
"အားလုံး တိုက်ခိုက်ကြ"
အခြားသော မြေအောက်လောက ဗိုလ်ချုပ်များသည် တခြားသော စကားကို တစ်ခွန်းမှ မထုတ်ဖော်ရဲကြပေ။သူတို့သည်လည်း လေထဲသို့ ခုန်တက်လိုက်ကြကာ သူတို့လက်အောက်ရှိ ဖုတ်ကောင် စစ်သားများ၊ ဖုတ်ကောင် သားရဲများ၊ မကောင်းဆိုးဝါး စစ်သားများကို အားသွန်ခွန်စိုက် တိုက်ခိုက်ကြရန် အမိန့်ပေးလိုက်သည်။
"ဒီလောက်အထိ ဒုက္ခခံဖို့ မလိုပါဘူး"
ရုတ်ရုတ်သဲသဲ ဖြစ်နေခြင်း အားလုံး၏ အလယ်တွင် တည်ငြိမ်သော သာမန်အသံ တစ်ခုသည် ဆူညံသံ အားလုံးကို ထိုးဖောက်ပြီး လူတိုင်း၏ နားတွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
စကားစုကို ထုတ်လွှတ်သော အသံတွင် အဆုံးမဲ့သော ကျက်သရေတို့ ပါဝင်နေသည်ဟု ထင်ရသည်။ ၎င်းအသံသည် မြေအောက်လောက စစ်သည် သန်းရာပေါင်းများစွာကို တတ်ဆိတ်သွားစေခဲ့ပြီး သူတို့၏ စစ်ချီမှုကိုလည်း ရပ်တန့်သွားစေခဲ့သည်။
ထိုစကားလုံးများ နောက်တွင် ကောင်းကင်ဘုံနန်းမြို့တော်ကို ကာကွယ်ထားသော မျက်စိကျိန်းမတတ် တောက်ပနေသော အရံအတားသည် လုံးဝ ပျောက်ကွယ်မသွားခင် အစွန်းပိုင်းမှ စတင်၍ ပျက်စီးလာသည်။ အသက်ဝင်နေသော ပန်းမန်များ သက်ရှိရုပ်တုများသည် ရွေ့လျားခြင်းမရှိ ရပ်တန့်သွားကြသည်။ အဆောက်အဦများ၏ အတွင်းဘက် အပြင်ဘက်ရှိ ရောင်စုံ အက္ခရာများမှ ထုတ်လွှတ်နေသော အလင်းတန်းများလည်း ရပ်တန့်သွားကြသည်။
ကောင်းကင်ဘုံနန်း မြို့တော်သည် ၎င်း၏ ဖျော့တော့ မှောင်မိုက်သော မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ တစ်ခုတည်းသော ခြားနားချက်သည်ကား ကောင်းကင်ဘုံ နန်းမြို့တော်၏ တောင်ဘက် မြို့တံခါးပေါက်တွင် အမည်မသိ ပုံသဏ္ဏာန်တစ်ခု ပေါ်လာခြင်းပင်ဖြစ်သည်။
ရိုးရှင်းသော ဝတ်ရုံရှည်တစ်ခု လွှားထားသော လူကြီးတစ်ယောက်၊ သူ၏လက်ထဲတွင်တော့ ခမ်းနားထည်ဝါသော သက်တံ့ရောင်အလင်း ပါးပါးလက်နေသော ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ သူသည် ကျောက်လှေကားထစ်များ ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့သည်။
ဒီလူ နောက်ဆုံးတော့ ထွက်လာခဲ့ပြီ
သန်းရာပေါင်းများစွာသော မြေအောက် လောက၏ စစ်သည်တိုင်းသည် မှင်တက်နေခဲ့ကြသည်။ သူသည် ခမ်းနားထည်ဝါ စွမ်းအားပြည့်ဝသော အငွေ့အသက်များဖြင့် ပေါ်မလာသော်ငြား ကျန်းမာရေးကောင်းပုံ ပေါ်လေသည်။ သူ့တွင် တိရိသေသပ်သော မျက်နှာ၊ နီမြန်းသောပါးပြင်၊ ရှည်လျား ဖြူဖွေးသော မုတ်ဆိတ်မွေးများ၊ ဓားသွားပုံ မျက်ခုံးများ၊ ကြယ်ကဲ့သို့ တောက်ပနေသော မျက်လုံးများရှိသည်။
သူသည် အပေါ်ယံတွင် အိုမင်းနေပုံပေါ်သော်ငြားလည်း ထိုသူသည် သူတို့၏ စိတ်ဝိဉာဏ်ကို ခြောက်ခြားမှုပေးသည်။ သူသည် သူတို့၏ သခင်ထက် ဘယ်နည်းနှင့်မျှ နိမ့်ပုံမပေါ်၊ ထိုသူသည် သူတို့၏ သခင်၊ မြေအောက်လောက အရှင်ထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေသည်။
သူ၏အမည်ကို မည်သူမှမသိကြချေ။ အစောပိုင်းနှစ်များတွင်တော့ သူ၏မိတ်ဆွေများသည် သူ့ကို ဝူမင်၊ အမည်မဲ့သူ ဟု ခေါ်လေ့ရှိခဲ့သည်။
သူသည် ထီးနန်းကိုရယူဖို့ရန် နှစ်ပေါင်းသုံးထောင်သာ ကြာမြင့်ခဲ့သည်။ သူသည် အတိတ်တွင် အင်အားအနည်းဆုံး ကာလများကိုလည်း တွေ့ကြုံခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူသည် အကောင်းဆုံးသိုင်းပညာပါရမီနှင့် ကောင်းကင်ဘုံ ဧကရာဇ် ဖြစ်လာခဲ့သည်။
သူသည် ကမ္ဘာပေါင်းအမျိုးမျိုးကို နှစ်ပေါင်းခုနှစ်ထောင်ကြာအုပ်စိုးပြီး ကောင်းကင်ဘုံနန်းမြို့တော်ကို အုပ်ချုပ်ခဲ့သည်။ ကောင်းကင်ဘုံ ဧကရာဇ်တွင် အမည်နာမ မရှိသောကြောင့် တစ်ကြောင်း၊သူ၏ အတောက်ပဆုံး နေ့ရက်များအတွင်း သိုင်းပညာ နယ်ပယ်တွင် ယန်ဓာတ်ကို အလွန်အမင်း ထူးချွန်မှုကြောင့်တစ်ကြောင်း လူများသည် ယန်ကိုးပါး ကောင်းကင်ဘုံ ဧကရာဇ်ဟု ခေါ်ဆိုခဲ့ကြသည်။
ထိုခဏတွင် မြေအောက်လောက စစ်တပ်၏ ပစ်မှတ်၊ ယန်ကိုးပါးကောင်းကင်ဘုံဧကရာဇ် ဝူမင်သည် နောက်ဆုံးတော့ ထွက်လာခဲ့ချေပြီ။
"မသေသေးတဲ့ စောက်အဘိုးကြီး မင်းကငါ့ကို သေခိုင်းဖို့ တော်တော် ဆန္ဒစောနေတာလား" ဝူမင်က ပြုံး၍ မေးလိုက်သည်။ "ငါအသက်ရှည်ရှည် မနေရတော့ဘူးဆိုတာ မင်းသိနေခဲ့တာကြောင့်လား "
"ဟမ့် ယန်ကိုးပါးအဘိုးကြီး၊ ငါမင်းကို မတွေ့တာ နှစ်ထောင်ပေါင်း နည်းနည်းဘဲရှိသေးတာ မင်းက အရင်လို ပေါတောတောနဲ့ အရေထူနေတုန်းဘဲ" မြေအောက်လောက အရှင်သည် အေးစက်စက် တုံ့ပြန်ခဲ့သည်။
"အင်ပါယာ စစ်သူကြီးလေးဦးက နေရာအသီးသီးမှာ တပ်ဖြန့်ထားပြီးပြီ။ ဒါ့အပြင် သူတို့တစ်ဦးစီမှာ ကိုယ်ပိုင် ကြောက်စရာ အစီအစဉ်တွေ ရှိတယ်။ သန်းပေါင်းများစွာသော ကောင်းကင်ဘုံ စစ်သည်တော်တွေဟာ ဒီစစ်ပွဲကြီးကြောင့် မောပန်းပြီး စိတ်အား ထက်သန်မှုတွေ ဆုံးရှုံးကုန်ပြီ"
"မင်းက အခုဆို မင်းရဲ့ နောက်ဆုံးအချိန်တွေမှာတောင် အထီးကျန်နေတဲ့ လူတစ်ယောက် သာသာဘဲ ရှိတယ်၊ ပြီးတော့ မင်းက ရုန်းကန်မဲ့ပုံလည်း မပေါ်ဘူး.. ဟမ့်.. မင်းသေသွားဖို့ ဆုတောင်းနေတယ် လို့တော့ မပြောဘူးမလား"
"မသေသေးတဲ့ အဘိုးကြီး၊ မင်းက ငါ့ကို တကယ်နားလည်တာဘဲ။ ငါ့မှာပြောစရာ စကားတွေ ရှိတာလည်း မင်းသိမှာပါ... " ဝူမင်က ညည်းညူလိုက်သည်။ " မသေသေးတဲ့ စောက်အဘိုးကြီး မင်းစစ်တိုက်ချင်နေရင် ကောင်းကင်ဘုံနန်းမြို့တော်ရဲ့ အလွှာသုံးလွှာပါတဲ့ အစီအရင်ကို မချိုးဖျက်ခင် မြေအောက်စစ်သည်တွေရဲ့ တစ်ဝက်လောက်ကို စတေးဖို့ လိုလိမ့်မယ်"
"ဒီအစီအရင်ကို မင်းဘယ်လောက်ကြာအောင် တောင်ခံနိုင်မှာလဲ၊ ဆယ်ရက်လား၊ လဝက်လား မင်းဒီနေရာအနှံ့ကို ဖျက်စီးပစ်ရင်တောင်မှ ငါ့ကို နှင်ထုတ်နိုင်ရုံလောက်ဘဲ မင်းလုပ်နိုင်မှာ။ ဒါ့အပြင် မင်းနဲ့ မင်းရဲ့ စစ်သည်တွေ အင်အား ပြန်ဖြည့်ဖို့ သွေး ဘယ်လောက် လိုမယ်ထင်လဲ။ ငါဟာ ဒါအတွက် တကယ်ဘဲ စိတ် ကသိကအောက်ဖြစ်ရတယ်... .."
"ဟမ့် ယန်ကိုးပါး အဘိုးကြီး၊ မင်းက ပြိုင်ဘက်ကင်း စွမ်းရည်ကို ပိုင်ဆိုင်တယ် ဒါပေမယ့် အခြေခံအားဖြင့် ပြောရင် ဒီအကျိုးမရှိတဲ့ သဘောထားတွေကြောင့် ထာဝရရှင်သန်သူ ဖြစ်ဖို့ ကျရှုံးတာဘဲ ဒီကမ္ဘာမှာ မြင့်မြတ်တဲ့ သေမျိုးဆိုတာ မရှိဘူး၊ ခွေးတွေဘဲရှိတယ်"
"မင်း ဒီကိစ္စကို လျစ်လျူ မရှုနိုင်ရင် ထာဝရရှင်သန်သူ အဆင့်ကို ဆက်လှမ်းဖို့ ကမ္ဘာနဲ့ညီမျှတဲ့ သက်တမ်းရှိလာဖို့ ဘယ်လိုမျှော်လင့်လို့ရမှာလဲ။ မင်းပါးစပ်က အသုံးမဝင်တာတွေဘဲ ထွက်လာမယ်ဆိုရင် ငါ ဆက်နားထောင်နေစရာ အကြောင်းမရှိတော့ဘူး။ မင်းရဲ့ နဂါးမီးတောက်ဓားကို ထုတ်လိုက်တော့။ ငါမင်းကို လာခဲ့တဲ့ လမ်းအတိုင်း ပြန်ပို့ပေးမယ်"
ရှည်လျားသော တံစဉ်ပုံ လက်နက်တစ်ခုသည် လေထုထဲတွင် ပေါ်လာပြီး မြေအောက်လောက အရှင်၏ လက်ထဲသို့ ရွေ့သွားသည်။ သူ လက်ဝှေ့ရမ်းလိုက်သည်နှင့် သေခြင်းနှင့် ငရဲ အငွေ့အသက်တို့သည် အဘက်ဘက်မှ ထွက်ပေါ်လာသည်။
ဝူမင် ညည်းညူလိုက်သည်။
"ငါမင်းနဲ့ စကားစစ်ထိုးတဲ့ပွဲမှာ မနိုင်ပါဘူး အခု ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ငါက ငရဲတံခါးဝကို ရောက်နေတယ်။ ငါတိုက်ခိုက်ချင်စိတ် မရှိဘူး... "
မြေအောက် လောကသခင်၏ ခြောက်ခြားဖွယ် အကြည့်တို့ကို လျစ်လျူရှုလိုက်ရင်း ဝူမင်ဟာ ထိုနေရာမှာ ပျင်းတိပျင်းရွဲ ဆက်ထိုင်နေခဲ့သည်။ သို့သော်လည်း အမျိုးအမည် မသိသော မီးတောက်များ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
တောက်လောင်နေသော မီးတောက်များသည် သူကိုင်ထားသော ဓားအပါအဝင် ဝူမင်ကို လျင်မြန်စွာ ဝါးမျိုနေခဲ့သည်။
ထိုဓားသည် သူ့ဘဝ တစ်လျှောက်လုံး စစ်ပွဲတိုင်းတွင် ကိုင်စွဲခဲ့သော နဂါးမီးတောက်ဓား ဖြစ်သည် အမြင့်ဆုံးသော အဆင့်တွင် ရှိနေသည့် ဓားတစ်ချောင်း
"ဒိန်း"
ရုတ်တရက် ကျယ်လောင်သော မီးထဲမှ ပေါက်ကွဲသံတစ်ခုသည် ကောင်းကင်ဘုံ ဧကရာဇ်၏ဓား အစိတ်စိတ်အမွှာမွှာ ကျိုးကြေပြီး လွင့်စင်ထွက်လာရာမှ ထွက်ပေါ်လာသည်။
နီရဲသော သတ္ထုအပိုင်းအစများသည် လွင့်ထွက်လာလျှင် လာခြင်း မြေအောက်လောက၏ စစ်တပ်များဆီ တုံ့ဆိုင်းမှုမရှိ ပျံ့လွင့်လာသည်။
မြေအောက်လောက အရှင်၏ လက်ထဲမှ တံစဉ်သည် အနည်းမျှ လှုပ်ခတ်သွားသော်လည်း သူသည် မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝူမင်၏ သေဆုံးရခြင်း ရည်ရွယ်ချက်သည် သူ့ကို ဟန့်တားရန်ဖြစ်သည်။သူသာ မြောက်များလှသော သတ္ထုအပိုင်းအစများကို ကာကွယ်ရန် လှုပ်ရှားလိုက်လျှင် ဝူမင်း၏ နောက်ဆုံးတိုက်ခိုက်မှု သူ့အား တန်ဖိုးကြီးကြီးမားမား ပေးဆပ်စေလိမ့်မည်။
"မိတ်ဆွေဟောင်းကြီး" ဝူမင် တီးတိုးပြောလိုက်သည်၊ " ငါမင်းကို အခုနေ့ မသေမျိုးနယ်ပယ်ကို ခေါ်မသွားနိုင်တော့တာ စိတ်မကောင်းပါဘူး "
မီးတောက်များ ဝါးမျိုခြင်းခံနေရသော ဝူမင်သည် အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားသော သတ္ထု အပိုင်းအစများကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။ သူသည် သက်ပြင်းတစ်ချက်ချရင်း မြေအောက်လောက အရှင်ဆီသို့ လှည့်လိုက်သည်။
"တော်ရုံနဲ့မသေတဲ့ အဘိုးကြီး၊ မင်းမှာ အံ့အားသင့်စရာ စွမ်းရည်တွေ ရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ ဒါပေမယ့် အခြေခံအားဖြင့်တော့ မင်းလည်း ထာဝရရှင်သန်မှုကို မရရှိနိုင်ဘူး။ လာမယ့်နေ့ရက်တွေမှာ မင်းဟာ ပိုရင့်ကျက်လာပြီးတော့ မင်းရဲ့အောင်မြင်မှုမှာ ရူးသွပ်မနေဖို့ ငါမျှော်လင့်တယ် "
"ငါတို့ နှစ်ယောက်လုံးဟာ ကြီးမြတ်သော တာအိုရဲ့ မူလ အဖွဲ့ဝင်တွေ မဟုတ်သော်လည်း အရာအားလုံးကို ခံစား သိမြင်နေခြင်းမှာ မကွာခြားပါဘူး။ ကောင်းတာတွေ များများလုပ်ပါ၊ ဒါက မင်းကို ကောင်းကင်ဘုံ တာအိုကို ပေါင်းစည်းတဲ့ တစ်နေ့ကျ သေခြင်းစက်ဝန်းကို ကျော်လွှားနိုင်ဖို့ ကူညီကောင်း ကူညီပါလိမ့်မယ်။ ငါရဲ့အခု ဘဝဟာ ဒီကိစ္စတွေ အားလုံးရဲ့ အလယ်မှာ ကြားညပ်ခဲ့လို့ ထာဝရ ရှင်သန်မှုနဲ့ လွဲချော်ကောင်း လွဲချော်သွားတာ ဖြစ်လိမ့်မယ်... "
"ကောင်းကင်ဘုံ နန်းမြို့တော်၊ သမိုင်း တစ်လျှောက်မှာရှိတဲ့ ကောင်းကင်ဘုံ ဧကရာဇ် မျိုးဆက်ကိုးဦးရဲ့ အခွင့်အာဏာဟာ မင်းနဲ့မသင့်တော်ဘူး။ မင်း ဒါကို ဖျက်ဆီးဖို့ ငါခွင့်မပြုနိုင်ဘူး။ ဒါကို အနာဂတ်မှာ အောင်မြင်လာမယ့် လူတွေအတွက် ချန်ထားတာ ပိုကောင်းတယ်... "
ကောင်းကင်ဘုံ ဧကရာဇ်၏ ခန္ဓာကိုယ်သည် သူ စကားပြောနေစဉ်တွင်ပင် အရည်ပျော်နေခဲ့သည်။ တောက်လောင်နေသော မီးတောက်များ၏ အပူချိန်သည် စိတ်ကူး၍မရနိုင်သော အရှိန်ရောက်သောအခါ မျက်လုံးကန်းမတတ် ပူလောင်လာပြီး ကောင်းကင်ဘုံဧကရာဇ်နှင့် မီးတောက်များ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဘုံ နန်းမြို့တော် တောင်ဘက်မုခ်ဝရှိ ကျောက်လှေကားထစ်များ ပေါ်တွင် ယန်ကိုးပါး ကောင်းကင်ဘုံဧကရာဇ်၏ တည်ရှိမှု လက္ခဏာ တစ်စုံတစ်ရာမျှ ကျန်ရှိမနေခဲ့ပါချေ။ ဤစကြဝဠာသို့ အမည်မရှိသော တစ်စုံတစ်ယောက် မည်သည့်အခါမှ ခြေမချဖူးသည့်နှယ်။
ကောင်းကင်ဘုံနန်းမြို့တော်သည် ၎င်း၏ တိတ်ဆိတ် ငြိမ်အေးသော ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး ယခင်ကဲ့သို့ မှောင်မိုက်နေဆဲပင်။
တစ်ခဏမျှ ကြာပြီးသည့်နောက် ဆယ့်နှစ်ပေခန့်ရှည်သော ဝက်တစ်ပိုင်း လူတစ်ပိုင်းပုံနှင့် မြေအောက်လောက ဗိုလ်ချုပ်တစ်ဦးသည် မနေနိုင်၍ မေးလာခဲ့သည်
"အရှင်၊ ကျွန်တော်တို့ဆက်တိုက်ရမှာလား"
"မင်းသဘောဘဲ၊ ငတုံးကောင်"
မြေအောက်လောက အရှင်_မဟုတ်သေး၊ ယခုဆိုလျှင် မြေအောက်လောက အရှင်ထက် သာလွန်သော တည်ရှိမှုသည် စိတ်တိုစွာ ပြောလာခဲ့သည်။ ထို့နောက် သူသည် လေဟာနယ်ကို ဆုတ်ဖြဲကာ ကောင်းကင်ဘုံ နိုင်ငံတော်ကို ချန်ရစ်၍ လှည့်ပြန်ခဲ့သည်။
တုံးအသော ဝက် စစ်သားသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်နေခဲ့သည်။ တစ်ခဏမျှ အလေးအနက် စဉ်းစားပြီးနောက် သူသည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ တိတ်ဆိတ်ပြီး ထီးထီးကြီး တည်ရှိနေသာ ကောင်းကင်ဘုံ နန်းမြို့တော်ဆီသို့ သူ စစ်ချီအံ့ဆဲဆဲတွင် လေဟာနယ်သည် အပြင်းအထန် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ သူ၏ ကြီးမားလေးလံသော ခန္ဓာကိုယ်ကြီးသည် ပက်လက် ပြုတ်ကျလု နီးပါးပင်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနန်းမြို့တော် တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါလာနေသည်။ ကောင်းကင်ဘုံ နန်းမြို့တော်၏ အဆောက်အဦများရှိ မရေတွက်နိုင်သော အက္ခရာတို့သည် သက်တံ့ရောင် ရှိသော ကြယ်တာရာ အချုပ်အနှောင်အစီအရင်ရှိ အက္ခရာများနှင့် လုံးဝမတူတော့ချေ။ သူတို့သည် ရွှေရောင်ရှိပြီး ကောင်းကင်ဘုံ နန်းမြို့တော် တစ်ခုလုံးကို ရွှေရောင်ခြုံလွှာဖြင့် လွှမ်းခြုံ လိုက်သကဲ့သို့ ဖြစ်သည်။
တစ်ခဏမျှ ကြာသောအခါ ကောင်းကင်ဘုံ နန်းမြို့တော် တစ်ခုလုံးသည် ရွှေရောင် အက္ခရာများ၏ အလင်းများ ကြားတွင် အလွန်အမင်း တောက်ပနေပေသည်။
ရွှေရောင် အလင်းများ ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားသည့် အချိန်သည် အမွှေးတိုင်တစ်ဝက် ပြာကျရန် အချိန်သာ ကြာမြင့်ခဲ့သည်။ မြေအောက်လောက စစ်သည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည့် အရာသည်ကား ကီလိုမီတာရာပေါင်းများစွာ ကျယ်ဝန်းသော ကောင်းကင်ဘုံ နန်းမြို့တော်သည် ကြီးမား အရုပ်ဆိုးသော ချောက်နက် တစ်ခုကိုသာ ချန်ရစ်ကာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
မျိုးဆက်တစ်ခု၏ ဒဏ္ဏာရီ၊ ကြီးမြတ်သော ယန်ကိုးပါး ကောင်းကင်ဘုံဧကရာဇ် သည်ကား အဆုံးသတ်ခဲ့ပေပြီ။ သေခြင်းရှင်ခြင်း စက်ဝန်းသည်ကား နိဒါန်းတစ်ခုကို အစပျိုးခဲ့ချေပြီ... ... ။
***