← Chapters

ယဲ့လူကြီးမင်း တကယ် ပြောနေတာလား

Vol. 71 Ch. 1409

ယဲ့လူကြီးမင်း တကယ် ပြောနေတာလား

Vol. 71 Ch. 1409

" ဒီကလေးက ငါတို့ကို လာခြောက်နေတာပဲ။ သူ ငါတို့ကို တစ်ခုခုလုပ်နိုင်မယ်လို့ ငါတော့မထင်ဘူး "

" ဟုတ်တယ်။ ငါတို့က ရုံးကလူတွေကိုတောင် မကြောက်တာ ဘာလို့ သူ့ကို ကြောက်နေရမှာလဲ "

" ငါတို့ စည်းလုံးနေသရွေ့ ဘယ်သူမှ ငါတို့ကို ဖယ်ထုတ်လို့ မရဘူး "

" လာကြ၊ လာကြ။ အတူတူအော်ကြစမ်း။ စည်းလုံးခြင်းက အင်အားပဲ ...... "

ထိုလူအုပ်စုမှာ စတင်၍ သံပြိုင်ဆိုကြသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါမိသည်။

ထိုလူများနှင့် စကားပြောရမည်မှာပင် ရယ်စရာကောင်းသည်ဟု ထင်မိသည်။

သူတို့ သံပြိုင်မအော်ခင်မှာပင် အင်ဂျင်ဟောက်သံကို ကြားလိုက်သည်။

ထိုအသံမှာ နီးသည်ထက်နီးလာကာ၊ ကျယ်သည်ထက် ကျယ်လောက်လာသည်။ သေချာသည်မှာ ကားတစ်စီးထက် ပိုလေသည်။

အားလုံး ခေါင်းကို လှည့်ကြည့်လိုက်ရာ အဝေးရှိ လမ်းမပေါ်မှ ဗင်ကားများ မောင်းလာသည်ကို တွေ့လိုက်ရသည်။

တစ်စီး၊ နှစ်စီး၊ သုံးစီးဖြင့် ဗင်ကားများမှာ တစ်ဒါဇင်ကျော်ရှိကာ ကျယ်လောင်စွာ မောင်းနှင်လာကြသည်။

အိမ်ခြေမဲ့လူတစ်စုသည် တစ်ယောက်ကိုတစ်ယောက် နားမလည်စွာ ကြည့်နေကြသည်။

ခဏကြာပြီးနောက် ဗင်ကား တစ်ဒါဇင်ကျော်သည် ရောက်လာပြီး လမ်းဆုံ၌ ရပ်သွားသည်။

ချက်ချင်းပင် ဗင်ကားတံခါး ပွင့်လာပြီး လူအုပ်ကြီးတစ်စုစီ ဗင်ကားများပေါ်မှ ပြေးထွက်လာခဲ့သည်။

သူတို့တစ်ဦးချင်းစီ၏ လက်ထဲ၌ ဓားမြှောင်များနှင့် တုတ်များကို ကိုင်ဆောင်ထားကာ သတ်ဖြတ်ချင်သော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကြသည်။

တခဏချင်းမှာပင် အမည်းရောင် ဝတ်စုံဖြင့် လူတစ်ရာကျော်အား ဦးဆောင်ပြီး လိုက်ကျီချန်း ရောက်လာသည်

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ကို လာကူပေးဖို့ ဥက္ကဌက ပြောထားပါတယ်။ လူကြီးမင်း လိုအပ်တာရှိရင် ကျွန်တော်တို့ကို ညွှန်ကြားပေးပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေ သွေးမတွေ့တာ ကြာပြီဆိုတော့ ဒီနေ့က ကြီးကြီးမားမား လုပ်ရင်တောင် နောက်မတွန့်ပါဘူး "

လိုက်ကျီချန်းသည် ယဲ့ဖန်၏ အရှေ့သို့ လျှောက်သွားပြီး ထိုအိမ်ခြေမဲ့လူရမ်းကားများကို ကြည့်ကာ ရက်စက်သော အပြုံးကို ပြုံးလိုက်သည်။

ထိုအိမ်ခြေမဲ့များသည် ထိုစကားများကို ကြားသောကြောင့် ထိတ်လန့်သွားကြသည်။

ကြောက်ရွံ့သူအချို့မှာ နောက်ပင်ဆုတ်မိကုန်သည်။

နှစ်ဘက်၏ အရေအတွက်မှာ တူညီသော်လည်း သူတို့ဘက်ရှိအများစုမှာ အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများဖြစ်ကြသည်။

အရွယ်ရောက်ပြီး အထိုက်အလျောက်သန်မာသူ အယောက်နှစ်ဆယ်လောက်သာ ရှိသည်။

တစ်ဖက်မှ လူများသည် လူတစ်ရာကျော်ရှိပြီး သူတို့အားလုံးမှာ ထွားကျိုင်းသန်မာသူများဖြစ်ကြသည်။

သူတို့၏ ဖြစ်တည်မှုကပင် လူအတော်အများကို ကြောက်ရွံ့စေရန် လုံလောက်လေသည်။

ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေမှ အဆင့်မြင့်အကျိုးဆောင်များသည် ယဲ့ဖန်၏ လုပ်ရပ်ကြောင့်လည်း တုန်လှုပ်သွားကြသည်။

ဤသို့ ဂိုဏ်းသားများအား ယဲ့ဖန်မှ ခေါ်နိုင်သည်အထိ အင်အားရှိမည်ဟု သူတို့ မမျှော်လင့်ထားပေ။

ယနေ့ ကြီးမားသော ခိုက်ရန်ပွဲကြီး ဖြစ်သွားနိုင်သည်။

မုတ်ဆိတ်ဖြင့်လူသည် ဂိုဏ်းသားများစွာ ပြေးလာသည်ကို မြင်ပြီး ထိတ်လန့်သော အမူအရာပေါ်လာခဲ့သည်။

သို့သော် သူသည် လျင်မြန်စွာ ငြိမ်သက်သွားပြီး သူ့အနောက်မှ လူများကို အော်လိုက်သည်။

" လူတိုင်းပဲ နောက်မဆုတ်ကြနဲ့။ သူတို့ သတ္တိရှိရင် ငါတို့ကို သေတဲ့အထိ တိုက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ ထွက်သွားတာကလည်း သေမှာပဲ။ ဒီမှာ သေတာ ပိုကောင်းတယ် "

သူ၏ အော်သံကြောင့် မူလက ထိတ်လန့်နေသော လူများမှာ ပြန်လည်ငြိမ်သက်သွားပြန်သည်။

သူတို့သည် သူတို့၏ လယ်ယာသုံးပစ္စည်းများကို ကိုင်ထားကြပြီး လိုက်ကျီချန်းနှင့် အခြားသူများအား သူတို့၏ ခွန်အားကို စတင်ပြသခဲ့သည်။

" ဟားဟား၊ သေဖို့ မလွယ်ဘူးမဟုတ်လား။ မင်းတို့ရဲ့ဆန္ဒကို ငါ ဖြည့်ပေးမယ် "

လိုက်ကျီချန်းသည် ကဲ့ရဲ့ပြီးနောက် သူ့လူများကို ရှေ့ဆက်တိုက်ခိုက်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။

" ရပ်လိုက် "

ယဲ့ဖန် သူ့ကို အမြန်တားလိုက်သည်။

" မင်းကို ဘယ်သူက တိုက်ခိုက်ခိုင်းလို့လဲ "

လိုက်ကျီချန်း အံ့အားသင့်သွားသည်။

" လူကြီးမင်း၊ ကျွန်တော်တို့ကို လူသတ်ဖို့ ဒီကို ခေါ်လိုက်တာ မဟုတ်ဘူးလား "

ယဲ့ဖန် ချက်ချင်း မျက်လုံးပြူးသွားသည်။

" မင်းရဲ့ ဦးနှောက်ကို သုံးလို့ရမလား။ လူသတ် တရားမ၀င်ဘူး မဟုတ်လား "

လိုက်ကျီချန်း ခေါင်းအနောက်ကို ကုတ်လိုက်သည်။

" ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ လူကြီးမင်းပြောတာကို နားထောင်မှာပါ "

ယဲ့ဖန်၏ အကြည့်များသည် ထိုအိမ်ခြေမဲ့များ တစ်လျှောက် ဖြည်းညှင်းစွာ လွှမ်းသွားပြီး သူ့မေးစေ့ကို ထိလိုက်သည်။

" ဒါက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလေ။ ပြဿနာတွေကို ယဉ်ကျေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းရမှာပေါ့ "

" ဒီမြေပေါ်မှာ အဆိပ်ရှိမြွေ ရာချီ မွေးမလို့။ အဲ့တော့ မြွေတွေကို ကူရှာပေး။ အဆိပ်ပြင်းလေ၊ ပိုကောင်းလေပဲ။ တစ်ကိုက်တည်းနဲ့ သတ်နိုင်ရင် အကောင်းဆုံးပဲ "

ယဲ့ဖန်၏စကားများကို ကြားသောအခါ လူတိုင်း၏ အမူအရာများမှာ သိသာစွာ ပြောင်းလဲသွားသည်။

အကယ်၍ ဤမြေပေါ်၌ အဆိပ်ရှိမြွေ ရာပေါင်းများစွာ ရှိနေပါက မြေကြီးပေါ်ရှိ ငရဲကဲ့သို့ ဖြစ်နေလိမ့်မည်။

" လူကြီးမင်း တကယ် ပြောနေတာလား "

လိုက်ကျီချန်းသည် မြွေများကို အကြောက်ဆုံးဖြစ်သည်။

အဆိပ်ရှိမြွေ ရာပေါင်းများစွာကို သယ်ဆောင်လာမည်ဟု ကြားသောအခါ သူ အလွန်ကြောက်လန့်သွားပြီး ဦးရေပြားပင် ထုံကျင်သွားရသည်။

" ငါက ငါပိုင်တဲ့မြေပေါ်မှာ မြွေမွေးတာ တရားဥပဒေအရ ဖြစ်သင့်တယ် မဟုတ်လား "

ယဲ့ဖန် လေးနက်စွာ မေးလိုက်သည်။

" တရားဝင်ပါတယ်၊ သေချာပေါက် တရားဝင်ပါတယ်။ ဒါက လူကြီးမင်းရဲ့မြေပါပဲ။ ဒီမှာ ကင်းခြေများ၊ ကင်းမြီးကောက်နဲ့ မိကျောင်းတွေကိုတောင် မွေးလို့ရတယ် "

လိုက်ကျီချန်းသည် အကြိမ်ကြိမ် ခေါင်းညိတ်သည်။

" ဒါဆို မင်း ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ။ မင်းပြောသမျှ သွားရှာလာခဲ့ "

" ဟုတ်ကဲ့ပါ၊ လူကြီးမင်း "

လိုက်ကျီချန်းသည် သဘောတူ ခေါင်းညိတ်ပြီး သူ့လူများကို ခေါ်လျက် သွားရှာတော့မည် ဖြစ်သည်။

" ခဏစောင့်ဦး "

ထိုအချိန် မုတ်ဆိတ်ဖြင့်လူမှ ရုတ်တရက် စကားပြောလာသည်။

လက်ရှိအချိန်၌ သူ၏ အမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေပုံရသည်။

မုန်းတီးမှုနှင့် ဆန္ဒနှစ်မျိုးလုံး ရှိနေခဲ့သည်။

သူသည် အလွန်ပင် ရွေးရခက်နေခြင်း ဖြစ်မည်။

" မင်း တကယ် ဒီလိုလွန်လွန်ကြူးကြူး လုပ်မှရမှာလား "

မုတ်ဆိတ်ဖြင့် ယောက်ျားသည် ယဲ့ဖန် ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် မတတ်ဒနိုင်ဘဲ အေးစက်စွာနှာမှုတ်လိုက်သည်။

" ကျုပ်က ရက်စက်တာတဲ့လား။ ဒီမြေကို ဝယ်ဖို့ နှစ်ဘီလီယံလောက် အကုန်ခံထားတာကို ခင်ဗျားတို့က တက်နေနေတာ။ ကျုပ်က လွန်တာလား၊ ခင်ဗျားတို့က လွန်နေတာလား "

မုတ်ဆိတ်ဖြင့်လူသည် သူ မှားနေသည်ကို သိပြီး သူ့နည်းဗျူဟာကို ပြောင်းလေသည်။

" ဒါပေမယ့် ငါတို့မှာ လူတွေ၊ မိသားစုတွေ အများကြီးရှိတယ်။ မင်း ငါတို့ကို ဘယ်ကိုသွားစေချင်နေတာလဲ "

" အဲ့တာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ "

ယဲ့ဖန်သည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်လာမှုအပေါ် ယိုင်လဲမသွားပေ။

မုတ်ဆိတ်ဖြင့် ယောက်ျားသည် ယဲ့ဖန်ကို အချိန်မရွေး ကိုက်ဖြတ်တော့မည် သားရဲတစ်ကောင်လို စိုက်ကြည့်နေသည်။

သို့သော် ယဲ့ဖန်သည် မကြောက်လန့်သွားဘဲ အေးဆေးစွာသာ ကြည့်နေလိုက်သည်။

နောက်ဆုံး၌ မုတ်ဆိတ်ဖြင့်လူမှာ အရှုံးပေးရတော့သည်။

" ကောင်းပြီ၊ မင်း နိုင်တယ်။ မင်း ပြောတဲ့အတိုင်း ငါတို့လုပ်မယ်။ လူတစ်ယောက်ချင်းစီကို ယွမ် ၅၀၀၀ ပေးရင် တစ်ပတ်အတွင်း ထွက်သွားပေးမယ် "

သူ့အနောက်က လူအုပ်စုသည် မိဘများကို ဆုံးရှုံးရသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုကြွေးနေကြသည်။

ထောက်ရှင်းနှင့် ဒုန်းဟွမ်း အိမ်ခြံမြေမှ ခေါင်းဆောင်းများသည် အချင်းချင်း ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

သူတို့ နှစ်နှစ်ကျော်ကြာ ဖြေရှင်းနေခဲ့ရသော ပြဿနာကို ယဲ့ဖန်မှ နာရီပိုင်းအတွင်း ဖြေရှင်းနိုင်ခဲ့သည်။

လူတစ်ဦးလျှင် ယွမ် ၅၀၀၀ ပေးရမည်ဖြစ်သော်လည်း လူ၁၀၀ကျော် ရှိလေသည်။

ထို့ကြောင့် အများဆုံးမှ ယွမ် ၅သိန်းသာ ပေးရပေမည်။

နှစ်ဘီလီယံကျော် တန်ဖိုးရှိသော မြေကွက်တစ်ကွက်အတွက် ဤမျှ ပေးဆပ်ရသည်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်သာ ဖြစ်သည်။

ထိုသို့သော ကြီးမားသော ပြဿနာကို ဖြေရှင်းရန် ဤမျှ စျေးနည်းစွာ အသုံးပြုလိုက်နိုင်ခြင်းသည် တွက်ခြေကိုက်လှပေသည်။

သို့သော် ယဲ့ဖန်၏ အဖြေမှာ သူတို့ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။

" ကျုပ် ခင်ဗျားတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ။ ဒါပေမယ့် ခင်ဗျားတို့ပဲ မယူခဲ့တာ။ အခု ခင်ဗျားတို့အတွက် တစ်ပြားမှ မပေးနိုင်ဘူး။ ချက်ချင်း ထွက်သွား "

သူ၏ အေးစက်မှုက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ကောင်းမွန်စွာ ပြောရလျှင် ယဲ့ဖန်သည် သဘောတရားများကို လိုက်နာနေခြင်းဖြစ်သော်လည်း ပြတ်သားစွာ ပြောရလျှင် နှလုံးသားမဲ့ခြင်း ဖြစ်သည်။

ယွမ် ၅သိန်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်သော်လည်း ယခုအခါ တစ်ယွမ်မှ ပေးရန် ဆန္ဒမရှိတော့ပေ။

" မင်း .… အရမ်းမလွန်လာနဲ့ "

မုတ်ဆိတ်ဖြင့် ယောက်ျားသည် ဒေါသတကြီး စိုက်ကြည့်လျက် သူ့မျက်လုံးများမှ သွေးစီးကျလာမတတ် ဖြစ်နေသည်။

" ခင်ဗျားတို့အပေါ် ကျုပ် အကြွေးတင်မထားဘူး "

" ခင်ဗျားတောင် တခြားသူရဲ့ မြေပေါ်မှာနေဖို့ နည်းလမ်းပေါင်းစုံ သုံးနိုင်သေးတာပဲ။ ကျုပ်ပိုင်တဲ့မြေကို နည်းလမ်းပေါင်းစုံနဲ့ ပြန်ယူတာ ဘာမှားလို့လဲ။ ထွက်မှာလား မထွက်သွားဘူးလား "

ယဲ့ဖန်၏ သဘောထားသည် အလွန်ခိုင်မာနေသည်။

ညှိနှိုင်းရန်ပင် နေရာမရှိပေ။

မုတ်ဆိတ်ဖြင့် ယောက်ျားသည် ဆယ်စက္ကန့်ကျော်မျှ တင်းခံနေသေးပါသော်လည်း နောက်ဆုံး၌ လက်လျော့လိုက်သည်။

သူတို့သည် ဤမြေပေါ်၌ သေရန်ပင် အော်ဟစ်နေသော်လည်း ထိုအရာသည် နှုတ်အပြောသာ ဖြစ်သည်။

သူတို့ ဤနေရာ၌ အမှန်တကယ် မသေနိုင်ပေ။

အရွယ်ရောက်ပြီးသူများမှ အသက်စွန့်ရန် ဆန္ဒရှိကြသော်လည်း ကလေးများမှာ ငယ်ရွယ်ကြသေးသည်။

" ရွှေ့ကြရအောင် "

မုတ်ဆိတ်ဖြင့် ယောက်ျားသည် ထိုစကားများကို သူ့သွားကြားကို ညှစ်ထုတ်ပြီး ပြောကာ သူ့အနောက်မှအုပ်စုကို ဝှေ့ယမ်းပြလိုက်သည်။

" အားလုံး သွားပြီး အထုပ်ထုပ်ပိုးလိုက်ကြ။ ငါတို့ အခု ရွှေ့ကြမယ် "

အိမ်ခြေမဲ့များသည် သူတို့၏ လက်လုပ်ဆောက်အိမ်များသို့ ငိုလျက်ပြန်သွားသည်။

သူတို့၏ သနားစရာကောင်းသော ကျောပြင်ကို ကြည့်ပြီး ထောက်ရှင်း ရုတ်တရက် သည်းမခံနိုင်တော့ပေ။

" လူကြီးမင်း မလွန်ဘူးလား။ သူတို့ ဒီကနေ ထွက်သွားရင် တကယ် အိမ်ခြေယာမဲ့ ဖြစ်သွားလိမ့်မယ် "

******

All Chapters