← Chapters

အနောက်က အလိုက်ခံနေရတာလား

Vol. 71 Ch. 1411

အနောက်က အလိုက်ခံနေရတာလား

Vol. 71 Ch. 1411

ဤသည်က ယဲ့ဖန်ကို အံ့ဩစေသည်။

တောင်နက်ဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလား။

မိန်းကလေးတစ်ယောက်ကိုတောင် အနောက်က လိုက်ခိုင်းနေတာလား။

ယဲ့ဖန် နက်နဲသော အတွင်းကျစစ်ဆေးခြင်းစနစ်ကို ဖွင့်ကြည့်လိုက်ရာ သူမခန္ဓာပေါ်၌ ပစ္စည်းများ ရှိနေသည်။

စနစ်၏ နက်နဲသော အတွင်းကျစစ်ဆေးခြင်း လုပ်နိုင်စွမ်းသည် ဘေးပတ်ဝန်းကျင် မီတာတစ်ထောင်အထိ တိုးချဲ့ပြီး ဖြစ်သည်။

ထို့နောက် ချက်ချင်းပင် ထိုအမျိုးသမီး၏ တည်နေရာကို ခြေရာခံမိသည်။

အင်္ကျီ၊ ဦးထုပ်၊ ဖိနပ်၊ ခြေအိတ်၊ အတွင်းခံ ....... ဟမ်

ယဲ့ဖန် ပစ္စည်းများကို စစ်ဆေးနေစဉ် ပစ္စည်းတစ်ခုကို အချက်အလက်ရလိုက်သည်။

လက်ကောက်တစ်ခု ဖြစ်လေသည်။

ထိုလက်ကောက်သည် အထူးတလည် ခြားနားနေခြင်း မဟုတ်သော်လည်း ရင်းနှီးသည်ကို ခံစားမိသည်။

လက်ကောက်မှာ ငွေလက်ကောက်ဖြစ်ပြီး တရုတ်စာလုံးများ ရေးထွင်းထားသည်။

ထိုစာလုံးများမှာ "ကျူးရှောင်ကျောင်း၊ ပျော်ရွှင်နေရမယ်"ဟူ၍ ဖြစ်သည်။

လက်ကောက်မှ ထိုအချက်အလက်ကို မြင်သောအခါ ယဲ့ဖန် ကြောင်သွားသည်။

ဒါဆို အနောက်က လိုက်နေတဲ့သူက ကျူးရှောင်ကျောင်းလား။

ဒီမိန်းကလေးက သူ့အနောက် ကျန်းကောပြည်နယ်ထိ တကယ်ကြီး လိုက်လာတာလား။

ထိုသည်မှာ ရယ်ရသည်ဟု ယဲ့ဖန် ခံစားမိသည်။

သူ ကျူးရှောင်ကျောင်းအား လက်ကောက်ပေးလိုက်သည်မှာ ဉာဏ်ကောင်းခဲ့သည့် အကွက်တစ်ခု ဖြစ်လာလေသည်။

သူမ ဘယ်နေရာတွင် ရှိသည်ကို သိနိုင်သည့် ထူးခြားချက်တစ်ခု ဖြစ်လာတော့သည်။

သူမသည် ယဲ့ဖန်နှင့်အနီးတစ်ဝိုက် မီတာတစ်ထောင်အတွင်း ရှိနေပါက သူသည် ကျူးရှောင်ကျောင်းကို အချိန်မရွေး တိကျစွာ ဖမ်းမိနိုင်ပေမည်။

လက်ဆောင်ပေးခဲ့သည်က မထင်မှတ်ဘဲ အကျိုးရှိလာသည်။

သူမ၏ တည်နေရာကို ယဲ့ဖန် သိထားပြီးဖြစ်သော်လည်း ချက်ချင်း မဖော်ထုတ်လိုက်ပေ။

ကျူးရှောင်ကျောင်းသည် ကစားချင်နေသည်ဖြစ်၍ သူသည်လည်း ကူညီ၍ ကစားပေးမည် ဖြစ်သည်။

ယဲ့ဖန်၏ပါးစပ်ထောင့်မှာ ကွေးတက်သွားပြီး ဆိုးညစ်သော အပြုံးတစ်ခုဖြစ်သွားသည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်နှင့် မီတာတစ်ရာ အကွာအဝေးကို ထိန်းထားသည်။

ယဲ့ဖန်သည် အလွန်သတိရှိသူဖြစ်၍ အနီးကပ်မှ လိုက်ပါက သိသွားမည်ကို စိုးရိမ်နေသည်။

ကျူးရှောင်ကျောင်းသည် အဝေးမှ ယဲ့ဖန်၏နောက်ကျောကို ကြည့်လျက် အနည်းငယ် ဂုဏ်တက်သလို ခံစားလိုက်ရသည်။

သူမသည် ယနေ့မနက် ကျန်းကောပြည်နယ်သို့ အပြေးအလွှားရောက်လာခဲ့ပြီး ဖန်းရှောင်ကွန်းထံမှတစ်ဆင့် ယဲ့ဖန်၏ တည်နေရာအတိအကျကို သူမ ရှာဖွေနိုင်ခဲ့၍ သူ့ကိုစောင့်နေခဲ့သည်။

ဤလူ ကျန်းကောပြည်နယ်၌ ရိုးသားစွာနေသည်လား သူမ တိတ်တဆိတ် စောင့်ကြည့်ချင်သည်။

နင် ငါ့ကို ထားခဲ့ပြီး ကျန်းကောပြည်နယ်မှာ တစ်ယောက်တည်း လာပျော်ချင်တာလား။

အိပ်မက်မက်နေလိုက်။

သူမသည် ယဲ့ဖန်၏ နောက်ကျောသို့ လက်သီးလေးများဖြင့် ဝှေ့ယမ်းလိုက်သည်။

ကျူးရှောင်ကျောင်း ယဲ့ဖန်အနောက်သို့ ဆက်လျှောက်ရန်ပြင်နေစဉ် အမျိုးသမီးတစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာူည်။

" 'အို၊ ယောက်ျားတွေများရဲ့ Liveထုတ်လွှင့်မှုကနေ ကြိုဆိုလိုက်ပါတယ်။ ငါက မင်းတို့ရဲ့သူငယ်ချင်း မာရီနာပါ။ ဒီနေ့ မာရီနာက လူတိုင်းကို ကောင်လေးချောချောလေးတွေကို ရှာပြီး ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ ရှိမရှိ စောင့်ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ် "

ကျူးရှောင်ကျောင်းသည် အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ မလုံမခြုံစွာ ၀တ်ဆင်ထားပြီး ဖုန်းတစ်လုံးဖြင့် တိုက်ရိုက်အစီအစဉ် တင်ဆက်နေသူ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် အတော်ပင် လှပသည်ဟု မှတ်ယူနိုင်သည်။

သူမ၏ မျက်နှာအမူအရာ၊ အသွင်အပြင် အားလုံးသည် လှပရုံသာမက သူမ၏ လှုပ်ရှားမှုတိုင်းမှာလည်း ညှို့ငင်အားပြင်းသော ဆွဲဆောင်မှုတစ်မျိုးကို ပေးစွမ်းနေသည်။

ဤသို့ မိန်းကလေးမျိုးသည် ယောက်ျားများကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုအပြည့်ရှိသည်။

ဤဆွဲဆောင်မှုမျိုးသည် ကလေးဆန်သော ကျူးရှောင်ကျောင်း၌ ချို့တဲ့သည့်အရာဖြစ်သည်။

သူမ ရင်ဘတ်ကို အုပ်လျက် ရှက်ရွံ့လာသည်ကို အနည်းငယ် ခံစားလိုက်ရသည်။

ကျူးရှောင်ကျောင်း ထိုမိန်းကလေးကို သိလေသည်။

ထိုမိန်းကလေး၏နာမည်မှာ မာရီနာဖြစ်သည်။

သူမသည် အလှမွေးငါး မီဒီယာမှ လှပသော တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူဖြစ်သည်။

သူမ၏ အစီအစဉ်သည် အင်တာနက်ပေါ်၌ အလွန်ရေပန်းစားလေသည်။

အစီအစဉ်၏ ပုံစံမှာ လမ်းပေါ်ရှိ ကြုံရာလူချောလေးများကို ရွေးပြီး ခံနိုင်ရည်ရှိမရှိ စမ်းသပ်ကာ ပရောပရည်လုပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလေသည်။

သို့သော် စမ်းသပ်မှု ရလဒ်များအရ အမျိုးသားအများစုသည် မာရီနာ၏ သွေးဆောင်မှုကို ခုခံနိုင်ဘဲ ကင်မရာရှေ့၌ပင် မဖွယ်မရာ ပြုမူကြသည်ကို ပြသခဲ့သည်။

ကျူးရှောင်ကျောင်းသည် ဤအစီအစဉ်ကို အချိန်အတော်ကြာ စောင့်၍ကြည့်ရှုခဲ့ဖူးသည်။

သို့သော် အစီအစဉ်၏ပုံစံသည် ငြီးငွေ့လွယ်စေသောကြောင့် ဆက်ကြည့်ရန် သူမ စိတ်မ၀င်စားတော့ချေ။

ကျူးရှောင်ကျောင်း ယနေ့ မာရီနာနှင့် တွေ့မည်ဟု မမျှော်လင့်ထားချေ။

ဘယ်သူက ကံမကောင်းဘဲ အရွေးခံရမယ်ဆိုတာ ဘယ်သူသိမှာလဲ။

" ကောင်းပြီ၊ လိုက်ရှာကြရအောင်။ သွားကြစို့ "

ထိုအချိန် မာရီနာသည် အဖွင့်စကားဆိုပြီးသွားပြီ ဖြစ်သည်။

ထို့နောက် သူမသည် ထုတ်လုပ်ရေးအဖွဲ့၏ ဝန်ထမ်းအချို့ကို လက်ပြအချက်ပေးသည်။

သူတို့ထဲမှ တစ်ယောက်သည် မမြင်ရစေရန် ဖုံးထားသည့် ကင်မရာနှင့် ကင်မရာသမားတစ်ယောက်ဖြစ်သည်။

သူသည် လမ်းသွားလမ်းလာတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ အနောက်မှ လိုက်နေသည်။

ထို့အပြင် မတော်တဆ ဖြစ်လာမည်ကို ကာကွယ်ရန် သူတို့အနောက်သို့ လိုက်နေသော အခြားဝန်ထမ်းအချို့လည်း ရှိသေးသည်။

ယခင်အပိုင်းတစ်ခုတွင် အရိုက်ခံရသော အမျိုးသားတစ်ဦးသည် လှည့်စားခံရကြောင်း သိပြီးနောက် ရုတ်တရက် ဒေါသပေါက်ကွဲထွက်လာခဲ့သည်။

မာရီနာအား ထိုလူမှ တွန်းထုတ်လိုက်ရာ လဲကျပြီး လက်မောင်းကို ထိခိုက်သွားသည်။

ထိုအချိန်မှစ၍ အလားတူအခြေအနေမျိုး ထပ်၍မဖြစ်စေရန် ထုတ်လုပ်ရေးအဖွဲ့မှ လျှို့ဝှက်အကာအကွယ်များ စီစဉ်ပေးခဲ့သည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အနောက်သို့ လိုက်လျက် ဖုန်းကိုထုတ်ပြီး မာရီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စစ်ဆေးလိုက်သည်။

အစီအစဉ်မှာ စတင်တိုက်ရိုက်လွှင့်ခါစဖြစ်သေးသော်လည်း အွန်လိုင်းမှ ကြည့်ရှုနေသူ အရေအတွက်သည် ၃သောင်းကျော် ရှိနေပြီဖြစ်သည်။

မှတ်ချက်ကဏ္ဍမှာလည်း လျင်မြန်စွာပင် စည်ကားလာသည်။

" မာရီနာ၊ ငါ ရောက်ပြီ "

" ဒီနေ့ အရမ်း ဆက်စီကျကျ ဝတ်ထားတာပဲ "

" ပါးစပ်ပိတ်ထားစမ်း။ မာရီနာက အမြဲတမ်း ဆက်စီကျတယ်။ မင်းက fan အတုပဲ "

" ဒီနေ့ ဘယ်ကံဆိုးသူကို မာရီနာလေးက လှည့်စားမှာလဲ "

" ကံဆိုးတဲ့သူဆိုတာ ဘာကိုဆိုလိုတာလဲ။ မာရီနာရွေးချယ်တာကိုခံရတာက သူတို့ကံကောင်းလို့ပဲ "

" အရင်အပိုင်းက အဲ့ဒီလူကို မှတ်မိပါသေးတယ်။ သူက မာရီနာနဲ့ အီစီကလီလုပ်တာလွန်ပြီး သိလည်းသိသွားရော ရှက်ရမ်းတွေရမ်းကုန်တာ။ ရယ်ရတာ ဗိုက်ပါနာတယ် "

" ငါလည်း အဲ့ဒီအပိုင်းကို ကြည့်ပြီးပြီ။ အဲ့ဒီလူက သနားဖို့တော့ကောင်းတယ် ..... "

မှတ်ချက်ကဏ္ဍ၌ လေထုသည် အလွန်အသက်ဝင်နေသည်။

လူတိုင်းသည် နောက်ကြုံရမည့် ကံဆိုးသူကို မျှော်လင့်နေကြသည်။

ကျူးရှောင်ကျောင်းသည် ငြီးငွေ့စရာကောင်းသော ထုတ်လွှင့်မှုအား ပိတ်တော့မည်ဖြစ်ရာ မပိတ်မီ တစ်ချက်ကြည့်လိုက်သည်။

သို့သော် ထိုအချိန် မာရီနာသည် ရုတ်တရက် ကင်မရာကို လှည့်လိုက်ပြီး သူမအရှေ့ရှိ လူတစ်ယောက်၏ နောက်ကျောကို ညွှန်ပြလိုက်သည်။

" ဟေး၊ ကောင်လေး ချောချောလေးတစ်ယောက်ကို တွေ့ပြီထင်တယ်။ မြန်မြန်လိုက်ကြည့်ရမလား "

ထိုသို့ပြောပြီးသည်နှင့် သူမသည် ထိုလူအနောက်သို့ အမြန်လိုက်သွားခဲ့သည်။

ကျူးရှောင်ကျောင်းသည် ထိုလူ၏ နောက်ကျောကိုမြင်သောအခါ သူမ အမြင်မှားသည်ဟု ထင်ပြီး အလျင်အမြန် စစ်ဆေးလိုက်သည်။

မာရီနာလိုက်နေသည့်လူမှာ ယဲ့ဖန်ပင် ဖြစ်လေသည်။

ယဲ့ဖန် ကင်မရာရှေ့၌ အရှက်ကွဲမည်ကို စိုးရိမ်သဖြင့် သူမ အံ့အားသင့်သွားကာ သတိပေးရန် ပြင်လိုက်သည်။

သို့သော် နောက်ဆုံးတွင် သူမ ထိုအကြံကို စွန့်လွှတ်ခဲ့သည်။

ယဲ့ဖန်က မကောင်းတဲ့အတွေးရှိနေရင် အဲ့လိုဖြစ်ဖို့ ထိုက်တန်တယ် မဟုတ်လား။

ထို့ကြောင့် ကျူးရှောင်ကျောင်း စိတ်လှုပ်ရှားလာကာ ယဲ့ဖန် အရူးလုပ်ခံရမည်ကို မြင်ချင်လာသည်။

ထိုအတွေးကြောင့် မှတ်ချက်ထဲ၌ အမြန်ပင် ရေးလိုက်တော့သည်။

" သူနဲ့ အီစီကလီလုပ်၊ သူ့ကို ရွေးလိုက် "

ထိုအချိန်တွင် မာရီနာသည် ယဲ့ဖန်နားသို့ ရောက်နေပြီဖြစ်သည်။

သူမ အသက်ပြင်းပြင်း နှစ်ခါရှူပြီးနောက် လူအုပ်ထဲ၌ ရောနေသော ကင်မရာသမားကို အချက်ပြလိုက်သည်။

ထို့နောက် သူမ ယဲ့ဖန်သွားနေသောလမ်းကို ပိတ်ရပ်လေသည်။

" မင်္ဂလာပါ၊ အချောလေး "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ လှုပ်ရှားမှုကို ဂရုစိုက်နေရသောကြောင့် ထုတ်လုပ်ရေးအဖွဲ့အား ဂရုမစိုက်မိပေ။

မာရီနာမှ သူ့အား တားသည့်အခါ ကြောင်သွားသည်။

" ဘာကိစ္စလဲ "

" အချောလေး၊ ကွမ်းကုန်းဘုရားကျောင်းကို ဘယ်လိုသွားရမလဲ "

မာရီနာသည် သူမ၏ဆံပင်ကို သပ်လိုက်သည်။

သူမ၏ အတွေ့အကြုံများအရ ထိုအပြုအမူအား ခံနိုင်ရည်ရှိသည့် ယောက်ျားမရှိပေ။

" မသိဘူး "

ယဲ့ဖန် ခေါင်းခါပြီး သူမကို ကျော်ကာ ဆက်လျှောက်သွားတော့မည် ဖြစ်သည်။

မာရီနာ ကြောင်အသွားသည်။

သူမ ယောက်ျားများကို ပရောပရည်လုပ်သော အကြိမ်များအရ ထိုလူများသည် သူမ၏ ညှို့အားပြင်းသောအကြည့်ကို ကြည့်မိရုံဖြင့် ချွေးပျံလာကြသည်။

သို့သော် တစ်စုံတစ်ယောက်မှ သူမအား လျစ်လျူရှုသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

သူမ စိတ်ပျက်သွားခြင်း မရှိပါဘဲ ယဲ့ဖန်အနောက်ကို ဆက်၍လိုက်လေသည်။

" အချောလေး၊ ဒီလမ်းကို အခုမှ ပထမဆုံး ရောက်ဖူးတာလား။ တစ်ယောက်တည်းလား။ ကောင်မလေးရော မပါဘူးလား "

" မပါဘူး "

ယဲ့ဖန် ဖြစ်သလိုသာဖြေလိုက်သော်လည်း ခြေလှမ်းမှာတော့ ရပ်မသွားပေ။

ယဲ့ဖန်သည် ခြေတံရှည်၍ တစ်လှမ်းချင်းစီတိုင်းသည် အတော်ပင်အဝေးကို ရောက်စေသည်။

ထို့ကြောင့် မာရီနာသည် ယဲ့ဖန်ကို မီအောင်လိုက်ရန် အပြေးလျှောက်နေရသည်။

" ကောင်မလေးမရှိတာလား။ ကောင်မလေး ပါမလာတာလား "

သူမသည် လက်မလျော့ဘဲ သူ့ကို ထပ်၍ တားပြန်သည်။

******

All Chapters