လူရိုက်တာကို ဘယ်မျက်လုံးနဲ့ မြင်လိုက်တာလဲ
Vol. 71 Ch. 1419
ယဲ့ဖန်သည် မူလ၌ ပြေလည်ကောင်းမွန်စွာ ဆွေးနွေးချင်ခဲ့သည်။
သို့သော် ထိုအမျိုးသမီး၏ လွန်ကဲသော စကားလုံးများကို ကြားပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။
" ဒီလိုဆို ညှိနှိုင်းလို့ မရနိုင်တော့ဘူး မဟုတ်လား "
" ဘာကို ညှိနှိုင်းစရာ ရှိလို့လဲ။ နင်တို့ ထွက်သွားမှာလား၊ မထွက်သွားဘူးလား။ မထွက်သွားရင် ငါ ရဲခေါတော့မှာ "
ထိုအဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးသည် ယင်ကောင်ကို မောင်းထုတ်နေသကဲ့သို့ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူမသည် တံခါးကို ပိတ်တော့မည် ဖြစ်သည်။
ဘန်း
ယဲ့ဖန် တံခါးကို ကန်ဖွင့်လိုက်သည်။
သူ၏ ခွန်အားသည် ပြင်းလွန်းသောကြောင့် အင်္ကျီအဖြူဖြင့် အမျိုးသမီးသည် မြေကြီးပေါ်သို့ လဲကျသွားသည်။
ထိုအမျိုးသမီးသည် အစပိုင်း၌ လန့်သွားပြီးနောက် အော်လိုက်သည်။
" လူကို ရိုက်နေပါတယ်။ လူကို နှိပ်စက်နေပါတယ်။ တစ်ယောက်ယောက် မြန်မြန်လာကြပါဦး ..... "
ထိုအခါ ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် ခုန်အုပ်ပြီး ယဲ့ဖန်၏ အဝတ်အစားများကို ဆုပ်ကိုင်လိုက်သည်။
" ကောင်းပြီလေ၊ နင်တို့က ငါတို့ကို ရိုက်ရဲတာလား။ ဒီနေ့ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ ..... "
ဗီလာဧရိယာအတွင်း လမ်းလျှောက်နေသူများမှာလည်း ထိုမြင်ကွင်းကို မြင်ပြီး စူးစမ်းကာ ဝိုင်းဖွဲ့လာကြသည်။
တစ်ချိန်တည်းမှာပင် လုံခြုံရေးယူနီဖောင်း ဝတ်ထားသော အမျိုးသားနှစ်ဦး ပြေးလာသည်။
" ဘာဖြစ်တာလဲ "
အရပ် ၁.၉မီတာနီးပါးရှိသော လုံခြုံရေးအစောင့်တစ်ဦးသည် အစပြု မေးမြန်းခဲ့ပြီး တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖန်အား သတိထားကာ အကဲခတ်ကြည့်သည်။
" လူငယ်လေး မာ၊ မင်း အချိန်ကိုက် ရောက်လာတာပဲ။ ဒီမှာ အရူးနှစ်ယောက်ရှိနေတယ်။ ငါ့အိမ်ရှေ့မှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေလို့ ငါတို့က ထွက်လာပြီး မေးတော့ သူတို့က ငါ့ကို ရိုက်တယ် .... "
အဖြူရောင်ညဝတ်ဖြင့် အမျိုးသမီးသည် ယဲ့ဖန်ကို လက်ညှိုးထိုးပြပြီး လုံခြုံရေးအစောင့်ကို ငိုလျက် ပြောသည်။
လုံခြုံရေးအစောင့်သည် ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်အား နက်မှောင်သောအမူအရာဖြင့် ကြည့်လိုက်သည်။
" မင်း ဘာလုပ်နေတာလဲ။ ဘာလို့ သီးသန့်အိမ်ရာထဲကို ဝင်လာတာလဲ။ ပြီးတော့ လူကိုတောင် ရိုက်ရဲသေးတာလား "
" မင်းရဲ့မျက်လုံးက ငါ လူရိုက်တာကို မြင်လိုက်လို့လား "
လုံခြုံရေးအစောင့်သည် ထိုမိန်းမများ၏ စကားကိုသာ နားထောင်သည်ကို ယဲ့ဖန် မြင်သဖြင့် ချက်ချင်း မေးလိုက်သည်။
" မမလေးချီအန်းက ဒီနေရာရဲ့ ပိုင်ရှင်ပဲ။ မင်းတို့ မှားပြီး အပြစ်တင်နေတာလား "
လုံခြုံရေးအစောင့်သည် ထိုအမျိုးသမီးနှစ်ဦးအား သိသူဖြစ်၍ သူသည် ယဲ့ဖန်ကိုသာ လူဆိုးအဖြစ် ဆုံးဖြတ်ထားပုံရသည်။
ယဲ့ဖန်မှ မဖြေမီ ကျူးရှောင်ကျောင်းသည် ထိုလုံခြုံရေးစီသို့ လျှောက်လာခဲ့သည်။
" သူတို့က ဒီနေရာကို ပိုင်တယ်လို့ ဘယ်သူပြောလဲ။ ဒီအိမ်က ကျွန်မမိသားစု ပိုင်တာ။ သူတို့ကသာ သူများအိမ်ထဲ ခွင့်ပြုချက်မရဘဲ နေနေတာ "
ဟား
ကျူးရှောင်ကျောင်းလပြောပြီးသည်နှင့် ဘေးမှ ပွဲကြည့်နေကြသော လူများမှ တီးတိုး ဆွေးနွေးကြသည်။
" သူမက မဟုတ်စကားတွေ ပြောနေတာ။ လူငယ်လေးမာ နင် သိပါတယ်။ ဥက္ကဌကျန်းက ငါတို့ကို ဒီမှာနေခွင့်ပေးထားတာ။ နင် ငါတို့အတွက် သက်သေပြပေးရမယ် "
ခရမ်းရောင်အင်္ကျီဖြင့် အမျိုးသမီးသည် လုံခြုံရေးအစောင့်ကို အမြန်ရှင်းပြသည်။
" ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ သိပါတယ် "
လုံခြုံရေးအစောင့်သည် သေချာ ပြန်ဖြေလေသည်။
ထိုအမျိုးသမီးနှစ်ယောက်အကြောင်းကို သူကြားဖူးသည်။
ဤအမျိုးသမီးနှစ်ယောက်သည် အိမ်ယာ၏ သူဌေးဖြစ်သူ ကျန်းယောင်းနိုင်၏ အငယ်အနှောင်းများ ဖြစ်သည်။
ဤကျန်းယောင်းနိုင်ဆိုသူသည် အိမ်ခြံမြေကုမ္ပဏီ၏ သူဌေးကြီး ဖြစ်ရုံသာမက အဆက်အသွယ်များစွာလည်း ရှိသည်။
သူ့လို လုံခြုံရေး အစောင့်တစ်ယောက်က ဒီလို အကောင်ကြီးကို ဘယ်လိုလုပ် စော်ကားရဲမှာလဲ။
" ဒီအိမ်က တကယ် ဥက္ကဌကျန်း အိမ်ပါ။ ဒီက မိန်းကလေးနှစ်ယောက်က ဒီမှာနေတာ တစ်နှစ်ကျော်ပြီ။ သူတို့အတွက် ငါ သက်သေလုပ်နိုင်တယ် "
လုံခြုံရေးအစောင့်သည် အားလုံးကြားနိုင်သည်အထိ ပြောလေသည်။
အားလုံးက သူ့ရှင်းပြချက်ကို ကြားသောအခါ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကြသည်။
အဲ့လိုဆိုတော့ သူတို့က လိမ်ဖို့ ရောက်နေကြတာလား။
လုံခြုံရေးအစောင့်သည် ထိုအမျိုးသမီးနှစ်ဦးအတွက် မှန်ကန်ကြောင်း သက်သေခံနေကြောင်း ကြားသောအခါ ကျူးရှောင်ကျောင်း နှာမှုတ်လိုက်သည်။
" နင်က သူတို့အတွက် သက်သေခံနေတာလား။ သူတို့ရဲ့ ပိုင်ဆိုင်မှုစာချုပ်ကို မြင်ဖူးလို့လား "
" အဲ့တာ ..... "
လုံခြုံရေးအစောင့်သည် ကျူးရှောင်ကျောင်း၏ မေးခွန်းကြောင့် တုန်လှုပ်သွားသည်။
ကျူးရှောင်ကျောင်းသည် မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။
" အိမ်ပိုင်ဆိုင်မှု လက်မှတ်ကို မမြင်ဖူးဘဲ သူတို့ပိုင်ကြောင်း သက်သေလုပ်ပေးဖို့ သတ္တိရှိတယ်လား။ နင့်ကို ဘယ်သူက ယုံကြည်မှုပေးလိုက်တာလဲ "
လုံခြုံရေးအစောင့်သည် စကားမပြောနိုင်တော့ဘဲ အကူအညီတောင်းရန် ထိုအမျိုးသမီးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
နောက်ဆုံး၌ ခရမ်းရောင် ၀တ်ထားသည့် အမျိုးသမီးမှ စကားစပြောသည်။
" ဟား၊ လုံခြုံရေးအစောင့်ရဲ့ စကားကိုမယုံရင် ဘာကို ယုံမှာလဲ "
" ကျွန်မက အိမ်ခြံမြေ ပိုင်ဆိုင်မှု စာချုပ်လက်မှတ်ကိုပဲ ယုံတယ်။ ပိုင်ဆိုင်မှု စာချုပ်လက်မှတ်ကို ပြရင် ချက်ချင်း ထွက်သွားပေးမယ် "
ကျူးရှောင်ကျောင်းသည် သူတို့ကို ဖြောင့်မတ်မှန်ကန်စွာ ကြည့်သည်။
ခရမ်းရောင် ၀တ်ထားသော အမျိုးသမီး၏ အမူအရာမှာ ခဏမျှ အေးခဲသွားပြီးနောက် နှာမှုတ်လိုက်သည်။
" အိမ်ခြံမြေ ပိုင်ဆိုင်ကြောင်း စာချုပ်လက်မှတ်ကို ဘာလို့ ပြရမှာလဲ။ နင့်မှာရော ပိုင်ဆိုင်ကြောင်း စာချုပ်လက်မှတ် ရှိလို့လား။ အဲ့တာကို ထုတ်ပြနိုင်ရင် ငါတို့ ချက်ချင်း ဖယ်ပေးလိုက်မယ် ..... "
" ရှင်ကိုယ်တိုင် ပြောတာနော် "
ကျူးရှောင်ကျောင်းသည် သူမစကားကို ပြီးအောင် မစောင့်ဘဲ ဖြတ်ပြောလိုက်သည်။
ပိုင်ဆိုင်မှု စာချုပ်လက်မှတ်ပုံကို သူမဖုန်းထဲမှ ရှာကာ လုံခြုံရေးအစောင့်ကို ပြခဲ့သည်။
" ရှင်တို့ အဲ့တာကို သေချာမြင်လား။ အဲ့တာကို မယုံသေးရင် စာချုပ်နဲ့ မှတ်ပုံတင်အချက်အလက်ကို တိုက်ပြီး စစ်ဆေးကြည့်နိုင်တယ်။ ကျွန်မနာမည်က ကျူးရှောင်ကျောင်း "
လုံခြုံရေးအစောင့်သည် ဓာတ်ပုံကို ကြည့်ရုံဖြင့် ယုံကြည်ပြီးသားဖြစ်သည်။
တစ်ဖက်သူသည် လိမ်၍ မရပေ။ ဓာတ်ပုံပြပါသော်လည်း စီမံခန့်ခွဲရေးရုံးသို့ သွားပြီး စစ်ဆေးလိုက်ပါက အမှန်ပေါ်မည် ဖြစ်သောကြောင့် လိမ်ရန် အကြောင်းမရှိလောက်ပေ။
ထိုသည်က ချက်ချင်း သူ့ကို အကျပ်ရိုက်စေသည်။
တစ်ဖက်၌ အိမ်ခြံမြေကုမ္ပဏီအား စီမံခန့်ခွဲသူ ကျန်းယောင်းနိုင်ဖြစ်ပြီး တစ်ဖက်မှာ ဤအိမ်ပိုင်ရှင်အစစ် ဖြစ်သည်။
မည်သူ့ကိုမှ စော်ကားရန် မတတ်နိုင်ပေ။
ကျူးရှောင်ကျောင်းသည် သူ့ကို လျစ်လျူရှုပြီး ထိုအမျိုးသမီးနှစ်ယောက်ဘက် လှည့်လိုက်သည်။
" ရှင့်ရဲ့ကတိကို အခုချက်ချင်း ဖြည့်ပေးလို့ရပြီ။ ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပေးပါ "
ခရမ်းရောင်အင်္ကျီဝတ်ထားသော အမျိုးသမီးသည် အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။
" ဟားဟားဟား၊ နင်က ငါတို့ကို ဓာတ်ပုံလေးတစ်ပုံလောက်နဲ့ လိမ်ဖို့ ကြိုးစားနေတာလား "
" ငါလည်း ဒီလိုဓာတ်ပုံမျိုးကို ပြင်လို့ရတယ်။ နင် ယုတ္တိရှိတာ လုပ်စမ်းပါ "
" လူငယ်လေး မာ၊ မြန်မြန် ဒီအရူးနှစ်ယောက်ကို မောင်းထုတ်လိုက်။ ငါတို့ပိုင်ရှင်တွေရဲ့ ပုံမှန်ဘဝတွေကို မထိခိုက်စေနဲ့ "
သို့သော် လုံခြုံရေးအစောင့်မာသည် ခြောက်သွေ့စွာသာ ပြုံးလိုက်ပြီး မလှုပ်ရဲပေ။
" ဘာဖြစ်နေတာလဲ။ နင်က ငါ့ကို သူဌေးကျန်းကို ခေါ်စေချင်နေတာလား "
လုံခြုံရေးအစောင့်မာ မလှုပ်မယှက် ဖြစ်နေသည်ကို မြင်ပြီး ခရမ်းရောင်အင်္ကျီဝတ်ထားသော အမျိုးသမီးသည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
လုံခြုံရေးအစောင့်သည် စိတ်ထဲ၌ သူ့ကိုယ်သူ ကျိန်ဆဲနေမိသည်။
အစောကြီးကတည်းက သိခဲ့လျှင် လာမည် မဟုတ်ပေ။
ကောင်းတယ်၊ အခု နှစ်ဖက်စလုံးကို စော်ကားမိပြီ။
ယဲ့ဖန်သည် ထိုလုံခြုံရေးအစောင့်မှ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို ပြောနိုင်သောကြောင့် သူ့အနားကို ချက်ချင်းဆွဲခေါ်လိုက်သည်။
" ပြော၊ ဒီမိန်းမနှစ်ယောက်ရဲ့ အခြေအနေက ဘာလဲ "
လုံခြုံရေးအစောင့်သည် ချက်ချင်းပင် စိတ်ရှုပ်သွားပုံရသည်။
" အိုး .... ကျွန်တော် တကယ် မသိပါဘူး။ ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ပါနဲ့ "
ထိုသို့ဖြင့် သူသည် ထွက်ပြေးရန် ပြင်ဆင်သည်။
သို့သော် ယဲ့ဖန်သည် သူ့ကို ဂုတ်မှ ပြန်ဆွဲလိုက်ပြီး လက်တစ်ဖက်တည်းနှင့် ချုပ်ကာ အားအနည်းငယ် ဖိလိုက်သည်။
လုံခြုံရေးအစောင့်၏ မျက်နှာသည် နာကျင်စွာ တုန်လှုပ်သွားသည်။
" ရပ် .... ရပ်လိုက်ပါ။ ပြောပြပါ့မယ် ..... "
ထိုမှသာ ယဲ့ဖန်သည် သူ့လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။
" ဒီနှစ်ယောက်က ကျန်းယောင်းနိုင်ရဲ့အငယ်အနှောင်းတွေပါ "
လုံခြုံရေးအစောင့်သည် နာကျင်နေသော လက်ကောက်ဝတ်ကို ပွတ်သပ်လျက် အသံတိုးတိတ်စွာဖြင့် ပြောသည်။
" ကျန်းယောင်းနိုင်က ဘယ်သူလဲ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ကျန်းယောင်းနိုင်က ယောင်းနိုင် Property Management Companyရဲ့ CEOပါ။ သူက ဒီအိမ်ရာတွေကိုလည်း စီမံပါတယ် "
" ပြီးတော့ ကျန်းယောင်းနိုင်က မြေအောက်ဂိုဏ်းတွေနဲ့လည်း ဆက်နွှယ်နေတယ်လို့ ကြားထားတယ်။ မင်းတို့ လှည့်စားနေတာ ရပ်လိုက်ဖို့ အကြံပေးတယ်။ မင်း သူတို့ကို မနိုင်လောက်ဘူး "
လုံခြုံရေးအစောင့်သည် ထိုအမျိုးသမီးနှစ်ယောက် ကြားသွားမည်ကို စိုးရိမ်စွာဖြင့် တီးတိုးရေရွတ်သည်။
ထိုစကားကို ကြားပြီးနောက် ယဲ့ဖန် နားလည်လိုက်သည်။
ထိုအမျိုးသမီးများသည် အခြားသူ၏အိမ်ထဲတွင် တရားမဝင်သော်လည်း နေရဲကြသည်မှာ အံ့ဩစရာမဟုတ်ပေ။
သူတို့သည် ထိုကဲ့သို့ နောက်ခံကြီး ရှိနေလေသည်။
" ကျွန်တော့်ကို ဥက္ကဌ ကျန်းရဲ့ ဖုန်းနံပါတ်ပေးပါ "
" ဘာ ... ဘာလဲ ...... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ "
ယဲ့ဖန်မှ ကျန်းယောင်းနိုင်၏ ဖုန်းနံပါတ်ကို လိုချင်ကြောင်း လုံခြုံရေးအစောင့် ကြားသောအခါ တုန်လှုပ်သွားသည်။
" ဘာမှမဟုတ်ဘူး။ ကျွန်တော်သူနဲ့ ဆွေးနွေးချင်လို့ "
ယဲ့ဖန်သည် မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိသည်။
လုံခြုံရေးအစောင့်သည် ခဏတာ တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးမှာ၌ ယဲ့ဖန်အား ဖုန်းနံပါတ်တစ်ခု ပေးလိုက်သည်။
အဓိကအကြောင်းအရင်းမှာ ယဲ့ဖန်သည် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်ကို မြင်နိုင်သောကြောင့် ကျန်းယောင်းနိုင်အား ပြဿနာမရှာဘူးဟု ထင်လေသည်။
ထို့အပြင် ယဲ့ဖန်မှလည်း ဤသည်မှာ ဆွေးနွေးမှုတစ်ခုသာ ဖြစ်သည်ဟု ပြောသည်။
******