မာမိသားစု၏ရွေးချယ်မှု
Vol. 57 Ch. 797
"ငါတို့ပေးရမယ့်တန်ဖိုးက ဘယ်လောက်တောင်လဲ သမားတော်ထန်…"
မာချန်းရီက မဆိုင်းမတွ မေးလိုက်သည်။
“နောက်ငါးနှစ်အတွင်း မာမိသားစုမှာ တစ်ဦးတစ်ယောက်တည်း မွေးဖွားလာတာ မဟုတ်ဘဲ ၃နှစ်အောက် ကလေးငယ်၁၀ဦးရှိရမယ်။ သူတို့လေးတွေရဲ့မျက်ခုံးကြားမှာ နှလုံးပုံစံရှိပြီး သူတို့တွေက မာမိသားစုရဲ့ကံကြမ္မာကို မျှခံပေးမယ်ဆိုပေမယ့် ၎င်းတို့အနက်မှ တစ်ဦးပဲ အသက်ရှင်ကျန်ရစ်လိမ့်မယ်။ ခင်ဗျားတို့မာမိသားစုက သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးဓာတ်ပါတဲ့ မှော်လက်နက်တွေနဲ့ ၅နှစ်တာ ကံကြမ္မာကောင်းကို နှိုးဆွစုဆောင်းဖို့ လိုအပ်တယ်။ နောက်ဆုံးမှာ ကောင်းချီးပေးဖို့ ဆုတောင်းတဲ့အနေနဲ့ မိသားစုဝင်တစ်ဦးရဲ့အသက်သက်တမ်းကို ၁၀နှစ် လျှော့ချရလိမ့်မယ်။”
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ရှူး…”
မာကျန်းဖုန်း၊ မာချန်းယုနှင့် မာမိသားစု၏ အခြားအကြီးအကဲလေးယောက်တို့သည် တစ်ပြိုင်နက်တည်း လေအေးတစ်ချက် ရှူမိကြကာ ထန်ရှုကို တုန်လှုပ်သော အမူအရာဖြင့် ကြည့်နေကြသည်။
ဒီတန်ဖိုးက အရမ်းကို ကြောက်ဖို့ကောင်းလွန်းနေသည် မဟုတ်ပါလော…
"ဒီရွေးချယ်မှုကို ခင်ဗျားတို့ ရွေးချယ်ရင် အကျိုးခံစားခွင့် လုံးဝမရသွားတာတော့ မဟုတ်ပါဘူး။"
ထန်ရှုက လေသံပြတ်ပြတ်ဖြင့် ပြောသည်။ “အသက်ရှင်နေတဲ့ကလေးက အနည်းဆုံး အနာဂတ်မှာ မာမိသားစုရဲ့ မျှော်လင့်ချက်ဖြစ်လာမှာပါ။ ခင်ဗျားတို့မိသားစုရဲ့ ဖုန်းရွှေဖွဲ့စည်းပုံကို ဖျက်စီးဖို့ ဆိုးသွမ်းတဲ့ ဖုန်းရွှေပညာရှင် မရှိသရွေ့ မာမိသားစု ဒီထက်ပိုပြီး ခိုင်မာလာ၊ ပိုချမ်းသာလာဖို့ကို အဲ့ဒီကလေးက ဦးဆောင်နိုင်မှာပါ။"
မာကျန်းဖုန်း အချိန်အတန်ကြာ ငြိမ်သက်သွားပြီး မချိပြုံး ပြုံးလိုက်ကာ ခါးသီးသောအမူအရာဖြင့်
"ဒါက မိသားစုအတွက် ကြီးမားတဲ့အရာဖြစ်နေတယ်။ ဒါကြောင့် မိသားစုရဲ့စီနီယာအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဖို့ လိုနေတယ် သမားတော်ထန်။"
"သူက တစ်လခွဲလောက်ပဲ ခံနိုင်ရည်ရှိတယ်။"
ထန်ရှု ကုတင်ပေါ်မှ အဘိုးအိုကို ညွှန်ပြပြီး
“ဒီအချိန် ခင်ဗျားဆုံးဖြတ်ချက်မချရင် သူ သေရုံတင်မကဘဲ ခင်ဗျားတို့မျိုးဆက်တွေ သူ့အာဏာကုန်တဲ့ချိန် မာမိသားစုလည်း ဆုတ်ယုတ်သွားလိမ့်မယ်။ နောက်ပြီး ကျွန်တော်က ရှန်ဟိုင်း အမြန်ပြန်ရမှာ ရှိသေးတယ်။ မနက်ဖြန် အရေးကြီးအရာတွေကို အချိန်ကာလတစ်ခုအထိ စီမံခန့်ခွဲဖို့ ရှန်ဟိုင်းမြို့ကနေ ထွက်။ ဒါကြောင့် ဒီမွန်းတည့်ချိန်အထိသာ ဆွေးနွေးပါ”
ဒီမွန်းတည့်ချိန်အထိပဲလား။
မာမိသားစု၏အဖွဲ့ဝင်များအားလုံး အမူအရာ ပြောင်းလဲသွားကြကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် မာကျန်းဖုန်းက လေးနက်စွာ ပြောလာသည်။
"ငါ့အဖေရဲ့ရောဂါကိုလည်း စမ်းသပ်ပေးနိုင်မလား။"
ထန်ရှုက ခေါင်းညိတ်ပြီး ကုတင်ဆီသို့ သွားလိုက်သည်။ သူသည် အဘိုးအို၏လက်ကောက်ဝတ်ကို ယူကာ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရာ သူ၏ကြိုတင်ခန့်မှန်းချက်နှင့်မကွာခြားသော အဘိုးအို၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သိရှိခဲ့လေသည်။ အခန်းထဲက ထွက်လာပြီး ပထမထပ်ကို ရောက်သောအခါ
“တိတ်ဆိတ်တဲ့ အခန်းတစ်ခန်း ပေးပါ။ ကျွန်တော် တစ်ခုခု ရေးဆွဲစရာ ရှိတယ်။"
"ဘယ်ဘက်စင်္ကြန်အဆုံးအခန်းက ငါ့အဖေရဲ့ စာဖတ်ခန်းပဲ။" မာကျန်းဖုန်းက ချက်ချင်း ပြောလာသည်။
ထန်ရှုက ခေါင်းညိတ်ပြပြီး စာဖတ်ခန်းဆီသို့ သွားလိုက်သည်။ သူသည် အခန်းထဲသို့ လျှောက်ဝင်လာရင်း သူ့မျက်စိရှေ့ မှ စားပွဲခုံထက်တွင် ရှိသော စုတ်တံ၊ မှင်ချောင်း၊ မှင်ကျောက်နှင့် စာရွက်များစသည့် ရှေးဟောင်းစာပေ လေ့လာသည့်ပုံစံကို သတိပြုမိသွားသည်။ ဤခေတ်တွင် လူအနည်းစုသာ ဤအရာကို "ပညာရှင်၏ရတနာလေးပါး" ဟု ခေါ်ကြဆဲဖြစ်သည်။ အခန်းပတ်လည်ရှိ နံရံများတွင် ရှေးခေတ်မှ လက်ရေးလှစာပန်းချီများနှင့်ပန်းချီကားများ၊ ယနေ့ခေတ် လက်ရေးလှစာပန်းချီများနှင့် ပန်းချီကားများ အပြည့် ရှိနေသည်။ ဤနေရာ၌ နေခြင်းဖြင့် ကွန်ဖြူးရှပ်အယူဝါဒနှင့် တာအိုဘာသာ၏ ယဉ်ကျေးမှုကို တန်ဖိုးထားလေးမြတ်စေသည်ကို ခံစားရစေပေမည်။
"တခြား ဘာတွေ လိုအပ်သေးလဲ သမားတော်ထန်"
မာကျန်းဖုန်းက မေးလာသည်။
"ဟင်္သာပြဒါးမင်နဲ့ အဝါရောင်စက္ကူ။ ခင်ဗျားရဲ့အဖေကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားရင် မဖြတ်တောက်ရသေးတဲ့ ကျောက်စိမ်း၁၀တုံးလည်း လိုတယ်။” ထန်ရှုက ဆိုလိုက်သည်။
"ငါ့လူတွေကို အဲ့ဒီပစ္စည်းတွေကို ရှာဖို့ ချက်ချင်း အမိန့်ပေးလိုက်မယ်။ နောက်ပြီး ဒီကိစ္စကို တခြားမိသားစုဝင်တွေနဲ့လည်း ဆွေးနွေးရဦးမှာမို့ မင်းကို ဒီမှာ အဖော်မလုပ်ပေးနိုင်တော့ဘူးကွာ။"
"လုပ်စရာ ရှိတာလုပ်ပါ။"
ထန်ရှုက ပြောလိုက်ရင်း
"သွားရင်းနဲ့ တစ်ယောက်ယောက်ကို ဒီနေရာ စားစရာလာပို့ခိုင်းပေးပါ။"
မာကျန်းဖုန်း တွေကနဲ ဖြစ်သွားပြီး ယခုအချိန်သည် မွန်းတည့်ချိန်ဖြစ်၍ ထန်ရှု နေ့လည်စာ မစားရသေးကြောင်း ရုတ်တရက် သတိရသွားသည်။ သူ၏တည်ကြည်သော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာရင်း ထန်ရှု၏တောင်းဆိုချက်ကို စီစဉ်ပြီးနောက် ကျန်မာမိသားစုဝင်များနှင့်အတူ ထွက်ခွာသွားလေသည်။
မိုအားဝူသည် စားပွဲရှေ့တွင် ရပ်ကာ မာကျန်းဖုန်း အပြင်ကနေ တံခါးပိတ်နေသည်ကို စောင့်ကြည့်နေသည်။ ထို့နောက်တွင် သူက လေသံတိုးတိုးဖြင့်
“သူတို့ကို ပါးပါးလှီးဖို့ သားလှီးဓားတစ်ချောင်းကို ပြင်ဆင်ထားတာဖြစ်နိုင်လား သူဌေး။”
“မာမိသားစုက သူတို့လိုအပ်တာထက် ချမ်းသာတယ်လို့ မင်း မထင်မိဘူးလား။”
ထန်ရှုက နှုတ်ခမ်းတွန့်ကာ ခပ်ဖွဖွ ပြုံးပြီး ပြန်မေးလိုက်သည်။
“ငါက ကြင်နာတတ် သဘောကောင်းတတ်တယ်ဆိုတာ မင်းလည်း အသိပဲ။ ဒါကြောင့် သူတို့ကို ပိုက်ဆံ နည်းနည်းသုံးဖို့ ဒါမှမဟုတ် တခြားရတနာတွေကို ဝေမျှပေးဖို့ ကူညီပေးရမှာပေါ့။ မင်းသိတဲ့အတိုင်း ဒီလိုကုသိုလ်ကောင်းမှုမျိုးဆိုတာ …”
“…”
မိုအားဝူတစ်ယောက် သူ့နှလုံးသား တွန့်လိမ်သွားပြီး ပြောစရာစကားမဲ့စွာဖြင့် ထန်ရှုကို ကြည့်လိုက်တော့သည်။
သူသည် ထန်ရှု၏အနောက်သို့ လိုက်ခဲ့သည်မှာ တစ်ရက် နှစ်ရက်မကတော့ပါချေ။ သူ့သူဌေးက တခြားလူများကို ပါးပါးလှီးမည့် လုပ်ရပ်များအား သူတုန်လှုပ်သွားအောင် ကြိမ်ဖန်များစွာ မြင်ခဲ့ရပြီးဖြစ်ပေသည်။
မကြာမီ ပို့ပေးလာသော အစားအသောက်များအား ထန်ရှုနှင့် မိုအားဝူတို့ စားသောက်ကြသည်။ ထို့နောက် မာမိသားစုမှ လိုအပ်နေသော ပစ္စည်းများအား ပေးပို့လာသည်။ ထိုသူတို့အား အခန်းအပြင်သို့ ထုတ်လိုက်ပြီးနောက် ထန်ရှုသည် ချက်ချင်းပင် သင်္ကေတများကို ရေးဆွဲကာ မှော်ပစ္စည်းအချို့ကို ထုတ်လုပ်လိုက်သည်။
နေဝင်ရီတရောအချိန်တွင် မာကျန်းဖုန်းသည် ထန်ရှု ခေတ္တနေထိုင်ရာ စာဖတ်ခန်းသို့ မှုန်ကုပ်ကုပ်အမူအရာဖြင့် ရောက်လာသည်။ ယခုတစ်ကြိမ်တွင် သူ၏ဒုတိယဦးလေး မာချန်းရီသာ လိုက်ပါခဲ့သည်။
ထိုသူတို့၏အမူအရာကိုကြည့်ရင်း ထန်ရှုသည် သူတို့ရွေးချယ်မှုကို ချက်ခြင်း ရှာတွေ့သွားသည်။ စိတ်ထဲမှ တိတ်တဆိတ် သူ သက်ပြင်းချပြီး ဘာမှမထူးခြားသော အမူအရာဖြင့် စကားစလိုက်သည်။ “ဘိုးဘေးကြီးမာကို စွန့်လွှတ်ဖို့ စိတ်ကူးထားပြီဆိုမှတော့ ကျွန်တော် ဘာမှ လုပ်စရာ မလိုတော့ဘူး။ ကျွန်တော် အခုပဲ ကောင်းမွန်တဲ့ သင်္ကေတနဲ့ မှောကိရိယာတွေကို လုပ်ပြီးသွားတယ်။ ဒါပေမယ့် ခင်ဗျားတို့ အဲဒါတွေကို မလိုတော့ဘူးဆိုတော့ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးလိုက်မယ်။"
မာကျန်းဖုန်းသည် ပထမဆုံး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ လေးနက်သောအမူအရာဖြင့် ပြန်ဖြေလာသည်။
“ကြည့်ရတာ ရလဒ်ကို မင်း ခန့်မှန်းပြီးတဲ့ပုံပဲ သမားတော်ထန်။ တကယ်တော့ ငါ အဖေ့ကို အရမ်းကို ကယ်တင်ချင်ခဲ့တာ။ ဒါပေမယ့် ငါ တကယ် ဘာမှ မတတ်နိုင်ခဲ့ဘူး။မာမိသားစုမှာ အဖွဲ့ဝင်တွေ အများကြီးရှိပေမယ့် တစ်မိသားစုလုံးအတွက် လာမယ့် ၅ နှစ်မှာ သားသမီး ၁၀ ယောက် မွေးလာမှာ မရှိဘူး…”
"ခင်ဗျားရဲ့အခက်အခဲတွေကို ကျွန်တော် နားလည်ပါတယ်။"
ထန်ရှုက သူ့စကားကို လက်ကို မြှောက်ကာ သူ့စကားကို ကြားဖြတ်လိုက်ပြီး
“ကောင်းပြီ … ဒါဆို ကျွန်တော် သွားတော့မယ်။ မနက်ဖြန် ဟင်္သာပြဒါးရိုင်းမင်နဲ့ ကျောက်စိမ်းတုံးတွေအတွက် တစ်ယောက်ယောက်ကို ငွေပို့ခိုင်းလိုက်မယ်။”
"ဒါပေမယ့် သမားတော်ထန် … မင်းမှာ ငါ့အဖေရဲ့အသက်ကို ယာယီထိန်းထားဖို့ နည်းလမ်းရှိလား။"
မာကျန်းဖုန်းက အမြန်ပြောလိုက်သည်။ "၁၀လလောက်ဆို လုံလောက်ပြီ။"
"ကျွန်တော် ခင်ဗျားပြောတာကို နားမလည်ဘူး။"
ထန်ရှု မျက်မှောင်ကြုတ်သွားသည်။
မာကျန်းဖုန်းသည် သူ့စိတ်ကို ကြံ့ကြံ့ခိုင်ကာ အံကိုတင်းတင်းကြိတ်ထားရင်း
“၁၀လအတွင်းဆိုရင် မာမိသားစုမှာ အဖွဲ့ဝင်အသစ်တွေ အများကြီးရှိလာမယ်။ ငါတို့မှာ လူသစ်တွေ များလာသရွေ့ ငါ့အဖေကို ကယ်တင်ဖို့ ငါတို့ ရွေးချယ်မှာပါ။"
ထန်ရှုသည် မျက်လုံးများကို မှေးစင်းကာ သူ့မျက်နှာကို ဂရုတစိုက် စိုက်ကြည့်လိုက်ပြီး
“ခင်ဗျားအဖေကို တစ်နှစ်ခွဲလောက် အသက်ရှည်စေဖို့ နည်းလမ်းတော့ ရှိတယ်။ ဒါပေမယ့် ခင်ဗျား ပိုက်ဆံ အများကြီး ကုန်ဆုံးလိမ့်မယ်။ မာမိသားစုက ဘယ်ဈေးလောက် ပေးနိုင်မလဲ မေးလို့ရမလား။”
"မင်းက ငါတို့ကို ပေးချေဖို့ ဘာကို ကမ်းလှမ်းတာလဲ။" မာကျန်းဖုန်းက မေးလိုက်သည်။
ထန်ရှုက မျက်လုံးများကို မှေးစင်းလိုက်ပြီး မသဲမကွဲ ပြောလိုက်သည်။
"တန်ဖိုးတစ်ခုအရဆိုရင် သူ့အတွက် အသက်ရှင်ဖို့ အချိန်ကို နှစ်ဆပေးနိုင်တယ်။"
ရှူး…
မာကျန်းဖုန်းနှင့် မာချန်းရီသည် အကြည့်ချင်း ဖလှယ်လိုက်ကြကာ ထန်ရှု ပေးအပ်မည့် သက်တမ်းနှင့် ထိုက်တန်သည့် ဈေးနှုန်းကို တိတ်တဆိတ် တွက်ချက်နေကြသည်။
အချိန်အတော်ကြာပြီးနောက် မာကျန်းဖုန်းက လေးနက်သောအသံဖြင့်
“မင်းရဲ့တောင်းဆိုမှုကို လွတ်လွတ်လပ်လပ် ပြောပါ သမားတော်ထန်။ ငါတို့မာမိသားစုက ငါတို့ရဲ့ တတ်နိုင်သလောက် အရာရာကို လုပ်မှာပါ။”
“သတ္တုရိုင်း…။ လက်သီးဆုပ်အရွယ်ရှိတဲ့ အဖိုးတန်သတ္တုရိုင်း ၁၀ ခုထက် မနည်းစေရဘူး။ ယွမ် ၁ဘီလီယံ ထပ်ပေါင်းထည့်ပေးရမယ်။ ဒါပေါ့ … ခင်ဗျားမိသားစုမှာ ကျွန်တော့်ကို စိတ်ဝင်စားစေတဲ့ အထူးအဆန်းပစ္စည်းတွေ ရှိနေရင် အဲ့ဒီ ၁ဘီလီယံလောက်က မလိုပါဘူး။"
မာကျန်းဖုန်းက ခဏလောက် စဉ်းစားပြီး “အဖိုးတန်သတ္တုရိုင်း ၁၀လုံးနဲ့ ယွမ် ၁ဘီလီယံ ရှိတယ်။ ကျေးဇူးပြုပြီး ဒီညနေ အချိန်ခဏလောက် ပေးပြီး ဒီည ၁၂နာရီမတိုင်ခင် မင်းလက်ထဲ ရောက်စေရမယ်လို့ ငါ အာမခံပါတယ်။”
“ကောင်းပြီ။”
ထန်ရှု သဘောတူလိုက်သည်။ ထို့နောက် ဘိုးဘေးကြီးမာ နေထိုင်သည့် ဒုတိယထပ်ရှိ အခန်းသို့ သူ တန်းရောက်လာသည်။ မာကျန်းဖုန်းနှင့် ကျန်သောသူများက သူ့နောက်ကို လိုက်လာချင်သော်လည်း ထန်ရှုက သူတို့ကို ဟန့်တားလိုက်သည်။ အခန်းထဲသို့ သူ ဝင်ပြီးနောက် သန့်စင်သော ဒဏ်ရာပျောက်ဆေးကို ထုတ်ကာ တစ်ဝက်ချိုးကာ ဘိုးဘေးကြီးမာ၏ပါးစပ်ထဲသို့ ခွံ့ကျွေးပြီးနောက် ဘေးသို့ လျှောက်သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
သန့်စင်သော ဒဏ်ရာပျောက်ဆေးတစ်ဝက်သည် ဘိုးဘေးကြီးမာ၏အသက်စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်စေရန် လုံလောက်ပေသည်။ ထို့အပြင် ဤဘိုးဘေးကြီးသည် ဤအဆောက်အအုံမှ ပြောင်းရွှေ့နေထိုင်ပါက နောက်ထပ်တစ်နှစ် နေထိုင်ရန်မှာ ပြဿနာရှိမည်မဟုတ်ပေ။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာရာ သုံးနာရီကျော်ခဲ့ပြီဖြစ်သည်။ ထန်ရှုသည် သူ့သွေးနှင့် ချီကို ထိန်းချုပ်ကာ သူ့မျက်နှာကို ဖျော့တော့စေပြီး နဖူးပေါ်တွင် ချွေးများထွက်ပေါ်စေရန် တမင်တကာ လုပ်လိုက်သည်။ ကုတင်ပေါ်တွင် သက်တောင့်သက်သာ အသက်ရှူနေပြီဖြစ်သော ဘိုးဘေးမာကို ကြည့်ပြီးမှ အခန်းထဲက ထွက်လိုက်သည်။
"သမားတော်ထန် … မင်း အဆင်ပြေရဲ့လား။"
ထန်ရှု၏သွင်ပြင်ကို မြင်ပြီးနောက် မာကျန်းဖုန်း၏ရင်ထဲတွင် တုန်လှုပ်သွားပြီး အလျင်စလို မေးလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်။" ထန်ရှုက အားယူပြုံးလိုက်ပြီး
"ကျွန်တော့်ရဲ့ချီနဲ့အသက်စွမ်းအားကို ဆွဲထုတ်ပြီး ဘိုးဘေးကြီးမာရဲ့ ခန္ဓာကိုယ်ထဲကို ထိုးသွင်းရတာကြောင့် စွမ်းအားတွေ အများကြီးကုန်သွားတယ်။ ခင်ဗျားအဖေကတော့ အချိန်ကျရင် နေပြန်ကောင်းလာပါလိမ့်မယ်။ ခင်ဗျား သူ့ကို ဒီအဆောင်တော်ကနေ ရွှေ့ပြီး ဒီမှာနေဖို့ တခြားလူကို လွှတ်ထားသရွေ့တော့ သူ့မှာ ပြဿနာရှိမှာ မဟုတ်ဘူး။”
“ငါ့အဖေကို တခြားနေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့က ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့က ဘာလို့ ဒီမှာနေဖို့ တခြားတစ်ယောက်ကို ပို့ရမှာလဲ။"
"လူ့ခန္ဓာကိုယ်ကိုယ်တိုင်က ခင်ဗျားတို့ ဖုန်းရွှေအစီအရင်ရဲ့မူလအစ ဖြစ်တာမို့ မာမိသားစု ကံကြမ္မာကောင်းတွေ ဆက်လက်ရရှိစေဖို့ဆိုရင် ကံကြမ္မာနဲ့ ကံတရားရဲ့ စွမ်းအားကို ဆက်လက်လက်ခံဖို့ ရွေးချယ်ထားတဲ့ ပါရမီရှင် အနည်းငယ် နေဖို့လိုမယ်။ နို့မဟုတ်ရင် ခင်ဗျားတို့မိသားစုရဲ့ ဖုန်းရွှေပုံစံက အကျိုးကျေးဇူးတွေ ပေးရုံတင်မကဘူး မိသားစုကိုပါ မြန်မြန်ဆန်ဆန် ကျဆင်းစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်တာအိုသံသရာရဲ့ ရလဒ်ကြောင့် သာယာဝပြောမှုဆိုတာက ဆုတ်ယုတ်မှုနဲ့ အမြဲဒွန်တွဲနေတာမလား။”
မာကျန်းဖုန်း ချက်ခြင်း သဘောပေါက်သွားသည့်တိုင် “လူသစ်ကရော ငါ့အဖေလို အခြေအနေမျိုးနဲ့ ကြုံမှာလား။”
“ဒီမှာ တစ်နှစ်ခွဲလောက် နေနေရတာက အဲ့ဒီလူအတွက် မကောင်းတာတွေ ရှိမှာမဟုတ်ပေမယ့် အကျိုးကျေးဇူးတွေတော့ ရလိမ့်မယ်။ ဒါတွေက ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတာ ခင်ဗျား နောက်တော့ သိလာမှာပါ။"
“ဒါဆို ငါ့အဖေကို ဖယ်ပြီးတာနဲ့ ဒီနေရာကို ပြောင်းရွှေ့ဖို့ တခြားတစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်။ ကျေးဇူးပြုပြီး အဖေရဲ့စာဖတ်ခန်းထဲ ခဏလောက်နေလို့ရမလား သမားတော်ထန်။ ငါ မြန်မြန် လုပ်ပါ့မယ်။ ပြီးတာနဲ့ ချက်ချင်းလာခဲ့မယ်။ အဲ့ဒီအခါကျရင် မင်းကို ပေးထားတဲ့ ကတိအတိုင်း အဖိုးတန်သတ္တုရိုင်း ၁၀တုံးနဲ့ ယွမ် ၁ ဘီလီယံ ယူလာခဲ့မယ်။”
“ကောင်းပြီ။”
ထန်ရှုသည် တနေ့ခင်းနှင့်တညနေလုံး ကံကြမ္မာနှင့် ကံတရား၏စွမ်းအားကို စုပ်ယူရန် အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် ဆယ်ပုံတစ်ပုံအောက်သာ စုပ်ယူနိုင်ခဲ့သောကြောင့် သည်အဆောင်မှ ချက်ချင်းပင်း မထွက်ခွာလိုပေ။ မနက်ဖြန် သူ့အတွက် လုပ်စရာတစ်ခုခု မရှိခဲ့ပါက သည်နေရာ၏ကံကြမ္မာနှင့် ကံတရား၏စွမ်းအားအားလုံးကို လုံးလုံးလျားလျား စုပ်ယူပြီးသွားသည့်အထိ သည်မှာပဲ နေရန် ကြိုးစားမိပေမည်။
ဤနေရာရှိ ကံကြမ္မာနှင့်ကံတရား၏စွမ်းအားသည် ချင်ဘုရင်၏တော်ဝင်ကျောက်စိမ်းတံဆိပ်တုံး ရတနာထဲတွင် ပါရှိသောအရာနှင့် ကွဲပြားကြောင်း မှတ်သားထားရမည်။ ဤနေရာရှိ ကံကြမ္မာနှင့် ကံတရား၏စွမ်းအားသည် အလွန်နူးညံ့သိမ်မွေ့ပြီး ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် ကြိုးပမ်းသောအခါတွင် ရူးသွပ်သွားခြင်းမရှိသော်လည်း ချင်ဘုရင်၏တော်ဝင်ကျောက်စိမ်းတံဆိပ်တုံးသည် အလွန်ကြီးမားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသောကြောင့် စုပ်ယူဖို့ ကြိုးစားပါက သူ့ကိုယ်သူ ဖောက်ခွဲလုနီးပါးဖြစ်ပြီး သေသွားပေလိမ့်မည်။
မာမိသားစုသည် ကောင်းမွန်သော နာမည်နှင့် ဂုဏ်သိက္ခာကို အမှန်တကယ် ပိုင်ဆိုင်ထားပေသည်။ နာရီဝက်လောက်စောင့်ပြီးနောက် မာကျန်းဖုန်း အမြန်ပြန်ရောက်လာသည်။ ထန်ရှု၏အရှေ့မှ စားပွဲပေါ်သို့ လင်ဗန်းဖြင့် ထည့်ထားသော အဖိုးတန်သတ္တုရိုင်း ၁၀တုံးကို တင်ရန် တောင့်တင်းသော လူ၅ ယောက်ကို စေခိုင်းလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းကာ ထိုလူများကို ထွက်သွားရန် အချက်ပြပြီးနောက် ဘဏ်ကတ်ကို ချက်ချင်းထုတ်ကာ "သမားတော်ထန် … ဒီဘဏ်ကတ်ထဲမှာ ယွမ် ၁ဘီလီယံ ရှိပြီး ပင်နံပါတ်ကို နောက်ကျောမှာ ရေးထားတယ်။ နောက်ပြီး ဒီအဖိုးတန်သတ္တုရိုင်း ၁၀မျိုးကိုလည်း အကဲဖြတ်ပါဦး။ ဒါတွေက မင်းကို စိတ်မဝင်စားစေဘူးဆိုရင် လဲလှယ်ဖို့ ငါ့လူတွေကို လွှတ်လိုက်မယ်။"
ထန်ရှုက ဘဏ်ကတ်ကို သူ့အိတ်ကပ်ထဲသို့ သိမ်းလိုက်ပြီး ဗန်းပေါ်က အဝါရောင်အစကို ဖယ်ကာ ငုံ့ကြည့်လိုက်ချိန်တွင် သူ ပထမဆုံး မြင်လိုက်ရသော အရာသည် အနက်ရောင်ကျောက်တုံးတစ်တုံး ဖြစ်နေခဲ့ချေသည်။
'ဒါက…'
ထန်ရှု၏မျက်လုံးများထဲတွင် မယုံကြည်ဟန်များ ဖြစ်ပေါ်လာကာ ရင်ထဲတွင် ပြင်းထန်စွာ ခုန်သွားရသည်။