← Chapters

တစ်ကိုယ်တည်း သွားခြင်း

Vol. 57 Ch. 798

တစ်ကိုယ်တည်း သွားခြင်း

Vol. 57 Ch. 798

နတ်ဆိုးကျောက်တုံးလား … ချိပ်ပိတ်ထားတဲ့ နတ်ဆိုးကျောက်လည်း မဟုတ်ဘူးမလား…

ထန်ရှုသည် ရင်ခုန်စွာဖြင့် သူ့လက်သီးဆုပ်အရွယ်ရှိ ကျောက်တုံးနက်ကြီးကို စိုက်ကြည့်နေသည်။ သူ ယခင်က တွေ့ဖူးသည့် နတ်ဆိုးကျောက်ဖြင့် ပြုလုပ်ထားသော ခေါင်းတလားငယ်လေးသည် ဒီကမ္ဘာနှင့် မသက်သောအရာဟု ယုံကြည်သောကြောင့် ထိုအတွင်းမှာ ရှိသော နတ်ဆိုးစွမ်းအားကို စုပ်ယူပြီးသည်နှင့် လျှော့သုံးရန် ဆုံးဖြတ်ထားသည်။

သို့သော် ဤအခိုက်အတန့်တွင် ကမ္ဘာမြေ၏ တစ်နေရာရာတွင် အမှန်တကယ်ရှိနိုင်သော နတ်ဆိုးကျောက်တုံး ဖြစ်ကြောင်း သူ နောက်ဆုံးတော့ သဘောပေါက်လာသည်။ နို့မဟုတ်ပါက ဤနေရာတွင် အခြားနတ်ဆိုးကျောက်တစ်ပိုင်း ရှိနေရန် မဖြစ်နိုင်ပါပေ။ သူသည် နတ်ဆိုးကျောက်တုံးကို လိုအပ်ပြီး နတ်ဆိုးကျောက်တုံး၏တည်ငြိမ်သော အထောက်အပံ့ ရပါက သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို အပြည့်အဝ မြှင့်တင်နိုင်ပြီး ကောင်းကင်စကြဝဠာ ကျင့်စဉ်ကျင့်ကြံမှုမှ ကြယ်များဖြင့် ဖွဲ့စည်းသော ခန္ဓကိုယ်အဆင့်အား ပြီးပြည့်စုံသည့်အဆင့်အထိ ခိုင်မာသွားစေမည်ဖြစ်သည်။

“မိသားစုခေါင်းဆောင်မာ … ဒီသတ္တုရိုင်းကို ဘယ်ကရလာတာလဲ။”

မာကျန်းဖုန်းကို ကြည့်ရင်း ထန်ရှုက လေးနက်သော အသံဖြင့် မေးလိုက်သည်။

မာကျန်းဖုန်းက စဉ်းစားလိုက်ပြီး

“ငါတို့ ဘယ်ကရတယ်ဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ ငါ့မိသားစုမှာ အဖွဲ့ဝင်တွေ အများကြီး ရှိပြီး ဂျူနီယာတွေက ပြင်ပကနေ အဖိုးတန်ပစ္စည်းတွေကို ရယူပြီး ချမ်းသာဖို့ ဒါမှမဟုတ် ရာထူးနဲ့ လဲလှယ်ဖို့အတွက် မိသားစုကို ပစ္စည်းတွေ ပေးအပ်ကြတယ်။ ဒီကျောက်က မာကျောလွန်းတာကြောင့် နတ်ဘုရားလက်နက်တောင်မှ အမှတ်အသားမကျန်အောင် စွမ်းဆောင်နိုင်တဲ့အတွက် အထင်ကြီးစရာ နည်းနည်းကောင်းလို့ ချန်ထားခဲ့တာ။”

"ဒါဆို ဒီသတ္တုရိုင်းအပိုင်းအစက ဘယ်ကလာတာလဲလို့ မေးဖို့ ခင်ဗျားကို အကူအညီတောင်းပါတယ်။ ကျွန်တော် ကျေနပ်လောက်တဲ့ အဖြေကို ပေးနိုင်ရင် ဘိုးဘေးကြီးရဲ့ ပြဿနာ ဒါမှမဟုတ် မာမိသားစုရဲ့ ပြဿနာကို အခမဲ့ ဖြေရှင်းပေးနိုင်ပါတယ်။"

မာကျန်းဖုန်း၏အမူအရာ ပြောင်းလဲသွားပြီး မဆိုင်းမတွ ခေါင်းညိတ်ကာ

“ကိစ္စ မရှိဘူး။ ငါ ချက်ချင်း စစ်ဆေးလိုက်မယ်။"

သို့သော် နာရီဝက်အကြာတွင် မာကျန်းဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။ ထန်ရှု၏မျက်နှာထက်မှ မျှော်လင့်ချက်ကို မြင်သောအခါ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

“ငါ မေးမြန်းစစ်ဆေးခဲ့ပြီးပြီ။ ဒီကျောက်တုံးကို လွန်ခဲ့တဲ့ နှစ်၆၀လောက်က အပြင်ကနေ မာမိသားစုက ယူလာခဲ့ပေမယ့် ဒီသတ္တုရိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ မချန်ထားခဲ့ဘူး။ နောက်ပြီး ယူလာတဲ့သူကလည်း လွန်ခဲ့တဲ့ အနှစ် ၃၀ကျော်လောက်က ကွယ်လွန်သွားခဲ့ပြီ။”

ထန်ရှု စိတ်ဓာတ်ကျစွာ ခေါင်းညိတ်လိုက်သည်။ ဤအဖိုးတန်သတ္တုရိုင်း ၁၀လုံးကို သိမ်းဆည်းပြီးနောက် သူက

“မာမိသားစုရဲ့ပြဿနာတွေကို ယာယီ ဖြေရှင်းပေးပြီးပြီဖြစ်လို့ ကျွန်တော် အကြာကြီး မနေတော့ဘူး။ တစ်နှစ်အတွင်း ခင်ဗျားတို့မိသားစုဆီကို ပြန်လာပြီး မာမိသားစုရဲ့ ဖုန်းရွှေတည်ဆောက်ပုံ ပြဿနာကို ပြီးဆုံးတိုင် ဖြေရှင်းပေးပါ့မယ်။"

"ကောင်းပြီ … ငါ မင်းကို လိုက်ပို့ပေးမယ်။"

မာကျန်းဖုန်းက ထန်ရှုအား တလေးတစားဖြင့် မာမိသားစုစံအိမ်အပြင်ဘက်ထိတိုင်အောင် လိုက်ပို့ပေးခဲ့သည်။ သူသည် ထွက်ခွာသွားသော ကားကို ကြည့်ပြီး တိတ်ဆိတ်တည်ကြည်နေသော မာချန်းရီအား လှည့်ကြည့်လိုက်ပြီး

"ဒုတိယဦးလေး … ဒီထန်ရှုက မရိုးရှင်းတာတော့ သေချာတယ်။ သူနဲ့ လုံး၀ ရန်ဘက်မဖြစ်ခဲ့ရလို့ ကံကောင်းသွားတယ်။ နို့မဟုတ်ရင် ကျွန်တော်တို့မိသားစု အတော် ဒုက္ခရောက်သွားမှာကို စိုးရတယ်။”

"မင်း မှန်တယ်။" မာချန်းရီက ခေါင်းညိတ်ထောက်ခံသည်။

"သူသာ နတ်ဆေးသမားတော်တစ်ယောက်သာဆိုရင် သူ့အတွက် ဒီလောက်အရေးကြီးတာကို ပေးဆောင်စရာ မလိုပေမယ့် သူက ထူးခြားတဲ့ ဖုန်းရွှေဆရာသခင်လည်း ဖြစ်နေတယ်။ ဒီခေတ်ပဲဖြစ်ဖြစ် ရှေးခေတ်ကပဲဖြစ်ဖြစ် ဖုန်းရွှေဆရာသခင်တွေကို ဘယ်သူက စော်ကားဝံ့လိုလဲ။ အဲ့လိုလူတွေကို စိတ်အနှောင့်အယှက်ဖြစ်သွားစေရင် ပြစ်မှုကျူးလွန်သူဘိုးဘွားတွေရဲ့သင်္ချိုင်းမှာ  ဆိုးဝါးတဲ့ ဖုန်းရွှေအစီအရင်ကို သေချာစွာ စီစဉ်ပြီး သူတို့ကို မမြင်ရဘဲ သတ်သွားလိမ့်မယ်။ ကျန်းဖုန်း … မင်းရဲ့ စတုတ္ထသားက အရမ်းကြမ်းတမ်းလွန်းတယ်။ တခြားသူတွေကိုပါ သတိပေးဖို့ မင်း သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်။”

မာကျန်းဖုန်းကိုယ်တိုင်က သူ၏စတုတ္ထသားအတွက် စိတ်ပျက်နေပေရာ

"အဲ့ဒီငမိုက်သားက ကျွန်တော်တို့မိသားစုကို ပျက်စီးလုနီးပါး ဖြစ်စေတယ်။ ဒီကိစ္စအတွက် သူ့ကို ကျွန်တော် ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်။ သူ နောင်တရပြီး စိတ်သစ်လူသစ်စနိုင်ဖို့ ဘိုးဘွားခန်းမထဲ သူ့ကို ၃နှစ်လောက်ပစ်ထားဖို့ ဦးလေးကို အပူကပ်ရတော့မှာပဲ။ နောက်ပြီး ထန်ရှုက ကျွန်တော်တို့မာမိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦးဆိုတာကိုလည်း သတင်းဖြန့်ရလိမ့်မယ်။ သူ့ကို ရန်သူအဖြစ် မြင်ဝံ့သူက ကျွန်တော်တို့မာမိသားစုနဲ့လည်း ရန်သူပဲ။”

မာချန်းရီက ချီတုံချတုံဖြင့် စောဒကတက်လာသည်။ “မင်းရဲ့ဆုံးဖြတ်ချက်က အတော် အလျင်လိုတယ်လို့ မထင်ဘူးလား။ ထန်ရှုရဲ့နောက်ခံကို ငါတို့ လုံး၀ မစစ်ဆေးရသေးဘူးလေ။”

မာကျန်းဖုန်း၏တည်ကြည်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး

“လွန်ခဲ့တဲ့ ၁၀မိနစ်က ကျွန်တော် သတင်းမက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့တယ်။ သူ့အထောက်အထားက ဘာလဲဆိုတာ ဦးလေး ခန့်မှန်းနိုင်မလား။”

"အဲ့ဒါ ဘာလဲ။"

မာချန်းရီက သူ့ကို စိုက်ကြည့်နေရင်း မြန်မြန် မေးလိုက်သည်။

“သူက ထန်မိသားစုရဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေပြီး အပြင်မှာ နေထိုင်ခဲ့တဲ့ မျိုးဆက်ပါ။ ထန်မိသားစုရဲ့ ဘိုးဘေးက သူ့ကို အတော်ချစ်တယ်လို့ ပြောကြတယ်။ သူ့မှာ ကျွမ်းကျင်သူတွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာ သိထားရမယ်။ ကျွန်တော့်စတုတ္ထသားရဲ့ ကိုယ်ရံတော်တွေကို မေးကြည့်ပြီးတော့ ထန်ရှုရဲ့ လူတွေကြားမှာ အနည်းဆုံး သိုင်းပညာရှင်ကြီးတစ်ဦး ရှိလိမ့်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။"

"သိုင်းပညာရှင်တွေက တခြားသူတွေအတွက် အလုပ် လုပ်ပေးနေတာလား။"

မာချန်းရီ ကြက်သေသေသွားရသည်။ ချက်ချင်းပင် သူက ခေါင်းတဆတ်ဆတ်ညိတ်ကာ

"ဟုတ်လိမ့်မယ်။ ထန်မိသားစုလိုမျိုး မိသားစုကပဲ သူ့ကို ကာကွယ်ဖို့ သိုင်းပညာရှင်တွေကို စေလွှတ်နိုင်တဲ့ အရည်အချင်းကောင်းတွေ ရှိနိုင်တယ်။"

ထိုညတွင် မာမိသားစု၏စတုတ္ထမြောက်သား မာရှောင်ရုန်သည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရပြီး သူ့မိသားစုမှ ပြင်းထန်စွာ အပြစ်ပေးခံရသည့် သတင်းသည် ထျန်းကျင်းတစ်လျှောက်နှင့် အိမ်နီးချင်းမြို့များစွာကိုပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အခြေအနေနှင့်စွမ်းရည်ရှိသူအချို့က မာတို့သည် ထန်ရှုနှင့် ခင်မင်ရင်းနှီးစွာဆက်ဆံခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ထန်ရှု … ဤအမည်အား ရွှမ်းချင်ပြည်နယ်ရှိ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှ နတ်ဆေးသမားတော်လေးအဖြစ် ယခင်က ကြားဖူးကြသည်။ သူ့အကြောင်း အမျိုးမျိုးသော မီဒီယာများတွင် သတင်းဖော်ပြမှုများစွာ ရှိခဲ့ပေသည်။

****

မင်းယွမ်အပန်းဖြေစခန်း …

ရန်ချီသည် ပျော့ပျောင်းသော ဆိုဖာထက်တွင် ငြိမ်သက်စွာ ဖျော့ခွေထိုင်နေရင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် သတင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူသည် ဗျူရိုကရေစီစနစ်ထဲတွင် အလုပ်လုပ်နေသူမဟုတ်သဖြင့် သတင်းများမှ အရေးကြီးသော နိုင်ငံရေးအကြောင်းအရာအချို့ကို သိရှိရန် မလိုအပ်သော်လည်း ဖခင်ဖြစ်သူက ငယ်စဉ်ကတည်းက သတင်းကြည့်တတ်သော အလေ့အထကို လေ့ကျင့်ပေးထားသောကြောင့် သတင်းကို ဆက်ပြီး စောင့်ကြည့်နေဆဲဖြစ်သည်။

ဒေါက် … ဒေါက်...

အလွှာအထပ်ထပ် ပါသည့် စကတ်အား ဝတ်ဆင်ထားသည့် မိန်းမချောလေးတစ်ယောက် တံခါးဝတွင် ရောက်လာသည်။ သူမသည် ရန်ချီရှေ့သို့ လျှောက်လာစဉ် ကြာပန်းပုံစံဖြင့် လှည့်ပတ်ကာ အပြုံးဖြင့်

"ဟေး … နင် ဘာတွေ စဉ်းစားနေတာလဲ။ သတင်းကို ကြည့်နေပေမယ့် နင့်စိတ်က တခြားနေရာမှာပဲ…”

"မင်း သိလား … ငါ သတင်းတစ်ခု ရခဲ့တယ်။"

ရန်ချီက မချိပြုံး ပြုံးပြပြီး

“စတုတ္ထမာက ခိုင်မာတဲ့သံချပ်ကြီးတစ်ခုကို ဝင်တိုက်မိလို့ လောလောဆယ် သူ့လူကြီးတွေက အပြစ်ပေးခံနေရတယ်။ အဲ့ဒါက တော်တော် ပြင်းထန်တယ်လို့ ပြောတယ်။ နောက်သုံးနှစ်ကြာတဲ့အထိ ငါတို့ သူ့ကို တွေ့မှာ မဟုတ်ဘူး။”

"အယ် …" မိန်းမချောလေး အံ့အားသင့်သွားသည်။ "ဘာဖြစ်သွားတာလဲ။ မာမိသားစုခေါင်းဆောင် မာကျန်းဖုန်းက သူ့ကို အမြဲတမ်း တုန်နေအောင် ချစ်တာ မဟုတ်လား။”

“အသေးစိတ်တော့ ငါ မသိဘူး။” ရန်ချီက ခေါင်းယမ်းလိုက်ပြီး

“ဒါပေမယ့် ဒါက ထန်ရှုနဲ့ ကျိန်းသေ သက်ဆိုင်လိမ့်မယ်။ မာမိသားစုက စတုတ္ထမာတစ်ယောက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတယ်ဆိုတဲ့ သတင်းကို ဖြန့်ပြီး မကြာခင်မှာ သူတို့က ထန်ရှုနဲ့ အရမ်းရင်းနှီးပြီး ထန်ရှုကို ရန်သူအဖြစ် မြင်သူတိုင်း မာမိသားစုရဲ့ရန်သူ ဖြစ်သွားလိမ့်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတယ်။”

“ဒီမာမိသားစုရဲ့မြေခွေးအိုကြီးတွေက ဒီလိုသတင်းတွေကို ထုတ်လွှင့်နိုင်တာလား” မိန်းမချောလေး အံ့သြသွားပြန်သည်။

"သူတို့က ထန်ရှုနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရတယ်။"

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ငါကိုယ်တိုင် အမှားနည်းနည်း လုပ်မိသွားတာ ဖြစ်နိုင်တယ်။” ရန်ချီက မချိပြုံး ပြုံးလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ။" အမျိုးသမီးလေးက ဆက်မေးသည်။

"ဒီနေ့ ငါတို့ မင်းယွမ်အပန်းဖြေစခန်းကို ထန်ရှု လာခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ငါ သူ့ကို မှတ်တောင် မမှတ်မိဘူး။" ရန်ချီက ရှင်းပြသည်။

“သူက နတ်ဆေးသမားတော်လေး ထန်ရှုလို့ နည်းနည်းလေးတောင် မတွေးမိဘူး။ နောက်ပြီး မင်း မသိသေးတာ ရှိသေးတယ်။ သူက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ နောက်ကွယ်က လျှို့ဝှက်သူဌေးကြီးဖြစ်တယ်။ ငါ တစ်စုံတစ်ခုကို စုံစမ်းစစ်ဆေးဖို့ လူတွေကို စေလွှတ်ထားပြီးပြီ။ သူ ... သူက ပေကျင်းမြို့ ထန်မိသားစုရဲ့ဂျူနီယာ ဖြစ်ပြီး ထန်ဘိုးဘေးကြီးရဲ့ အလေးအနက်ထားဆုံး ငယ်ရွယ်သူတစ်ယောက်ပဲ။"

“သူ့မှာ အရမ်းစွမ်းအားကြီးတဲ့ နောက်ခံနဲ့ အထောက်အထားရှိတာင်တောင် နင် သူ့ကို ဘာကိုအသိအမှတ်မပြုသေးတာလဲ။" ထိုမိန်းမချောလေးသည် အံ့သြနေဆဲဖြစ်သည်။

“နင် … နင် နားမလည်ပါဘူး။”

ရန်ချီက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

“သူက လုံကျန့်လင်းရဲ့အစ်ကိုကြီး ဖြစ်ပြီး သူတို့တွေ အတော်ဆက်ဆံရေးကောင်းကြတယ်။ လုံကျန့်လင်းမျက်နှာနဲ့ ငါသာ ထန်ရှုနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်နိုင်ခဲ့ရင် အဲ့ဒါက ငါ့အတွက်တင်မက ရန်မိသားစုအတွက်ပါ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ။ ထန်မိသားစုက တရုတ်နိုင်ငံရဲ့အကောင်းဆုံးမိသားစုတွေထဲက တစ်ခု ဖြစ်တာကို မမေ့နဲ့ဦး။”

“ဒါ…”

အမျိုးသမီးလေးသည် လိမ္မာပါးနပ်သူဖြစ်ပြီး အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။ ကွန်ရက်ချိတ်ဆက်ခြင်းနှင့် ထိုအရာမှ ပေးစွမ်းလာသည့် အကျိုးကျေးဇူးတွေကို စိတ်မဝင်စားသော်လည်း ရန်ချီတစ်ယောက် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်သွားခဲ့ပြီဆိုတာ သူမ မြင်နိုင်ပါသေးသည်။

****

ရှန်ဟိုင်း …

ထန်ရှုသည် ထျန်းကျင်းမှ ပြန်လာပြီးနောက် ချက်ချင်းပင် သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကျင်းမန်ကျွန်းသို့ ညအိပ်ရထားဖြင့် ထွက်ခဲ့သည်။ သူသည် တစ်ညတာ အိပ်စက်နိုင်စေရန်အတွက် အိပ်စင်ပါသော ခုံနေရာကို ဝယ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး ပြောင်းကာ သင်္ဘောစီးပြီးနောက် နေ့လည်တွင် ကျင်းမန်ကျွန်းသို့ ရောက်ရှိမည်ဖြစ်သည်။

ဤအချိန်တွင် ထန်ရှုသည် ကြယ်သုံးပွင့် အကြွင်းအကျန်ဝင်ရန် ခွဲတမ်းတစ်ခုသာ ရသောကြောင့် မိုအားဝူနှင့် ကျန်သောသူများကို  ခေါ်ဆောင်လာရန် နည်းလမ်းမရှိသဖြင့် ရှန်ဟိုင်းတွင် နေရန် အမိန့်ပေးခဲ့သည်။ သို့သော် မထွက်ခွာမီတွင် သူနှင့် နီးစပ်သူများကို အကြောင်းကြားထားပြီးဖြစ်သော်လည်း ခရီးရှည်ထွက်မည်ဟုသာ ပြောခဲ့သည်။ သူသွားမည့်နေရာအား မပြောပြခဲ့ချေ။

****

ကျင်းမန်ကျွန်း…

အရှေ့တောင်ဘက်ရှိ ဝေးလံခေါင်သီသော ဆိပ်ကမ်းငယ်တွင် ငါးနံ့သင်းနေသော တံငါသည်များစွာသည် ငါးဖမ်းလှေဟောင်းများနှင့်အတူ ကမ်းစပ်တွင် ရှိနေသည်။ ဝမ်ရှောင်ဒုန်တွင် ကိုယ်ပိုင် ငါးဖမ်းလှေရှိပြီး သည်ရာသီတွင် ပင်လယ်ထဲသို့ အမြဲလိုလို စူးစူးစိုက်စိုက်ဖြင့် ငါးဖမ်းထွက်ပြီး ငါးဖမ်းသမားများနှင့် အရောင်းအဝယ်လုပ်ခဲ့သည်။

သို့သော် ယနေ့တွင် ရာသီဥတုကောင်းပြီး နေရောင် တောက်ပနေသည့်ကြားမှ သူသည် အပြင်သို့ ထွက်ကြည့်ရန် အရိပ်အယောင်မရှိပေ။ သူ၏ငါးဖမ်းလှေကုန်းပတ်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းကာ လက်ပေါ်တွင် ခေါင်းအုံးကာ ခြေထောက်များကို ခွေခေါက်လျက် သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးသူများ၏အလုပ်များနေသော ပုံရိပ်များကို ကြည့်နေခဲ့သည်။ ရံဖန်ရံခါတွင် တံငါသည်အနည်းငယ်က သူ့ဆီသို့ ရွှင်မြူးစွာ ပြေးလာကာ ရောင်းဝယ်ကြပြီး သူကလည်း ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။

"မင်းက ဝမ်ရှောင်ဒုန်လား…"

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်သော လေးယောက်အဖွဲ့သည် ကမ်းစပ်တွင် ရပ်တန့်ကာ လူလတ်ပိုင်းအရွယ် ကြံ့ခိုင်သောအမျိုးသားက သူ့ကို မေးလာသည်။

ဝမ်ရှောင်ဒုန်သည် မျက်လုံးမှေးစင်းကာ ထိုသူ့ကို ကြည့်ကာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် ချက်ချင်းပင် လန့်သွားသည်။ သူ့အကြည့်များက အရပ်ရှည်ပြီး လှပသောအမျိုးသမီးနှစ်ယောက်ဆီ ရောက်သွားပြီး

“ဟုတ်တယ်။ ငါက ဝမ်ရှောင်ဒုန်ပါ။ မင်းက ဘယ်သူလဲ။ မင်းအတွက် ငါ လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိလား။"

"ငါက ကျူးလုံပါ။"

ကြံ့ခိုင်သော ကျူးလုံသည် ကုန်းပတ်ပေါ်သို့ ခုန်တက်ကာ သူ့ရင်ဘတ်အိတ်ကပ်မှ ယွမ်တစ်ရာတန် ငွေစက္ကူများကို ယူကာ ဝမ်ရှောင်ဒုန်ထံသို့ ပစ်ချလိုက်သည်။

“စရံငွေကို ဘဏ်ကနေတစ်ဆင့် မင်းရဲ့ဘဏ်ကတ်ထဲ လွှဲပေးလိုက်ပြီးဖြစ်တယ်။ မင်း လက်ခံပြီးပြီလို့ ငါ ယုံကြည်တယ်။ ငါတို့ရဲ့ရည်ရွယ်ချက်နဲ့ သဘောတူညီချက်ကို မင်း ရှင်းရှင်းလင်းလင်း သိပြီးသားပဲ။ ငါတို့လူတွေ ရောက်တဲ့အထိ စောင့်ပြီး ငါတို့ ထွက်သွားမယ်။"

ဝမ်ရှောင်ဒုန်သည် မျက်လုံးများကို မှေးစင်းထားရင်း သူ့လက်ထဲရှိ ယွမ်ငွေတစ်ရာတန် ငွေစက္ကူများကို ရေတွက်ရာ အနည်းဆုံး ယွမ် ၁၀,၀၀၀ ရှိမည်ဟု ခန့်မှန်းမိသည်။ သူ့စိတ်ထဲတွင် ရွှေတွင်း တူးမိပြီဟု တွေးပြီး ဝမ်းသာအားရဖြင့် ပိုက်ဆံကို သိမ်းကာ

“ကျူး … အစ်ကိုကြီးကျူးလုံ ဟုတ်တယ်မလား။ ချမ်းသာဖို့ ပိုက်ဆံက လွယ်တယ်။ မင်းကို ဝန်ဆောင်မှုပေးရတာ ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်လယ်ထဲမှာ ၁၀ရက်ကနေ ၁၅ ရက်လောက်အထိ နေဖို့ ရိက္ခာနဲ့ ရေလိုမျိုးပစ္စည်းတွေ အကုန် ပြင်ဆင်ပြီးသားပါ။ စကားမစပ် … မင်းနဲ့အတူ လူဘယ်နှစ်ယောက်သွားမလဲ။ ငါ့ငါးဖမ်းလှေလေးက လူနည်းနည်းပဲ လိုက်လို့ရမယ်။ မင်းတို့လေးယောက်အပါအဝင် ဒီလှေကလေးက ၁၀ယောက်ပဲ ဆန့်တယ်။"

"လူတစ်ယောက်ပဲ ကျန်တော့တယ်။"

ကျူးလုံက ဂရုမစိုက်သော လေသံဖြင့် ပြောသည်။

ဝမ်ရှောင်ဒုန်က ချက်ချင်း စိတ်အေးလက်အေး ဖြစ်သွားပြီး

“ဒါဆို ဆုတောင်းပေးပါတယ် အစ်ကိုကြီးကျူးလုံ … သမုဒ္ဒရာရဲ့ခမ်းနားမှုကို ခံစားဖို့ ဒီတစ်ကြိမ် ပင်လယ်ကို သွားတာမလား။ ပြောချင်တာက မင်းတို့ရဲ့အမူအရာနဲ့ ဝတ်စားထားတဲ့ ဝတ်စုံကို ကြည့်ရင် မင်းတို့အားလုံး တော်တော်ချမ်းသာတယ်။ ဒါပေမယ့် ဇိမ်ခံရွက်လှေကို ငှားမယ့်အစား ငါ့ငါးဖမ်းလှေကို ဘာလို့ ငှားတာလဲ။"

All Chapters