ပျက်သုဉ်းနေသော ကမ္ဘာ
Vol. 47 Ch. 701
အားတုသည် ရေဟု စဉ်းစားမိလိုက်သောအခါ သူ၏ အက်ကွဲကာ သွေးစို့နေပြီဖြစ်သော နှုတ်ခမ်းကို မနေနိုင်ဘဲ လျက်လိုက်မိသည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် သိုလှောင်လက်စွပ်ထဲမှ သတ္တုဓရေတစ်ဘူးကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး သူ့ထံသို့ ကမ်းပေးလိုက်သည်။
"သခင်ကြီး ဒါက..."
အားတုသည် သူ့လက်ထဲမှ ကြည်လင်နေသော ရေကိုကြည့်ပြီး မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
"ရေလေ မင်းတော်တော် ရေငတ်နေပုံပဲ၊ သောက်လိုက်ပါ"
အားတုသည် မှင်တက်စွာ ရပ်နေမိသည်။
ရေ!
ပြီးတော့ အညစ်အကြေးတစ်စက်မှမရှိဘဲ အလွန်ကြည်လင်တောက်ပနေသော ရေလည်းဖြစ်သည်။
အာတုသည် ထိုရေ၏အဆင့်ကို မည်သို့ခွဲခြားရမှန်းမသိပေ။ ဒါက စတုတ္ထအဆင့် သန့်စင်ရေလား?
မဟုတ်သေးဘူး၊ သူ စတုတ္ထအဆင့် သန့်စင်ရေကို မြင်ဖူးသည်။ ထိုသည်မှာ အနီရောင်သန်းနေသော ရွှံ့ရေတစ်မျိုးပင်ဖြစ်သည်။
ဒါက အိမ်တော်ရှင်တွေပဲ သောက်သုံးနိုင်တဲ့ ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့် ရေ ဖြစ်နိုင်လောက်လား?
ထိုသို့တွေးမိလိုက်သောအခါ အားတု၏လက်များသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာသည်။
ထို့နောက် သူသည် သူ့ကိုယ်သူမထိန်းနိုင်ဘဲ အဖုံးကိုလှည့်ဖွင့်ကာ သတိတကြီးဖြင့် တစ်ငုံသောက်လိုက်သည်။
လတ်ဆပ်သောရေသည် ပါးစပ်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အားတု၏မျက်လုံးများလည်း ချက်ချင်း ပြူးကျယ်သွားသည်။
၎င်းသည် သူပုံမှန်သောက်နေကျရေကဲ့သို့ ပါးစပ်ထဲရောက်သည်နှင့် ပါးစပ်နှင့်လျှာတို့ ထုံကျင်သွားစေခြင်း မရှိပေ။
ဤရေသည် အလွန်ချိုမြပြီး သူ့ခန္ဓာကိုယ်မှ ချက်ချင်းစုပ်ယူသွားသဖြင့် မည်သည့်မသက်မသာမှုမှ မရှိချေ။
ဒီ... ဒီထိပ်တန်းအဆင့် သန့်စင်ရေထဲမှာ ဓာတ်ရောင်ခြည်မရှိဘူးလား?
အားတုသည် စိတ်ထဲတွင် ပေါ်လာသော အတွေးကြောင့် ထိတ်လန့်သွားသည်။
သူသည် ဘဝတစ်လျှောက်လုံး အောက်ခြေတွင် ရှင်သန်ရန် ရုန်းကန်ခဲ့ရသူတစ်ယောက်ဖြစ်သောကြောင့် ဓာတ်ရောင်ခြည်မရှိသော ထိပ်တန်းအဆင့် သန့်စင်ရေတစ်ဘူးမှာ သူ အိပ်မက်ပင် မမက်ဝံ့သောအရာ ဖြစ်သည်။
ထို့နောက် သူ့ရင်ထဲတွင် ပြင်းထန်သော နောင်တလှိုင်းလုံးကြီးများတစ်ခု လွှမ်းမိုးလာပြီး ထိုရေတစ်ငုံကို သောက်ခဲ့သည်အား နောင်တရမိသည်။
ထိပ်တန်းအဆင့် သန့်စင်ရေတစ်ငုံက ကောင်းမွန်တဲ့အရာများစွာနဲ့ လဲလှယ်နိုင်တယ် မဟုတ်လား
ကောင်လေးသည် သတ္တုရေဘူးကိုကိုင်ကာ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲလျက် ငြိမ်သက်စွာ ရပ်နေသည်ကို မြင်သောအခါ ရွှယ်အန်းသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် နားလည်သွားကာ မပြုံးဘဲ မနေနိုင်တော့ပေ။
"အားတု"
"သခင်ကြီး"
အားတုသည် သူ၏ စိတ်ပျက်မှုနှင့် အံ့အားသင့်မှုများမှ သတိပြန်ဝင်လာပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။
ရွှယ်အန်းက မြေပြင်ပေါ်ရှိ ဝံပုလွေသားရေကို ညွှန်ပြလိုက်ပြီး မေးလိုက်သည်။
"မင်းတို့မြို့မှာ ဒီပစ္စည်းတွေကို ကိုင်တွယ်တဲ့နေရာ ရှိလား"
အားတုလည်း ချက်ချင်းခေါင်းညိတ်လိုက်သည်။
"ရှိတာပေါ့၊ အရက်ဆိုင်က ဖုန်းဖန်ကျစ်က ဒီဝံပုလွေသားရေတွေကို ဝယ်ပါတယ်"
ရွှယ်အန်းသည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆို မင်းတို့မြို့ကို ငါ့ကိုလမ်းပြခေါ်သွား၊ မင်းအတွက် နောက်ထပ်ဆုလာဘ်တစ်ခု ရမယ်"
ထိုစကားကိုကြားသောအခါ အားတုသည် ခေါင်းကိုခါယမ်းလိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။
"သခင်ကြီး၊ သခင်ကြီးပေးတဲ့ရေက ဒီ ဝံပုလွေသားရေအားလုံးကို ဝယ်လို့ရလောက်ပါတယ်၊ ကျွန်တော့်ကို နောက်ထပ်ဆုလာဘ် ပေးစရာမလိုတော့ပါဘူး"
ထိုသို့ပြောပြီးနောက် အားတုသည် ထိုရေကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်ရှိ ဝံပုလွေသားရေအားလုံးကို စုစည်းကာ သူ၏ကျောပေါ်သို့ ထမ်းတင်လိုက်သည်။
"သခင်ကြီး၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
သူတို့သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အထီးကျန်ဆန်သော ကန္တာရကို ဖြတ်ကျော်ပြီးနောက် အရည်ပျော်နေသော ဖယောင်းတိုင်နှင့်တူသော ကတော့ပုံစံ တောင်တစ်ခုကို ပတ်ကာသွားကြသည်။
တောင်၏မျက်နှာပြင်သည် ဖန်သားကဲ့သို့ တောက်ပနေသည်။
ရုတ်တရက် သူတို့ရှေ့တွင် ယိုယွင်းပျက်စီးနေသော မြို့ငယ်လေးတစ်ခု ပေါ်လာသည်။
ထိုသည်မှာ မြို့ဟုခေါ်သော်လည်း အမှန်တကယ်တွင် မီတာငါးရာ၊ ခြောက်ရာခန့်ရှည်သော လမ်းတစ်လမ်းသာ ရှိသည်။
လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်တုံးနှင့်ရွှံ့များဖြင့် ပြုလုပ်ထားသော အိမ်များရှိပြီး ၎င်းတို့သည် မြို့၏အကောင်းဆုံးအိမ်များ ဖြစ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော လမ်း၏နောက်ကွယ်တွင် အိမ်ဟုပင်မခေါ်နိုင်လောက်အောင် ရိုးရှင်းလှသော တဲစုတ်အများအပြား ရှိသောကြောင့်ပင်ဖြစ်သည်။
"သခင်ကြီး၊ ဒါက မြစ်ကမ်းဘေးမြို့ပါ၊ ဒီ ဝံပုလွေသားရေတွေကို ရောင်းချင်တယ်ဆိုရင်တော့ အရက်ဆိုင်ကိုသွားပြီး ဖုန်းဖန်ကျစ်ကို ရှာရမှာပါ"
အားတုသည် ရွှယ်အန်းကို မြို့ငယ်လေးထဲသို့ လမ်းပြခေါ်ဆောင်ကာ ပြောလိုက်သည်။
လမ်းသည် ညစ်ပတ်နေပြီး မနှစ်မြို့ဖွယ်ကောင်းသော အနံ့တစ်ခုလည်း ထွက်နေသည်။
အားတုသည် ထူထဲသော ဝံပုလွေသားရေထုပ်ကြီးကို ကျောပိုးကာ ပေါ်လာသောအခါ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များမှာ အံ့အားသင့်သော အကြည့်များဖြင့် ကြည့်လာသည်။
"ဟေ့... ချန်မိသားစုက ကောင်လေး၊ မင်း ဒီတစ်ခေါက် နတ်ဆိုးဝံပုလွေသားရေတွေ ဒီလောက်တောင် ရခဲ့တာလား"
၀တုတ်နေသော မျက်လုံးတစ်ဖက်လပ်အမျိုးသားတစ်ဦးသည် တံခါးဝမှ ပေါ်လာပြီး သူ၏လက်ထဲတွင် ဓားမတစ်ချောင်းကိုပင် ကိုင်ထားသည်။
အားတုသည် ရွှယ်အန်းသာ ကြားနိုင်သော လေသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
"သခင်ကြီး၊ ဒီလူက မြို့ရဲ့အသားသည်ပါ၊ သူက တိရစ္ဆာန်အမျိုးမျိုးရဲ့အသားကို အထူးရောင်းချပြီး အိမ်တော်ရှင်တွေနဲ့လည်း အဆင်ပြေတယ်၊ ဒါကြောင့် သူ့ကိုမထိပါးတာ အကောင်းဆုံးပဲ"
ရွှယ်အန်းသည် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
ယခုအခါတွင် ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များမှ လူများစွာ ထွက်လာကြပြီး အားတုနှင့်ရွှယ်အန်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ရွှယ်အန်းသည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ထဲမှ အချို့သည် အလွန်ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိသည်ကို သတိပြုမိလိုက်သည်။
ဥပမာ အချို့တွင် စပျစ်သီးနှင့်တူသော အသားလုံးများရှိပြီး မြင်သူတိုင်းကို ကြက်သီးထစေသည်။
အခြားသူများမှာမူ ပြည်တည်နေသော အမာရွတ်များဖြင့် ဖုံးလွှမ်းနေသည်။
ဒါက ဓာတ်ရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေလား?
ရွှယ်အန်းသည် စိတ်ထဲတွင် တွေးလိုက်သော်လည်း သူ၏နှုတ်ခမ်းတွင် အပြုံးခပ်ရေးရေးသာ ထပ်ဟပ်နေသည်။
ထိုအခိုက်အတန့်တွင် အားတုသည် ကျယ်လောင်စွာ ပြေ။လိုက်သည်။
"ဒီနတ်ဆိုးဝံပုလွေသားရေတွေက အရက်ဆိုင်က ဖုန်းဖန်ကျစ် မှာထားတာတွေပါ၊ အသားသည်ကြီး... ခင်ဗျား လိုချင်လို့လား"
ဖုန်းဖန်ကျစ် ဟူသော စကားလုံးသုံးလုံးကို ကြားသောအခါ အသားသည်၏ မျက်နှာအမူအရာသည် ပြောင်းသွားပြီးနောက် ကောက်ကျစ်စွာ ရယ်မောလိုက်ကာ လှည့်ထွက်သွားသည်။
သူထွက်သွားသည်နှင့် ကျန်လူအုပ်သည်လည်း ကွဲသွားကြသည်။
အားတုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရွှယ်အန်းကို ရှေ့သို့ ဆက်လက်ခေါ်ဆောင်သွားသည်။
"သခင်ကြီး၊ ဒီလူတွေက သိပ်စွမ်းဆောင်နိုင်တာမျိုး မဟုတ်ပေမယ့် ရန်ဖြစ်လို့ ရွာသူကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ဒုက္ခရောက်နိုင်တယ်၊ ကံကောင်းတာက သူတို့အားလုံး ဖုန်းဖန်ကျစ်ကို ကြောက်ကြတယ်"
သူတို့သည် စကားပြောနေစဉ်မှာပင် အခိုင်ခံ့ဆုံးနှင့် အသပ်ရပ်ဆုံးအိမ်တစ်လုံး၏ ရှေ့သို့ ရောက်လာကြသည်။
တံခါးတွင် မူလအရောင်ကိုပင် မခွဲခြားနိုင်လောက်အောင် ညစ်ပတ်နေသော ကန့်လန့်ကာတစ်ဝက် ချိတ်ဆွဲထားပြီး အတွင်းမှ ဆူညံသံနှင့် ရယ်မောသံများ ထွက်ပေါ်နေသည်။
"သခင်ကြီး၊ ဒါက မြို့ရဲ့အရက်ဆိုင်ပါ"
ထိုသို့ပြောပြီးနောက် အားတုသည် ကန့်လန့်ကာကိုမကာ ဝင်သွားလိုက်သည်။
ရွှယ်အန်းလည်း နောက်မှ လိုက်ဝင်လာသည်။
အိမ်ထဲသို့ ဝင်ရောက်လိုက်သောအခါ ဈေးပေါသောရေမွှေးနှင့် အရက်တို့ ရောနှောနေသော အနံ့တစ်ခုသည် သူတို့၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ဤနေရာသည် မှောင်မိုက်နေပြီး နံရံပေါ်တွင် မှိန်ဖျော့သော ဆီမီးခွက်တစ်လုံးသာ ထွန်းထားသည်။
လူများစွာသည် ဘားကောင်တာပတ်လည်တွင် စုရုံးနေသည်။
ထိုလူအုပ်ကြီးသည် ဘားကောင်တာတွင် ဆူညံနေကြခြင်းဖြစ်သည်။
ဘားကောင်တာပေါ်တွင် အဝတ်အစားနည်းပါးစွာ ဝတ်ဆင်ထားသော သွယ်လျသည့် အမျိုးသမီးတစ်ဦးမှာ ညှို့ငင်ဆွဲဆောင်စွာ ကခုန်နေပြီး တစ်ခါတစ်ရံ လူများထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အားတုနှင့် ရွှယ်အန်းတို့ ပေါ်လာခြင်းသည် ထိုနေရာရှိလူများထံမှ သိပ်အာရုံစိုက်မခံရပေ။
အစောင့်အနည်းငယ်၏ အကြည့်များပင် ထိုအမျိုးသမီးထံတွင် စွဲကပ်နေကြသည်။
အားတုသည် ရှေ့သို့တိုးပြီး စကားအနည်းငယ်ပြောလိုက်မှသာ အစောင့်များသည် ပျင်းရိစွာဖြင့် နောက်ဘက်သို့ ညွှန်ပြလိုက်ကြသည်။
အားတုလည်း ပြောလိုက်သည်။
"သခင်ကြီး၊ ဖုန်းဖန်ကျစ်က အနောက်မှာပါ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
အရက်ဆိုင်၏ ပင်မခန်းမကို ဖြတ်သွားလျှင် ရှည်လျားသော စင်္ကြံတစ်ခုသို့ ရောက်သည်။
အားတုသည် စင်္ကြံအဆုံးသို့ ရောက်ခါနီးတွင် ဆံပင်မရှိသော ၀တုတ်နေသော အမျိုးသားတစ်ဦးသည် အမှောင်ထဲမှ ထွက်ပေါ်လာသည်။
"မင်း ဘာလိုချင်လို့လဲ?"
"ကျွန်တော် ဖုန်းဖန်ကျစ်ဆီကို ဝံပုလွေသားရေ လာပို့တာပါ"
ထို၀တုတ်နေသောအမျိုးသားသည် အားတု ထမ်းလာသော နတ်ဆိုးဝံပုလွေသားရေများကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏အကြည့်သည် ရွှယ်အန်းထံသို့ ရောက်သွားသည်။
"သူက ဘယ်သူလဲ"
"ဒီသခင်ကြီးက နတ်ဆိုးဝံပုလွေတွေကို သတ်ခဲ့တဲ့သူပါ၊ ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်ပါ"
အားတုက မိတ်ဆက်ပေးလိုက်သည်။
ဒုတိယအဆင့် ဆာမူရိုင်း!
ထိုသည်ကိုကြားသောအခါ ဆံပင်မရှိသော ၀တုတ်နေသည့်အမျိုးသား၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ စကားပြောတော့မည်အပြုတွင် အခန်းထဲမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မြစ်ကမ်းဘေးမြို့ကို အဆင့်မြင့်ဆာမူရိုင်းတစ်ယောက် မရောက်တာကြာပြီ၊ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ"
အားတုသည် တိတ်တဆိတ် သက်ပြင်းချလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"သခင်ကြီး၊ သခင်ကြီးက ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်ဆိုတာ မှတ်ထားပေးပါ"
ရွှယ်အန်းက အပြုံးငယ်တစ်ခုပေးလိုက်ပြီး သူ့နောက်သို့ လိုက်ကာ အခန်းထဲသို့ ဝင်လာသည်။
ထိုနေရာတွင် လှပစွာ အလှဆင်ထားသော အခန်းတစ်ခန်းဖြစ်သော်လည်း အထဲသို့ဝင်လိုက်သည်နှင့် လူတိုင်း၏အကြည့်သည် အလယ်တွင် ထိုင်နေသော အလွန်ဝသော အမျိုးသားထံသို့ ရောက်သွားမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် ၎င်းကို အဘယ်ကြောင့် ဖုန်းဖန်ကျစ်ဟု ခေါ်သည်ကို နားလည်သွားသည်။
အဘယ်ကြောင့်ဆိုသော သူသည် အလွန်ဝသောကြောင့်ပင်ဖြစ်သည်။
သူ၏ ပေါင်သုံး၊လေးရာခန့်ရှိသော ကိုယ်အလေးချိန်ကြောင့် ထိုင်နေသည့်အခါ အသားတောင်ကြီးတစ်ခုနှင့်တူလှသည်။
ထို့အပြင် သူ၏ အလွန်ဝဖြိုးသော ခေါင်းပေါ်တွင် ကြောက်စရာကောင်းပြီး အရုပ်ဆိုးသော အကျိတ်တစ်ခု ရှိနေသည်။
၎င်းသည် မြင်သူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောက်သည်။