ခမ်းနားကြီးကျယ်သည့် လူနှင့်ခွေး အတွဲ
Vol. 3 Ch. 35
“သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရပြီ … အဲဒီခွေးက လူတစ်ယောက်ကို စားပစ်လိုက်တယ် …”
“သူမက တစ်ကိုယ်လုံး မျိုချ ခံလိုက်ရတာ … နည်းနည်းလေးတောင် မကျန်ဘူး … အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ် မဟုတ်လား …”
ထောင်နှင့်ချီသည့် ကျောင်းသားများသည် ဖန်သားပြင်ပေါ်ရှိ ခွေးဖြူကြီးအား ကြောင်အစွာ ကြည့်နေမိကြသည်။
ငယ်ရွယ်လှပသည့် မိန်းမပျိုလေး တစ်ဦးသည် ကြောက်မက်ဖွယ် သားရဲကောင်၏ ရက်ရက်စက်စက် ဝါးမျိုခြင်းကို ခံလိုက်ရသည့် မြင်ကွင်းမှ သူတို့အားလုံး ရုန်းမထွက် နိုင်ကြသေးပါ။
“သူတို့တွေက သူငယ်ချင်းတွေ မဟုတ်ကြဘူးလား … ဒီကောင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး တိုက်ခိုက်နိုင်တာလဲ …”
“ငါမျှော်လင့် ထားသလိုပဲ … ဒီခွေးက တော်တော်လေး ပုံမှန် မဟုတ်ဘူး … ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ကျန်တဲ့သူတောင် ဖြစ်ရင် ဖြစ်ဦးမယ် …”
“အဲဒီခွေးက ဘာတွေဖြစ်နေတယ် ဆိုတာ တစ်ယောက်ယောက်များ ပြောပြနိုင်မလားဗျာ …”
“အားလုံး…”
လူအားလုံး တိတ်ဆိတ် နေစဉ်မှာပင် မမျှော်လင့်ထားသည့် အရာတစ်ခု ထပ်မံဖြစ်ပွား လာပြန်သည်။ ဧရာမ ခွေးဖြူကြီးသည် ပါးစပ်ကို ဖွင့်လိုက်သည့်အခါ ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
“သောက်ခွေးနဲ့မှ … ဒီခွေးက ရွှေအလင်းတွေပါ ထုတ်နိုင် နေတာလားဟ …”
ကျောင်းသားများက အလန့်တကြား ဖြစ်နေကြ ပြန်သည်။
“ခဏလေးကွ … အဲဒီ ရွှေအလင်းက ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြားရဲ့ အလင်းပဲ ဖြစ်ရမယ် …”
ကျောင်းသား အချို့က အသိပြန်ဝင် လာပြီးနောက် သူတို့စိတ်ထဲတွင် သံသယများစွာ ဖြစ်ပွားနေကြသည်။
***
တောင်ထွတ်တစ်ထောင် တောအုပ်အတွင်း …
တပိုင် ပါးစပ်မှနေ ရွှေရောင်အလင်း ထွက်လာသည်ကို မြင်တွေ့မှသာ အန်လင်းသည် သက်ပြင်းချ နိုင်တော့သည်။ သူတို့၏ အားထုတ်မှုသည် အောင်မြင်သွားပြီ ဖြစ်သည်။
စုရှောင်လန်၏ တောင်းဆိုမှုကြောင့် တပိုင်က မျိုချခဲ့ရခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွဲ နေစဉ်အတွင်း စုရှောင်လန်သည် သူမ၏ ကောင်းကင်ဇာမဏီ နတ်ဘုရား သွေးဆက်မှ ရရှိသည့် စွမ်းအား အကုန်လုံးကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ ထိုစွမ်းအားသည် အချိန်တိုအတွင်း ပြန်လည် ဖြည့်တင်းဖို့ရန် အလွန်အမင်း ခက်ခဲပေသည်။
ထို့အပြင် သူမသည် အစွမ်းကုန် ရှိသမျှကို စောင့်ကြည့်နေသည့် ဆရာများအား ပြသပြီး ဖြစ်သည်။
နတ်ဘုရား သွေးဆက်၏ အစွမ်းမရှိဘဲနှင့် စုရှောင်လန်သည် ခွန်အားအကုန် သုံးပြီး တိုက်ခိုက်ဖို့ရန် မဖြစ်နိုင်ပေ။ အကယ်၍ ဆက်လက် တိုက်ခိုက်မည် ဆိုလျှင် သူမအတွက် အလွန်ခက်ခဲပေမည်။ ထို့ကြောင့် တိုက်ပွဲ ကွင်းပြင်မှနေ စောနိုင်သမျှ စောစီးစွာ ထွက်ခွာ လိုက်ခြင်းက သူမအတွက် ပိုကောင်းပေသည်။
ထိုကြောင့် တပိုင်သည် စုရှောင်လန်အား အလောတကြီး မျိုချလိုက်ခြင်း ဖြစ်သည်။
တပိုင် အစာအိမ်ထဲ ရောက်ရှိသည်နှင့် စုရှောင်လန်သည် သူမ ကျန်ရှိသည့် ခွန်အားများဖြင့် ဖောက်ထွက်ရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် သူမ ခန္ဓာကိုယ်ရှိ စွမ်းအင် များကိုလည်း တပိုင်မှ စုပ်ယူလိုက်ပြီ ဖြစ်သည်။ ထိုအခြေအနေသည် အမှန်တကယ်ကို မျှော်လင့်ချက် မဲ့စေသည်။
ထိုနည်းဖြင့် သူမ၏ ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြား အသက်ဝင် လာခဲ့သည်။
ထို့ကြောင့် စုရှောင်လန်သည် အခြား မည်သည့် ဆင်းရဲဒုက္ခကိုမျှ မခံစားတော့ဘဲ တိုက်ပွဲကွင်းပြင်မှ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုနည်းလမ်းသည် မမျှော်လင့်ဘဲ အမှန်တကယ် အလုပ် ဖြစ်ခဲ့သည်။
အန်လင်းသည် မေးစေ့ကို ပွတ်လျက် အတွေးထဲ နစ်မျော နေသည်။
“တပိုင်ရေ … ငါမင်းကို တစ်ခုလောက် တောင်းဆိုလို့ ရမလား …”
“ဘာလဲ …”
“ငါက အရမ်းကို သန်မာတဲ့ ပြိုင်ဘက်နဲ့ တွေ့လာမယ်ဆိုရင် ငါ့ကို မျိုချလိုက်ကွာ …”
“တပိုင် …”
စုရှောင်လန် ထွက်ခွာသွားသည့် နောက်တွင် အန်လင်းသည် တပိုင်နှင့်အတူ ပျံသန်းကာ အောင်ပွဲများ ဆက်လက် ရှာဖွေနေသည်။
***
ကျောက်စိမ်းဖြူရင်ပြင်တွင် ရွှေရောင် အလင်းတစ်ခု ပေါ်လာပြီး စုရှောင်လန်၏ ပိန်သွယ်သည့် ပုံရိပ်လေး ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် မန္တန်ဝင်္ကပါ၏ အားကောင်းသည့် ကုသခြင်းစွမ်းရည် အသက်ဝင်လာပြီး သူမ ခန္ဓာကိုယ်ရှိ ဓားချက်များကို စတင် ကုသတော့သည်။
“အားကောင်းလိုက်တဲ့ ကုသခြင်း စွမ်းရည်ပါလား …”
စုရှောင်လန်၏ လှပသည့် မျက်နှာလေးတွင် အံ့ဩသည့် အမူအရာများ ပေါ်လာသည်။ သူမ ဒဏ်ရာများသည် လျင်မြန်သည့်နှုန်းဖြင့် ကုသ ပျောက်ကင်း လျက်ရှိပြီး နာရီအနည်းငယ် အတွင်းမှာပင် အလုံးစုံ ပြန်ကောင်း လာနိုင်သည်။
ထိုအချိန်မှာပင် သူမနားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
“ကျောင်းသူ စု … ခွေးပါးစပ်ထဲကနေ လွတ်မြောက် လာတဲ့အတွက် ဂုဏ်ယူပါတယ် …”
ကျောင်းသား တစ်ယောက်သည် ဂရုဏာသက်သည့် မျက်နှာဖြင့် သူမအား ဆုတောင်းပေး နေသေးသည်။
“ကျောင်းသူစုရေ … ဒါတွေ အားလုံးကို အတိတ်မှာပဲ ထားလိုက်တော့နော် … အဲဒီ အဖြစ်အပျက်တွေကို ခံစားမနေနဲ့ …”
ထိုအချိန်မှာပင် နောက်ထပ် မိန်းမပျိုလေး တစ်ဦးက ပြောလာသည်။
“အမှန်ပဲ … အသက်ရှင်နေဖို့က အရေးအကြီးဆုံးပဲ … ခွေးတစ်ကောင်ရဲ့ မျိုချခံရတော့ကော ဘာဖြစ်လဲ … အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှရှက်နေစရာ မလိုဘူး …” အခြားကျောင်းသား တစ်ဦးက နှစ်သိမ့်သည်။
ချက်ချင်းဆိုသလိုပင် ကျောင်းသား အများအပြားသည် သူမအား ဂရုဏာသက်စွာ ကြည့်လာပြီး ကြင်နာစွာ နှစ်သိမ့်လာကြသည်။
“စုရှောင်လန်”
***
နှစ်နာရီ ကြာပြီးသည့် နောက်တွင် တောင်ထွတ် တစ်ထောင် တောအုပ်အတွင်း ကျန်ရှိသည့် ကျောင်းသားဦးရေမှာ တစ်ရာပင် မပြည့်တော့ချေ။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ပါရမီရှင်များ၏ တိုက်ပွဲများမှ လွဲ၍ ကျောင်းသားများ၏ အာရုံသည် အန်လင်း၏ တိုက်ပွဲများ အပေါ်တွင်သာ ရှိနေကြသည်။
အန်လင်းနှင့် တပိုင်သည် လေထဲတွင် လွတ်လပ်စွာ ပျံသန်း နေကြသည်။ သူတို့က ပြိုင်ဘက်ကို တွေ့လျှင် ကောင်းကင်မှ ဆင်းကာ ထိုးကြိတ်ကြသည်။
ကောင်းကင်မှ ဆင်းသက်လာသည့် လက်သီးချက်ကို မှတ်မိသေးလား …။
တောင်ခွင်း လက်သီးကွ …
ရွှေလက်သီး ဆင်းသက်လာသည့် အခိုက်အတန့်သည် တစ်ဖက် လူအတွက် အိပ်မက်ဆိုးများ စတင်လေသည်။
ဝန်ခံရမည်မှာ လူနှင့်ခွေး နှစ်ဦးပေါင်း၏ ထူးခြားသည့် တိုက်ခိုက်သည့် ပုံစံသည် လူများစွာ၏ စိတ်အာရုံကို သိမ်းပိုက် ထားနိုင်သည်။
အင်မော်တယ် အဆင့်ဇယားမှ ပါရမီရှင် အမြောက်အများ သည်လည်း ထိုအတွဲ၏ တိုက်ခိုက်မှုကြောင့် တစ်ဦးပြီး တစ်ဦး ပျောက်ကွယ် သွားကြရသည်။
သူတို့၏ ခမ်းနား ကြီးကျယ်သည့် စွန့်စားခန်း များကြောင့် အန်လင်းနှင့် တပိုင်တို့သည် နာမည်ကျော်လာကြပြီး အမည်တစ်ခုကိုပင် ရရှိလာကြသည်။
ထိုအမည်သည် ထောင်နှင့်ချီသည့် ကျောင်းသားများ အကြား အချိန်တိုလေး အတွင်းမှာပင် တစ်ဦးမှတစ်ဦးသို့ ပျံ့နှံ့သွားသည်။
သူတို့၏ အမည်မှာ … ခမ်းနားကြီးကျယ်သော လူနှင့်ခွေး အတွဲ …။
***
“ကြည့် ကြည့်… ခမ်းနားကြီးကျယ်တဲ့ လူနဲ့ခွေး အတွဲကတော့ အင်မော်တယ်အဆင့် ဇယားက နောက်ထပ် ပါရမီရှင် တစ်ယောက်ကို မျက်စိကျ နေပြန်ပြီဟေ့ …”
“အိုး … ဒီတစ်ကြိမ်တော့ ဘယ်လို ကံဆိုးတဲ့ကောင် အလှည့်လဲဟေ့ …”
“အဲဒါ ကျိုးချင်ယွမ်လေ … အင်မော်တယ်အဆင့် ဇယားရဲ့ နံပါတ်၉၂ပေါ့ …”
“အိုး … အရမ်းကို အားနည်းလွန်းတယ် … ရွှေလက်သီးကြီး တစ်ချက်နဲ့တင် ပွဲပြတ်သွားမယ်လို့ ထင်တယ် …”
“ငါတော့ အဲလောက်တောင် ရောက်မယ်လို့ မထင်ဘူး … ခွေးရဲ့ တစ်ချက် ပစ်တိုက်စာပဲ ရှိတယ် …”
ကျောင်းသား အားလုံးသည် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး ရင်ပြင်သည် လွန်စွာ အသက်ဝင်လျက် ရှိသည်။
အန်လင်းနှင့် တပိုင်တို့သည့် တိုက်ခိုက်သည့်အခါ ပုံစံ တစ်မျိုးတည်းကိုသာ အသုံးပြုကြသည်။ ကျောင်းသားများသည် သူတို့၏ တိုက်ကွက်ပုံစံများ အလိုက် နာမည်များ ပေးထားကြပြီး တစ်ဖက်လူသည့် မည်သည့် တိုက်ကွက်တွင် အဆုံးသတ်မည်ကို ကြိုတင် ခန့်မှန်း နေကြသည်။
***
တောင်ထွက်တစ်ထောင် တောအုပ် အတွင်းတွင်တော့ ကျိုးချင်ယွမ်သည် ဓားအား ကျောတွင်လွယ်ကာ ခရီးသွားလျက် ရှိသည်။ သူက တာအိုခန္ဓာ အဆင့်၁၀ရှိ ကျောင်းသား ၁၁ယောက်အား အနိုင်ရရှိထားပြီး ဖြစ်ကာ သူ၏ ဓားစွမ်းရည် သည်လည်း ကြောက်မက်ဖွယ် အဆင့်တစ်ခုတွင် ရှိနေသည်။
တဖက်လူက သန်မာတော့ကော ဘာဖြစ်လဲ … သူတို့ကို ချေမှုန်းဖို့ ငါ့ဓားတစ်ချက်ပဲ လိုတယ် …
“ပထမနှစ် တန်းခွဲ၁မှ အန်လင်း … သင်ပြပေးပါဦး …”
ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကျိုးချင်ယမ်သည် ကောင်းကင်သို့ ကြည့်လိုက်သည်။ အားကောင်သည့် တည်ရှိမှုကို ခံစားမိသဖြင့် သူက ပြန်အော် ပြောလိုက်သည်။ “ကောင်းတယ် … စတုတ္ထနှစ် တန်းခွဲ၂က ကျိုးချင်ယွမ် … သင်ပြပေးပါဦး …”
ကောင်းကင်မှနေ ရွှေလက်သီးတစ်လုံး ဆင်းသက်လာသည်။ ထိုက်တောင် တစ်လုံး၏ အလေးချိန်နှင့် ကျိုးချင်ယမ်ဆီသို့ ဦးတည် လာနေသည်။
“ဟဟဟဟ … ဘယ်လိုတွေတောင် အားကောင်းလိုက်တဲ့ အင်မော်တယ် မန္တန်လဲကွာ … ဘာအင်မော်တယ် မန္တန်ပဲဖြစ်ဖြစ် ငါ့ရဲ့ဓားတစ်ချက်နဲ့တင် … ဖူး… အား…”
ကျိုးချင်ယွမ် ပြောလို့ မပြီးခင်မှာပင် ကြီးမားသည် လေလက်ဝါးကြီးသည် လေထဲတွင် ပေါ်လာပြီး သူ့ရင်ဘတ်အား ရိုက်ချလိုက်သည်။
ဘုန်း …
လေလက်ဝါးဖြင့် ရိုက်နှက် ခံလိုက်ရပြီးနောက် ရွှေလက်သီးချက် သည်လည်း ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူသည် ချက်ချင်း ဆိုသလိုပင် မြေပြင်တွင် လဲကျသွားသည်။
ပါးစပ်မှနေ သွေးများ စီးကျနေသော်လည်း ကျိုးချင်ယွမ် မျက်လုံးများတွင် မယိုင်လဲသည့် ဆုံးဖြတ်ချက်များ ထင်ဟပ်လျက် ရှိနေသေးသည်။ “မင်းက တစ်ကြိမ်တည်းနဲ့ မန္တန်နှစ်ခုကို သုံးလိုက်နိုင်တာပဲ … တစ်ခုကို ဖုံးထားပြီး တစ်ခုကိုတော့ လှစ်ဟပ် ပြထားတယ် … အထင်ကြီးစရာပဲ …”
“အဲတော့ ဘာဖြစ်လဲ … ငါက အဲဒါကို ငါ့ရဲ့ ဓားချက် … ဖူး … အား …”
ကြီးမားသည့် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက် လာပြီးနောက် သူ့ခန္ဓာကိုယ်အား ဖိကြိတ်ထားသည်။ လေးလံသည့် ဖိအားသည် သူ့အား နောက်ထပ် တစ်ဖန် သွေးအန်စေသည်။
ကျိုးချင်ယွမ်သည် အတော်လေး မူးဝေနေပြီ ဖြစ်သည်။ သူ့အရှေ့တွင် ရှိနေသည့် ကြီးမားသည့် ပုံရိပ်ကို မြင်သည့်အခါတွင် မျက်လုံးများ မှေးကျဉ်း သွားသည်။ သူ့ပြိုင်ဘက်သည် လူတစ်ယောက် မဟုတ်ဘဲ ဧရာမ ခွေးကြီး တစ်ကောင်များလား …။
ဘာတွေများ ဖြစ်နေတာလဲဗျာ …။
ထိုခွေးဖြူကြီးသည် သူ့အား ရက်စက်သည့် အပြုံး တစ်ပွင့်ကိုပင် ပေးလိုက်သေးသည်။
မည်သည့်အရာများ ဖြစ်နေခြင်းကို သူ့စိတ်ထဲတွင် ရှုပ်ထွေး နေစဉ်မှာပင် ထိုဧရာမခွေးကြီး အပေါ်မှနေ လူတစ်ယောက် ဆင်းလာသည်။
ဝှစ် …
ထိုလူသည် ရူးလောက်အောင် မြန်ဆင်ပြီး သူ့အပေါ်သို့ ချက်ချင်း ဆိုသလို ခုန်တက်လာသည်။ ထို့နောက်တွင် ပြင်းထန်သည့် လက်သီးချက် များသည် မိုးစက်များကဲ့သို့ ကျဆင်း လာတော့သည်။
ကျိုးချင်ယွမ်သည် လက်သီးများဖြင့် ဖွတ်ဖွတ်ညက်ညက် ကြေအောင် အထိုးခံနေရာ စကားတစ်ခွန်း ပြောထွက်ဖို့ပင် အချိန်အကြာကြီး ယူလိုက်ရသည်။ “ခ … ခဏလေး နေပါဦး …”
ကျိုးချင်ယွမ်၏ စကားသံကို ကြားလိုက်ရသဖြင့် အန်လင်းသည် လက်သီးမိုးကို ရပ်တန့်လိုက်သည်။ “စီနီယာ … ဘာဖြစ်လို့လဲ … ဆက်ပြီး မတိုက်ခိုက်ချင် တော့လို့လား …” အန်လင်းသည် သူ့အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ကျိုးချင်ယွမ်သည် ထိုစကားအား ကြားလိုက်ရသည့်အခါ မျက်ရည်များကို မထိန်းထား နိုင်တော့ချေ။
မင်းဘာစကား ပြောလိုက်တာလဲ … ဆက်လက် တိုက်ခိုက်မယ် ဟုတ်လား … မင်းဆိုလိုတာ မင်းရိုက်တာကို ဆက်ခံရမယ်လို့ ပြောတာမဟုတ်လား … ဟမ် …
“သူငယ်ချင်းလေး အန်လင်း … မင့် ငါ့ဓားခုတ်ချက်ကို ရင်ဆိုင်နိုင်လား …”
ကျိုးချင်ယွမ်သည် ထိုစကားအား ခက်ခက်ပင်ပန်းစွာ ပြောဆိုရခြင်း ဖြစ်သည်။
သူ့အနေဖြင့် ထိုသို့တိုက်ခိုက်ရန် အချိန်အကြာကြီးပေးကာ လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ ထိုအကွက်အား မသုံးလိုက်ရပါဘဲနှင့် တိုက်ပွဲပြီးဆုံးသွားမည် ဆိုပါက သူ့အနေဖြင့် အတော်လေး ဝမ်းနည်းစိတ်ထိခိုက်ရပေမည်။
အန်လင်းမျက်နှာတွင် ထူးဆန်းသည့်အကြည့်များ ပေါ်ထွက်လာသည်။ “ခင်ဗျားရဲ့ ရာသီခွင်က ကန်လား …”
“ကျိုးချင်ယွမ် ”
ကျိုးချင်ယွမ်၏ အမူအရာကို မြင်သည့်အခါတွင် အန်လင်းမှာ ရယ်မော မိလေသည်။ “ခင်ဗျားက သေမျိုးဘာသာရပ်မှာ အဆင့်မမီသေးဘူးပဲ …”
“စိတ်ရှုပ်နေဆဲ ကျိုးချင်ယွမ်”
“ကောင်းပြီ … ကောင်းပြီ … ခင်ဗျားကို တစ်ကြိမ်တော့ ခွင့်ပြုလိုက်မယ် …” အန်လင်းက စိတ်ကုန်စွာဖြင့် ပြောသည်။
လူတစ်ယောက်သည် သေခါနီး အချိန်တွင် ခံစားချက်များအား ဖွင့်ထုတ်ခြင်း မရှိပါက အသေ မဖြောင့်နိုင်ကြောင်း သူသိသည်။
အန်လင်း၏ နောက်ဆုံးစကားအား ကျိုးချင်ယွမ် နားလည် သဘောပေါက်ပေ လိမ့်မည်။
သူ့မျက်နှာတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ “အဲဒါဆိုလည်း ကျေးဇူးပါ အန်လင်းရေ …”
သူ့ခန္ဓာကိုယ်အား ဖိကြိတ်ထားသည့် တပိုင်သည် ဘေးသို့ ဖယ်လိုက်သည်။ အန်လင်း သည်လည်း ဖြည်းညင်းစွာ လှုပ်ရှားလိုက်ပြီး တိုက်ခိုက်မှုမှ ကာကွယ်ရန် နေရာယူလိုက်သည်။
ကျိုးချင်ယွမ်သည် တိတ်ဆိတ်စွာဖြင့် အပျော်လွန်နေသည်။ အဖြစ်အပျက်များကို ပြောင်းပြန် လှန်နိုင်မည့် အခွင့်အရေးတစ်ရက် ရလာခဲ့လေပြီ။
ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော်လည်း တစ်ဖက်လူအား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ရန် ယုံကြည်ချက်ရှိသည်။
မြေပြင်မှနေ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူ့ခြေထောက် များသည် တုန်ရီနေသဖြင့် မတ်တတ်ရပ်ရန် မဖြစ်နိုင်ပေ။
ဓားကိုထုတ်ရန် ကြိုးစားလိုက်ရသည်။ သို့ပေမဲ့လည်း သူ့လက်မောင်း များသည် တပိုင်၏ ဖိကြိတ်ထားမှုကြောင့် လှုပ်ရှားမရနိုင်။
ကျိုးချင်ယွမ် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ သူက လှုပ်ရှားဖို့ရာ မဖြစ်နိုင်ပေ။
ကျိုးချင်ယွမ်၏ အခြေအနေကို မြင်ရသည့်အခါ အန်လင်းနှင့် တပိုင် တို့သည့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“အမ် … စီနီယာ … အကူအညီလိုလားဗျ …” အန်လင်းက စိုးရိမ်စိတ်ဖြင့် မေးသည်။
ကျိုးချင်ယွမ် မျက်လုံးထောင့်မှနေ မျက်ရည်များက ဖြည်းညင်းစွာ ကျဆင်း လာသည်။ ထိုမျက်ရည်သည် သူ့ဝမ်းနည်း စိတ်ထိခိုက်ရမှုတို့ကြောင့် ကျဆင်းလာခြင်း ဖြစ်သည်။
“အင်း … အင်း … အကူအညီလိုတယ် … အန်လင်းရေ … ကျေးဇူးပြုပြီး ငါ့ကို ရိုက်စမ်းပါ … ရွှေရောင် အကာအကွယ် ပေါ်လာတဲ့အထိ ရိုက်လိုက်စမ်းပါကွာ …”
***