မစောင့်နဲ့… တစ်ယောက်ချင်းစီ လာခဲ့
Vol. 10 Ch. 138
ဝှစ်…
ဝူမင်၏ စကားသံမဆုံးမီ လော့ချန်သည် သိုင်းပြိုင်စင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အခြားသူများ အံ့သြသွားကြသည်။ လော့ချန်က တကယ့်ကို စင်ပေါ်တက်လာရဲသည်ဟု မထင်ထားခဲ့ကြပေ။
“အားလုံးခင်ဗျာ… စတင်နိုင်ပါပြီ…”
လူအားလုံး သိုင်းပြိုင်စင်ပေါ်သို့ တက်လာသည့်အခါ လင်မိသားစုခေါင်းဆောင် လင်ကူးဖန်က ရွေးချယ်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။
လူအားလုံး လှုပ်ရှားရန် ပြင်ဆင်နေစဉ် ရုတ်တရက် အေးစက်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူမှ မလှုပ်နဲ့…”
ဝူမင်၏ အကြည့်များသည် လူအားလုံးထံမှ လှည့်လည်ကြည့်ရှုပြီးနောက် လော့ချန်ထံတွင် ရပ်တန့်သွားသည်။ သူက လက်သီးကို တင်းတင်းဆုပ်လျက် ရယ်မောဟန်ဖြင့် ပြောလိုက်သည်။
“ဒီကောင်လေးကို အရင်ဆုံး ရှင်းလိုက်မယ်…”
ဝူမင်၏ အာဏာသိမ်းဟန်ဖြင့် ပြုမူမှုကြောင့် လူအားလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။
သို့သော် ဤအချိန်တွင် သူ့ကို ပြဿနာရှာရန် မည်သူမျှ မလိုလားကြပေ။
ထို့အပြင် ပြိုင်ဘက်တစ်ဦး လျော့သွားလျှင် ပြိုင်ဆိုင်ရမည့်သူ တစ်ဦးလျော့သွားပြီး ကြည့်ကောင်းမည့် ပြဇာတ်တစ်ခုကိုပါ ကြည့်ရှုရမည်ဖြစ်သည်။ ဤသည်ကား မည်သူမဆို လိုလားမည့် အခြေအနေပင်ဖြစ်သည်။
ထို့ကြောင့် လျှပ်ယွမ်ဂိုဏ်းမှ တပည့်သုံးဦးမှလွဲ၍ ကျန်လူအားလုံးသည် သဘောတူညီချက်ဖြင့် သိုင်းပြိုင်စင်၏ အစွန်းသို့ လှမ်းသွားကြပြီး မည်သူမျှ လှုပ်ရှားရန် မကြိုးစားကြပေ။
မျက်ခုံးအမြင့်ညီသော တုတ်တိုတစ်ချောင်းကို ကိုင်ထားသည့် လျှပ်ယွမ်ဂိုဏ်းတပည့်တစ်ဦးက လော့ချန်ကို ကြည့်လျက် ပြုံးပြသည်။
“ကောင်လေး… မင်းက အရမ်းမာနကြီးတယ်မဟုတ်ဘူးလား… နောက်တစ်ခါ ထပ်ပြီးမာနကြီးကြည့်ပါဦး…”
ဝူမင်က လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ယှက်ထားလျက် မာန်ဖြည့်စွာ ပြောလိုက်သည်။
“အခုချက်ချင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်လိုက်… ဒါဆိုရင် မင်းကို ခွင့်လွှတ်ပေးဖို့ ငါစဉ်းစားပေးမယ်… မဟုတ်ရင်တော့…”
လော့ချန်က သူတို့နှစ်ဦးကို လူမိုက်တစ်ယောက်ကို ကြည့်သလို ကြည့်လျက် ခေါင်းခါလိုက်သည်။
“အမြဲတမ်း တချို့လူတွေက ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ… ကိုယ့်ကိုယ်ကို မသိဘဲ နေတတ်ကြတယ်… သနားစရာပဲ…”
“မင်းဘာပြောတယ်…”
ဝူမင်သည် ဒေါသအမျက်ထွက်လျက် အော်ဟစ်လိုက်သည်။
လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးသာရှိသည့် ရွှမ်ယွမ်ဂိုဏ်း၏ အသုံးမကျသူတစ်ဦးက သူ့ရှေ့တွင် မာနကြီးရဲသည့်အပြင် လူမိုက်ဟုပါ ပြောဆိုလာသည်။
လော့ချန်က လျှပ်ယွမ်ဂိုဏ်းမှ တပည့်သုံးဦးကို တစ်ချက်ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။
“ဒီနေ့ မင်းတို့တစ်ယောက်မှ ဒီတာဝန်နေရာကို ရတော့မှာမဟုတ်ဘူး… ကိုယ့်ဘာသာကိုယ် ပြန်ဆုတ်မလား… ဒါမှမဟုတ် ငါကိုယ်တိုင် မင်းတို့ကို ကူညီပေးရမလား…”
“ဝါး…”
ဤစကားထွက်လာသည့်အခါ တစ်ကွင်းလုံး အံ့သြသွားကြသည်။
လူအားလုံးသည် မယုံကြည်နိုင်သော အကြည့်များဖြင့် လော့ချန်ကို စိုက်ကြည့်နေကြသည်။
လူတစ်ဦး မည်မျှမာနကြီးသည်ဖြစ်စေ ကန့်သတ်ချက်တစ်ခုတော့ ရှိရမည်မဟုတ်ပါလား။
လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးသာရှိသူတစ်ဦးက ဝူမင်တို့သုံးဦးကို တမင်တကာ စိန်ခေါ်နေသည်တဲ့လား။
“ဟဲဟဲ… ကောင်လေး… မင်းက ဘယ်သူနဲ့ပြောနေလဲဆိုတာ မသိသေးဘူးထင်တယ်…”
မျက်ခုံးအမြင့်ညီသော တုတ်တိုကိုင်ထားသည့် လျှပ်ယွမ်ဂိုဏ်းတပည့်က အေးစက်စွာ ပြုံးလျက် ဝူမင်ကို ညွှန်ပြပြီး ပြောလိုက်သည်။
“စီနီယာဝူမင်က ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ်ကို နိုးထခဲ့သူဖြစ်ပြီး လျှပ်ယွမ်ဂိုဏ်းရဲ့ ပြင်ပစည်းအကြီးအကဲဆယ်ပါးထဲက အကြီးအကဲ ဆွန်ယင်ယန်ရဲ့ တပည့်ရင်းဖြစ်တယ်…”
ဆွန်ယင်ယန်…
လော့ချန်၏ မျက်ဆံများ ရုတ်တရက် ကျုံ့သွားပြီး နေရာတွင်ပင် မှင်တက်မိသွားသည်။ လက်သီးဆုပ်ထားသည့် လက်နှစ်ဖက်မှာ အနည်းငယ် တုန်ယင်လာသည်။
“ဆွန်ယင်ယန်… ဆွန်ယင်ယန်…”
ဤနေရာတွင် ဤအမည်ကို ကြားလိမ့်မည်ဟု လော့ချန် မထင်ထားခဲ့ပေ။
ညလယ်ခေါင်တွင် အိပ်မက်များထဲ၌ ဤအမည်သည် သူ၏ စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ဤသူ၏ သစ္စာဖောက်မှုကြောင့်သာ သူ၏ဖခင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သိုင်းပညာ ဆက်လက်မလေ့ကျင့်နိုင်တော့ဘဲ ထက်ဝက်မသန်စွမ်းသူတစ်ဦး ဖြစ်သွားရသည်။
လင်ကျန်းမြို့အပြင်ဘက်တွင် ဆွန်ယင်ယန်၏ မာန်တက်ကြွလျက် သူတို့သားအဖနှစ်ယောက်ကို ပုရွက်ဆိတ်သဖွယ် မထီမဲ့မြင်ပြုသည့် အမူအရာနှင့် ဖခင်၏ ပင်ပန်းဆင်းရဲမှုပြည့်သော မျက်လုံးများကို လော့ချန် ပြတ်ပြတ်သားသား မှတ်မိနေသည်။
ဤအရာအားလုံးသည် ထိုသူကြောင့်သာ ဖြစ်ပေါ်ခဲ့ရခြင်းပင်။
အခြားသူများ၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားသည်။
ဝူမင်၏ နာမည်ကို မကြားဖူးသော်လည်း ပြင်ပစည်းအကြီးအကဲဆယ်ပါးမှ အကြီးအကဲ၏ တပည့်ရင်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို သူတို့သိကြသည်။
အကြီးအကဲ၏ တပည့်ရင်းများသည် ဂိုဏ်းမှ အဓိကအားဖြင့် ပြုစုပျိုးထောင်ပေးထားသူများဖြစ်ပြီး အရည်အချင်းထူးချွန်ကာ တိုက်ပွဲစွမ်းရည်များသည် မျိုးဆက်တူများထဲတွင် ထိပ်တန်းဖြစ်သည်။ အနာဂတ်တွင် ဂိုဏ်း၏အတွင်းစည်းသို့ ဝင်ရောက်နိုင်ပြီး အကန့်အသတ်မရှိသော အလားအလာများရှိသည်။ သာမန်ပြင်ပကျောင်းသားများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
လူအားလုံး၏ အကြည့်များ ပြောင်းလဲသွားသည်ကို ခံစားမိသည့်အခါ ဝူမင်သည် မျက်လုံးထဲတွင် မာန်တက်ကြွမှုများ ပြည့်လျက် မေးဖျားကိုပါ မော့ထားလိုက်သည်။
“ဘယ်လိုလဲ… အခုထိ မာနကြီးနိုင်သေးရဲ့လား…”
မျက်ခုံးအမြင့်ညီသော အပြာရောင်ဝတ်ရုံဝတ် လူငယ်က လော့ချန်၏ မျက်နှာသည် သွေးဆုတ်နှင့်သွားသည်ကို မြင်လျက် သူထိတ်လန့်သွားသည်ဟု ထင်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
“ရှူး…”
လော့ချန်သည် နှာခေါင်းမှ သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လျက် ဝူမင်ကို မော့ကြည့်သည်။ သူ၏ အကြည့်များသည် မိုးကောင်းကင်ကို ဖြတ်ကျော်သွားသော အေးစက်သော လျှပ်စီးတစ်ခုနှယ် ထက်ထက်ရှရှ ဖြစ်နေသည်။
“စိတ်မကောင်းပါဘူး... မင်းတို့တော့ ဒီနေ့ငါနဲ့တွေ့တာ ကံဆိုးမှုတစ်ခုပဲ... မင်းတို့သုံးယောက် ဒီစင်ပေါ်ကနေ အလျားလိုက် ထွက်သွားရတော့မယ်…”
‘ဆွန်ယင်ယန်က ငါ့ဖခင်ရဲ့ဘဝကို ဖျက်ဆီးခဲ့သူပဲ…’
ဆွန်ယင်ယန်ကို တွေ့ခဲ့သည့်အချိန်မှစ၍ လော့ချန်သည် ဤသူကို ရာပေါင်း၊ ထောင်ပေါင်းများစွာ ပြန်လည်ပေးဆပ်စေရန် ကျိန်ဆိုခဲ့သည်။
ယနေ့တွင်တော့ ထိုသူ၏ တပည့်ရင်းကို ဦးစွာ စတင်ရှင်းလင်းမည်ဖြစ်သည်။
ဤစကားထွက်လာသည့်အခါ နေရာ၌ရှိသူအားလုံး ထိတ်လန့်သွားကြသည်။ ဤသူ အရူးဖြစ်သွားပြီလား။ သို့မဟုတ် ပြင်ပစည်းအကြီးအကဲဆယ်ပါးမှ အကြီးအကဲ၏ တပည့်ရင်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို လုံးဝမသိပေ။ ဝူမင်၏ အထောက်အထားကို သိပြီးနောက်တွင်လည်း ဤမျှထိတ်လန့်ဖွယ်ရာ စကားများကို ပြောဆိုနိုင်သေးသည်တဲ့လား။
“ဟား... ဟား... ဟား…”
ဝူမင်လည်း တစ်ခဏ မှင်တက်မိသွားပြီးနောက် ဒေါသထွက်လျက် ရယ်မောလိုက်သည်။
“ကောင်လေး… မင်းကို ဘဝင်မြင့်သူတစ်ယောက်လို့ မြင်ခဲ့မိတာ ငါမှားသွားပြီ... တကယ်တော့မင်းက ဘဝင်မြင့်ရုံတင်မကဘူး… မိုးမြေမသိတဲ့ မိုက်မဲသူတစ်ယောက်ပဲ…”
လျှပ်ယွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီး ဆွန်ယင်ယန်ထံမှ တပည့်အဖြစ် လက်ခံခံရပြီးနောက် ဝူမင်သည် ဤသို့သော မထီမဲ့မြင်ပြုမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။
ထို့အပြင် သူ့ကို မထီမဲ့မြင်ပြုသူမှာ သူ့ထက် စွမ်းအားအဆင့်များစွာ နိမ့်ကျသော ရွှမ်ယွမ်ဂိုဏ်းမှ တပည့်တစ်ဦးဖြစ်နေသည်။
ဤမျှဆိုးဝါးသော မထီမဲ့မြင်ပြုမှုကို ခံရသူမှာ လူမိုက်မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။
“စီနီယာဝူမင်… ဒီကောင်နဲ့ စကားအလဟဿ မဖြုန်းနဲ့တော့… သူ့လက်တွေ ခြေထောက်တွေကို ရိုက်ချိုးလိုက်ပြီး သူ့ပါးစပ်က ဒီလိုဘဝင်မြင့်နိုင်သေးလားဆိုတာ ကြည့်လိုက်ရအောင်…”
မျက်ခုံးအမြင့်ညီသော အပြာရောင်ဝတ်ရုံဝတ် လူငယ်က ဒေါသတကြီး အော်ဟစ်လျက် လော့ချန်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အားမာန်ဝင့်စွာ ပြေးဝင်လာသည်။
“ကောင်လေး… လဲကျလိုက်စမ်း…”
ရက်စက်စွာ ပြုံးလျက် အပြာရောင်ဝတ်ရုံဝတ် လူငယ်သည် တုတ်တိုကို လျှပ်စီးကဲ့သို့ အရှိန်ဖြင့် လော့ချန်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။
“ဘုန်း...”
ဤတုတ်တစ်ချက်သည် အလွန်ရက်စက်ပြီး သေးငယ်သောတောင်တစ်လုံးကို ဖိချလိုက်သည့်နှယ် ခံစားရစေကာ အနီးတစ်ဝိုက်ရှိ လေထုများပင် တုန်ယင်လှုပ်ခါသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်သုံးဦးသည် မနေနိုင်စွာ မျက်နှာလွှဲလိုက်ကြသည်။
ဤတုတ်တစ်ချက်သည် လော့ချန်၏ လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသည့် စွမ်းအားဖြင့် ခံနိုင်လျှင် မသေသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိမည်မှာ သေချာသည်။
“လှိမ့်ထွက်သွားစမ်း…”
လော့ချန်၏ အကြည့်များသည် အစဉ်အမြဲ ဝူမင်ထံတွင်သာ ရှိနေပြီး အားမာန်တင့်စွာ ပြေးဝင်လာသည့် အပြာရောင်ဝတ်ရုံဝတ် လူငယ်ကို မရှောင်မတိမ်းဘဲ ပေါင်ကိုးသောင်းငါးထောင်စွမ်းအားပါဝင်သည့် လက်သီးတစ်ချက်ကို ရက်စက်စွာ ထိုးထုတ်လိုက်သည်။
“ဘုန်း...”
လက်သီးသည် တုတ်တိုကို တိကျစွာ ထိမှန်လိုက်သည်။
လူအားလုံး လော့ချန်သည် ဤတုတ်တစ်ချက်ဖြင့် လွင့်ထွက်သွားလိမ့်မည်ဟု ထင်ထားချိန်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
“အား…”
ခံမထားနိုင်သူမှာ အပြာရောင်ဝတ်ရုံဝတ် လူငယ်ဖြစ်နေသည်။
အော်ဟစ်သံတစ်ခုနှင့်အတူ မျက်ခုံးအမြင့်ညီသော တုတ်တိုသည် သူ၏လက်ထဲမှ လွင့်ထွက်သွားပြီး လက်နှစ်ဖက်လုံး၏ လက်မနှင့်လက်ညှိုးကြား အရေပြားများ စုတ်ပြဲသွားကာ သွေးများ ယိုစီးကုန်သည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ လေထဲသို့ လွင့်ထွက်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ…”
အပြာရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုမှုများ ပျောက်ဆုံးသွားပြီး အဆုံးမရှိသော ထိတ်လန့်မှုများဖြင့် ပြည့်လျှံလာသည်။
ယခုအခါ ထိုးထွက်လာသည့် လက်သီးတစ်ချက်တွင် အနည်းဆုံး ပေါင်ရှစ်သောင်းမှ ကိုးသောင်းအထိ စွမ်းအားပါရှိပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသည့် သိုင်းသမားတစ်ဦး၏ စွမ်းအားကိုပင် ကျော်လွန်နေသည်။
လော့ချန်သည် ထိုသူအား ထိတ်လန့်ရန် အချိန်များစွာ မပေးဘဲ လျင်မြန်စွာ လိုက်လံတိုက်ခိုက်ကာ ခြေထောက်တစ်ဖက်ကို အပြာရောင်ဝတ်ရုံဝတ် လူငယ်၏ ရင်ဘတ်သို့ လှမ်းကန်လိုက်သည်။
ဤသူများအားလုံးသည် ဆွန်ယင်ယန်နှင့် ဆက်စပ်နေသူများဖြစ်သည့်အတွက် လော့ချန်သည် လက်စွမ်းပြပြီးနောက် သက်ညှာရန် လုံးဝဆန္ဒမရှိပေ။
လျှပ်ယွမ်ဂိုဏ်းနှင့် ရွှမ်ယွမ်ဂိုဏ်းတို့သည် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်မှုများအတွင်း တပည့်များ၏ သေဆုံးဒဏ်ရာရမှုများလည်း မနည်းမနောရှိခဲ့သည်။ ထို့ကြောင့် တစ်ဦးထပ်တိုးလျှင်လည်း မထူးခြားပေ။
“ဘုန်း...”
ဤခြေကန်ချက်သည် အပြာရောင်ဝတ်ရုံဝတ် လူငယ်၏ ရင်ဘတ်ထဲသို့ ထိမှန်လိုက်ပြီး အရိုးကျိုးသံများသည် ရှင်းလင်းစွာ ကြားရသည်။
“ဝေါ့...”
အပြာရောင်ဝတ်ရုံဝတ် လူငယ်သည် အော်ဟစ်သံတစ်ခုနှင့်အတူ သွေးတစ်ပွက်ကို မိုးပေါ်သို့ ဖျန်းထွက်လျက် ပိုးအိတ်ဟောင်းတစ်ခုနှယ် လွင့်ထွက်သွားပြီး သိုင်းလေ့ကျင့်ကွင်းအပြင်ဘက်သို့ ပြင်းထန်စွာ ပြုတ်ကျကာ မြေပေါ်တွင် လဲကျလျက် ငြိမ်သက်သွားသည်။ သေသလားရှင်သလားပင် မပြောနိုင်တော့ပေ။
တိတ်ဆိတ်မှုတစ်ခု…
သိုင်းလေ့ကျင့်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအားလုံးသည် မျက်လုံးများဖြင့် လော့ချန်ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။
ဝူမင်ပင်လျှင် နေရာတွင်ပင် ကြက်သေသေသွားသည်။
ဤအရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး အသက်ရှူသံ နှစ်ချက်သုံးချက်စာမျှသာ ကြာမြင့်သည်။ လူအားလုံး တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီ အပြာရောင်ဝတ်ရုံဝတ် လူငယ်သည် သွေးထွက်လျက် လွင့်ထွက်သွားခဲ့သည်။
“ကောင်လေး… မင်းသေချင်နေတာလား…”
ဝူမင်သည် ဒေါသတကြီး အော်ဟစ်လျက် လော့ချန်ကို စိုက်ကြည့်သည်။ သူ၏ မျက်လုံးများထဲတွင် သွေးကြောများ ထင်ရှားစွာ ပေါ်ထွက်လာသည်။
“ရွှမ်...”
လော့ချန်က ဂရုမစိုက်သည့်ဟန်ဖြင့် ကြယ်ကြွေဓားကို ဆွဲထုတ်လျက် ဝူမင်ကို ကြည့်ပြီး ပြောလိုက်သည်။
“မစောင့်နဲ့… နောက်တစ်ယောက်က မင်းတို့ထဲကပဲ…”