← Chapters

တာဝန်အတွက် ရွေးချယ်ခံရသူများ

Vol. 10 Ch. 140

တာဝန်အတွက် ရွေးချယ်ခံရသူများ

Vol. 10 Ch. 140

တိတ်ဆိတ်ငြိမ်သက်လျက်…

ကျယ်ပြောလှသော သိုင်းပြိုင်ကွင်းထဲ၌ ယခုအချိန်၌ သက်ရှိတစ်ဦးမျှမရှိသည့်နှယ် တိတ်ဆိတ်နေလေသည်။

လူအားလုံးသည် လော့ချန်ကို တအံ့တသြ စူးစိုက်ကြည့်နေကြသည်။ သူတို့မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေပြီး သူ့ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

“လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိတဲ့ သိုင်းသမားသုံးဦးကို သူက လက်သီးသုံးချက် ခြေထောက်နှစ်ချက်နဲ့ အနိုင်ယူလိုက်တာ…”

“အရမ်းသန်မာလွန်းတယ်… ဝူမင်ဆိုတာ လျှပ်ယွမ်ဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲဆယ်ဦးရဲ့ အာရုံစိုက်မှုကို ရထားတဲ့ ထူးချွန်သူပါ။ ဒါပေမဲ့ လော့ချန်ကို ရင်ဆိုင်ရတော့ ခုခံဖို့တောင် အစွမ်းမရှိခဲ့ဘူး…”

“ဟုတ်တယ်… အဆင့်ကျော်လွန်ပြီး တိုက်ခိုက်နိုင်တာကကို ကြောက်စရာကောင်းနေပြီ။ ဒါပေမဲ့ ပိုကြောက်စရာကောင်းတာက သူအနိုင်ယူလိုက်တဲ့သူတွေဟာ ထူးချွန်သူတွေဖြစ်နေတာ…”

“ဒါပေမဲ့ သူက ဝူမင်ကို သိုင်းပညာဖျက်ဆီးလိုက်တာဆိုတော့ ဒါက ကောင်းကင်ပြိုကျမည့် ဘေးဒုက္ခပဲ… လျှပ်ယွမ်ဂိုဏ်းက လူတွေက သူ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး…”

မည်သူမျှ မထင်မှတ်ထားခဲ့သည့်အရာမှာ မျက်စိရှေ့မှာပင် ဖြစ်ပေါ်လာခဲ့သည်။ လော့ချန်တစ်ဦးတည်းဖြင့် လျှပ်ယွမ်ဂိုဏ်းမှ တပည့်သုံးဦးကို အလဲထိုးနိုင်ခဲ့သည်။ ထို့အပြင် ဝူမင်ကို သိုင်းပညာဖျက်ဆီးလိုက်သည်အထိ ပြုလုပ်ခဲ့သည်။

ဤမြင်ကွင်းအားလုံးသည် ကြည့်နေသူများ၏ နှလုံးသားကို တုန်လှုပ်စေပြီး ရင်ဖိုစရာဖြစ်လျက်ရှိသည်။

“ဝူမင်ကို အမြန်ခေါ်သွားပြီး ဒဏ်ရာကုသပေးကြ…”

လင်မိသားစု၏ အိမ်တော်သခင် လင်ချီဖုန်းသည် ဝူမင်အပါအဝင် ဒဏ်ရာရသူများကို အကောင်းဆုံး ဝိညာဉ်ဆေးလုံးများဖြင့် ကုသရန် လူများကို အမိန့်ပေးလိုက်သည်။

လျှပ်ယွမ်ဂိုဏ်းမှ လာသူသုံးဦးထဲတွင် တစ်ဦးသေဆုံးပြီး ကျန်သူများမှာ ဒဏ်ရာပြင်းထန်စွာရထားသည်။

ဤဖြစ်ရပ်သည် လင်မိသားစုနှင့် မသက်ဆိုင်သော်လည်း လျှပ်ယွမ်ဂိုဏ်းကဲ့သို့ အင်အားကြီးမားသော ဂိုဏ်းကို အင်အားအနည်းငယ်မျှသာရှိသော လင်မိသားစုက ရန်မဖြစ်ဝံ့သဖြင့် လျစ်လျူရှုထား၍မဖြစ်ပေ။

လော့ချန်ကမူ ဤကိစ္စကို ဂရုမစိုက်ပေ။

ဤသူများကို ကယ်တင်နိုင်ခဲ့သည်ပင်ဖြစ်စေ သူတို့မှာ သိုင်းပညာပိုင်း အသုံးမကျတော့ပြီဖြစ်သည်။

ရွေးချယ်ပွဲသည် ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

စင်ပေါ်တွင် ယခုအခါ လူခုနှစ်ဦးသာ ကျန်ရှိပြီး တာဝန်အတွက် နေရာသုံးနေရာသာ ရရှိမည်ဖြစ်သဖြင့် နောက်ထပ်လူလေးဦးကို ဖယ်ထုတ်ရန်လိုအပ်သည်။

လော့ချန်သည် စင်မြင့်၏ ထောင့်တစ်နေရာတွင် ရပ်နေပြီး ကျန်သူများကမူ သူ့အနားသို့ တစ်လှမ်းမျှပင် မကပ်ရဲဘဲ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်နေကြသည်။

အဆုံးတွင် ကျင်းဟွမ်ဂိုဏ်းမှ ဓားဆွဲထားသည့် လူငယ်တစ်ဦးဖြစ်သော ရှူးလီသည် ခဏစဉ်းစားပြီးနောက် ရှေ့သို့ထွက်လာကာ လှိုက်ရှဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးဖြစ်သူ ကော့ချင်းအား လက်အုပ်ချီပြီး ပြောလိုက်သည်။

“ငါက ကျင်းဟွမ်ဂိုဏ်းက ရှူးလီ… ငါတို့ တစ်ပွဲယှဉ်ပြိုင်ကြမလား…”

ထိုအမျိုးသမီးတပည့်မှာ ကော့ချင်းဖြစ်ပြီး အပြာရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည်ကို နောက်သို့စည်းထားသည်။ သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ရဲရင့်ထက်မြက်သော အသွင်အပြင်ကို ဖော်ညွှန်းနေသည်။ သူမက ခေါင်းညိတ်ပြလိုက်သည်။

“လာစမ်းပါ…”

သူတို့နှစ်ဦးသည် စင်မြင့်၏ အလယ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။

“ရွှမ်…”

ဓားသံတစ်ချက်နှင့်အတူ ရှူးလီသည် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

ထိုဓားသည် လူတစ်ဝက်ခန့်ရှည်လျားပြီး ဓားသွားမှာ အလွန်ကျယ်ပြောကာ အင်မတန်လေးလံပုံပေါက်သည်။

ဓားကို လက်ထဲတွင်ကိုင်ဆောင်ပြီးနောက် ရှူးလီသည် သူ၏ သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ကြယ်သုံးပွင့်ဖြင့် တောက်ပလျက်ရှိသော မျက်လုံးပြာနှင့်မြူခိုးကျားသစ်တစ်ကောင် ထင်ရှားလာသည်။

သူ၏ အရှိန်အဟုန်ကို အထွတ်အထိပ်သို့ မြှင့်တင်ပြီးမှ ရှူးလီက ကော့ချင်းအား ပြောလိုက်သည်…

“မင်းသာ ငါ့ဓားသုံးချက်ကို ခံနိုင်ရင် ငါရှုံးတယ်လို့ သတ်မှတ်လိုက်မယ်…”

“ဓားသုံးချက်ပေါ့လား… ငါခံမယ်…”

ကော့ချင်းသည် မျက်နှာထားမပြောင်းလဲဘဲ ခါးကိုကိုင်းကာ ခြေလှမ်းကို ဖြည့်ပြီး အနေအထားကို ပြင်ဆင်လိုက်သည်။

“ပထမဓားချက်…”

ရှူးလီက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ထိုးထွက်သွားသည်။ လေထဲတွင် ရှိနေစဉ် လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ဆောင်ကာ တောင်တစ်လုံးကို ခွဲထုတ်မည့်အလား ကော့ချင်းဆီသို့ အားပြင်းစွာ ဓားဖြင့် ခုတ်ထစ်လိုက်သည်။

ဤအားပြင်းလှသော ဓားချက်ကို ရင်ဆိုင်ရချိန်တွင် ကော့ချင်းသည် အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ သူမသည် လေကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး အနည်းငယ်သိမ်မွေ့ပုံပေါက်သော ခန္ဓာကိုယ်ကို ဆန့်တန်းကာ လက်သီးတစ်ချက်ကို ဓားသွားဆီသို့ အားပြင်းစွာ ထိုးထုတ်လိုက်သည်။

“ဘုန်း…”

လေထုသည် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး နှစ်ဦးစလုံး တစ်ပြိုင်နက် နောက်သို့ ဆုတ်သွားသည်။

သို့သော် ရှူးလီသည် ခြောက်လှမ်းမျှ ဆက်လက်ဆုတ်ခွာရပြီး ကော့ချင်းကမူ နှစ်လှမ်းသာဆုတ်ပြီး ရပ်တန့်သွားသည်။

“တော်တော်သန်မာတာပဲ…”

လော့ချန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

ကော့ချင်းသည် အပေါ်ယံအားဖြင့် သိမ်မွေ့ပုံပေါက်သော်လည်း သူမ၏ စွမ်းအားမှာ ထူးခြားလှသည်။ ယခင်လက်သီးတစ်ချက်တွင် အနည်းဆုံး ပေါင်ရှစ်သောင်းကျော်သော အင်အားပါရှိပြီး သူမသည် သိုင်းပညာကို အသုံးမပြုသေးပေ။

လူတစ်ယောက်ကို သူ၏အပြင်ပန်းဖြင့် အကဲဖြတ်၍မဖြစ်ကြောင်း မည်သည့်အခါမျှ မမေ့သင့်ပေ။

ရှူးလီလည်း မျက်ခုံးကို တင်းတင်းဆုတ်ကာ မအီမသာဖြစ်နေသည်။ သူသည် ကော့ချင်းကို သိမ်မွေ့ပုံပေါက်သည်ဟု ထင်ကာ စိန်ခေါ်ရန်ရွေးချယ်ခဲ့သော်လည်း သူမသည် ခက်ထန်လှသော အရိုးမာတစ်ခုဖြစ်နေသည်။

“ငါ့ဓားတစ်ချက်ကို ထပ်ခံစမ်းပါ… ကျင်းရွှမ်ခုတ်ဖြတ်ခြင်း…”

ရှူးလီက အော်ဟစ်လိုက်ပြီး နောက်ထပ်ဓားတစ်ချက်ကို အားပြင်းစွာ ခုတ်ထစ်လိုက်သည်။

ဤဓားချက်သည် အရှိန်အဟုန်ပို၍ ပြင်းထန်လှပြီး ဓားသွားနှင့် လေထုတိုးတိုက်မိရာမှ မီးပွားများပင် ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းသည် ကော့ချင်းကို တစ်ကိုက်မျှမြိုချတော့မည့် မယှဉ်သာသော မီးမြွေတစ်ကောင်နှင့် တူလှသည်။

ကော့ချင်းသည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး တင်းတင်းဆုပ်ထားသော လက်သီးကို ခါးနားသို့ ပြန်ရုတ်ကာ စွမ်းအင်ကို စုစည်းထားသည်။

“အလင်းရောင်ထိတ်လန့်ခြင်း…”

ဓားသွားသည် သူမထံသို့ တစ်ပေအကွာအထိ ရောက်ရှိလာချိန်မှသာ ကော့ချင်းက လက်သီးကို ထိုးထုတ်လိုက်သည်။ ဖြူဖွေးသော လက်သီးသည် အလွန်မြန်ဆန်လှပြီး လေထဲတွင် ပျောက်ကွယ်သွားသည့်နှယ်ပင်။

ထိုနောက်…

ဓားသွားနှင့် လက်သီးသည် ပြင်းထန်စွာ ထိခတ်လိုက်သည်။

“ဘုန်း…”

ပေါက်ကွဲသံတစ်ခုနှင့်အတူ ပြင်းထန်သော အသံလှိုင်းများထွက်ပေါ်လာသည်။

လူရိပ်တစ်ခုသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားပြီး စင်မြင့်ပြင်ပ ပြုတ်ကျရန် တစ်လှမ်းမျှသာ လိုတော့သည်။ ထိုသူမှာ ရှူးလီပင်ဖြစ်သည်။

ကော့ချင်းကမူ အနည်းငယ်သာ နောက်ဆုတ်လိုက်ပြီး မျက်နှာမညှိုးမညိုးဖြစ်နေကာ အသက်ရှူသံပင် မပြင်းထန်ပေ။ သူမက ရှူးလီကို ကြည့်ပြီး ပြောလိုက်သည်…

“နောက်ထပ် ဓားတစ်ချက်ရှိသေးတယ်မဟုတ်လား…”

ရှူးလီ၏မျက်နှာသည် ခါးသီးသော အမူအရာဖြင့် ပြည့်နှက်နေပြီး ခေါင်းကို ခါယမ်းလိုက်သည်…

“မလိုတော့ဘူး… ငါရှုံးပြီ…”

ယခင်ဓားချက်တွင် သူ၏ စွမ်းအားအားလုံးကို ထည့်သွင်းခဲ့ပြီး ဖြစ်သော်လည်း အောက်ကျသွားသည်။ ဆက်လက်တိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မရှိတော့ပေ။

ထို့နောက် ရှူးလီသည် စင်မြင့်ပေါ်မှ ခုန်ဆင်းသွားသည်။

ဤရလဒ်အတွက် လော့ချန်သည် လုံးဝအံ့အားသင့်ခြင်းမရှိပေ။

ပထမဓားချက်တွင်ပင် နှစ်ဦးအကြား အဆင့်အတန်းကွာခြားမှုကို သိသာထင်ရှားစွာ ပြသခဲ့ပြီးဖြစ်သည်။ ဒုတိယဓားချက်တွင်မူ သိုင်းပညာဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ကျင်းဟွမ်ဂိုဏ်းသည် တာယွဲ့မင်းဆက်တွင် ဒုတိယအဆင့်ဂိုဏ်းတစ်ခုအဖြစ် နာမည်ကြီးထင်ရှားသော်လည်း ဂိုဏ်းသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သော လော့ရှာဂိုဏ်းနှင့် နှိုင်းယှဉ်ပါက မမီနိုင်ပေ။ သိုင်းပညာပိုင်းတွင်လည်း ယှဉ်ပြိုင်ရန်မဖြစ်နိုင်ပေ။

“ငါစွန့်လွှတ်လိုက်မယ်…”

ဖြူဖွေးသော ဝတ်ရုံဝတ်ထားသည့် လူငယ်တစ်ဦးသည် စင်မြင့်ပေါ်မှ ခုန်ဆင်းသွားသည်။

“ငါလည်း စွန့်လွှတ်မယ်…”

ဒုတိယအဆင့်ဂိုဏ်းမှ အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့် အမျိုးသမီးလူငယ်တစ်ဦးလည်း မျှော်လင့်ချက်ကင်းမဲ့စွာ ထွက်ခွာသွားသည်။

သူတို့၏ စွမ်းအားသည် ရှူးလီကိုပင် မမီသောကြောင့် ယခင်တိုက်ပွဲမှတစ်ဆင့် သူတို့သည် တာဝန်အတွက် အရည်အချင်းမပြည့်မီမှုကို ရှင်းလင်းစွာ သိရှိသွားပြီဖြစ်သည်။

စင်မြင့်ပေါ်တွင် ယခုအခါ လူလေးဦးသာ ကျန်ရှိတော့သည်။

လော့ချန်နှင့် လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်သုံးဦးဖြစ်သည်။

ထို့အပြင် နောက်ထပ်လူတစ်ဦးကို ဖယ်ထုတ်ရန်လိုအပ်နေသေးသည်။

လော့ချန်သည် ယန်ကျီကွမ်နှင့် ရင်းနှီးပြီးဖြစ်သည့်အတွက် လော့ရှာဂိုဏ်းမှ တပည့်များအပေါ် ခံစားချက်ကောင်းမွန်နေသည်။ သူက မေးလိုက်သည်…

“ဘယ်လိုရွေးမလဲ… မင်းတို့ဆုံးဖြတ်လိုက်ကြပါ…”

“မလိုတော့ပါဘူး…”

ကော့ချင်းက ခေါင်းခါပြလိုက်ပြီး လော့ရှာဂိုဏ်းမှ အခြားအမျိုးသမီးတပည့်တစ်ဦးကို ပြောလိုက်သည်…

“ညီမနန်… မင်းရဲ့ စွမ်းအားက အနည်းငယ်နိမ့်ကျနေတယ်။ မင်း ဆင်းသွားလိုက်ပါ…”

ညီမနန်သည် ခေါင်းညိတ်ပြလိုက်ပြီး မတွန့်မဆုတ်ဘဲ စင်မြင့်ပေါ်မှ ဆင်းသွားသည်။

ကျန်ရှိသော လော့ရှာဂိုဏ်းမှ တပည့်နှစ်ဦးသည် ၎င်းတို့၏ အမည်များကို မိတ်ဆက်ပြီးဖြစ်သည်။

ကော့ချင်းအပြင် ကျန်တစ်ဦးမှာ သိမ်မွေ့လှပသော အသွင်အပြင်ရှိသည့် အမျိုးသမီးလူငယ်တစ်ဦးဖြစ်ပြီး သူမ၏ အမည်မှာ ကျိရော့ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး အမည်များဖလှယ်ပြီးနောက် ကော့ချင်းက လော့ချန်ကို လေးစားအားကျသော မျက်နှာထားဖြင့် ပြောလိုက်သည်…

“လော့ချန်… မင်းကတော့ တကယ်ကို အံ့ဖွယ်ပဲ… လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးသာရှိပြီး ဝူမင်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်…”

လော့ချန်က ပြန်ဖြေသည်…

“မင်းရဲ့ လက်သီးစွမ်းရည်ကလည်း အင်မတန်သန်မာတယ်… ငါမြင်တာကတော့ ဝူမင်က မင်းကို ရင်ဆိုင်ရရင်လည်း အနိုင်ယူဖို့ မလွယ်လောက်ဘူး…”

လော့ချန်၏ ချီးကျူးစကားကြောင့် ကော့ချင်းသည် အနည်းငယ်ပြုံးလိုက်သည်။

“ဒါကတော့ ငါ့ကို မြှောက်ပြောတာပဲ… ဝူမင်က ကြယ်ခြောက်ပွင့်သိုင်းဝိညာဉ်ကို နိုးထထားပြီး ငါကတော့ ကြယ်ငါးပွင့်သိုင်းဝိညာဉ်ပဲ… သူ့ရဲ့ အခြေခံစွမ်းအားက ငါ့ထက် အများကြီး သာလွန်နေတယ်… ငါ သူ့ကို ရင်ဆိုင်ရရင် အနိုင်ရဖို့ အခွင့်အလမ်းက လေးပုံတစ်ပုံလောက်ပဲ ရှိမယ်…”

လော့ချန်က ခေါင်းခါပြလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်…

“သိုင်းဝိညာဉ်ဆိုတာ အရာအားလုံးမဟုတ်ဘူး… သိုင်းဝိညာဉ်ရဲ့ အဆင့်နိမ့်နေရင်တောင် ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေကို မရနိုင်ဘူးလို့ မပြောနိုင်ဘူး…”

ကော့ချင်းသည် ခဏတုံ့ဆိုင်းသွားပြီး ပြုံးလျက် ပြောလိုက်သည်…

“သိုင်းဝိညာဉ်က အရာအားလုံးမဟုတ်ဘူးတဲ့… ဒီလို စကားမျိုးကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ… စိတ်ဝင်စားစရာပဲ…”

“ဒါနဲ့… မင်း နောက်ပိုင်းမှာ သတိထားနေရမယ်နော်… ငါသိထားတာအရဆိုရင် ဝူမင်က လိမ်ညာမပြောခဲ့ဘူး… သူ့ဆရာဖြစ်သူ ဆွန်ယင်ယန်က သူ့တပည့်တွေကို အလွန်အမင်း အကာအကွယ်ပေးတတ်ပြီး အင်မတန် ရန်ငြိုးဖွဲ့တတ်တဲ့သူပဲ… မင်းက သူ့ရဲ့ အနီးကပ်တပည့်ကို သိုင်းပညာဖျက်ဆီးလိုက်တာဆိုတော့ သူက လုံးဝအလွတ်ပေးမှာမဟုတ်ဘူး…”

“အင်း…”

လော့ချန်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိုအချိန်တွင် လင်မိသားစု၏ အိမ်တော်သခင် လင်ချီဖုန်သည် စင်မြင့်ပေါ်သို့ တက်လာပြီး လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

အစပိုင်းတွင် သူသည် စွမ်းအားအနိမ့်ဆုံးဖြစ်သော လော့ချန်သည် ဤရွေးချယ်ပွဲကို အောင်မြင်နိုင်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

သို့သော် ရလဒ်သည် လူအများကို အံ့အားသင့်စေခဲ့သည်။

လေကို တစ်ချက်ရှူသွင်းလိုက်ပြီး လင်ချီဖုန်က ပြောလိုက်သည်…

“ဂုဏ်ယူပါတယ်… သုံးယောက်စလုံးကို ဒီတစ်ကြိမ်တာဝန်ကို အပ်လိုက်ပါပြီ…”

ကော့ချင်းက ပြုံးလျက် ပြန်ဖြေသည်…

“လင်အိမ်တော်သခင် စိတ်ချပါ… ငါတို့သုံးယောက်က ကုန်သည်အဖွဲ့ကို လင်းကွမ်မြို့ဆီ ဘေးကင်းကင်းနဲ့ရောက်အောင် ပို့ဆောင်ပေးနိုင်မှာပါ…”

“ဒါဆိုရင် အကောင်းဆုံးပဲ…”

လင်ချီဖုန်းသည် ပြုံးလျက် ခေါင်းညိတ်ပြပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူရရှိထားသော သတင်းအရ ချူမင်းဆက်၏ ဧကရီမိဖုရား ပျောက်ဆုံးနေသဖြင့် နယ်စပ်ဒေသများတွင် အုံကြွမှုများ ဖြစ်ပေါ်နေပြီး လင်းကွမ်မြို့တစ်ဝိုက်သည် မငြိမ်မသက်ဖြစ်နေသည်။

လင်ချီဖုန်းသည် ဤကုန်သွယ်ရေးခရီးအတွက် အလွန်စိုးရိမ်နေခဲ့သော်လည်း ယခင်တိုက်ပွဲများက သူ့အား စိတ်ဓာတ်ပိုမိုခိုင်မာလာစေခဲ့သည်။

“ငါ ဧည့်သည်တွေအတွက် အခန်းတွေ ပြင်ဆင်ခိုင်းထားပြီးပြီ… ဒီည အေးအေးဆေးဆေး အနားယူကြပြီး ကုန်သည်အဖွဲ့နဲ့အတူ မနက်ဖြန်မနက်မှာ ထွက်ခွာကြမယ်…”

All Chapters