လင်ရွှမ်တောင်းပန်ခြင်း
Vol. 10 Ch. 147
“ဒီလောက်နဲ့ သေသွားတာလား…”
လင်လော့တိုင်း၏ အလောင်းကို ကြည့်ရင်း လော့ချန်တစ်ယောက် အနည်းငယ် အံ့ဩသွားသည်။
လင်လော့တိုင်းသည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းသမားများကို အရေအတွက်အားဖြင့် လက်နှစ်ဖက်ဖြင့် ရေတွက်၍ပင် မလုံလောက်အောင် သတ်ဖြတ်ခဲ့သူဖြစ်ပြီး ထိုအဆင့်တွင် ရှုံးနိမ့်ဖူးခြင်း မရှိဟု နာမည်ကြီးသူဖြစ်သည်။
လော့ချန်က သူ့ကို သတ်ရန် အနည်းငယ် ရုန်းကန်ရမည်ဟု ထင်ထားပြီး ချီစွမ်းအင်ကို အသုံးပြုရန်ပင် စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သို့သော် ဤမျှ လွယ်ကူစွာ အနိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကွက်သုံးလေးကွက်ဖြင့် သူ့ဦးခေါင်းကို ဖြတ်ယူလိုက်နိုင်ခဲ့သည်။
“ဟမ်… ငါ့ရဲ့ စွမ်းအားကို ငါကိုယ်တိုင်တောင် သေချာမသိခဲ့ဘူးပဲ…”
လော့ချန်တစ်ယောက် တိတ်တဆိတ် တွေးတောမိသည်။
လင်လော့တိုင်းသည် ကျိုးချင်းနှင့် ကျိရို့တို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သူဖြစ်သည်။ သူ၏ စွမ်းအားမှာ သာမန်မဟုတ်ချေ။
သာမန် လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ သိုင်းသမားများဆိုလျှင် သူ့ရှေ့တွင် သေရာလမ်းသာ ရှိသည်။
သို့သော် သူရင်ဆိုင်လိုက်ရသူမှာ လော့ချန်ဖြစ်နေသည်။
လော့ချန်က သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ လင်လော့တိုင်း၏ အသက်သည် သူ့လက်ထဲတွင် မရှိတော့ပေ။
ဤသည်မှာ ပကတိ စွမ်းအားခြားနားမှုပင်ဖြစ်သည်။
ယခုလက်ရှိ လော့ချန်သည် ပေါင်ကိုးသောင်းကိုးထောင်အင်အားကို ပိုင်ဆိုင်ထားပြီး ကြယ်ငါးပွင့်အဆင့် ခြေလှမ်းသိုင်းပညာဖြစ်သည့် မြူခိုးရိပ်ခြေလှမ်းကို ကျင့်ကြံထားသည်။ ထို့အပြင် သူ၏ ဓားသိုင်းအဆင့်မှာလည်း ဓားနှလုံးအဆင့်မြင့်သို့ ရောက်ရှိလျက်ရှိသည်။ လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားများထဲတွင် သူ၏ အရည်အချင်းများသည် ထိပ်တန်းဖြစ်သည်။
ချီစွမ်းအင်ကို မသုံးဘဲနှင့်ပင် လင်လော့တိုင်းကို သတ်ရန် အကွက်နှစ်ကွက် သုံးကွက်သာ လိုအပ်သည်။
အကယ်၍ ချီစွမ်းအင်ကို အသုံးပြုခဲ့ပါမူ တစ်ချက်တည်းဖြင့် ချက်ချင်းသေဆုံးစေနိုင်ပြီး ဒုတိယဖြစ်နိုင်ခြေဟူ၍ မရှိပေ။
အေးစက်သော လေပြည်တို့ တိုက်ခတ်လာသည်။
အနီးဝန်းကျင်ရှိ လူများသည် လင်လော့ညီနောင်နှစ်ဦး၏ အလောင်းများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကျိုးချင်းနှင့် ကျိရို့တို့ပင်လျှင် အံ့ဩတကြီး ဖြစ်နေကြသည်။
သူတို့သည် လော့ချန်အား အလွန်သန်မာသူဟု သိထားသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဓားတစ်ချက်ထွက်လာသည်နှင့်အတူ ဦးခေါင်းကြွေကျသွားသည်။
တချိန်လုံး မာန်ဖီလှသော လင်လော့တိုင်းသည် အကွက်နှစ်ကွက်သာဖြင့် ဦးခေါင်းမဲ့အလောင်းဖြစ်သွားခဲ့သည်။
ဤသည်မှာ ပြတ်ပြတ်သားသား ချေမှုန်းခြင်းပင်ဖြစ်သည်။
အထူးသဖြင့် လော့ချန်သည် လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးသာ ရှိသေးသည်မဟုတ်ပါလား။
“ဒီလိုမျိုး ဓားသိုင်းအဆင့်ကြီးမားလှတဲ့ လူငယ်လေးတစ်ယောက်က မကြာခင် တာယွဲ့မင်းဆက်တစ်ခုလုံးမှာ နာမည်ကြီးလာလိမ့်မယ်…”
အမြဲတိတ်ဆိတ်နေတတ်သော ကျိရို့က တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
ကျိုးချင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
“ဒီလောက်ငယ်ရွယ်တဲ့အချိန်မှာ ဓားသိုင်းအဆင့်က ဓားနှလုံးအဆင့်မြင့်အထိ ရောက်နေတာကို ကြည့်ရတာ စီနီယာယန်ချင်းရုံရဲ့ အရိပ်အယောင်ကို သူ့မှာ မြင်ရသလိုပဲ…”
အကယ်၍ ကျိုးချင်း၏ စကားကို တစ်စုံတစ်ယောက်က ကြားလျှင် အံ့ဩလွန်းသဖြင့် စကားပင်မပြောနိုင်ဖြစ်သွားလိမ့်မည်။
ယန်ချင်းရုံသည် လော့ရှာဂိုဏ်း၏ ဂိုဏ်းပြင်ပစည်းတွင် ပထမဆုံးထူးချွန်သူဖြစ်ပြီး ကြယ်ကိုးပွင့်ဓားသိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်သည်။ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်မီ ဓားသိုင်းအဆင့်မှာ လူနှင့်ဓားတစ်သားတည်းဖြစ်မှုအဆင့်သို့ ရောက်ရှိခဲ့ပြီး လော့ရှာဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ဓားရည်သွင်းနိုင်ရန် အလားအလာအရှိဆုံး ဓားသိုင်းထူးချွန်သူအဖြစ် အမှတ်ပေးခံရသူဖြစ်သည်။
မည်သူမျှ သာမန်ပြင်ပစည်းတပည့်တစ်ဦးကို ယန်ချင်းရုံနှင့် နှိုင်းယှဉ်ပြောဆိုလေ့မရှိပေ။
ထိုနှစ်ဦးသည် လုံးဝကွဲပြားသော ကမ္ဘာနှစ်ခုမှ လူများဖြစ်သည်။ ဤသို့ပြောဆိုခြင်းသည် သာမန်ထူးချွန်သူများအား အမှိုက်နှင့် တန်းတူရှိသည်ဟု သတ်မှတ်ရာ ရောက်သည်။
သို့သော် ကျိုးချင်းက လော့ချန်အား ယန်ချင်းရုံနှင့် နှိုင်းယှဉ်ပြောဆိုလိုက်သည့်အခါ ကျိရို့က မဆန့်ကျင်ခဲ့ဘဲ စိတ်ထဲတွင် လုံးဝထောက်ခံလိုက်သည်။
ထိုအချိန်တွင် အံ့ဩတကြီးဖြစ်နေရာမှ နိုးထလာသော လင်ရွှမ်သည် အနည်းငယ်တုံ့ဆိုင်းပြီးနောက် မြင်းပေါ်မှ ဆင်းကာ လော့ချန်အား အနည်းငယ် ဦးညွှတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“လော့သခင်လေး… ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ကြယ်ကြွေဓားကို သိမ်းလိုက်ရင်း လော့ချန်က အေးစက်စွာ ပြန်ပြောသည်။
“ကျေးဇူးတင်စရာ မလိုပါဘူး… ငါ လက်လှုပ်လိုက်တာက ရုတ်တရက် စိတ်ပါလာလို့ပါ…”
လင်ရွှမ်၏ မျက်နှာသည် အနည်းငယ် ရှက်ရွံ့သွားပြီး နီရဲသော နှုတ်ခမ်းကို ကိုက်လိုက်ကာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။
“လော့သခင်လေး… အရင်က လင်ရွှမ်က မသိမမြင်နဲ့ မလျော်ကန်စွာ ပြုမူခဲ့မိပါတယ်… ဖြစ်နိုင်ရင် သခင်လေး ကုန်သည်အဖွဲ့နဲ့ ဆက်လက်လိုက်ပါလာပေးဖို့ တောင်းပန်ပါရစေ…”
“အဟက်… ငါ့ကို ဒီလို ခပ်လွယ်လွယ် ပြောချင်တိုင်းပြောလို့ရမဲ့သူမျိုး မှတ်နေလား... နှင်ချင်တိုင်းနှင် ခေါ်ချင်တိုင်းခေါ်လို့ရမဲ့ လူစားမျိုးထဲမှာ ငါမပါဘူး...”
လော့ချန်က အေးစက်စွာ ရယ်လိုက်သည်။
ဒါက တကယ့်ကို ရယ်စရာပင်။
အရင်က လင်ရွှမ်သည် သူ့ကို ကုန်သည်အဖွဲ့မှ ထွက်သွားရန် မာန်ဖီစွာ ပြောခဲ့သည်။ ယခုမူ စကားတစ်ခွန်းဖြင့် ပြန်လာပေးရန် ပြောနေသည်။ ဤမျှလွယ်ကူသည့် ကိစ္စမျိုး ရှိမည်လား။ ထို့အပြင် ကုန်သည်အဖွဲ့နှင့်အတူ ဆက်လက်နေထိုင်ခြင်းသည် ကျင့်ကြံရာတွင်လည်း အဆင်မပြေပေ။
လင်ရွှမ်၏ မျက်နှာသည် ပူလောင်လာပြီး ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မသိ ဖြစ်သွားသည်။
ယခင်ကပင် သူမက သူ့ကို ထွက်သွားရန် ပြောခဲ့သူဖြစ်ပြီး ဤသို့ပြောလိုက်သည့်အခါ အရှက်တကွဲဖြစ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် စိတ်ထဲတွင် အလွန်အမင်း ပင်ပန်းနေရဆဲဖြစ်ပြီး သူမ၏ မျက်ဝန်းများပင် နီရဲလာသည်။
လင်မိသားစု၏ သမီးလေးအဖြစ် ဝူးရှီမြို့တွင် သူမသည် ငယ်စဉ်ကတည်းက လိုလားရာ အားလုံးရရှိခဲ့သူဖြစ်ပြီး မည်သူမှ သူမကို မျက်နှာချင်းဆိုင် ငြင်းပယ်ဖူးခြင်း မရှိခဲ့ပေ။
သို့သော် သူမ၏ မာနသည် ပကတိစွမ်းအားခြားနားမှုရှေ့တွင် တန်ဖိုးမရှိသလောက်ဖြစ်သွားသည်။
စစ်မှန်သော ဂိုဏ်းထူးချွန်သူများရှေ့တွင် သူမတစ်ယောက်တည်းမဟုတ်၊ လင်မိသားစုတစ်ခုလုံးပင်လျှင် ဘာမှမဟုတ်ပေ။
နှစ်ဦးစလုံး ခဏမျှ တိတ်ဆိတ်နေကြသည်။
လင်ရွှမ်သည် လော့ချန်၏ သဘောထားကို သိလိုက်သည့်အခါ ဆက်လက်တောင်းဆိုနေခြင်းသည် မိမိကိုယ်ကို အရှက်ရစေရုံသာဖြစ်မည်ကို သဘောပေါက်သွားပြီး စိတ်ထဲမှ ခံပြင်းမှုကို ထိန်းချုပ်ကာ ရွှေစာရွက်များကို ထုတ်ယူလိုက်သည်။
“လော့သခင်လေး… အရင်က ကိစ္စတွေအတွက် တကယ်ကို တောင်းပန်ပါတယ်… ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးက ကျွန်မတို့ကို ကယ်တင်ပေးခဲ့တာပဲ… ဒါကို လက်ခံပေးပါ… တာဝန်မှတ်တမ်းကိုလည်း ကျွန်မ သခင်လေးအတွက် ပြီးစီးအောင် လုပ်ပေးပါမယ်…”
ရွှေစာရွက်များသည် စုစုပေါင်း သိန်းတစ်ရာ့ရှစ်ဆယ်ရှိပြီး အစောင့်အကြပ်တာဝန်အတွက် ဆုလာဘ်ဖြစ်သည်။
လော့ချန်က ဘာမျှမပြောဘဲ ရွှေစာရွက်များကို လက်ခံလိုက်သည်။
ဤသည်မှာ သူရသင့်ရထိုက်သည့်အရာဖြစ်ပြီး ယူမည်လား မယူမည်လားသာ ရွေးချယ်ရန်ရှိသည်။
လော့ချန်က ရွှေစာရွက်များကို လက်ခံလိုက်သည်ကို မြင်လိုက်ရသည့်အခါ လင်ရွှမ်တစ်ယောက် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဂိုဏ်းထူးချွန်သူတစ်ဦးနှင့် ရင်းနှီးရန် အခွင့်အရေးဆုံးရှုံးခဲ့သော်လည်း အနည်းဆုံးတော့ ရန်သူဖြစ်မသွားခဲ့ပေ။
အနည်းငယ် အနားယူပြီးနောက် လင်ရွှမ်က ကုန်သည်အဖွဲ့ကို ချက်ချင်း ဆက်လက်ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။
ဤဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက် သူမတစ်ယောက် လင်ကျန်းမြို့သို့ အမြန်ဆုံး ရောက်ရှိလိုတော့သည်။
ကုန်သည်အဖွဲ့ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန်သည် လင်လော့ညီနောင်နှစ်ဦး၏ အလောင်းများဆီသို့ လျှောက်သွားသည်။
လင်လော့ညီနောင်နှစ်ဦးသည် သိုင်းလောကတွင် နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ကြသူများဖြစ်သည်။ သူတို့ထံတွင် စည်းစိမ်ဥစ္စာများစွာ ရှိမည်မှာ သေချာသည်။
သူတို့နှစ်ဦးကို စစ်ဆေးပြီးနောက် လော့ချန်တစ်ယောက် အနည်းငယ် အံ့ဩသွားသည်။
သူတို့ထံတွင် ငွေကြေး စုစုပေါင်း သိန်းနှစ်ရာတောင် မပြည့်ပေ။
“ဒီလောက်ဆိုရင် မဖြစ်နိုင်ဘူး… ဒီလူနှစ်ယောက်က လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိ ထိပ်တန်းသိုင်းသမားတွေပဲ… ဒီလောက်နည်းတဲ့ စည်းစိမ်ပဲ ရှိမှာလား…”
လော့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။
ငွေကြေးများအပြင် ဆေးပုလင်းများနှင့် အမယ်မျိုးစုံသော ပစ္စည်းများလည်း ရှိသည်။
“အို့… ဒါက မင်ကျင့်ဆေးလုံးပဲ…”
ဆေးပုလင်းတစ်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ လော့ချန်၏ မျက်ဝန်းများ လင်းလက်သွားသည်။
ဆေးပုလင်းထဲတွင် အစိမ်းရောင်ဝိညာဉ်ဆေးလုံးနှစ်လုံးရှိသည်။
မင်ကျင့်ဆေးလုံးသည် ကြယ်လေးပွင့်ဝိညာဉ်ဆေးဖြစ်ပြီး သိုင်းသမား၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းပေးကာ ခန္ဓာကိုယ်သန်မာမှုကို မြှင့်တင်ပေးနိုင်သည်။ ထုံရွှမ်တတိယနယ်ပယ်သို့ တက်လှမ်းရာတွင် သောက်သုံးပါက အဆင့်တက်လှမ်းမှု အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးနိုင်သည်။ ၎င်း၏ တန်ဖိုးမှာ မနည်းပေ။ တစ်လုံးလျှင် သိန်းရာချီရှိသည်။
“ဒါက လင်လော့တိုင်းက ထုံရွှမ်တတိယနယ်ပယ်ကို တက်လှမ်းဖို့ ပြင်ဆင်ထားတာဖြစ်မယ်… အခုတော့ ငါ့အတွက် အဆင်ပြေသွားတာပဲ…”
လော့ချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
ဤကာလအတွင်း ကျင့်ကြံရင်း သူ၏ ဝိညာဉ်ဆေးများနှင့် ဆေးလုံးများ သောက်သုံးခဲ့သည်မျာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်သည်။
မင်ကျင့်ဆေးလုံးများအပြင် ကျန်ရှိသော ပစ္စည်းများသည် တန်ဖိုးမရှိသည့် အမယ်မျိုးစုံသာ ဖြစ်သည်။ သို့သော် ၎င်းတို့ထဲတွင် စုတ်ပြတ်နေသော သားရေတစ်ခုက လော့ချန်၏ အာရုံကို ဖမ်းစားလိုက်သည်။
“ဒါက မြေပုံတစ်ခုလိုပဲ…”
ထိုသားရေပြားသည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်မသိ၊ အလွန်စုတ်ပြတ်နေပြီး လခြမ်းပုံစံတောင်တစ်ခုနှင့် ကောင်းကင်တွင် ကြယ်ပုံအမှတ်အသားများကို ဝိုးတဝါး မြင်ရပြီး လမ်းကြောင်းတစ်ခုနှင့် အနီရောင်အစက်များကို အမှတ်အသားပြုထားသည်။
ဘာမှထူးထူးခြားခြား မသိရသဖြင့် လော့ချန်ကလည်း သိပ်မတွေးတောဘဲ လင်လော့ညီနောင်နှစ်ဦး၏ ဦးခေါင်းများနှင့်အတူ အားလုံးကို လင်ရှောင်ကျောက်စိမ်းတံဆိပ်ထဲသို့ သိမ်းလိုက်သည်။
လင်လော့ညီနောင်နှစ်ဦးကို သုတ်သင်ခြင်းသည် ကြယ်နှစ်ပွင့်ထိပ်တန်းတာဝန်ဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းများကို ယူသွားပါက ချီစွမ်းအင်ဆေးလုံး နှစ်ရာ့ရှစ်ဆယ်ရရှိမည်ဖြစ်သည်။ ၎င်းသည် သိန်းနှစ်ရာ့ရှစ်ဆယ်နှင့် ညီမျှပြီး မနည်းသော စည်းစိမ်ဖြစ်သည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် သိုင်းဝိညာဉ်များကို စုပ်ယူမှုစတင်လိုက်သည်။
သူတို့နှစ်ဦး၏ သိုင်းဝိညာဉ်အဆင့်များမှာ မနိမ့်ကျဘဲ တစ်ဦးမှာ ကြယ်လေးပွင့်ဖြစ်ပြီး နောက်တစ်ဦးမှာ ကြယ်ငါးပွင့်ဖြစ်သည်။
လင်လော့ညီနောင်နှစ်ဦး၏ သိုင်းဝိညာဉ်များကို သန့်စင်ပြီးနောက် လော့ချန်သည် သူ၏ စွမ်းအားမှာ ပေါင်ကိုးသောင်းကိုးထောင်တွင်သာ ရှိနေဆဲဖြစ်ပြီး လုံးဝပြောင်းလဲမှု မရှိသည်ကို ခံစားမိသည်။
“ခန္ဓာကိုယ်ရဲ့ အဆင့်က အထွတ်အထိပ်ရောက်နေပြီထင်တယ်… လင်ကျန်းမြို့မှာ မြင်းဓားပြတွေကို သုတ်သင်တဲ့ တာဝန်ပြီးရင် ဂိုဏ်းကို ပြန်ပြီး ရွှေခန္ဓာအဆင့်ကို တက်လှမ်းရမယ်…”
လော့ချန်သည် သူ၏ ခန္ဓာကိုယ်မှာ အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဆက်လက်မြှင့်တင်ရန် ခဲယဉ်းနေပြီဖြစ်ကြောင်း သိရှိသည်။
ဆရာဖြစ်သူ ချန်ရွှမ်ပြောခဲ့သည့်အတိုင်း ပုလင်းတစ်လုံးသည် ပြည့်နှက်နေပြီဖြစ်သည်။ ထပ်မံတိုးတက်လိုပါက ပုလင်းကိုယ်တိုင်ကို အသွင်ပြောင်းရမည်ဖြစ်သည်။
စိတ်ထဲတွင် ထိုအတွေးများဖြတ်သန်းသွားပြီးနောက် လော့ချန်သည် မြင်းပေါ်သို့ တက်ကာ ကုန်သည်အဖွဲ့ထွက်သွားရာလမ်းကြောင်းအတိုင်း လိုက်သွားသည်။