ဖြောင့်မတ်တည်ကြည်သော ရွှမ်ယွမ်ချန်
Vol. 3 Ch. 36
အန်လင်းသည် အလွန်ကြင်နာတတ်သည့် နှလုံးသားရှိသော လူငယ်လေး တစ်ဦး ဖြစ်သည်။ သူသည် ကျိုးချင်ယွမ်၏ ခံစားချက်များအား နားလည်သလို သူခံစားနေရသည့် နာကျင်မှု များကိုသည် သိနေသည်။
ထို့ကြောင့် ကျိုးချင်ယွမ်ဘေးသို့ လျှောက်သွားကာ နူးညံ့ ညင်သာသည့် အမူအရာဖြင့် ဓားကိုင်ထားသည့် သူ့လက်အား မြှောက်နိုင်ရန် ကူညီပေးလိုက်သည်။
ထိုသို့ဖြင့် ကျိုးချင်ယွမ်၏ လက်သည် အန်လင်းနှင့်အတူ လှုပ်ရှားလာပြီး သူ့လက်ထဲရှိ ဓားသည် အန်လင်း ဒူးအား အသာအယာ ထိုးဖောက် သွားသည်။
“ရပြီလား … ကျွန်တော် ခင်ဗျားရဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးလိုက်ပြီနော် … ခင်ဗျား ဓားခုတ်ချက် အောင်မြင်သွားပြီ …”
အန်လင်းသည် ကျိုးချင်ယွမ်အား ရိုးသားစွာ ကြည့်လိုက်သည်။
ကျိုးချင်ယွမ် မျက်လုံးမှနေ မျက်ရည်များ စီးကျလာသည်။ “အန်လင်း … မင်းရဲ့ ကြင်နာမှုကြောင့် ငါက မင်းဆီကိုလာပြီး ကျေးဇူးတင်ကြောင်း ပြသပါ့မယ် … (ပြီးတာနဲ့ မင်းကို သေအောင်ရိုက်ပြီပဲ သေချင်းဆိုးလေး ...)” သူက တုန်ယင်စွာ ပြောသည်။
အန်လင်းက ခေါင်းခါလိုက်ပြီး “အဲလောက်ကြီးလည်း မလိုပါဘူး …”
ကျိုးချင်ယွမ် သည်လည်း ခေါင်းခါ လိုက်ပြန်သည်။ “မဟုတ်ဘူး … ငါက အကြိမ်ပေါင်း များစွာကို မင်းကို ကျေးဇူးတင်ကြောင်း ပြသနေမှာ … (မင်းလွတ်လမ်းမရှိဘူး အေပေး ...)”
အန်လင်းက သက်ပြင်း အသာချလိုက်သည်။ ဘာတစ်ခွန်းမှ မဆိုတော့ဘဲနှင့် ကျိုးချင်ယွမ်အား ချစ်ခြင်း မေတ္တာအပြည့်နှင့် လက်သီးချက်များသာ ပေးလိုက်တော့သည် ...
***
အန်လင်းနှင့် ကျိုးချင်ယွမ်တို့၏ တိုက်ပွဲအား ဖန်သား ပြင်ပေါ်တွင် ပြသနေသည်။
သောင်းနှင့်ချီသည့် ကျောင်းသားများသည် သူတို့နှစ်ဦး၏ အမူအရာများကြောင့် နက်ရှိုင်းစွာ စိတ်ထိခိုက်ရသည်။
“ညီအစ်ကိုတွေကြားက တိုက်ပွဲဆိုတာ ဒီလိုမျိုးကွ … အရမ်းကို စိတ်ထိခိုက်စရာ ကောင်းလွန်းတယ် …”
“အမှန်ပဲကွာ … အန်လင်းရဲ့ မျက်လုံးထဲက နူးညံ့တဲ့ အကြည့်နဲ့ ကျိုးချင်ယွမ်ရဲ့ ယောက်ျားပီသတဲ့ မျက်ရည်တွေက ငါ့ကို စိတ်လှုပ်ရှားစေတယ်ကွ …”
“ဒါက ညီအစ်ကိုတွေကြားက မေတ္တာပေါ့ကွာ …”
“အား … မရတော့ဘူး … အဲဒါက အချစ်ပဲ …” မိန်းမပျိုတစ်ဦးက အော်လိုက်သည်။ (ဖူဂျိုရှိ နေမယ် … LoL)
ထိုနေ့မှစကာ အန်လင်းနှင့် ကျိုးချင်ယွမ် တို့၏ တိုက်ပွဲသည် စုစည်း ညီညွတ် ကျင့်ကြံခြင်း ကျောင်းတော် တစ်ဝှမ်း ပျံ့နှံ့သွားပြီး အပြောအများဆုံး ဒဏ္ဍာရီ တစ်ပုဒ်အနေဖြင့် တည်ရှိတော့မည်။
***
ကျိုးချင်ယွမ်အား အနိုင်ရှိပြီး နောက်တွင် အန်လင်းသည် တပိုင်အား စီးနင်းကာ အင်မော်တယ် မင်းကြီး တောင်ထွတ်ဆီသို့ ဦးတည်လျက် ရှိနေသည်။
နယ်နိမိတ် စည်းသည်လည်း ဆက်လက်ကျုံ့လျက် ရှိနေပြီး စတုရန်းမိုင် သုံးမိုင် ပတ်လည်သို့ပင် ရောက်တော့မည် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲကိုသာ အာရုံစိုက် နေကြရသည်။
***
တောင်ထွတ်တစ်ထောင် တောအုပ် တစ်နေရာတွင် လူနှစ်ယောက်သည် မျက်နှာချင်းဆိုင် ရှိနေသည်။
ဝတ်စုံနက်နှင့် လူသည် နဂါးသဏ္ဌာန် ထုလုပ်ထားသည့် လှံကို ကိုင်ဆောင် ထားသည်။ ထိုလူ၏ တည်ရှိမှုသည် လွှမ်းမိုး နိုင်စွမ်းရှိပြီး ဩဇာ ကြီးမားသည်။ သူထုတ်ဖော်ထားသည့် အငွေ့အသက်သည် ကောင်းကင်ဘုံထက်ပင် သာလွန် နေသည်ဟု ခံစားရစေသည်။
သူ့ပါရမီသည် သာလွန်ထူးကဲပြီး ခွန်အားသည် လူငယ် မျိုးဆက်အကြား ပြိုင်ဘက် ကင်းသည်။
ထိုလူသည် ကျောင်းတော်ရှိ ကျောင်းသားအားလုံး၏ ပစ်မှတ်ဖြစ်သူ အင်မော်တယ် အဆင့်ဇယား၏ လက်ရှိအဆင့်၁ ‘ဝမ်ရွှမ်ကျန့်’ ဖြစ်ပေသည်။
ဘယ်သူကများ သူနှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ ခွန်အား ရှိသနည်း။
ဝမ်ရွှမ်ကျန့်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်သူမှာ အလွန်တရာ ချောမော နူးညံ့သည့် သွင်ပြင်နှင့် လူငယ် တစ်ယောက်ဖြစ်သည်။
သူ့မျက်လုံး များသည် ကြည်လင်နေပြီး လောကကြီး၏ ယုတ်ညံ့မှုများမှ ကင်းစင် နေပုံရသည်။
သူ့တည်ရှိနေမှုသည် သူရပ်တန့်နေသည့် နေရာ၌ သူဆိုသည်ဟု ဖြစ်တည်နေသည် ဆိုရုံမျှသာ ဖြစ်သည်။ သူသည် ဖြတ်သွား ဖြတ်လာများ၏ အကြည့် တစ်ချက်ရပြီးနောက် မေ့လျော့ သွားသည် ကျောက်တုံးတစ်တုံး သဲတစ်ပွင့်နှင့် တူသည်။
အန်လင်းသည် ထိုလူငယ်လေးအား မြင်ဖူးခဲ့သည်။ ထိုသူသည် ချန်းချန်း ဟု ခေါ်လေသည်။
ကျောင်းတော်သို့ ဝင်ရောက်သည့်အချိန်မှာစကာ တာအိုခန္ဓာ အဆင့်၈ တွင်သာ ရှိနေသည့် ချန်းချန်း ဖြစ်သည်။
“ချန်းချန်း … မင်းဒီတစ်ကြိမ်တော့ မလွတ်မြောက် နိုင်တော့ဘူး …” ဝမ်ရွှမ်ကျန့်သည် ဓားသွားကဲ့သို့ ထက်မြက်သည့် မျက်လုံးများဖြင့် ချန်းချန်းအား ကြည့်လိုက်သည်။
သူ့အရှေ့တွင် ရပ်နေသည့် ပါရမီရှင် လူငယ်ကြောင့် ချန်းချန်းသည် သက်ပြင်း အသာချလိုက်သည်။ “သူတို့က မမှတ်မိနေဘူး ဆိုရင် ငါ့ကို တဖြည်းဖြည်းနဲ့ လူတွေက မေ့လာကြတော့မှာ … ဘာပဲဖြစ်ဖြစ်လေ … မင်းရဲ့ငါ့အပေါ် ထင်မြင်ချက်က ပိုပိုပြီး သဘောကျစရာ ကောင်းလာတယ် …”
“မင်းက အတင်းအကြပ်ကြီး ဖက်တွယ် ထားရင်တောင်မှ ဒီပုံစံအတိုင်းသာဆို ငါက မင်းရဲ့ စိတ်နတ်ဆိုး ဖြစ်လာလိမ့်မယ် …”
ဝမ်ရွှမ်ကျန့်သည် ကြီးမားသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး တိုက်ပွဲကို ဦးတည် လိုက်သည်။ “ချန်းချန်း … ငါဒီကျောင်းတော်ကို ရောက်ကတည်းက မင်းက ငါ့လိုမျိုးပဲ အစစ်အမှန် နတ်ဘုရားရဲ့ ထောက်ခံစာကို ရထားခဲ့တယ် … ငါတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး သန်မာတယ် ဆိုတာကို ငါတကယ်ကို သိချင်ခဲ့တယ် …”
“မင်းက လုံးဝကို အားနည်းတဲ့သူ မဟုတ်ဘူးဆိုတာ ငါသိထားတယ် … ဒါပေမဲ့လည်း မင်းက တိုက်ပွဲတွေကို အချိန်တိုင်း ရှောင်နေတယ် … ဒီတစ်ကြိမ်က ငါ့အတွက် နောက်ဆုံး အခွင့်အရေးပဲ …”
“ငါမနိုင်သေးတဲ့ ပြိုင်ဘက်ဆိုလို့ မင်းပဲရှိတော့တယ် … ငါမင်းကို မတိုက်ခိုက် နိုင်လေလေ ငါတို့နှစ်ယောက် ဘယ်သူက ပိုသန်မာတယ်ဆိုတာ သိချင်လာလေလေပဲ…”
“ငါမင်းကို အနိုင်မယူနိုင်ဘူး ဆိုရင် အင်မော်တယ်အဆင့် ဇယားရဲ့ ထိပ်ဆုံးမှာ ရပ်နေရတဲ့အတွက် ရှက်ရွံ့နေရလိမ့်မယ် …”
“မင်းက အစောကတည်းက ငါ့စိတ်ရဲ့ နတ်ဆိုး ဖြစ်နေပြီးသားပဲ … အဲဒါကြောင့် မင်းကို အနိုင်ယူဖို့ ဒီအခွင့်အရေးကို ငါဆုပ်ကိုင် ထားရလိမ့်မယ် …”
“အဲဒါမှသာ ငါ့စိတ်နတ်ဆိုးကို ချေမှုန်းနိုင်မှာ …”
ဝမ်ရွှမ်ကျန့် စကားများကို နားထောင်ပြီးသည့်နောက် ချန်းချန်း၏ နူးညံ့သည့် မျက်နှာတွင် ထူးဆန်းသည့် အမူအရာများ ပေါ်လာခဲ့သည်။ “ဝမ်ရွှမ်ကျန့် … မင်းရဲ့ ရာသီခွင်က ကန် လား …”
“ဘာ …” ဝမ်ရွှမ်ကျန့်က စိတ်ရှုပ်ထွေးစွာ ဆိုလိုက်သည်။
“အ… မင်းရဲ့ သေမျိုး ဘာသာရပ်က အဆင့်မမီသေးပုံပဲ …” ချန်းချန်းက သက်ပြင်းချ လိုက်သည်။
“ဝမ်ရွှမ်ကျန့်”
“ဘာပဲဖြစ်ဖြစ် ငါမတိုက်ခိုက်ချင်ဘူး … ငါက မင်းစိတ်နတ်ဆိုး ဆိုရင်လည်း တခြားနည်းလမ်းနဲ့ ဖြေရှင်းလိုက် … အားနာတယ် …” ချန်းချန်းက ခေါင်းခါ လိုက်ပြီးနောက် ထွက်ခွာရန် ကြံစည်တော့သည်။
***
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဖြူရင်ပြင်တွင်…
ဝမ်ရွှမ်ကျန့်၏ တိုက်ပွဲသည် ကျောင်းသားအများစုကို ဆွဲဆောင်ထားသည်။
“ဒီတစ်ကြိမ်တော့ ဝမ်ရွှမ်ကျန့်က ချန်းချန်းကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ မင်းထင်လား …”
“ချန်းချန်းက ဘယ်သူလဲ … အာ … သူနဲ့ ရင်ဆိုင်နေတာက ချန်းချန်းလား … ငါသူ့ကို မေ့တော့ မလို့ကွာ …”
“မင်းမေးသင့်တာက ချန်းချန်းက ဝမ်ရွှမ်ကျန့် လက်ထဲကနေ ဘယ်လောက် ကြာရင် လွတ်နိုင်မလဲလို့ …”
“အမှန်ပဲ … ချန်းချန်းမှာက ထူးဆန်းတဲ့ လွတ်မြောက်နည်းတွေ အများကြီးရှိတယ် … ကျောင်းတော်မှာ သူရထားတဲ့ အသန်မာဆုံး လွတ်မြောက်သူ ဆိုတဲ့ နာမည်က အလကား မဟုတ်ဘူးကွ …”
“အမ်ဟမ် … စဉ်းစားစရာပဲ … သူက သုံးကြိမ်တောင် လွတ်မြောက်ပြီးပြီ … အကြိမ်တိုင်းမှာပဲ ချက်ချင်းဆိုသလို ပျောက်ကွယ် သွားတာ … ဝမ်ရွှမ်ကျန့်က သူ့ကို ဘာမှတောင် မလုပ်လိုက်နိုင်ဘူး …”
“ဒီတစ်ခါတော့ ဝမ်ရွှမ်ကျန့် တစ်ခုခု လုပ်နိုင်ကောင်းပါရဲ့ …”
“ကန့်သတ်မဲ့ ပြိုင်ပွဲတိုင်းမှာ ဝမ်ရွှမ်ကျန့်က ချန်းချန်းကို မိနိုင်ဖို့ တစ်ခုခု ကိုင်ဆောင်ထားတယ်လို့ ပြောတယ်လေ … သူအောင်မြင်မယ်လို့ ထင်လား…”
“အဲဒါက …”
ရင်ပြင်တွင် ကျောင်းသားများသည် အပြင်းအထန် ဆွေးနွေး ငြင်းခုန် နေကြသည်။ တောင်ထွတ်တစ်ထောင် တောအုပ် အတွင်းတွင်မူ တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားနိုင်နေသည်။
“ချန်းချန်း … ငါက နဂါးဖြူလှံကို ကျွမ်းကျင် ပိုင်နိုင်သွားပြီကွ … မင်းမှာ လွတ်လမ်း မရှိတော့ဘူး …”
ချန်းချန်းက ထွက်သွားတော့မည် ဖြစ်သဖြင့် ဝမ်ရွှမ်ကျန့်သည် သူ့အငွေ့အသက် အားလုံးကို ထုတ်လွှတ် လိုက်သည်။ ကိုင်ဆောင်ထားသည့် လှံမှနေ အဖြူရောင် အလင်းတန်းသည် တောက်ပစွာ ထွက်ပေါ်လာပြီး နဂါးတစ်ကောင် ရုန်းကန် နေသည်နှင့်ပင် တူညီနေကာ ချန်းချန်း လွတ်ထွက် သွားနိုင်သည့် လမ်းကြောင်းများကို ဖြတ်တောက် ပစ်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ဓားပျံကို စီးနင်းလာသော ဝတ်စုံဖြူ ဝတ်ဆင် ထားသည့် အမျိုးသား တစ်ယောက်သည် ချန်းချန်းရှေ့တွင် ဆင်းသက် လိုက်သည်။
“မင်းက ဘာကောင်လဲ … ဘာလို့ ငါနဲ့ ချန်းချန်းရဲ့ တိုက်ပွဲကြား ဝင်ပါရတာလဲ …”
ဝမ်ရွှမ်ကျန့်သည် မဖိတ်ခေါ်ထားသည့် ဧည့်သည်ကြောင့် အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။
“ကျွန်တော်က ပထမနှစ် တန်းခွဲ၁က ရွှမ်ယွမ်ချန် …” ထိုအမျိုးသားသည် အလွန်အမင်း တင့်တယ်ကာ ရိုသေလေးစားမှု အပြည့်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“မင်းကရွှမ်ယွမ်ချန်ပေါ့ …” ဝမ်ရွှမ်ကျန့် မျက်လုံးများသည် ကျဉ်းမြောင်း သွားပြီး သူ့အမူအရာသည် အနည်းငယ် စိတ်သက်သာ ရသွားပုံ ပေါ်သည်။
“မင်းက အရမ်းတွေ ပါရမီကောင်း နေရင်တောင် တခြားသူတွေရဲ့ တိုက်ပွဲကို ဝင်မပါသင့်ဘူး … မင်းငါနဲ့ တိုက်ခိုက်ချင်ရင်တော့ ချန်းချန်းနဲ့ တိုက်ခိုက် ပြီးတဲ့အထိ စောင့်ပေါ့ကွာ …”
ရွှမ်ယွမ်ချန်က ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ “ကျွန်တော် ဒီကိုရောက်လာရတဲ့ အကြောင့်အရင်းက စီနီယာနဲ့ စီနီယာ ချန်း တို့ရဲ့ တိုက်ပွဲကို တားစီးချင်လို့ပါ …”
ထိုသို့ ကြားလိုက်ရသည့်အခါ ဝမ်ရွှမ်ကျန့် စိတ်ထဲရှိ ဒေါသများသည် ဆူပွက် လာတော့သည်။ “ငါတို့ တိုက်ပွဲက မင်းကို ဘာတွေများ လုပ်နေလို့တုန်း …”
“စီနီယာဝမ်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ရောက်သွားပြီလေ … အဲဒါတောင် တာအိုခန္ဓာ အဆင့်၈ပဲ ရှိနေသေးတဲ့ စီနီယာချန်းနဲ့ တိုက်ခိုက် ချင်နေသေးတာလား … ကျွန်တော်က ဒီအကြောင်းကို လုံးဝကို ရပ်ကြည့်မနေနိုင်ဘူး ခင်ဗျ …”
ထိုစကားကို ကြားလိုက်သည့်အခါတွင် ဝမ်ရွှမ်ကျန်သည် ပိုလို့ပင် ဒေါသထွက် လာတော့သည်။ “ဒီကန့်သတ်မဲ့ တိုက်ပွဲမှာ ငါတို့က ကြိုက်တဲ့ ပြိုင်ဘက်ကို ရွေးချယ်လို့ ရတယ်ကွ… မင်းအလုပ်ဘာပါလို့ တခြားသူတွေ ကိစ္စကို ဝင်စွက်ဖက် နေရတာလဲ …”
“လူနှစ်ယောက်ကြား အဆင့် ကွာခြားချက်က အရမ်းကို ကြီးမားတယ် ဆိုရင် အားနည်းတဲ့ သူက ဒဏ်ရာ အပြင်းအထန် ရမှာ အသေအချာပဲ … အသက်တွေတောင် သေစေနိုင်တယ် … ကျွန်တော်တို့ရဲ့ တာဝန်က အားနည်းတဲ့ သူတွေကို အကာအကွယ် ပေးဖို့ပဲ …” ရွှမ်ယွမ်ချန် က မျက်မှောင်ကြုတ် လိုက်သည်။
“အားနည်းတဲ့ သူတွေက ဒီကမ္ဘာကြီးမှာ ရှင်သန်ဖို့အတွက် မဖြစ်နိုင်ဘူး … အဲဒီအတွက်ကြောင့် ငါတို့မှာ သူတို့ကိုပေးဖို့ အခွင့်အရေး တစ်ခုရှိတယ် … ပိုပြီး သန်မာလာစေတဲ့ အခွင့်ရေး …”
ဝမ်ရွှမ်ကျန့်က မျက်နှာ မဲ့လိုက်သည်။ ရွှမ်ယွမ်ချန်ရဲ့ သောက်ရူးအတွေးအခေါ်တွေက ဘယ်က ရောက်လာကြတာတုန်း …။
သူ့ရင်ထဲတွင် ဒေါသများ တောက်လောက်နေပြီ ဖြစ်သည်။ “ချန်းချန်းက သူ့ရဲ့ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားတယ် … သူကအရမ်းကို အားကောင်းတဲ့သူ …” သူက ဒေါသတွေကို ဖိနှိပ်ရင်း ပြောလာသည်။
“အဲဒါဆိုရင် စီနီယာဝမ်က စီနီယာချန်းရဲ့ ကျင့်ကြံခြင်း အဆင့် အမှန်ကို သိနေတာလား …” ရွှမ်ယွမ်ချန်က မေးသည်။
“အဲဒါက …” ဝမ်ရွှမ်ကျန့်သည် ချန်းချန်းနှင့် တစ်ခါလေးမျှပင် မတိုက်ခိုက်ခဲ့ဖူးချေ။ ထို့ကြောင့် သူမည်ကဲ့သို့ သိနိုင်မည်နည်း။
ဝမ်ရွှမ်ကျန့်၏ တုံ့ဆိုင်းနေမှုကြောင့် ရွှမ်ယွမ်ချန်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်အား ချလိုက် နိုင်သည်ကို သိလိုက်ရသည်။ “စီနီယာချန်းရဲ့ ကျင့်ကြံခြင်း အဆင့်က အမှန်တကယ်ကို တာအိုခန္ဓာ အဆင့်၈ မှာပဲ ရှိနေတာဆိုရင် ဘယ်လိုလုပ်ပြီးတော့ စီနီယာလိုမျိုး အန္တရာယ်ရှိတဲ့ သူတစ်ယောက်ကို ရင်ဆိုင်နိုင်မှာလဲ … စီနီယာဝမ် … ဘာလို့လဲဗျာ ” သူ့မျက်နှာတွင် နွေးထွေး နူးညံ့သည့် အမူအရာများ ထင်ဟပ်လျက် ရှိသည်။
“မင်းက ဘေးဖယ်မှာလား မဖယ်ဘူးလား …” ဝမ်ရွှမ်ကျန့်သည် ဒေါသတကြီး ကြည့်လာသည်။
ထိုလူသည် အဘယ်ကြောင့် သူ့ရှေ့တွင် လာရပ်ပြီး စကားများနေရသည်ကို သူလုံးဝ နားမလည်နိုင်ချေ။
ဖော်ပြ၍ မရနိုင်သည့် ဒေါသများသည် သူ့ရင်ဘက်ထဲမှ ပေါက်ကွဲ ထွက်တော့မည် ဖြစ်သည်။
“မဖယ်ဘူး …” ရွှမ်ယွမ်ချန်သည် ဆုံးဖြတ်ချက် ချပြီးသည့်ပုံနှင့် ဖြေလိုက်သည်။
ထိုကြောင့် ဝမ်ရွှမ်ကျန့်သည့် အဆုံးတွင် ပေါက်ကွဲတော့သည်။
“ဘယ်လိုတောင် ရဲတင်း လွန်းတဲ့ကောင်လဲ … မင်းကို ဘယ်လို ပညာပေးမယ် ဆိုတာ ကြည့်နေလိုက် …”
“ငါ့လှံကို မြည်းကြည့်လိုက်စမ်း …”
ဝမ်ရွှမ်ကျန့်၏ လှံသည် ရွှမ်ယွမ်ချန်ဆီသို့ ဒေါသတကြီး ပြေးဝင်သွားပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် မိုးပြာရောင် နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။
***